အပိုင်း ၁၀
Viewers 487

အပိုင်း (၁၀) စက်ရုံစီမံခန့်ခွဲမှုအခွင့်အရေးများ

ဖေ့မိသားစုသည် ချင်းစိမ်းချိုချဉ်များကို ညဆယ်နာရီအထိ ပြုလုပ်ခဲ့ကြသည်။

နံနက်စောစော၌ ဖေ့လီသည် တတိယဘိုးလေးအိမ်သို့သွားကာ ချင်းစိမ်းများ ၀ယ်ချင်သည်။ ထို့ကြောင့် သူမက စောစောထ၍ ဖေ့ရုန်ဖူနှင့်အတူ ချင်းစိမ်းများ သွား၀ယ်လေသည်။ ၀မ်ချွေလန်သည်ကား နံနက်စာချက်ပြုတ်နေခဲ့၏။

အိမ်အနည်းငယ်တွင် မီးလင်းလျက်ရှိကြပြီး ကောင်းကင်ရှိ လခြမ်းကွေးသည်လည်း အလင်းရောင်ပေးစွမ်းနေ၏။

ဤအကြိမ်၌ သူမတို့သည် တံခါး၀၌ ရပ်စောင့်နေစရာမလိုပေ။ တတိယဘိုးလေးသည် ထူထပ်သော စစ်အနွေးထည်ကို၀တ်ထားကာ နှင်းများကို လှည်းကျင်းနေသောကြောင့်ပင်။ ဖေ့ရုန်ဖူက ပထမဦးစွာ မြင်သောကြောင့် တတိယဦးလေးဟု ခေါ်လိုက်၏။ ဖေ့လီကလည်း တတိယဘိုးလေးဟု နောက်ကလိုက်၍ ခေါ်လိုက်သည်။ တတိယဘိုးလေးသည် သူမတို့ခေါ်သံကို ကြားသောအခါ လှည့်ကြည့်သည်။ ထို့နောက် သားဖနှစ်ဦးကိုတွေ့လျှင် အံ့အားသင့်နေတော့၏။

"ဘာလို့ အစောကြီးလာကြတာလဲ"

ဖေ့လီက လျင်မြန်စွာ ပြန်ပြောလိုက်သည်။

"သမီးတို့ ဈေးသွားပြီး ရောင်းရဦးမှာလေ။ မသွားခင် ချင်းစိမ်းလေးလိုချင်လို့။ ရှိသေးလား"

"ရှိတာပေါ့။ ဘိုးလေးက နှစ်ဧကလောက် စိုက်ထားတာလေ"

တတိယဘိုးလေးသည် ‌ ဖေ့ရုန်ဖူကို တမင်သက်သက် လျစ်လျှူရှူကာ သူမတစ်ယောက်ကိုသာ ဦးဆောင်ခေါ်သွားသည်။

"ဒီတစ်ခါ ဘယ်လောက်လိုချင်တာလဲ"

ဖေ့လီက တွေးတောပြီးနောက် ယခင်ကအတိုင်းသာ မှာယူလိုက်သည်။

"၁၀ကီလို။ သမီးတို့ ကုန်သွားမှ ထပ်လာ၀ယ်မယ်"

တတိယဘိုးလေးက ချင်းစိမ်းများကို ပျော်ရွှင်စွာ တူး‌ဆွလိုက်သည်။ တူးဆွလျက်ပင် သူမကို ချီးကျူးရန်မမေ့ပေ။

"သမီးရဲ့ ချင်းစိမ်းချိုချဉ်က တော်တော်လေး ကောင်းတယ်"

ဖေ့လီက ချင်းစိမ်းများကို အိတ်ထဲထည့်ကာ ပြုံးပြလိုက်သည်။

"စားလို့ကုန်သွားရင် နောက်ထပ် ထပ်ပို့ပေးမယ်"

