အပိုင်း ၈
Viewers 361

အပိုင်း (၈) ချင်းစိမ်းချိုချဉ်များ ရောင်းအားကောင်းခြင်း

ချင်းစိမ်းချိုချဉ်သည် ထူးကဲသောအရသာရှိ၏။ ယခင်ဘ၀တွင် ဖေ့လီ ကိုယ်ပိုင်ဆိုင်ဖွင့်စဉ်က ဆောင်းရာသီများတွင် ချင်းစိမ်းချိုချဉ်များ ၀ယ်ယူကာ ဧည့်သည်များအတွက် စားပွဲပေါ် တင်ပေး‌ထားလေ့ရှိသည်။ ယခုအချိန်တွင် အရေးကြီးဆုံး အချိုဓာတ် မရှိသော်လည်း ဝိညာဉ်စမ်းရေကြောင့် အရသာမှာ မမျှော်မှန်းနိုင်လောက်အောင် ကောင်းမွန်၏။

ကျိုးရှန်ချီသည်လည်း တစ်ခုကောက်ကာ စားလိုက်သည်။ သူ့မျက်လုံးများ အရောင်တောက်သွားကာ တစ်စုံတစ်ခု ပြောလိုက်ချင်သော်လည်း ဘာမျှထွက်မလာပေ။ ဤချိုချဉ်၏အရသာမှာ အံ့ဩစရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။

သူတို့လေးယောက်သည် နေ၀င်သည်အထိ ချင်းစိမ်းချိုချဉ် ၃၀ကီလိုခန့် ပြုလုပ်ခဲ့ကြသည်။ ဖေ့လီက အတော်လေး ပျော်ရွှင်နေသည်။ သူမက ညစာအတွက် ရိုးရှင်းသော ခေါက်ဆွဲပြုတ်ပူပူလေးကို ချက်ပြုတ်လိုက်၏။ တစ်ဦးချင်းစီအတွက် ကြက်ဥနှစ်လုံးကျစီ ကြော်ကာ စွပ်ပြုတ်ပန်းကန်ထဲ ထည့်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သမီးတို့ မနက်ဖြန် ရောင်းကောင်းမကောင်းပဲ စောင့်ကြည့်ဖို့လိုတော့တယ်"

ကျေးလက်များတွင် ကြက်ဥသည်လည်း ဈေးကြီး၏။ ဖေ့လီက တစ်ဦးလျှင် နှစ်လုံးကျ ကြော်လိုက်သောကြောင့် ဤတစ်နှပ်နှင့်ပင် ကြက်ဥရှစ်လုံး ကုန်သွားပြီဖြစ်၏။ ‌၀မ်ချွေလန်သည် နှလုံးသွေးများ ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမက ကြက်ဥကြော်ကို တူဖြင့်ကောက်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူမမျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားရ၏။

'ကြက်ဥကြော်က ဒီလောက်တောင် အရသာရှိတယ်လား။ စွပ်ပြုတ်တောင် အရသာရှိနေတယ်'

၀မ်ချွေလန်က ရပ်နားခြင်းမရှိဘဲ ကြက်ဥများကို တစ်ခုပြီးတစ်ခု‌စားလိုက်ကာ စွပ်ပြုတ်ပန်းကန်ကို အပြီးသတ်လိုက်သည်။

ဤသည်မှာ ကျိုးရှန်ချီက သူတို့နှင့်အတူ စားသော ပထမဆုံးအကြိမ်ဖြစ်ပြီး သူအတော်ပင် အံ့အားသင့်နေ၏။

သူက သိမ်မွေ့ညင်သာစွာ စားနေသော်လည်း ဖေ့ရုန်ဖူမှာ ဟင်းရည်ကို 'တရှုပ်ရှုပ်'မြည်အောင် သောက်နေ၏။ ခေါက်ဆွဲကိုလည်း အသံကျယ်လောင်စွာ ဝါးနေသေးသည်။

ညစာစားပြီးနောက် ၀မ်ချွေလန်က ပန်းကန်များ ဆေးကြော၏။ ဖေ့လီနှင့် ဖေ့ရုန်ဖူတို့က ကျိုးရှန်ချီအား အိပ်ရာပေါ်သို့ တဖန်ပြန်တင်ပေးကြ၏။ သူမက အခြားဖက်သို့လှည့်ကာ ခွက်ထဲသို့ ဝိညာဉ်စမ်းရေများ ဖြည့်လိုက်သည်။ ကျိုးရှန်ချီထံ ဆေးများပေးလိုက်ကာ 

