အပိုင်း (၁၁) နှမ်းယို
ကျောင်းကျွယ်က စာကြည့်ခန်းသို့သွားကာ စာရွက်၊ဘောပင်နှင့် တံဆိပ်ခေါင်းတို့ကို ယူလိုက်သည်။ ဖေ့လီသည် သူပြန်အလာကို တည်ငြိမ်စွာဖြင့် စောင့်နေ၏။
ညှိနှိုင်းမှုများ ပြီးသောအခါ ဖေ့ရုန်ဖူမှာ လုံး၀မှင်တက်နေ၏။ သူသည် သူတို့ပြောနေသော စက်ရုံစီမံခန့်ခွဲခွင့်များ အသုံးပြုခွင့်များကို နားမလည်သော်လည်း အချက်တစ်ချက်ကိုတော့ သိသည်။ သမီးဖြစ်သူ ဖေ့လီသည် စက်ရုံတစ်၀က်ကို ပိုင်ဆိုင်သူ ဖြစ်လာခြင်းပင်။
ရှောင်ရွှယ်ရွှယ်က သူမသမီးကို ထားခဲ့ကာ စာကြည့်ခန်းသို့ လိုက်သွားသည်။
သူမက အသံတိုးတိုးဖြင့် ယောက်ျားဖြစ်သူကို ပြောသည်။
"အစ်ကို သူမနဲ့ တကယ်ပဲ ပူးပေါင်းမလို့လား"
ကျောင်းကျွယ်သည် စာချုပ်မူကြမ်း ရေးနေ၏။ ဇနီးဖြစ်သူ၏ အပြောကိုကြားလျှင် သူမကို ကြင်နာသောအကြည့်များဖြင့် ကြည့်လိုက်သည်။
"ကွမ်းချွမ်ချန်းက သူမရဲ့ချင်းစိမ်းချိုချဉ်ကို တန်ဖိုးထားတယ်ဆိုကတည်းက အကျိုးအမြတ် ရှိလို့ပဲ။ စက်ရုံကို ဒေဝါလီ ခံခိုင်းလိုက်တာထက် စွန့်စားလိုက်တာ ပိုကောင်းတယ်"
"အစ်ကို ဘာကိုပဲလုပ်လုပ် ထောက်ခံပေးနေမယ်"
ရှောင်ရွယ်ရွှယ်က ပြုံး၍ သူ့ပခုံးကိုပုတ်သည်။ ထို့နောက် ထွက်သွားကာ ဖေ့လီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူမက ဖေ့လီသည် စက်ရုံ၏ဒုတာ၀န်ခံဖြစ်လာမည်ကို တွေးပြီးနောက် မိသားစုကိစ္စများအကြောင်း စကားစလိုက်သည်။
"ညီမ ဘယ်မှာနေတယ်ဆိုတာ မမေးရသေးဘူးပဲ"
သူမသည် အလွန်သိမ်မွေ့ကာ ယဉ်ကျေးသော အမျိုးသမီးဖြစ်သည်။ သူမ၏ အပြုံးသည် ဖော်ရွေ၏။ ဖေ့လီက ပြုံးကာ မည်သည့်အရာကိုမှမဖုံးကွယ်ဘဲ ပြောပြသည်။
"မြို့ဘေးက ဖင်းနန်ရွာကပါ"
ဖင်းနန်ရွာသည် မြို့နှင့် သိပ်မဝေးပေ။ ရှောင်ရွှယ်ရွှယ်သည် ထိုရွာနာမည်ကို ကြားဖူး၏။
"သိပ်တော့မဝေးဘူးဘဲ။ ဒါပေမဲ့ နေ့တိုင်းသွားလိုက် လာလိုက် လုပ်ရတာပင်ပန်းမှာပေါ့"
"ဟုတ်တယ် ညီမတို့လည်း အခြေအနေလေး ကောင်းလာရင် မြို့ကိုပြောင်းမှာပါ"
ဖေ့လီသည်လည်း သဘောတူ၏။ ရွာတွင် လျှပ်စစ်မီး မရှိ။ ရေချိုးရန်လည်း ခက်ခဲသည်။ မီးဖိုချောင်မှ လွဲ၍ နွေးသောနေရာဟူသည်မှာမရှိ။လေများသည်လည်း အေးစက်သည်။ နေထိုင်ရသည့် အခြေအနေမှာ မကောင်းလှပေ။ ပိုက်ဆံရှိလာပါက မြို့သို့ပြောင်းချင်၏။