ထိုစကားကို ကြားပြီးနောက်  တတိယဘိုးလေးသည် ချင်းစိမ်းတူးဆွခြင်းကို ရပ်တန့်လိုက်သည်။ သူမအပေါ် ထားရှိသော သူ၏အမြင်များမှာလည်း ပြောင်းလဲသွားသည်။ သူမသည် ပိုမိုရင့်ကျက်လာကာ လူအများနှင့် ဆက်ဆံခြင်း၌လည်း တည်ငြိမ်မှုရှိလာသည်ဟု ခံစားလိုက်ရသည်။

ဖေ့ရုန်ဖူက ချင်းစိမ်းချိုချဉ်များသည် တတိယဦးလေး၏ လယ်နှစ်ဧကမှ လာသည်ကို သိ၏။ ထို့ကြောင့် ချင်းစိမ်းများ တူးယူ‌ပြီးသောအခါ ငွေကိုထုတ်ကာ မျက်နှာချိုသွေးတော့သည်။

"ဦးလေး ပင်ပန်းသွားရပြီ"

တတိယဦးလေးက နှာမှုတ်လိုက်ကာ

"မခံယူရဲပါဘူး"ဟု ပြန်ပြော၏။

သားဖနှစ်ဦးတို့သည် ချင်းစိမ်းများကို သယ်ယူကာ အိမ်ပြန်လာကြ၏။ ထို့နောက် နံနက်စာစားကာ ခြင်းတောင်းကိုယ်စီလွယ်၍ ဈေးသို့သွားကြသည်။

ဤအကြိမ်တွင်လည်း ဖေ့လီက ၀ယ်ယူခြင်းမပြုမီ အမြည်းစားစေ၏။ သို့သော် ယမန်နေ့ကကဲ့သို့ ပမာဏ မများပေ။ သူမ၏ ချင်းစိမ်းချိုချဉ်များသည် အရသာရှိ၏။ နှစ်ခုမျှစားရုံဖြင့် စွဲလမ်းသွားကာ ခပ်စပ်စပ်အရသာကို တောင့်တမည်ဖြစ်သည်။

ယနေ့၌ ဆိုင်တန်းသို့ ရောက်သည်နှင့် သူမ မအော်မီ လူတိုင်းသည် အရသာမြည်းရန် ရောက်လာကြသည်။ ယမန်နေ့က ၀ယ်သူများသည်လည်း ထပ်၀ယ်ရန် စုရုံလာကြသည်။ နံနက်ခင်း ဈေးသိမ်းသည်အထိ သူမဆိုင်တန်းတွင် လူပြတ်လပ်ခြင်းမရှိပေ။

ဖေ့လီသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြုမူ‌‌နေရသော်လည်း အလုပ်များလျက် ရှိသည်။ သူမဆိုင်တန်းရှေ့တွင် လူတစ်ယောက်လာရပ်သည်ကို မြင်သောအခါ မသိစိတ်၏ စေ့ဆော်မှုအရ မေးလိုက်၏။

"ဘယ်လောက်ဖိုးလိုချင်လဲရှင့်"

"နှစ်ယွမ်ဖိုး ထည့်ပေး"

"ဟုတ်ကဲ့ပါ"

များများစားစား၀ယ်သော ၀ယ်သူနှင့် တွေ့ဆုံရန်မှာ ရှားပါသည်။ သူမသည် မော့ကြည့်လိုက်သောအခါ အံ့အားသင့်သွားရသည်။ ဖေ့လီက ထုပ်ပိုးနေသည်ကို ရပ်တန့်လိုက်သည်။ ဤလူမှာ ယမန်နေ့က ချိုချဉ်ပြုလုပ်နည်း ၀ယ်ချင်သော ကွမ်းချွမ်ချန်းပင်။

'တုပပြီးမလုပ်နိုင်တော့ များများ၀ယ်ပြီး လေ့‌လာတော့မယ်ပေါ့လေ'

ကွမ်းချွမ်ချန်းက သူမကို လှောင်ပြောင်‌လိုသောစိတ်ဖြင့် ကြည့်သည်။ နောက်တွင် တန်းစီနေသောလူများထံမှ သူ့ကို မကျေမနပ်ပြောသံများ ထွက်လာသည်။

"ဘာလဲ သူဌေးက မရောင်းတော့ဘူးလား"