"ဒီမနက် ဆေးသောက်ပြီးတော့ ဘယ်လိုနေသေးလဲ"

 "အရင်ကလောက် မနာတော့ပါဘူး"

ကျိုးရှန်ချီက သူမ၏လှုပ်ရှားမှုကို မမြင်လိုက်ပေ။ ဆေးမသောက်လျှင်တောင် သူ့အခြေအနေက လွန်ခဲ့သည့်နှစ်ရက်ကထက် ပိုကောင်းလာသည်ဟု ခံစားနေရသည်။ သူက ဆေးများကို နာခံစွာ မျိုချလိုက်ကာ ရေတစ်ကျိုက်သောက်လိုက်ပြီး ညင်သာစွာ မေးလိုက်၏။

"မနက်ဖြန် ချင်းစိမ်းချိုချဉ် သွားရောင်းမှာလား"

ဖေ့လီက "အင်း"ဟု ပြန်‌ဖြေလိုက်သည်။

ကျိုးရှန်ချီကပင် ထပ်၍

 "အဲဒါက စားလို့ကောင်းတယ်။ ရောင်းရမှာသေချာတယ်"

 ဖေ့လီက ပြုံးကာပြောလိုက်၏။

"စောစောအိပ်တော့"

ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားကာ သူ့အတွက် တံခါးပိတ်ပေးခဲ့လေသည်။

မီးဖိုချောင်ထဲတွင် ဖေ့စုံတွဲက မအိပ်သေးဘဲ ချင်းစိမ်းချိုချဉ်များကို  မရေရာမှုများဖြင့် ကြည့်နေကြ၏။ သူတို့သည် မိသားစုရှိ သေးငယ်သည့် ပမာဏမဟုတ်သော သကြားအားလုံးနီးပါးကို ရင်းနှီးမြှပ်နှံလိုက်ပြီ မဟုတ်ပါလော။ ဖေ့လီ ပြန်‌လာသည်ကိုမြင်သောအခါ အမြန်ပင်မေးလိုက်၏။

"ဒီလောက်အများကြီးကို မနက်ဖြန် ဘယ်လိုရောင်းကြမှာလဲ"

"မနက်ပိုင်းကို ဈေးထဲမှာရောင်းမယ်။ နေ့လယ်ပိုင်းကို သမီးတို့ အိမ်ပြန်မလာတော့ဘဲ မြို့ထဲက လမ်းတွေပေါ် သွားရောင်းမယ်"

ဖေ့လီတွင် အကြံရှိပြီး ဖြစ်၏။ ချိုချဉ်မှာ အရသာရှိသော်လည်း ဈေးထဲက၀ယ်သူများအတွက် စားသုံးရန် ခက်ခဲမည်ဖြစ်သည်။ သူမသည်လည်း ဖင်းနန်ရွာတွင် အခြေချရန် စိတ်ကူးမရှိပေ။ အလုပ်လုပ်ရန်အတွက် သွားချည်ပြန်ချည်လုပ်ရသည်မှာ ဒုက္ခရောက်၏။ ထိုသို့ရောင်းလျှင် မြို့ထဲက အခြေအနေများနှင့် ရင်းနှီးရန်လည်း အခန့်သင့်သွားမည်ဖြစ်သည်။ ဖေ့စုံတွဲမှာ ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး တစ်ယောက်က မနက်ဖြန်အတွက် ပေါက်စီလုပ်ရန် မုန့်ညက်လုပ်လိုက်ပြီး နောက်တစ်ယောက်သည်တော့ ထင်းများသွားယူလေသည်။

