အခန်း (၉) ပထမအကြိမ် ငွေရှာခြင်း
ဖေ့ရုန်ဖူက နှလုံးခုန်နှုန်းမြန်နေပြီဖြစ်သည်။ သူသည် ပေါက်စီစားခြင်းကို ရပ်လိုက်ကာ သမီးဖြစ်သူကို မေးလိုက်သည်။
"သမီး အဖေတို့ရောင်းလိုက်ကြမလား"
'ဒါက ယွမ်၁၀၀လေ'
ယွမ်၁၀၀သည် ပြဿနာများကို ချက်ချင်းဖြေရှင်းနိုင်စွမ်း ရှိသော်လည်း စေ့စပ်ဆွေးနွေးခြင်းဆိုသည်မှာ အပူတပြင်း ပြု၍ရသော အရာမဟုတ်ပေ။ စိတ်ရှည်သည်းခံခြင်းရှိ၊ မရှိအပေါ်မူတည်၏။ ဖေ့လီတွင် ချင်းစိမ်းချိုချဉ် ပြုလုပ်နည်းတစ်ခုသာ ရှိသည်မဟုတ်။ သူမက ဤတစ်ခုကိုရောင်းပြီးလျှင် နောက်ထပ် ပိုကောင်းသောတစ်ခုကို ရောင်းမည်ဖြစ်သည်။ သူမတွင်လည်း ပမာဏများများ ထုတ်နိုင်ရန်အတွက် စက်ရုံတစ်ရုံရှာရန် စိတ်ကူးရှိ၏။ သို့သော် ကွမ်းချွမ်ချန်း၏ အလုပ်လုပ်သည့်ပုံစံကို သူမ မသိသေးပေ။ သူသည် လူကောင်းတစ်ယောက်ဖြစ်ပါက အဆင်ပြေ၏။ စိတ်သဘောထားကျဉ်းမြောင်းပါက ချင်းစိမ်းချိုချဉ်ပြုလုပ်နည်းအား ရောင်းပြီးလျှင် နောက်ထပ်တစ်မျိုး ပြုလုပ်၍ရောင်းသောအရာသည် ပေါက်သွားပါက လက်တုံ့ပြန်မည်ကို စိုးရိမ်ရသည်။
နောက်နှစ်ရက်အတွင်း ချိုချဉ်ပြုလုပ်နည်းကို ရှာတွေ့ဦးမည် မဟုတ်ပေ။ ဖေ့လီသည် အစီအစဉ်များ မပြုလုပ်မီ တစ်ဆင့်ချင်းသွား၍ ထိုလူဘာလုပ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
သူမက ပြုံးလိုက်ကာ ဖေ့ရုံဖူကိုနှစ်သိမ့်လိုက်သည်။
"ဒီတစ်ခြင်းကို ကုန်အောင်ရောင်းရအောင်ပါ"
ဖေ့ရုံဖူသည် နောင်တရလာသော်လည်း မကျေမနပ်ပြောခြင်းမရှိပေ။ သမီးဖြစ်သူထံတွင် သူ့အကြံနှင့်သူ ရှိမှန်း သိသောကြောင့် တို့ဟူးပူတင်းကိုသာ ခေါင်းငုံ၍ စားလိုက်တော့သည်။
တို့ဟူးပူတင်းနှစ်ပွဲသည် ရှစ်ပြားကုန်ကျ၏။
ရိုးရှင်းသောနေ့လယ်စာကို စားသောက်ပြီးနောက် ခြင်းတောင်းကိုယ်စီသယ်၍ ပစ္စည်းများ ဆက်လက်ရောင်းချရန် လမ်းမများပေါ်သို့သွားကြလေသည်။
ဖေ့ရုန်ဖူက သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် လမ်းထောင့်တွင် အနားယူခိုင်းလိုက်သည်။ ဖေ့လီသည် ချိုချဉ်ပြုလုပ်နည်းအကြောင်းကို စဉ်းစားလိုက်သောအခါ မျက်နှာပေါ်တွင် ၀မ်းနည်းမှုတို့ ဖြစ်တည်လာ၏။ လမ်းမပေါ်တွင် ကျောင်းမတက်ရသေးသော ကလေးငယ်များသည် နှင်းလူသားများ ပြုလုပ်ကာ ကစားလေ့ရှိကြ၏။ သူမ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ကလေးမလေးတစ်ယောက်သည် သိချင်စိတ်ဖြင့် လာမေးလေသည်။