လူအများရှေ့တွင် ဈေး၀ယ်သူ၏ ၀ယ်ယူမှုကို ငြင်းဆန်၍မရ။ မဟုတ်လျှင် ထိုလူက မည်သို့ တုံ့ပြန်မည်မှန်း မသိပေ။

ဖေ့လီက ရယ်လိုက်ကာ လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

"မဟုတ်ပါဘူး။ ကျွန်မက သူဌေးရဲ့ရက်ရောမှုကြောင့် အံ့ဩသွားလို့ပါ။ အခုပဲ ထုပ်ပိုးပေးပါ့မယ်"

ကွမ်းချွမ်ချန်းက ချင်းစိမ်ချိုချဉ်များကို ယူကာ ထွက်သွားသည်။ ထို့နောက် သူ၏စက်ရုံသို့ သွားကာ ယုံကြည်ရဆုံးသော ကျွမ်းကျင်သူအား ချင်းစိမ်းချိုချဉ်များ ပေးလိုက်သည်။

"ဒီချိုချဉ်ကို ဘယ်လိုလုပ်လဲ သွားလေ့လာလိုက်။ ကောင်းကောင်းလုပ်နိုင်ရင် ငါမင်းကို ဆုကြီးကြီး ပေးမယ်"

ကွမ်းချွမ်ချန်းသည် စိတ်တည်ငြိမ်ကာ အမြော်အမြင်ရှိသော စီးပွားရေးသမားဖြစ်သည်။ ဈေးကွက်ကိုလည်း တိကျသေချာစွာ ထိန်းချုပ်ထားနိုင်သည်။

ထို့ကြောင့် သူသည် နှစ်အနည်းငယ်အတွင်း၌ စာရင်းကိုင်လေးတစ်ဦးမှ စက်ရုံဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။

သူသည် ယမန်နေ့က အခြားလူကို သွား၀ယ်ခိုင်းခဲ့သော ချင်းစိမ်းချိုချဉ်များကြောင့် အံ့အားသင့်ခဲ့ရသည်။ စိတ်အားထက်သန်မှုများ ဖြစ်‌ပေါ်လာကာ ချက်ချင်းပင် လျှို့ဝှက်ချက်ကို၀ယ်ယူရန် ဖေ့လီနှင့် ဆွေးနွေးခဲ့သည်။ ကွမ်းချွမ်ချန်းက သူ၏ကမ်းလှမ်းချက်မှာ မြင့်မားသောကြောင့် ငြင်းဆန်ခံရလိမ့်မည်ဟု မျှော်လင့်မထားပေ။

ထို့နောက် သူသည် ချင်းစိမ်းချိုချဉ်များကို ဧည့်ခန်းထဲတွင်ထားခဲ့သည်။ နောက်နာရီ၀က်အတွင်း၌ သူ့မိသားစု၀င်အားလုံးသည် ချိုချဉ်ကို မြည်းကြည့်ကြကာ ချီးကျူးကြလိမ့်မည်ဟု ထင်မထားပေ။

ထို့အချိန်၌  သေးငယ်သောချိုချဉ်သည် သူ့ထံသို့ အကျိုးအမြတ်အများကြီး ယူဆောင်ပေးမည်ကို သဘောပေါက်သွားသည်။ ‌သူက ဈေးမဖွင့်မီ လမ်းဘေးတစ်နေရာ၌ထိုင်ကာ ဖေ့လီ ဆိုင်ခင်းသည်ကို စောင့်ကြည့်နေခဲ့သည်။

အရောင်းအ၀ယ်သည် ထင်ထားသည်ထက် ပိုကောင်း၏။ သူ၏အမြင်မှာ ရွှေဖြစ်ကြောင်း သက်သေပြသကဲ့သို့ပင်။

သို့သော် ဖေ့လီ၏သဘောထားမှာ သူ့ကို ဒေါသထွက်စေသည်။ 

'ပျံကျဈေးသည်လေးက သူ့ရှေ့မှာ ကြွားလုံးထုတ်ရဲ‌တယ်ပေါ့၊ ချင်းစိမ်းနဲ့လုပ်တဲ့ ချိုချဉ်လေးနဲ့များ ဘာတွေကြီးကြီးကျယ်ကျယ် လုပ်နိုင်မှာမို့လဲ'