ယခင်ဘ၀တွင် ဖေ့လီသည် အကျွေးအမွေး တာ၀န်ယူရသော ကုမ္ပဏီတွင် ဆယ်နှစ်ကျော်မျှ အလုပ်လုပ်ခဲ့၏။ သူမသည် စမ်းတဝါးဝါးဖြင့် လျှောက်ခဲ့ရပြီးနောက် ဆိုင်ခွဲများစွာ ပိုင်ဆိုင်သောသူ ဖြစ်လာသည်။ သူမ၏ အရည်အချင်းနှင့် ဦးဆောင်မှုစကေးမှာ သာမန်ထက်လွန်ကဲသည်။ ထို့အပြင် သူမသည် မိသားစု၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ၀မ်ချွေလန်သည် သူမကို အလွန်ယုံကြည်ပြီး သူမပြောသမျှ အရာအားလုံးနီးပါး ဆောင်ရွက်မည်ဖြစ်၏။ ဖေ့ရုန်ဖူသည် တုံးအကာ ကြင်နာတတ်ပြီး ရိုးသားသောလူဖြစ်သည်။ သူနှင့်ပတ်သက်၍ ကောင်းသည့်အရာမှာ ကလေးများကို အလွန်ချစ်ပြီး သူမတောင်းဆိုသမျှ လိုက်လျောပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဖေ့လီတွင် ပြဿနာများစွာမရှိပေ။ တစ်ရက်လုံး ပြေးပြေးလွှားလွှား လုပ်ပြီးနောက် သူမခန္ဓာကိုယ်က နွမ်းနယ်လာသည်။ အလွန်အိပ်ချင်နေသောကြောင့် အိပ်ရာပေါ်တတ်ကာ မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။

နေ့သစ်တစ်နေ့ အစပြုပြီဖြစ်၏။ 

ထိုနေ့တွင် ဖေ့မိသားစုက ပေါက်စီ၁၅၀ ပြုလုပ်ခဲ့၏။ ဖေ့လီက ချင်းစိမ်းချိုချဉ်များကို ကျောပိုး၍ ဖင်းနန်ရွာမှ ထွက်ခဲ့ကြတော့သည်။ သူမက လမ်းလွှဲမှသွားကာ တတိယဘိုးလေးအိမ်သို့ ချိုချဉ်တစ်အိတ် ပေးလိုက်သည်။

ဝိညာဉ်စမ်းရေသည် ခန္ဓာကိုယ်အတွက် အလွန်ပင် အကျိုးပြုပုံပေါ်သည်။ အိမ်တွင် နေ့စဉ် အသုံးပြုနေသောကြောင့် ဖေ့လီသည် ဝိညာဉ်စမ်းရေ မသောက်သုံးဘဲ မြို့သို့ ချောမွေ့စွာ သွားနိုင်နေပြီဟု ခံစားလိုက်ရသည်။ ဖေ့လီက ဖေ့ရုန်ဖူအား ဆိုင်ခင်းနှင့်ရန် ပြောလိုက်၏။ သူမသည် စတိုးဆိုင်သို့သွားကာ ချိုချဉ်ထုပ်ရန် စက္ကူများ ၀ယ်လိုက်သည်။ ဤအကြိမ်တွင်တော့ ၁၅ပြား သုံးလိုက်ရ၏။ နှင်းဆီပွင့်ပေါက်စီများမှာ ယမန့်နေ့က ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သောကြောင့် ဖေ့ရုန်ဖူမှာ များများစားစား မအော်လိုက်ရပေ။ ၀ယ်သူများမှာ ပေါက်စီခြင်းတောင်းကို မြင်သည်နှင့် စုရုံးလာကြတော့သည်။ ဖေ့လီက ထုပ်ပိုးစက္ကူများနှင့် ပြန်ရောက်လာသောအခါ ပေါက်စီသုံးပုံတစ်ပုံ ကုန်သွားပြီဖြစ်သည်။

ချင်းစိမ်းချိုချဉ်များမှာ ရှားပါးသောကုန်ပစ္စည်းဖြစ်ကာ အသွင်အပြင်သည်လည်း သာမန်မျှသာ ဖြစ်သည်။ မစားဖူးပါက ၀ယ်ရန် ဆန္ဒရှိမည်မဟုတ်ပေ။

ဖေ့လီက ပန်းကန်ပြားတစ်ချပ်ထုတ်ပြီး တစ်ပန်းကန်မျှ လောင်းထည့်ကာ အသံကုန်အော်လိုက်သည်။

"ချင်းစိမ်းချိုချဉ်တွေ ချင်းစိမ်းချိုချဉ်တွေ အလကား လာမြည်းကြနော်"