"မမ ဘာဖြစ်လို့လဲ"
ကျစ်ဆံမြီးနှစ်ဖက်နှင့် လှပသော ကလေးမလေးသည် လက်ထဲတွင် နှင်းလုံးတစ်လုံးကို ကိုင်ထား၏။
"ဘာမှမဖြစ်ပါဘူး။ မမက အဖေ့ကိုစောင့်နေတာ"
ဖေ့လီက သူမကိုပြုံးပြလိုက်သည်။
အနီးနားတွင်ရှိသော အခြားကလေးသုံးယောက်သည် သူမတို့ကို သတိထားမိသွားကာ ရောက်လာကြသည်။ သူမကိုကြည့်ပြီးနောက် ကောင်လေးတစ်ယောက်ထံမှ ကျယ်လောင်သော ရယ်မောသံ ထွက်လာသည်။ သူက သူမထံ လက်ညှိုးထိုး၍ လှောင်ပြောင်လေသည်။
"ဒီဖတ်တီးမက ဘယ်ကရောက်လာတာလဲ။ ဒီနားရပ်ပြီး ငါတို့ကိုကြောက်အောင်ခြောက်နေတာ။ ယွီချီ နင်ဘာလို့ ဒီလိုလူနဲ့ စကားပြောနေတာလဲ။ နင်လည်း ကြီးလာရင် သူ့လို ၀၀တုတ်တုတ်ရုပ်ဆိုးဆိုး ဖြစ်လာဦးမယ် သတိထား"
သူက ခေါင်းဆောင် ဖြစ်သောကြောင့် ကျန်သည့်ကောင်လေးနှစ်ယောက်သည်လည်း သံယောင်လိုက်ကြတော့သည်။
"ဟုတ်တယ်။ ဒီလောက်ရုပ်ဆိုးတဲ့လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး"
ကွမ်းကျန့်မင်က ယွီချီကို ဆွဲကာ ပြောလိုက်၏။
"ဒီလိုလူမျိုးနဲ့ အချိန်မဖြုန်းနဲ့"
ကျောင်းယွီချီသည် ကောင်းလေးကို ကြောက်ရွံ့သော်လည်း ထွက်မသွားချင်ပေ။
"နင် သူများကို အဲ့လိုမပြောနဲ့"
၀ိတ်ချခြင်းသည် တစ်ရက်တည်းဖြင့် လုပ်၍ရသောအရာမဟုတ်ပေ။ ပေါင်၃၀၀ကျော်ကို ကျရန် လုပ်ခြင်းဆိုသည်မှာ မလွယ်ကူပေ။ ဝိညာဉ်စမ်းရေ ရှိနေလျှင်ပင် ချက်ချင်း ပိန်၍ လှပလာရန် မဖြစ်နိုင်ပေ။
ဤကဲ့သို့သောအချိန်တွင် လှောင်ပြောင်သံများ ကြားရသောအခါ ဖေ့လီက ဒေါသထွက်လာတော့သည်။ အနှီကောင်လေးသုံးယောက်သည် ငယ်သေးသည့်အရွယ်မှာပင် ဆိုးသွမ်းနေကြပြီဖြစ်၏။
"ငါ့ထမင်း ငါစားပြီး၀တာ နင်တို့အပူပါလား။ ပါးစပ်တွေ ဆွေးမြည့်ပြီး ပုပ်စော်နံနေဦးမယ် သတိထားကြ"
ကွမ်းကျန့်မင်သည် ဤရပ်ကွက်တွင် ဥပဒေမဲ့ပြုမှုနေကျ ဖြစ်သည်။ မိသားစု၏ ချမ်းသာမှုအရှိန်အဝါဖြင့် အခြားလူများကို အနိုင်ကျင့်၏။ မည်သူမျှ သူ့ကို ပြန်မပြောရဲပေ။ သူသည် ဖေ့လီ၏စကားများကို ကြာသောအခါ ဒေါသထွက်လာသည်။
"နင် ဘယ်သူ့ပါးစပ်ကို ပုပ်စော်နံတယ်ပြောနေတာလဲ ဖတ်တီးမ"
ဖေ့လီက ရယ်လိုက်ပြီးသူ့ထံလက်ညှိုးညွှန်ပြလိုက်သည်။