ရှောင်ရွှယ်ရွှယ်က အာရုံစိုက်ကာပြောလိုက်သည်။
"အဲဒါဆို အိမ်ငှားဖို့နေရာ အစ်မ ရှာထားပေးမယ်"
ဖေ့လီက သူမကို ကျေးဇူးတင်စကားပြောသည်။ ခဏကြာသောအခါ ကျောင်းကျွယ်သည် စာချုပ်နှင့်အတူ ထွက်လာ၏။ သူသည် စာနှစ်စောင် ရေးထားပြီး ဖေ့လီအား ပြသည်။
"ပြောင်းချင်တာရှိမရှိ ကြည့်လိုက်ဦး"
ကျောင်းကျွယ်၏လက်ရေးမှာ လှပပြီးသပ်ရပ်၏။ သူမ၏တောင်းဆိုချက်များကို တစ်ခုချင်းစီ ပြုစုထားပြီး မရေမရာဖြစ်စေသော အကြောင်းအရာများ မပါ၀င်ပေ။ ပြဿနာကြီးကြီးမားမား မရှိသောအခါ ဖေ့လီက ခေါင်းမော့၍ပြောလိုက်သည်။
"ကုန်ဆုံးရက် ထပ်ထည့်ရအောင်။ အခုကစပြီး တစ်နှစ်တစ်ခါ စာချုပ်ကိုပြန်ပြင်ဆင်ကြမယ်"
ကျောင်းကျွယ်က ဘောပင်ကို ကောက်၍ ထပ်ရေးကာ သူမရှေ့သို့ ပြန်ပေးသည်။
ဖေ့လီက နှစ်ကြိမ်မျှ ဂရုတစိုက်ဖတ်သည်။ ထို့နောက် ဘောပင်ကိုယူ၍ စာနှစ်စောင်လုံးတွင် သူမနာမည် ရေးထိုးလိုက်သည်။ ကျောင်းကျွယ်သည်လည်း သပ်ရပ်စွာ လက်မှတ်ရေးထိုး၏။ ထို့နောက် မတ်တတ်ရပ်ကာ လက်ကိုဆန့်ထုတ်၍ ခပ်ဖွဖွအပြုံးဖြင့်ပြောသည်။
"မင်းနဲ့ အလုပ်တွဲလုပ်ရလို့ ၀မ်းသာပါတယ်"
ဖေ့လီကလည်း ရပ်၍ လက်ဆွဲနှုတ်ဆက်သည်။
"ကောင်းကောင်းမွန်မွန် လုပ်ကြတာပေါ့"
"နောက်အစီအစဉ်က ဘာလဲ"
ကျောင်းကျွယ်က စိတ်မချသေးသောကြောင့် မေးလိုက်သည်။
ဖေ့လီက တစ်ခဏမျှ တွေးတောပြီးနောက် ပြန်ပြော၏။
"ကွမ်းချွမ်ချန်းက နောက်နှစ်ရက်လောက်ထိ ချင်းစိမ်းချိုချဉ်လုပ်နည်းကို ရှာတွေ့ဦးမှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် စမ်းသပ်ကြည့်ဖို့ နည်းအသစ် ယူလာခဲ့မယ်။ ဖြစ်နိုင်ရင် နောက်တစ်ပတ်အတွင်း စကြတာပေါ့"
ကျောင်းကျွယ်က သဘောတူလိုက်သည်။ ဖေ့လီက ပစ္စည်းအသစ်အတွက် လိုအပ်သည်များ ၀ယ်ရမည်။ ထို့ကြောင့် ကြာကြာမထိုင်တော့ဘဲ စာချုပ်ကိုယူ၍ နှုတ်ဆက်လိုက်သည်။
ဖေ့ရုန်ဖူက သူမနှင့်အတူ မြို့ထဲရှိအကြီးဆုံး လက်လီဆိုင်သို့ သွားသည်။ သူက သဘောမပေါက်သေးဘဲ မရပ်မနား မေးနေ၏။
"လီလီ သမီးက နောက်ဆို စက်ရုံခေါင်းဆောင်လေး ဖြစ်လာမှာလား။ ဒါက တကယ် အကျိုးအမြတ်များတဲ့အလုပ်ပဲ။ ငါ့မိသားစုမှာ စက်ရုံဒါရိုက်တာတစ်ယောက် ရှိလာမယ်လို့ မျှော်လင့်မထားဖူးဘူး"