သူမအား ယွမ်တစ်ရာ ပေးမည့်အစား စက်ရုံရှိ ကျွမ်းကျင်အလုပ်သမားများကို ပေးသည်က ပိုကောင်း၏။ ဆယ်ယွမ်ပေးလျှင်ပင် သူတို့က ကျေးဇူးသိတတ်စွာ အလုပ်လုပ်ပေးမည် ဖြစ်သည်။ကွမ်းချွမ်ချန်းသည် စိတ်ပိုင်းဖြတ်ပြီးသော မျက်နှာဖြင့် စက်ရုံထဲမှ ထွက်သွားတော့သည်။ သူထွက်သွားသောအခါ နံရံထောင့်မှ လူတစ်ဦးထွက်လာသည်။ ထိုလူသည် ကျောင်းကျွယ်ထံ အမြန်ပြေးကာ အခြေအနေကိုတင်ပြသည်။

သူပြောသည်ကို ကြားသောအခါ ကျောင်းကျွယ်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းပြောတာ သူက စောစောစီးစီး အနောက်ဈေးကိုသွားပြီး ပျံကျဈေးသည်လေးကို စောင့်ကြည့်တယ်ပေါ့လေ"

ဤလူသည် ကျောင်းကျွယ်က ကွမ်းချွမ်ချန်းကို စောင့်ကြည့်ရန် ပို့ထားသော လက်ထောက်ဖြစ်သည်။ လက်ထောက်က ခပ်တိုးတိုး ပြောလိုက်သည်။

"ဟုတ်ပါတယ်။ သူဒီနေ့အစောကြီးထတာ။ မယုံနိုင်လို့ ကျွန်တော်နောက်က လိုက်ကြည့်တော့ ပျံကျဈေးသည်လေးကို စောင့်ကြည့်နေတာတွေ့ရတယ်။ နောက်တော့တစ်ခုခု၀ယ်ပြီး စက်ရုံပြန်သွားတာ"

"ပျံကျဈေးသည်က ဘာတွေထူးခြားနေလို့လဲ"

စိတ်ကြီး၀င်တတ်သော ကွမ်းချွမ်ချန်းက ပျံကျဈေးသည်တစ်ယောက်ကို စောင့်ကြည့်သည်မှာ မသင်္ကာဖွယ်ရာ ရှိမည်ဖြစ်သည်။

"သူမရဲ့ အရောင်းအ၀ယ်က အတော်လေးကောင်းတယ်။ သူတို့ရောင်းတဲ့ချိုချဉ်တွေကလည်း ထူးခြားတယ်"

လက်ထောက်ယောက်ျားသည် သူ၀ယ်လာသော ချင်းစိမ်းချိုချဉ်များကို ထုတ်၍ပြလိုက်သည်။

ချင်းစိမ်းချိုချဉ်များသည် ယမန်နေ့က ဖေ့လီပေးသော ချိုချဉ်များနှင့် တစ်ထပ်တည်းပင်။ ကျောင်းကျွယ်က ချိုချဉ်များကို မြင်သည်နှင့် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူသည် အ၀တ်အစားအမြန်လဲကာ အနောက်‌ဈေးသို့ ထွက်သွားလေသည်။

ဖေ့လီက နံနက်ခင်းဈေးသိမ်းပြီး ဖြစ်သောကြောင့် ပစ္စည်းများကိုထုပ်ပိုးသည်။ နေ့လယ်ပိုင်းအစမီတွင် တစ်ခုခုစားရန် စီစဉ်ထားသည်။ သူမတို့နှစ်ဦးသည် နေ့လယ်စာစားရန် ပန်ကိတ်ဆိုင်သို့သွားကြသည်။ ထို့ကြောင့် ကျောင်းကျွယ်ရောက်လာသောအခါ သူမတို့နှင့် မတွေ့တော့ပေ။ သူသည် စိတ်ပျက်စွာ ပြန်လာခဲ့သည်။