"နင့်ကိုပြောနေတာလေ"
ကွမ်းကျန့်မင်က သူမကိုရိုက်ရန် လက်ဆန့်ထုတ်လိုက်သည်။ ဖေ့လီသည် လက်ပြန်ရိုက်၍ တားလိုက်၏။ သူမက ကောင်လေး၏လက်ကို ဆွဲ၍ သူ့ကျောဘက်တွင်ထားလိုက်ကာ ညင်ညင်သာသာ ပြောလိုက်၏။
"ငါက ကလေးတွေကိုအနိုင်မကျင့်တတ်ဘူး။ စဉ်းစားချင့်ချိန်ပြီးနေ"
ကျောင်းယွီချီသည် ကောင်ကလေးကို ကြောက်ရွံ့စွာ ပြောလာသည်။
"ကျန့်မင် ပြဿနာမရှာနဲ့တော့"
ကွမ်းကျန့်မင်က ဒေါသတကြီးဖြင့်
"သတိထားနေ မဟုတ်ရင် နင်တို့တစ်မိသားစုလုံးကို ငါ့အဖေနဲ့ အရိုက်ခိုင်းလိုက်မှာ"
ကျောက်ယွီချီ၏ မျက်လုံးများသည် ချက်ချင်းပင်နီရဲလာပြီး သူ့ကိုကန်လိုက်တော့သည်။
မိသားစုချင်း ရန်စရှိပုံပေါက်၏။
ကွမ်းကျန့်မင်ကို သူမကို မရိုက်နိုင်ရုံမျှမက အကန်ပင်ခံလိုက်ရ၏။
သူက ဝှက်ဖဲကို သုံးကာ ကျယ်လောင်စွာ ငိုလေသည်။
"အမေရေ
အဘွားရေ"
ထိုသို့အော်လိုက်သောကြောင့် အနီးနားရှိ အိမ်မှ တံခါးဖွင့်သံတစ်ခုကြားလိုက်ရသည်။ ဖေ့လီ ခေါင်းကိုက်လာတော့သည်။ ကျောင်းယွီချီက သူမကို ဆွဲခေါ်၏။
"မမ သမီးနဲ့လိုက်ခဲ့"
သူမသည် ပြဿနာရှာသော ကလေးဆိုးများကို မကြောက်သော်လည်း ဤကလေးဆိုးများကို ပျိုးထောင်ပေးသော မိဘများကိုတော့ ကြောက်၏။
ဖေ့လီက ကောင်လေးကိုကိုင်ထားသောလက်ကို လွှတ်ချကာ ကျောင်းယွီချီနှင့်ပြေးသွားကြတော့သည်။ သူမတို့နှစ်ယောက်သည် လမ်းမတစ်လျှောက်လုံး အမြန်ပြေးခဲ့ကြပြီး ချောင်ကျသော လမ်းကျဉ်းလေးတွင် ရပ်လိုက်ကြသည်။ ဖေ့လီက နောက်မှလိုက်လာသူ ရှိ၊ မရှိကြည့်လိုက်သည်။ မည်သူကိုမျှ မတွေ့သောအခါတွင် စိတ်သက်သာရာရသွား၏။
ကျောင်းယွီချီက သူမလက်ကိုဆွဲကာ ခေါင်းငုံ၍ တောင်းပန်းစကားဆိုသည်။
"မမ သမီးအမှားပါ။ သမီး မကန်လိုက်သင့်ဘူး"
ဖေ့လီသည် နံရံကိုမှီကာ အချိန်အတော်ကြာ အမောဖြေပြီးမှ သူမကို ပြန်ဖြေလိုက်သည်။
"ညီမလေးအမှား မဟုတ်ပါဘူး။ သူတို့ကိုက ရိုင်းစိုင်းနေတာ။ ကြည့်တာနဲ့ သိသာတယ်"
"မမ မမကဒီကို အခုမှပြောင်းလာတာလား"
မြို့ထဲတွင် လူစိမ်းအနည်းငယ် ရှိသော်လည်း ကျောင်းယွီချီအနေဖြင့် ဖေ့လီကိုမြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ ဖေ့လီက ခေါင်းယမ်းကာ ပြောလိုက်၏။
"မဟုတ်ဘူး။ မမက မုန့်လာရောင်းတာ"
သူမတို့နှစ်ယောက်သည် ခပ်ဝေးဝေးနေရာမှ ဖေ့ရုန်ဖူ၏ အော်သံကို ကြားသည်အထိ စကားစမြည် ပြောနေကြ၏။ ဖေ့ရုန်ဖူ၏အော်သံကို ကြားသောအခါမှ ဖေ့လီသည် သူမအဖေက ဤအနီးတဝိုက်တွင် ချိုချဉ် အော်ရောင်းနေသေးမှန်း သတိရတော့သည်။ သူမက ခါးကိုင်းလိုက်ကာ ကလေးမလေးကို ပြောလိုက်သည်။
"အိမ်က ဘယ်နားမှာလဲ။ လိုက်ပို့ပေးမယ်။ မမလည်း အိမ်ပြန်တော့မှာ"
"ရှေ့နားကထောင့်လေးမှာ။ တည့်တည့်သွားရုံပဲ"
ကျောင်းယွီချင်က လက်ညှိုးညွှန်ကာ ပြလိုက်၏။ ကျောင်းယွီချီသည် လမ်းလျှောက်လျက်ဖြင့် သိချင်စိတ်တို့ကြောင့် ဖေ့လီကို မေးလိုက်သည်။
"မမက ဘာတွေရောင်းတာလဲ"
"ချိုချဉ်တွေရောင်းတာ။ ချင်းစိမ်းနဲ့လုပ်ထားတဲ့ ချိုချဉ်လေ"
ကလေးငယ်လေးသည် အံ့အားသင့်စွာ စကားဆက်ပြောလေ၏။
"သမီးတို့မိသားစုကလည်း ပစ္စည်းတွေရောင်းတယ်...ဒါပေမဲ့ အခု မရောင်းတော့ဘူး"
ဖေ့လီက ကလေးမလေး၏ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော ပုံရိပ်ကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည်။ ထို့ကြောင့် သူမက မေးလိုက်၏။
"ဘာလို့ မရောင်းတော့တာလဲ"
"စီးပွားရေးမကောင်းတော့လို့ မရောင်းရတော့တာ"
ကလေးပင်ဖြ စ်သော်လည်း တော်တော်များများသိနေပြီဖြစ်သည်။ ဖေ့လီက ပြုံးကာ သူမခေါင်းကို ပုတ်လိုက်သည်။
"ညီမလေးက ငယ်ပါသေးတယ်။ ဒီလိုကိစ္စမျိုးကို လူကြီးတွေဖြေရှင်းလိမ့်မယ်"
ကျောင်းယွီချီ၏ အိမ်သည် လမ်းထောင့်တွင်ရှိ၏။ သူမက ပျော်ရွှင်စွာဖြင့် ခြေလှမ်းလိုက်ကာ ဖေ့လီကို မိတ်ဆက်ပေး၏။
"ဒါက သမီးတို့အိမ်လေ"
ဖေ့လီက သူမရှေ့ရှိ ခြံဝင်းတစ်ခုနှင့် အနီရောင်ကြွေပြားများ ကပ်ထားသော နှစ်လုံးတွဲနှစ်ထပ်တိုက်ကို ကြည့်ပြီး အံ့ဩသွားသည်။ ကလေးမလေး၏ မိသားစုသည် အလွန်ချမ်းသာမည်မှန်း သူမ ထင်မထားခဲ့ပေ။ ဖေ့လီက နှုတ်ဆက်စကားဆိုလိုက်၏။
"အဲ့ဒါဆို မမသွားတော့မယ်"
ကျောင်းယွီချီက ပြုံးလိုက်ကာ ချိုသာစွာဖြင့် ဖေ့လီကို အိမ်ထဲ၀င်ရန် ဖိတ်ခေါ်၏။
"မမ သမီးတို့အိမ်လိုက်ပြီး ကစားချင်လား"
ကောင်းကင်သည် တဖြည်းဖြည်းနှင့် မှောင်လာပြီး သူမသည်လည်း ဖေ့ရုန်ဖူထံ ပြန်သွားရမည် ဖြစ်သောကြောင့် ငြင်းလိုက်၏။
"မကစားတော့ဘူး။ မမလည်း အိမ်ပြန်ရဦးမှာ"
အိမ်ထဲတွင်ရှိသောလူသည် အပြင်မှအသံများ ကြားသောအခါ မေးမြန်းလိုက်သည်။