သူမသည် စက်ရုံဒုဒါရိုက်တာတစ်ယောက် ဖြစ်သော်လည်း လုပ်ပိုင်ခွင့်များက ကျောင်းကျွယ်လက်ထဲတွင် ရှိသည်။
သို့သော် ကိစ္စများက ချောချောမွေ့မွေ့ ရှိနေသောကြောင့် ပျော်သည်။ ထို့ကြောင့် သူမ၏ မျက်နှာအမူအရာမှာ ပိုမိုတောက်ပလာသည်။
"အဖေ သမီးပိုက်ဆံများများရှာမယ်။ အဲ့ဒါဆို သမီးတို့မိသားစုလေး ကောင်းကောင်းမွန်မွန် နေလို့ရပြီ"
ဖေ့ရုန်ဖူက မျက်ရည်များသုတ်ကာ ပြော၏။
"အဖေ့သမီးက အံ့ဩဖို့ကောင်းနေရော"
ပမာဏများများ ထုတ်လုပ်ရန်အတွက် လိုအပ်သည့်ကုန်များသည် ရာသီပေါ်ချိန်၌သာ ရရှိနိုင်မည် ဖြစ်သည်။ သူမပြုလုပ်သကဲ့သို့ ဝိညာဉ်စမ်းကို အသုံးပြု၍ မရပေ။ လေဖြင့် အခြောက်ခံမှသာ ကြာရှည်အသုံးပြု၍ရမည်။ ဖေ့လီက နှမ်းယိုကိုသာလျှင် တွေးတောမိသည်။
ဖေ့ရုန်ဖူက သူမကို တစ်ခုတည်းသော အသီးဆိုင်သို့ ခေါ်သွားသည်။ ထိုဆိုင်သည် ယခင်ကတည်းက တည်ထောင်ထားသော အမှတ်တံဆိပ် ဖြစ်သည်။ ပစ္စည်းများကို သစ်သားစည်ပိုင်းများဖြင့်ထည့်ကာ ဆိုင်ရှေ့တွင် ခင်းကျင်းထားသည်။ အရှေ့ဆုံးတွင် ထားသည့်ပစ္စည်းမှာ အနီရောင် စွန်ပလွံသီးများ ဖြစ်သည်။ အရွယ်အစားကြီးကာ တောက်ပသောအနီရောင်ရှိ၏။ ဖေ့လီက စိတ်လှုပ်ရှားစွာ လျှောက်သွားသည်။ ထို့နောက် အရောင်းစာရေးမလေးတစ်ဦး ရောက်လာသည်။ ဆံပင်တိုတိုနှင့် မျက်လုံးကြီးကြီးများ ပိုင်ဆိုင်ထားသော လီထောင်က ချိုသာစွာ မေးလိုက်၏။
"ဘာလိုချင်လဲရှင့်"
ဖေ့လီက လှည့်ကြည်၍ ပြုံးပြသည်။
"ဒီမှာ သစ်ကြားသီးနဲ့ နှမ်းနက်ရှိလား"
"နည်းနည်းရှိပါတယ်"
လီထောင်က ဦးဆောင်ခေါ်သွားသည်။
စွန်ပလွံသီး၊ သစ်ကြားသီးနှင့် နှမ်းနက်များ ရနိုင်သော်လည်း ဂိုချီဘယ်ရီသီးမရှိပေ။ ဖေ့လီက ဆိုင်ကို တစ်ပတ်ပတ် ကြည့်လိုက်သော်လည်း မတွေ့ပေ။ ထို့ကြောင့် သူမက လှည့်မေးလိုက်သည်။
"ဂိုချီဘယ်ရီသီးတွေရှိလား"
လီထောင်သည် အနည်းငယ်မျှ အသက်ရှူမှားသွားသည်။ ဖေ့လီပြောသောအသီးကို စဉ်းစားနေသကဲ့သို့ပင်။
"ဘယ်လိုပုံစံရှိလဲဆိုတာ ပြောပြလို့ရမလား"
"အရောင်က အနီရောင်၊ ဘဲဥပုံလိုမျိုးလေး လက်သည်းခွံလောက်တောင် ကြီးချင်မှကြီးမှာ"