ယခင်ကပင်ဖြစ်စေ ယခုပင်ဖြစ်စေ  အလကားရသော ပစ္စည်းများမှာ လူတိုင်း၏ အာရုံကို စွဲဆောင်နိုင်၏။ သူမအော်သံကို ကြားပြီးနောက် လူအများအပြားစုဝေးလာကြကာ ပန်းကန်ပြားထဲမှ ချင်းစိမ်းချိုချဉ်များကိုကြည့်၍ မေးခွန်းများမေးကြတော့သည်။

"တကယ်ကြီး အလကားလား"

"စားကောင်းလား"

"ချင်းနဲ့ချိုချဉ် လုပ်တာလား။ အရသာရှိပါ့မလား"

"ဟုတ်ကဲ့ ချင်းနဲ့ပဲ လုပ်ထားတာပါ"

ဖေ့လီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"အလကား စားကြည့်ကြပါ။ စားကောင်းရင် များများ၀ယ်သွားကြပေါ့"

လူတိုင်းက ယုံကြည်သွားကြ၏။ ထို့နောက် တစ်ယောက်တစ်ခုစီ ကောက်၍ စားလိုက်ကြသည်။ အချို့လူများသည် အခွင့်ရေးယူကာ ပိုယူကြ၏။ ဖေ့လီက လျစ်လျူရှူလိုက်ကာ သူတို့၏ တုံ့ပြန်မှုကို စောင့်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အရသာရှိသည်ဟု ပြောလာကြသည်။

"ဒီချိုချဉ်က စားကောင်းတယ်။ ချိုချိုစပ်စပ်ကလေး"

"ဘယ်လိုရောင်းတာလဲ။ နည်းနည်းလောက်ထုပ်ပေး"

"တစ်ခုကို သုံးပြား။ ခုနစ်ခုကို ဆယ့်ငါးပြား။ သုံးဆယ့်ငါးခုကို တစ်ယွမ်ပါ"

ဖေ့လီက ပြုံး၍ ဝါးခြင်းတောင်းကိုဖွင့်ပြီး ချင်းစိမ်းချိုချဉ်များကို ပြလိုက်သည်။ သူမ၀ယ်လာသော စက္ကူများကို ဖြန့်ခင်း၍ ပြောလိုက်သည်။

"ရာသီဥတုက အေးတယ်လေ။ ဒီချိုချဉ်တွေက ဖန်ဘူးထဲမှာ ရက်ကြာကြာထားရင်တောင် အရသာမပြောင်းဘူး"

၁၅ပြားဆိုသည်မှာ မြို့တွင်အလုပ်လုပ်သော အလုပ်သမားများအတွက် တစ်ရက်တာ လုပ်အားခ ဖြစ်သည်။ ထို့ပြင် ဤအရာသည် သွားရည်စာတစ်ခုမျှသာဖြစ်၏။ လူတိုင်းသည် ဈေးနှုန်းကို ကြားသောအခါ တုံ့ဆိုင်းသွားကြပြီး များများ၀ယ်မည့် သူတို့အစီအစဉ်သည်လည်း ပျက်ပြားသွားတော့သည်။ လူအများစုသည် မြည်းကြည့်ရန် လေးငါးခုသာ ၀ယ်ကြသည်။ ဖေ့လီသည် စိတ်ပျက်မသွားဘဲ တစ်ယောက်ပြီး တစ်ယောက် ထုပ်ပိုးပေးလိုက်၏။

သူမသည် အစားအသောက်များထုပ်ပိုးခြင်းကို အထူးတလည် လေ့လာခဲ့သည်။

ချိုချဉ်များကို စက္ကူပေါ်တင်ပြီး သူမ၏ကျွမ်းကျင်သောလက်များဖြင့် အကြိမ်အနည်းငယ်မျှ ခေါက်ကာ အလုံ‌ပိတ်လိုက်သည်။ သေးငယ်၍ လှပသော အထုပ်ကလေးဖြစ်လာ၏။

ဤသည်မှာ ချိုချဉ်၀ယ်သည်ဟု မခံစားရဘဲ လက်ဆောင်ပေးသည်နှင့် ပိုတူသည်။ လက်ထဲတွင် ကိုင်ထားလျှင် ဂုဏ်ယူဖွယ်ရာ တစ်ခုကဲ့သို ခံစားရမည်ပင်။