သူသည် ယမန်နေ့က ဖေ့လီ၏ ကမ်းလှမ်းချက်ကို တုံ့ဆိုင်းစွာဖြင့် လက်မခံခဲ့သောကြောင့် အလွန်ပင် နောင်တရမိသည်။ အခွင့်အရေးကြီးတစ်ခုကို လက်လွှတ်လိုက်ရကာ ထပ်၍ ကွမ်းချွမ်ချန်းနောက်၌ နေရမည်ကို စိုးရိမ်သည်။ သူက သမီးဖြစ်သူကို ရှာကာ ဖေ့လီနှင့် ဆုံခဲ့သောနေရာကို မေးလိုက်သည်။

ကျောင်းကျွယ်သည် မြို့အနှံ့ နှစ်နာရီမျှကြာအောင် ရှာခဲ့သည်။ ထို့နောက် လမ်းထောင့်တွင် အနားယူနေသော ဖေ့လီကို ရှာတွေ့သွားသည်။ သူက ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"

ဖေ့လီသည် သူမထက် ပိုမိုမောပန်းနေသောလူကို တွေ့လိုက်ရကာ စူးစမ်းစိတ်တို့ ပေါ်ပေါက်လာသည်။

"ဘာဖြစ်လို့လဲ"

ကျောင်းကျွယ်က သူမ၏အမူအရာကိုကြည့်ကာ လေးလေးနက်နက်မေးလိုက်သည်။

"မင်း ကွမ်းချွမ်ချန်းနဲ့ ပူးပေါင်းလိုက်ပြီလား"

ဖေ့လီက ဤလူဘာကြောင့် စိတ်လှုပ်ရှားနေသည်ကို နားလည်သွားရသည်။ ဤလူသည် ကွမ်းချွမ်ချန်းနှင့် ပြိုင်ဘက် ဖြစ်ပုံပေါ်သည်။ ယမန်နေ့က ကောင်ဆိုးလေးသည်လည်း ကွမ်းချွမ်ချန်း၏သား ဖြစ်ရမည်။ ဆွေးနွေးညှိနှိုင်းမှုတွင် အရေးကြီးဆုံးမှာ အဖြစ်အပျက်များကို အခြားလူထံ ပေးမသိခြင်းပင်။ သူမက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မ‌ပူးပေါင်းရသေးပါဘူး။ ကျွန်မစဉ်းစားတုန်းရှိသေးတယ်"

 ကျောင်းကျွယ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"အဲ့ဒါဆို မနေ့က မင်းပြောတဲ့ ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ငါ့အိမ်လိုက်ပြီး ဆွေးနွေးမလား။ တစ်မျိုးမထင်ပါနဲ့။ အိမ်မှာ ငါ့မိန်းမရော ငါ့သမီးရောရှိတယ်"

ဖေ့လီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွန်မအဖေကို စောင့်ရအောင်။ သူကဟိုနားမှာ။ ခဏနေ ဒီကိုရောက်လာမှာ"

ဖေ့ရုန်ဖူသည်  ဆယ်မိနစ်ကျော်မျှ ကြာသောအခါ လမ်းကြားထဲမှ ထွက်လာသည်။ ဖေ့လီအနီးတွင် ကျောင်းကျွယ်ကို မြင်သောအခါ ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။

"မင်းက ဘယ်သူလဲ"

ကျောင်းကျွယ်က ပြုံး၍ပြောလိုက်သည်။

"ကျွန်တော်က ဖေ့လီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမလို့ပါ"

ဖေ့လီက ဖေ့ရုန်ဖူကို ရှင်းပြ၏။

"ချင်းစိမ်းချိုချဉ် ပူးပေါင်းဆောင်ရွက်ဖို့အကြောင်း ပြောနေကြတာ" 

ကျောင်းကျွယ်က သူမကို သူ့အိမ်သို့ ဦးဆောင်ကာခေါ်သွားသည်။

"အဲ့ဒါဆို ကျွန်တော်တို့ သွားဆွေးနွေးကြတာပေါ့"