ဖေ့လီက ပုံဖော်ပြသည်။ လီထောင်က တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ တုံ့ပြန်၏။ သူမက စောင့်နေရန် ပြောပြီးနောက် အထဲသို့၀င်သွားသည်။ ဖေ့လီသည် ဖေ့ရုန်ဖူနှင့်အတူ သစ်ကြားသီးများ၏ အရည်အသွေးကို စစ်ဆေးနေ၏။ ခဏအကြာတွင် လီထောင်သည် သစ်သားပုံးငယ်တစ်ခုနှင့်အတူ ပြန်ရောက်လာသည်။
"ဒီဟာကို ပြောတာလား"
ဖေ့လီက သူမထံလျှောက်သွားကာ ကြည့်သည်။ ထို့နောက် အံ့အားသင့်စွာ ပြောလိုက်သည်။
"ဟုတ်တယ် ဒီဟာပဲ"
"ဒီလောက်ပဲ ရှိတာ။ သူဌေး ပစ္စည်းတွေ၀ယ်တုန်းက ကျွန်မကို ပေးထားတာထင်တယ်"
"ကျွန်မ အကုန်လုံးယူမယ်"
အရည်အသွေး သိပ်မကောင်းသော်လည်း ဖေ့လီက အကုန်လုံး ၀ယ်လိုက်သည်။ အခြားပစ္စည်းသုံးမျိုးကိုလည်း ၁ကီလိုစီ ထုပ်ခိုင်းလိုက်သည်။
သားဖနှစ်ဦးသည် ပစ္စည်းများကိုယ်စီသယ်လျက် ပြန်လာကြသည်။ ဖေ့ရုန်ဖူသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အိမ်ရောက်သည်နှင့် ၀မ်ချွေလန်ကို ဖေ့လီသည် စက်ရုံဒါရိုက်တာဖြစ်လာပြီကြောင်း ပြောပြသည်။
"တကယ်လား"
၀မ်ချွေလန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ ထခုန်သည်။ ဘိုးဘွားများက အမှန်ပင် စောင့်ရှောက်ပေးသည်ဟူ၍လည်း ထပ်ကာထပ်ကာ ပြော၏။
ဖေ့လီသည်လည်း အပျော်များ ကူးစက်ကာ ရယ်လိုက်တော့သည်။
မီးဖိုရှေ့တွင်ထိုင်နေသော ကျိုးရှန်ချီသည် သူမကိုကြည့်ကာ အမြန်ပင်ခေါင်းငုံသွားသည်။
၀မ်ချွေလန်က အောင်ပွဲခံရန်အတွက် ညစာကို ကြက်သားချက်နှင့် ကြက်ဥစွပ်ပြုတ် ချက်ပြုတ်၏။
ညစာစားပြီးနောက် မီးဖိုချောင်တွင် ဖေ့လီတစ်ယောက်သာ ကျန်ခဲ့သည်။ အသီးယိုများအတွက် အရေးကြီးဆုံး ပါ၀င်ပစ္စည်းမှာ အချိုဓာတ်ဖြစ်သည်။
ဤခေတ်တွင် ထုတ်လုပ်ပြီး ကုန်ချော မရှိသောကြောင့် သူမကိုယ်တိုင် ပြုလုပ်ရသည်။ ကံကောင်းစွာဖြင့် မီးဖိုချောင်ထဲတွင် တစ်ယောက်မှမရှိပေ။ ထို့ကြောင့် ဂျုံများစိုက်ပျိုးရန် ဝိညာဉ်စမ်းရေကို များများပြားပြား အသုံးပြုလိုက်သည်။
ဖေ့လီက ဇလုံတစ်လုံးယူကာ ဂျုံစေ့အချို့ကို ထည့်သည်။ ထို့နောက် ဖြန့်လိုက်ကာ တစ်စုံတစ်ခုကို ခပ်တိုးတိုးရွတ်၏။ သူမလက်ထဲရှိ ခွက်တွင် ဝိညာဉ်စမ်းရေများ ပြည့်လာသည်။ သူမက ဂရုတစိုက်ဖြင့် ဇလုံးထဲသို့ လောင်းထည့်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဂျုံများ အညှောက်ပေါက်လာသည်။ ထိုအချိန်သည် အလွန်တိုတောင်း၏။ ဖေ့လီက ဝိညာဉ်စမ်းရေများ ထပ်လောင်းသည်။ ဤအကြိမ်၌ ဂျုံများသည် သင့်တော်သောအနေအထားထိ ရှိလာသည်။ သူမက ဂျုံပင်များကို ဆွဲနုတ်သည်။ ဆေးကြောပြီးနောက် အခြားဇလုံတစ်ခုတွင်ထည့်၏။ သန့်ရှင်းသော လှိမ့်တံတစ်ခုယူကာ ဂျုံစေ့များ ကြေညက်သည်အထိ ထုခြေလိုက်သည်။ ညနေစာမစားမီ ပေါင်းအိုးတွင် ပေါင်းထားသော ကောက်ညှင်းပေါင်းကိုယူကာ အအေးခံသည်။ ထို့နောက် ကြိတ်ထားသော ဂျုံများနှင့် ရောနယ်ကာ ပေါင်းအိုးထဲထည့်သည်။ ပေါင်းအိုးတွင် အချဉ်ဖောက်ရန် လိုအပ်သော အပူချိန်ကျန်ရှိနေသေးသည်။ ထိုကိစ္စများပြီးသောအခါ ဖေ့လီက နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်တော့သည်။
ဖေ့လီက အသီးယိုများ ပြုလုပ်မည်ဖြစ်သောကြောင့် ဈေးသို့မလိုက်ပေ။ မနက်စာစားပြီးနောက် ယိုပြုလုပ်ခြင်းကိုသာ အာရုံစိုက်လိုက်သည်။ ဂျုံနှင့် ကောက်ညှင်းသည် အချဉ်ဖောက်ပြီးဖြစ်သည်။
ကျိုးရှန်ချီသည် မီးဖိုရှေ့ထိုင်ကာ အိုးနှစ်လုံး၏ မီးအရှိန်ကို ဂရုစိုက်နေသည်။
၀မ်ချွေလန်က ဖေ့လီ၏ညွှန်ကြားချက်အရ သစ်ကြားသီးနှင့် နှမ်းများကို လှော်သည်။ ဖေ့လီက ဇကာဖြင့်စစ်ထုတ်ထားသော ဂျုံနှင့်ကောက်ညှင်းအရည်များကို အိုးထဲတွင်ကျို၏။
၀မ်ချွေလန်က သစ်ကြားသီးနှင့်နှမ်းများ လှော်ပြီးသောအခါ သူမ၏ မုယောအချိုရည်သည်လည်း အဆင့်သင်ဖြစ်လာသည်။ ဖေ့လီက အသီးများအတွက် လိုအပ်သော မုယောအချိုရည်ကို ကြီးမားသောဇွန်းဖြင့် ခပ်ယူကာ ပန်းကန်တစ်ခုစီတွင် ထည့်သည်။ ကျန်ရှိသည်များကို ဇလုံတစ်ခုတွင် ထည့်၍ အအေးခံသည်။
မုယောအချိုသည် သာမန်အချိုများနှင့်မတူဘဲ ထူးခြားသော သဘာ၀အချိုဓာတ်ရှိ၏။ ဖေ့လီ၏ ဝိညာဉ်စမ်းရေနှင့် ပေါင်းသောအခါ အရသာထူးကဲမည်မှာ အမှန်ပင်။ ကျိုးရှန်ချီက နာခံတတ်သော အမူအရာဖြင့် အချိုရည်များကို ပါးစပ်အပြည့်သောက်လိုက်သည်။
ပါ၀င်ပစ္စည်းများ အဆင်သင့်ဖြစ်ပြီဖြစ်၏။
ဖေ့လီက နှမ်းယိုပြုလုပ်ရန်စတင်လိုက်သည်။ သူမသည် မုယောအချိုရည်ကို အပူချိန်လျှော့သွားစေရန် မပျစ်မကျဲအနေအထားအထိ ရေနှင့်ရောသည်။ ထို့နောက် စွန်ပလွံသီး၊ သစ်ကြားသီးနှင့် ဂိုချီဘယ်ရီသီးတို့ကို ထည့်ကာ မွှေသည်။ နောက်ဆုံးတွင် နှမ်းများကိုထည့်၍ အကြိမ်ကြိမ်မွှေပေးသည်။