အနည်းငယ်မျှ လမ်းလျှောက်ပြီးလျှင် တစ်ယောက်ယောက်က 'ဘယ်က၀ယ်လာတာလဲ'ဟု မေးလိမ့်မည်။ ထိုနည်းဖြင့် ဖေ့လီက နောက်ထပ်၀ယ်သူများကို ဆွဲဆောင်လိုက်သည်။ သို့သော် သူမသည် ထုပ်ပိုးရာတွင် နှေးကွေးသည်။ ဖေ့ရုန်ဖူသည်လည်း ပေါက်စီရောင်းနေသောကြောင့် မကူညီနိုင်ပေ။ ဘေးတွင်ရှိသော အဘွားလျူမှာ မနေနိုင်တော့သောသောကြောင့် လာကူညီလေသည်။

သူမဆိုင်သည်လည်း ၀ယ်သူသိပ်မကျသောကြောင့်ပင်။ 

တဖြည်းဖြည်းနှင့် မနက်ခင်းဈေး ကြဲသွားတော့မှပင် သူမတို့နှစ်ယောက်မှာ အသက်ရှု ချောင်သွားတော့၏။ ဖေ့လီက အဘွားလျူကို ကျေးဇူးတင်လိုက်ကာ ချိုချဉ်အခု၂၀ထုပ်ပေးလိုက်သည်။

 "ဘွားဘွား မြည်းကြည့်ဖို့။ ကူညီပေးလို့ ကျေးဇူးပါ"

သူမသည် တစ်ရက်လျှင် ပြား၅၀ရ၏။

နာရီ၀က်မျှ ကူညီရုံဖြင့် တစ်ရက်စာ၀င်ငွေထက်ပိုရနေသည်။ အဘွားလျူက ချိုသာစွာ ပြောလိုက်သည်။ 

"ဒါက ဘယ်လိုလုပ်ယူလို့ ဖြစ်နိုင်မှာလဲ"

ဖေ့လီက သိမ်မွေ့‌သောအသံဖြင့် တိုက်တွန်း၏။ "ယူသွားပါ"

ထိုမှသာလျှင် အဘွားလျူက ယူလိုက်ပြီး ထပ်ကာထပ်ကာကျေးဇူးတင်တော့သည်။ ဖေ့လီက ကျန်ရှိသော ချင်းစိမ်းချိုချဉ်များကို သွားကြည့်လိုက်၏။ သူမ တတ်နိုင်သရွေ့ကြော်ငြာသော်လည်း တစ်၀က်မျှကျန်နေ သေးသည်။ သိမ်းဆည်းပြီးသောအခါ

နေ့လယ်စာ စားချိန်ပင် နီးလာပြီဖြစ်သည်။ ဖေ့ရုန်ဖူသည် ကနဦးတွင် အစားအသောက်၀ယ်ရန် ပိုက်ဆံမသုံးချင်ပေ။ အိမ်မှယူလာသော ပေါက်စီများဖြင့်သာ နေ့လယ်စာစားချင်၏။ သို့သော် ဖေ့လီ၏ တောင်းဆိုမှုကြောင့် တိုဟူးဆိုင်သို့ ရောက်လာကြကာ တို့ဟူးနှစ်ပွဲ မှာလိုက်ကြသည်။

 တို့ဟူးပူတင်းရောင်းသော ဦးလေးကြီးမှာ ပြုံးချိုသောမျက်နှာဖြင့် သူတို့နှစ်ဦးအတွက် ခုံရှာပေးကာ ထိုင်ခိုင်းလေသည်။

ဖေ့ရုန်ဖူက ပေါက်စီသုံးခု ထုတ်လိုက်ပြီးနောက် တို့ဟူးပူပူလေးဖြင့်တွဲစားရန် သူမအား တစ်ခုပေးလာ၏။ ဖေ့လီသည် တစ်ကိုက်မျှ စားလိုက်ပြီးနောက် လူတစ်ယောက်က သူမဘေးသို့ ရုတ်တရက် ၀င်ထိုင်လေသည်။

သူမ လှည့်ကြည့်‌သောအခါ လူစိမ်းတစ်ယောက်ကို တွေ့ရ၏။ သူမတို့ စားပွဲကို မျှသုံးရန် လာသည်ထင်သောကြောင့် ထိုလူ့ကို လျစ်လျူရှူလိုက်သည်။