ဖေ့လီက ခေါင်းညိတ်ကာ ဖေ့ရုန်ဖူနှင့်အတူ သူ့နောက်မှ လိုက်လာခဲ့သည်။

သူမတို့သုံးယောက်သည် ကျောင်းအိမ်သို့ တစ်ခဏနှင့်ပင် ရောက်သွားကြသည်။ ကျောင်းယွီချီသည် ခြံထဲတွင် က‌စားနေသည်။ သူမကိုမြင်သောအခါ ပျော်ရွှင်စွာ ပြေးလာပြီး "မမ"ဟု ခေါ်လေသည်။ ဖေ့လီက သူမ၏ခေါင်းကို ထိလိုက်သည်။

ကျောင်းကျွယ်က သူ့ဇနီးကို ခေါ်၏။ ရှောင်ရွှယ်ရွှယ်သည် မီးဖိုခန်းမှ ထွက်လာသည်။ သူမယောက်ျား၏ အကြည့်ကို မြင်သောအခါ နွေးထွေးစွာဖြင့် ပြုံး၍ ကြိုဆိုသည်။

"ဧည့်သည်တွေ ပါလာတာပဲ။ ထိုင်ကြပါ"

ကျောင်းမိသားစုသည် မြို့ထဲတွင် ကျော်ကြားသော လူချမ်းသာမိသားစုဖြစ်သည်။ မီးများမှာ လျှပ်စစ်မီးများ ဖြစ်ပြီး ဆိုဖာများသည်လည်း သားရေဆိုဖာများ ဖြစ်သည်။ အိမ်ထဲတွင် အပူပေးစနစ်ရှိပြီး စားပွဲပေါ်တွင်လည်း စားပွဲခင်းများခင်းထားသည်။ ဖေ့ရုန်ဖူသည် ကြောင်သွားရသည်။ သူက ရှောင်ရွှယ်ရွှယ်ပေးသော လက်ဖက်ရည်ပူပူတစ်ခွက်ကိုယူကာ ကျေးဇူးတင်လိုက်၏။

ရှောင်ရွှယ်ရွှယ်က သမီးဖြစ်သူကို ချီကာ  စာအုပ်ဖတ်ရန် ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။

ဧည့်ခန်းစားပွဲတွင် သူမတို့သုံးယောက်သာရှိသည်။ အခန်းသည် နွေးနေ၏။

ဖေ့လီက လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ကျောင်းကျွယ်က စောင့်ဆိုင်းမနေတော့ဘဲ အမြန်ပြော၏။

"ကွမ်းချွမ်ချန်းက ဘယ်လိုပူးပေါင်းမှုမျိုး လုပ်ချင်တာတဲ့လဲ"

သူသည် သူမ၏ လုပ်ငန်းလျှို့ဝှက်ချက်များကို ရှာဖွေချင်သည်။ ဖေ့လီက လက်ဖက်ရည်သောက်ခြင်းကို ရပ်တန့်လိုက်သည်။ သူမက အသေးစိတ်ရှင်းပြခြင်း မပြုပေ။

"ကျွန်မတို့က မပူးပေါင်းကြဘူး။ သူက ကျွန်မလက်ထံမှာရှိတဲ့ ပြုလုပ်နည်းကို တစ်ဖက်သတ် လက်ဝါးကြီး အုပ်ချင်နေတာ"

ကျောင်းကျွယ်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"အဲ့ဒါဆို...ငါ အဲ့ဒီပြုလုပ်နည်းကို အရင်၀ယ်လို့ရမလား"

ကျောင်းမိသားစု၏စီးပွားရေးသည် ကွမ်းချွမ်ချန်းနှင့် မယှဉ်နိုင်သည်ကို မအံ့ဩတော့ပေ။ ဤကဲ့သို့သော ဦးနှောက်မျိုးနှင့် ပိုက်ဆံကိုပင် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။ ကျောင်းကျွယ်တွင် မကောင်းသည့်ရည်ရွယ်ချက် မရှိသော်လည်း အတွေးအခေါ်များမှာ တုံးအလွန်းသည်။

"၀ယ်ပြီး ဘာလုပ်မှာလဲ"