"ယွီချီ သမီးဘယ်သူနဲ့ စကားပြောနေတာလဲ"
ထို့နောက် ခြေသံများ နီးကပ်လာကာ ယောက်ျားတစ်ယောက်က တံခါးဖွင့်၍ ထွက်လာသည်။ သူက ဖေ့လီကိုမြင်သောအခါ မှင်တက်သွားပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
"နာမည် ဘယ်လိုခေါ်လဲမသိဘူး"
ထိုလူသည် အသက်လေးဆယ်ခန့် ရှိကာ မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် သန်မာသောခန္ဓာကိုယ်ရှိသည်။ ဖေ့လီက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"မင်္ဂလာပါ။ ကျွန်မက ဖေ့လီပါ"
ကျောင်းယွီချီက သူမအဖေကို ပြောပြလျက် အလုပ်ရှုပ်နေတော့သည်။
"အဖေ ဒီမမက ချင်းစိမ်းချိုချဉ်တွေရောင်းတာ"
ကျောင်းကျွယ်၏ မျက်လုံးများက စူးစမ်းစိတ်တို့ဖြင့် လက်သွားသည်။
သူက သူမဘက်သို့လှည့်ကာ မေးလိုက်သည်။
"ချင်းစိမ်းချိုချဉ်လား။ ချင်းနဲ့ ချိုချဉ်လုပ်လို့ရတယ်လား"
ဖေ့လီက ရှင်းပြလိုက်သည်။
"ဟုတ်ကဲ့။ လက်လုပ်ချိုချဉ်ပါ"
"ဒါက အသစ်အဆန်းပဲ"
ကျောင်းကျွယ်က ခပ်ဖွဖွပြုံး၍ ပြောသည်။
"နောက်မှ ၀ယ်စားကြည့်ဦးမယ်"
ဖေ့လီက အခွင့်အရေးကို ဖမ်းဆုပ်ကာ မေးလိုက်သည်။
"ယွီချီပြောတာတော့ ရှင်တို့လည်း အရောင်းအ၀ယ်လုပ်တယ်ဆို"
ကျောင်းကျွယ်က "အင်း"ဟုသာ အသံပြုပြီး သက်ပြင်းချလိုက်သည်။
"လုပ်ငန်းအသေးစားလေးပါ။ ငွေသိပ်မရပါဘူး"
ကျောင်းယွီချီက ကြားဖြတ်၀င်ပြော၏။
"အဲဒါ ဦးလေးကွမ်းကြောင့်"
ကျောင်းကျွယ်က သမီးဖြစ်သူ၏ ပါးစပ်ကိုပိတ်ကာ ဆူလိုက်သည်။
"စကားလျှော့ပြော"
ဖေ့လီက တစ်စုံတစ်ရာကို ခန့်မှန်းပြီးဖြစ်၏။ ကလေးမလေး၏မိသားစုနှင့် ကောင်လေးမိသားစုမှာ လုပ်ငန်းကိစ္စ ရန်စ ရှိကြပြီး ဖုံးဖိထားပုံရသည်။ သူမတွင် အကြံတစ်ခုရလာသည်။ ကွမ်းချွမ်ချန်းထံသို့ ရောင်းကာ လက်ဝါးကြီးအုပ်ခံမည့်အစား သူမရှေ့ကလူနှင့် ပူးပေါင်းခြင်းသည် ပိုကောင်းမည်ဖြစ်သည်။
ဖေ့လီက သူမနောက်ကျောရှိခြင်းထဲမှ ချင်းစိမ်းချိုချဉ်တစ်ထုပ်ကိုယူကာ ပေးလိုက်သည်။
"ဒါက ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ချင်းစိမ်းချိုချဉ်ပါ။ မြည်းကြည့်လို့ရတယ်"
ကျောင်းကျွယ်က တစ်ခုယူစားကာ စားကြည့်လိုက်သည်။ အရသာကြောင့် အံ့အားသင့်သွား၏။
"ဒီချိုချဉ်က တော်တော်ကောင်းတာပဲ"
ဖေ့လီက ပြုံး၍ပြောလိုက်သည်။