ဦးခေါင်းပြားပြားနှင့်လူကြီးသည် စကားစလာ၏။ သို့သော် ဖေ့ရုန်ဖူထံ ပြောခြင်းဖြစ်သည်။ 

"ညီအစ်ကို ခင်ဗျား ဒီချင်းစိမ်းချိုချဉ်တွေကို ဘယ်လိုလုပ်တာလဲ"

ဖေ့ရုန်ဖူက မှင်တက်သွားကာ သမီးဖြစ်သူထံ အကြည့်ပို့လိုက်ပြီး ဘာမျှမဖြေပေ။

ဖေ့လီက ထိုစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မှတ်ဉာဏ်ကောင်းကာ လွယ်လွယ်ဖြင့် မမေ့တတ်ပေ။ ချင်းစိမ်းချိုချဉ်၀ယ်ယူသူများကို သူမ မှတ်မိ၏။ ထိုထဲတွင် ဤလူမပါပေ။ ဤလူစိမ်းက ချင်းစိမ်းချိုချဉ်ကို ဘယ်ကရသလဲဆို‌တာ သူမ မ‌သိပေ။

သူမက ခေါင်းငုံ၍ ပေါက်စီစားလိုက်ကာ ‌ထိုလူက ဖေ့ရုန်ဖူကို ဘာပြောမည်ဆိုတာ စောင့်ကြည့်လိုက်သည်။

ကွမ်ချွမ်ချန်းက ဖေ့ရုန်ဖူ၏အဖြေကို မစောင့်တော့ဘဲ  ဆက်ပြော၏။

"ကျွန်တော့်မှာ အစားအသောက်ထုတ်တဲ့ စက်ရုံတစ်ရုံရှိတယ်။ ဒီချင်းစိမ်းချိုချဉ်က အတော်လေး ထူးခြားတယ်။ ပမာဏများများထုတ်ပြီးရောင်းဖို့ လျှို့ဝှက်ချက်ကို ပြောပြနိုင်မလား"

ဖေ့ရုန်ဖူ၏ မိသားစုသည် မျိုးရိုးစဉ်ဆက် ဆင်းရဲသော လယ်သမားများဖြစ်ကြသည်။ ယခင်ကဆိုလျှင် စက်ရုံဒါရိုက်တာတစ်ယောက်နှင့်  အဆက်သွယ်ပင် မရှိကြ။ ယခုတွင် ချင်းစိမ်းချိုချဉ်၏ လျှို့ဝှက်ချက်ကို ၀ယ်ယူချင်သော စက်ရုံဒါရိုက်တာ တစ်ယောက်ရှိနေလေပြီ။ ဖေ့ရုန်ဖူက ကြောက်ရွံ့တုန်လှုပ်ကာ ပြောလိုက်သည်။

"လျှို့ဝှက်ချက်မရှိပါဘူး"

ကွမ်ချွမ်ချန်းက လက်တစ်ချောင်းထောင်ပြသည်။ ဖေ့ရုန်ဖူက လျှို့ဝှက်ချက်၏‌ဈေးကို ခန့်မှန်းပေးနေမှန်း သိ၏။ ထို့ကြောင့် သူက မေးလိုက်သည်။ "တစ်ယွမ်လား"

ကွမ်ချွမ်ချန်းက ပြန်ဖြေ၏။

"ယွမ်၁၀၀"

ဤငွေသည် စက်ရုံအလုပ်သမားများ၏ နှစ်၀က်လစာဖြစ်သည်။ ဖေ့ရုန်ဖူ၏ တစ်နှစ်နီးပါး ပေါက်စီရောင်းရငွေလည်း ဖြစ်၏။ 'ရိုးရှင်းတဲ့ ချင်းစိမ်းချိုချဉ် လျှို့၀ှက်ချက်က ဒီလောက်များတဲ့ တန်ကြေး ရှိတယ်ပေါ့'

ဖေ့ရုန်ဖူက နှုတ်ခမ်းများကို လှုပ်ရှားကာ သဘောတူရန် ပါးစပ်ဖွင့်လိုက်သည်။

ဖေ့လီသည် အခြေအနေ မကောင်းသည်ကို တွေ့လိုက်၏။ ထို့ကြောင့် သူမက ဖခင်ဖြစ်သူ၏ ခြေထောက်ကို လျင်မြန်စွာ နင်းလိုက်ကာ ချောင်းဟန့်လိုက်၏။