ဖေ့လီက သူ့ကိုအကူညီမဲ့စွာကြည့်ပြီး ပြောလိုက်သည်။

"သူက မကြာခင် ဒီပြုလုပ်နည်းကို ရှာတွေ့သွားတော့မှာ။ သူ့ကို အလဲထိုးနိုင်မယ်လို့ ရှင်ထင်လား"

ကျောင်းကျွယ်က ခေါင်းယမ်းကာ ၀န်ခံ၏။

"မထိုးနိုင်ဘူး"

သူသည် သူ့ဖခင်ထံမှ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းကို လက်လွှဲယူခဲ့သည်။ ကနဦးတွင် ကွမ်းချွမ်ချန်း၏ သစ်လုပ်ငန်းနှင့် မည်သည့်အဆက်အစပ်မှ မရှိပေ။ နောက်တော့ ဘာကြောင့်မှန်းမသိ သူသည် စားသောက်ကုန်ထုတ်လုပ်‌ရေးစက်ရုံတစ်ခု တည်ထောင်လိုက်သည်။ သုံးလမျှ ထက်၀က်ဈေးသို့ လျှော့ချ၍ အနီးနားရှိ စားသောက်ကုန်စီးပွားရေးလုပ်ငန်းများကို ဆုတ်ခွာရန် တွန်းအားပေးခဲ့သည်။ တစ်ခုတည်းသော အင်းအားကြီးကုမ္ပဏီ ဖြစ်လာသောအခါ သိသိသာသာ ဈေးတင်ခဲ့သည်။

ယခုအခါ ဤနယ်တစ်ဝိုက်တွင် သူသာလျှင် ရုန်းကန်လျက်ကျန်နေခဲ့သည်။ သူ၏စက်ရုံ ကျန်ရှိနေသည်မှာ ကျောင်းမိသားစု၏ ငွေကြေးအရင်းအမြစ်များကြောင့်ဖြစ်သည်။ သို့သော် မကြာမီတွင် ပိတ်သိမ်းရတော့မည် ဖြစ်သည်။

"ကျွန်မမှာ အကြံတစ်ခုရှိတယ်။ ကျွန်မ နောက်ထပ် နည်းအသစ်တချို့ စီစဉ်ပေးနိုင်တယ်။ ချင်းစိမ်းချိုချဉ်လုပ်နည်း ရှာတွေ့သွားရင်တောင် နည်းအသစ်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ သူဒီတစ်ခုကို လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး။ သူရှာတွေ့သွားရင်တောင် တခြားနည်းအသစ်တွေ ဆက်လုပ်လို့ရတယ်"

ဖေ့လီက ယုံကြည်မှုတို့အပြည့်ရှိနေသည်။

"သဘောသဘာ၀အရဆို ကျွန်မက ချင်းစိမ်းချိုချဉ် တီထွင်တဲ့သူ။ သူက တုပပြီးရောင်းတဲ့သူ။ ကျွန်မတို့ ချင်းစိမ်းချိုချဉ်ကို ဆက်ရောင်းလို့ရသေးတယ်"

"တကယ်လား"

ကျောင်းကျွယ်၏ မျက်လုံးတို့ ချက်ချင်းပင် တောက်ပပြီး စိတ်လှုပ်ရှားစွာထရပ်လိုက်သည်။

"ငါ မင်းနဲ့ ချက်ချင်းပူးပေါင်းမယ်"

လောကတွင် အလကားရသော နေ့လယ်စာဆိုသည်မှာ မရှိပေ။ ဖေ့လီသည်လည်း ပြုလုပ်နည်းကို အလကားပေးမည် မဟုတ်ပေ။ ထို့အပြင် ပြုလုပ်နည်းတစ်ခုပေါ်တွင်မှီခိုကာ ငွေရှာခြင်းက သူမ၏ရည်ရွယ်ချက် မဟုတ်ပေ။

သူမက ပြုံးကာ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ဒါကကျွန်မဘက်က ကမ်းလှမ်းချက်ပါ။ ရှင့်ဘက်ကရော ကျွန်မကိုဘာပြန်ပေးနိုင်မလဲ"