"ကျွန်မက ပမာဏများများထုတ်ပြီး ရောင်းချင်တာ။ ဒါပေမဲ့ ကျွန်မမှာ ဘာအဆက်သွယ်မှ မရှိဘူး။ ဒါက အကြံကောင်းလို့ထင်ရင် ရှင်ကျွန်မရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအစီအစဉ်ကို စိတ်၀င်စားလား"
ကျောင်းကျွယ်က သူ့ကိုယ်ပိုင်လုပ်ငန်းဖြင့်ပင် စိတ်ဒုက္ခဖြစ်နေပြီဖြစ်၏။ အခြားကိစ္စများကို ကိုင်တွယ်ရန် စိတ်ကူးမရှိပေ။ ထို့အပြင် ဖေ့လီသည် လူစိမ်းတစ်ယောက် ဖြစ်သည်။ ကျောင်းကျွယ်က ချက်ချင်းပင် ငြင်း၍ ခေါင်းယမ်းလေသည်။
"စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ လောလောဆယ်တော့ မပူးပေါင်းနိုင်သေးဘူး။ အခုလည်း အဆင်ပြေနေပါတယ်"
သူသည် ဤကိစ္စကို မကြိုက်ခြင်းလည်းဖြစ်နိုင်သလို မစွန့်စားရဲခြင်းလည်း ဖြစ်နိုင်၏။ ဖေ့လီသည် စိတ်ထိခိုက်သွားသော်လည်း သူမကိုယ်သူမ အားပေးလိုက်သည်။
"ကျွန်မက အနောက်ဈေးမှာ ဆိုင်တန်းခင်းရောင်းတယ်။ ရှင် စိတ်ပြောင်းသွားရင် အဲ့ဒီမှာ ကျွန်မကို လာရှာလို့ရတယ်"
ကျောင်းကျွယ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမကို ပြန်ခိုင်းလိုက်လေသည်။ ထို့နောက် သမီးဖြစ်သူ၏ လက်ကိုဆွဲကာ အိမ်ထဲ၀င်ခဲ့တော့သည်။
ဖေ့လီသည် သူမအဖေ၏အော်သံ ကြားရာနောက်ကို ပြေးသွားလိုက်သည်။ သူမတို့သားဖနှစ်ဦးသည် ဆောင်းလေအေးများကြားတွင် အိမ်သို့ပြန်ခဲ့ကြသည်။ ၀မ်ချွေလန်သည် ညစားပြင်ပြီးဖြစ်၍ သားဖနှစ်ဦးကို မီးဖိုချောင်တွင် စောင့်နေ၏။ ဖေ့လီက ဝါးခြင်းကို ချလိုက်သည်။ ထို့နောက် မီးဖိုတွင် မီးကြည့်နေသော ကျိုးရှန်ချီနှင့် မျက်လုံးချင်းဆုံသွား၏။ သူမက ခုံအောက်ရှိ ဘီးလုံးများကို မြင်သောအခါ အနည်းငယ်အံ့ဩသွားသည်။ ဖေ့ရုန်ဖူကလည်း အံ့ဩသွား၏။ သားဖနှစ်ဦး၏ ပဟေဠိဆန်သောအကြည့်ကို မြင်သောအခါ ၀မ်ချွေလန်က ခေါင်းကုတ်ကာ အမြန်ရှင်းပြလိုက်သည်။
"ရှင်တို့နှစ်ယောက်က တစ်နေကုန် မရှိဘူးဆိုတော့ တခြားသူကို ခုံအောက် ဘီးတပ်ခိုင်းပြီး မီးဖိုချောင်ထဲ တွန်းခိုင်းလိုက်တာ"
အမှန်တော့ ယမန်နေ့က ကျိုးရှန်ချီသည် ချင်းအခွံနွှာရာတွင် တော်၏။ သူမသည်လည်း မီးဖိုချောင်ထဲတွင် တစ်ယောက်ထဲ ပျင်းလာသောကြောင့် သူ့ကို ခေါ်၍ အလုပ်ကူလုပ်ခိုင်းခြင်းပင်။
ဘီးလုံးများရှိသည်မှာ တကယ်ပင်အဆင်ပြေ၏။ ဖေ့လီက