ဖေ့ရုန်ဖူသည် ချက်ချင်းပင် အသိစိတ် ၀င်လာ၍ ငြင်းဆန်ရန် ခေါင်းယမ်းလိုက်သည်။

"မဖြစ်ဘူး မဖြစ်ဘူး"

ကွမ်ချွမ်ချန်းသည် ဖေ့လီထံ ထူးဆန်းစွာ ကြည့်လိုက်သည်။ ဤမိန်းကလေးက ဆုံးဖြတ်လိမ့်မည်ဟု သူ ထင်မထားပေ။  သူက ဖေ့လီအား ဆက်သွယ်ရမည့်နံပါတ်ပေးလိုက်၏။

"ကိစ္စမရှိဘူး။ ပြန်သွားပြီး သေချာစဉ်းစားကြည့်။ မင်းသဘောပေါက်နားလည်သွားရင် ငါ့ကို ဆက်သွယ်လိုက်"

ဖေ့လီသည် ထွက်သွားသောလူကို လေးနက်စွာ‌ကြည့်လိုက်သည်။

ချင်းစိမ်းချိုချဉ်ပြုလုပ်ရန်မှာ မခက်ခဲပေ။ ကြိုးစားကြည့်ရန်သာ ခက်ခဲ၏။

ထို့ပြင် လူအများသည် ကြိတ်ထားသောချင်းများကို သကြားနှင့်ရောကာ ကြိုသည်ကို တွေးမိကြမည် မဟုတ်။ ကံမကောင်းစွာဖြင့် ဤနည်းလမ်းသည် အချိန်ကြာကြီး လျှို့ဝှက်ထားနိုင်မည် မဟုတ်ပေ။ သူမ၏ စီးပွားရေးအခြေခိုင်သည်နှင့် ဈေးကစားသူများသည် အခွင့်ကောင်းယူကာ သူမကို အတုခိုးပြီး ဈေးကွက်ကို ချုပ်ကိုင်ကြမည်ဖြစ်သည်။

ဖေ့လီသည် ဤရလဒ်အား ကြိုတင်ခန့်မှန်းကာ ပြင်ဆင်ပြီးဖြစ်သည်။ သို့သော် ထိုနေ့ရက်သည် အလွန်လျင်မြန်စွာ ရောက်လာမည်ဟု မျှော်လင့်မထားပေ။

ပထမနေ့တွင်ပင် တစ်စုံတစ်‌ယောက်က ပြုလုပ်သည့်နည်းလမ်းအပေါ် မျက်စိကျနေပြီဖြစ်၏။ 

ဤခေတ်သည် စီးပွားရေးလှုပ်ရှားမှု အားကောင်းသောခေတ်ဖြစ်သည်။

လူတိုင်းသည် အကျိုးအမြတ်ရချင်ကြ၏။ ပိုက်ဆံရှာချင်ကြ၏။ အလုပ်ကြိုးစားချင်ကြ၏။ ပျော်ရွှင်မှုများ ဖန်တီးချင်ကြ၏။ ချမ်းသာမည့် မည်သည့်နည်းလမ်းကိုမဆို ဖမ်းဆုပ်ချင်ကြ၏။ သူမရောင်းလိုက်လျှင် ယွမ်၁၀၀ချက်ချင်းရမည်ဖြစ်သည်။

မရောင်းလျှင် ချင်းစိမ်းချိုချဉ်ပြုလုပ်နည်းကို ထိုလူ အမြန်ရှာမတွေ့စေရန်ကိုသာ လောင်းကြေး ထပ်ရတော့မည်။ မဟုတ်လျှင် ယွမ်၁၀၀မပြည်မီ ဈေးထဲမှ ဖယ်ထုတ်ခံရမည်ဖြစ်သည်။

သူမလက်ထဲမှ ဆက်သွယ်ရမည့်နံပါတ်ပါသော စာရွက်အပိုင်းအစကို ကြည့်လိုက်သည်။ ဖေ့လီသည် စာအုပ်ထဲ ၀င်ပြီးသည်မှစ၍ အကောင်းဆုံးနှင့် အရှုပ်ထွေးဆုံးရွေးချယ်မှုကို ကြုံတွေ့ဖူးပြီးဖြစ်သည်။

...