ကျောင်းကျွယ်က အံကြိတ်ကာ ပြန်ထိုင်လိုက်သည်။ သူသည်  သူ့ရှေ့ရှိ ငယ်ရွယ်ပုံပေါက်သော မိန်းကလေးသည် အကြံသမားတစ် ဦးဖြစ်သည်ကို သိ၏။

သူက ဖေ့လီကိုကြည့်ကာ ညင်သာစွာဖြင့်မေးသည်။

"မင်း ဘာလိုချင်တာလဲ"

"ကျွန်မ စက်ရုံရဲ့ စီမံခန့်ခွဲခွင့်တစ်၀က်ကို လိုချင်တယ်။ ရှင့်မှာ ပြုလုပ်နည်းကို သုံးဖို့အခွင့်အရေးရှိမယ်။ ပူးပေါင်းတာက အဆင်ပြေပြေရှိတယ်ဆိုရင် ကျွန်မတို့ စာချုပ်သက်တမ်း တိုးလို့ရတယ်။ အကျိုးအမြတ်၃၀ရာခိုင်နှုန်းကို ကျွန်မယူမယ်။ ၇၀ရာခိုင်နှုန်းကို ရှင်ရမယ်"

သူမသည် ပြုလုပ်နည်းကို သူအား လက်လွှဲပေးကာ ထုတ်လုပ်မှုတစ်ခုလုံး လုပ်ခွင့်ပြုလိုက်လျှင် အရှုပ်‌အထွေးများ ဖြစ်လာမည်ကို စိုးရိမ်သည်။ အကျိုးအမြတ်မျှဝေခြင်းနည်းလမ်းသည် ဖေ့လီဘက်က ကြီးမားသော အလျှော့‌ပေးခြင်းပင်။ ၃၀ရာခိုင်နှုန်းနှင့် ၇၀ရာခိုင်နှုန်းသည် နည်းပါးခြင်းမရှိပေ။

သို့သော် ဆင်းရဲသော တောသူတစ်ယောက်အနေဖြင့် သူမသည် စက်ရုံစီမံခွင့်တစ်၀က်ကို တောင်းဆိုရုံမျှမက သူ့ကိုလည်း ပြုလုပ်နည်းအသုံးပြုခွင့် ပေးသည်။ ၃၀-၇၀အကျိုးအမြတ်ကိုပင် တောင်းဆို၀ံ့သေး၏။ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိသော တောင်းဆိုမှုပင်။ ကျောင်းကျွယ်သည် သဘောတူရန် တုံ့ဆိုင်းနေ၏။ သူက ဖေ့လီအား လစဉ်လစာပေးရန် စီစဉ်ထားသည်။

"ကိစ္စမရှိပါဘူး။ ပူးပေါင်းမလားဆိုတာ ရှင်အချိန်ယူပြီး ဆုံးဖြတ်ပါ"

ဤနည်းလမ်းသည် အမှန်ပင် အရဲစွန့်ရမည် ဖြစ်သည်။ သူဘာကြောင့် လက်မခံသည်ကို သူမ နားလည်၏။ ဖေ့လီက လက်ဖက်ရည်တစ်ငုံကို တည်ငြိမ်စွာ ငုံ့သောက်လိုက်သည်။

အကျိုးအမြတ် ၃၀-၇၀ခွဲဝေခြင်းသည် ၀င်ငွေရမှသာ ခွဲဝေရမည်ဖြစ်သည်။  ငွေမရှာနိုင်ပါက ဖေ့လီကို ပေးစရာမလိုပေ။ သူတို့နှစ်ယောက်သည် စီးပွားရေးအကျိုးတူလုပ်သူများဖြစ်လာကြမည်။ ထိုအရာသည် စွန့်စားခြင်းတစ်ခုသာ ဖြစ်သည်။

ကျောင်းကျွယ်သည် အချိိန်အ‌တော်ကြာ တွေးတောပြီးနောက် ဆိုဖာပေါ်တွင်ထိုင်နေသော ဇနီးနှင့်သမီးကို ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီ။ ငါတို့စာချုပ်ချုပ်ကြတာပေါ့"

...