"နောက်ကျ ဘီးတပ်ကုလားထိုင် သုံးကြတာပေါ့။ အဲဒါဆို သူ့ အတွက် သွားရလာရ အဆင်ပြေသွားမှာ"
၀မ်ချွေလန်နှင့် ကျိုးရှန်ချီသည် ချိုချဉ်ပြုလုပ်ရာတွင် ဒုက္ခမများစေရန် ချင်းများကို အခွံနွှာကာ ကြိတ်ထားကြ၏။ သူတို့သည် ညစာ စားပြီးနောက် နောက်တစ်နေ့အတွက် လိုအပ်သည်များကို စတင်ပြုလုပ်ကြသည်။
ရာသီဥတုမှာ အေးသောကြောင့် လူအများစုမှာ အပြင်သို့မထွက်ကြပေ။ ကံကောင်းစွာဖြင့် ဖေ့ရုန်ဖူသည် ဖေ့လီထံမှ အော်ဟစ်ရောင်းရမည့်စကားလုံးများကို သင်ယူထားပြီးဖြစ်သည်။ သူက မ၀ယ်ယူမီ ၀ယ်သူများအား အမြည်းစားခိုင်း၏။ ထို့ကြောင့် ချိုချဉ်တော်တော်များများ ရောင်းရ၏။ မနက်ခင်းဈေးတွင်လည်း ရောင်းရသောကြောင့် ချင်းစိမ်းချိုချဉ်များသည် ၁၀ကီလိုလျော့လျော့သာ ကျန်တော့သည်။
ဖေ့ရုန်ဖူ၏ အိတ်ထဲတွင် ငွေပြားများနှင့် ငွေစက္ကူများ ဟိုတစ်စုဒီတစ်စုရှိသည်။
ဖေ့ရုန်ဖူက ထိုငွေများကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ မကြာမီ သေးငယ်သော အပုံကလေး ဖြစ်လာ၏။
၀မ်ချွေလန်က စနောက်လိုက်သည်။
"နောက်ခါဆို ရှင်ပိုက်ဆံထည့်ဖို့ အိတ်ချုပ်ပေးမယ်"
ဖေ့ရုန်ဖူက အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်ကာ ငွေများကို ရေတွက်လိုက်သည်။ သူသည် ဂဏန်းသင်္ချာတွင် မတော်ပေ။ ထို့ကြောင့် မှားပဲမှားနေတော့သည်။ ကျိုးရှန်ချီက မနေနိုင်တော့ဘဲ သူရေတွက်ထားသော ကိန်းဂဏန်းကို ပြောလိုက်သည်။
"၅ယွမ် ၆၈ပြား"
ဖေ့ရုန်ဖူက ယုံကြည်ခြင်းမရှိဘဲ ညည်းညူလိုက်ကာ အကြိမ်အနည်းငယ် ထပ်၍ရေတွက်ပြန်သည်။ ကျိုးရှန်ချီ ပြောသည်နှင့် တကယ်ပင် ကိုက်ညီ၏။ ထို့ကြောင့် သူကချီးကျူးလိုက်သည်။
"မင်းသိလား မင်းက ဦးနှောက်ဉာဏ်ကောင်းတယ်"
ပေါက်စီရောင်းရသောငွေပါ ပေါင်းလျှင် ၈ယွမ်ကျော်လောက်ရ၏။
ဘ၀သည် မျှော်လင့်ချက်တို့ဖြင့် ပြည့်နေ၏။ ဖေ့ရုန်ဖူက အားရပါးရရယ်လိုက်ကာ တစ်နေ့တာ ပင်ပန်းမှုများကို မေ့လိုက်တော့သည်။
ရေနံဆီမီးအိမ်အောက်တွင် ဖေ့လီက နှုတ်ခမ်းထောင့်များကို အနည်းငယ်တွန့်လိုက်သည်။ သူမက မီးဖိုရှေ့တွင် ချင်းစိမ်းချိုချဉ်များကိုသာ တိတ်တဆိတ် ပြုလုပ်လိုက်၏။ ကျိုးရှန်ချီသည် သူ့ရှေ့ရှိလူကို ကြည့်ပြီး သူမက တောက်ပနေသည်ဟု ခံစားလိုက်ရသည်။
...