ထို့နောက် ပန်းကန်ပြားတစ်ခုထဲသို့ လောင်းထည့်ကာ ဖြန့်လိုက်သည်။ ဆောင်းရာသီတွင် အပူချိန် မများသောကြောင့် နှမ်းယို၏အပူချိန်သည် လျင်မြန်စွာ လျော့ကျလာသည်။ ဖေ့လီက ဓားဖြင့် အစိတ်အပိုင်းများ ပိုင်းဖြတ်သည်။
ဘေးနားတွင်ရပ်နေသော ၀မ်ချွေလန်သည် မြည်းကြည့်ရန် မစောင့်နိုင်တော့ပေ။ ဖေ့လီက ပြုံးကာ သူမအား တစ်စိတ်ပေးလိုက်သည်။ သူမကိုယ်တိုင်လည်း တစ်စိတ်စားကြည့်ကာ ဘေးနားတွင် မီးကြည့်နေသော ကျိုးရှန်ချီကိုလည်း ပန်းကန်အသေးလေးဖြင့် ပေးလိုက်သည်။
နှမ်းယိုသည် အရောင်သွေးမျိုးစုံနှင့် အမြင်လှ၏။ ထူထပ်ကာကြွပ်ရွ၏။ ဝါးပြီးလျှင် သစ်သီးရနံ့များ မွှေးပျံ့နေသည်။ နှမ်းစေ့၏အရသာ၊ စွန်ပလွံသီး၏ ချိုမြမှု၊ သစ်ကြားသီး၏ မွှေးရနံ့နှင့် ဂိုချီဘယ်ရီ၏ ကောင်းမွန်သောအရသာတို့သည် နှမ်းယိုအစိတ်ပိုင်းထဲတွင် သဟဇာတဖြစ်နေသည်။
"ဒီယိုက တော်တော်အရသာရှိတာပဲ"
၀မ်ချွေလန်သည် ကြွပ်ရွသောအစားအစာကို ပါးစပ်ထဲတွင် ဝါးနေကာ ထပ်ယူရန်လည်း မမေ့ပေ။
ဖေ့လီသည် ထိုအပြုအမူကို မြင်သောအခါ ကြည်နူးသွားသည်။ ယိုအချို့ကို သူမမိသားစုအတွက် ချန်ထားကာ ကျန်သည့်အရာများကို ကျောင်းကျွယ်ဆီ ပို့ရန် ထုပ်ပိုးသည်။ သူမ ထုပ်ပိုးနေစဉ် မီးဖိုချောင်တံခါးသည် ရုတ်တရက် ပွင့်လာသည်။
ဆံပင်တိုနှင့် အမျိုးသမီးသည် သူမလက်ထဲက နှမ်းယိုကို ကြည့်၍ တံတွေးမျိုချနေသည်။
"ဘာတွေစားနေကြတာလဲ။ အဝေးကနေတောင် အနံမွှေးနေရော"
သူမသည် ဖေ့မိသားစုနှင့် မျက်နှာချင်းဆိုင်တွင်နေသော ကျိုးရှောင်မေဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး။ အိမ်လုပ်မုန့်လေးပါ"
၀မ်ချွေလန်က သူမ၏အကြည့်ကို ကာလိုက်ပြီး ဖေ့လီကို အမြန်ရှင်းလင်းရန် လက်ဝေ့ယမ်းပြသည်။
"ငါ့လည်း ကျွေးကြပါဦး"
ကျိုးရှောင်မေ၏ မျက်လုံးများသည် ဝေ့ဝိုက်နေပြီး ၀မ်ချွေလန်ကို ပခုံးဖြင့် တိုက်လိုက်သည်။
"ချွေလန် အစားအသောက်ကို တိတ်တိတ်လေး ဝှက်စားတာ မကောင်းဘူးနော်"
ဤရက်များတွင် ဖေ့မိသားစုသည် အလွန်တိတ်ဆိတ်နေသည်။ သူတို့မိသားစုသည် အံ့ဩစရာကောင်းလောက်အောင်ပင် ခပ်လျှိုလျှို နေနေကြသည်။ ၀မ်ချွေလန်သည်ပင် ရွာထဲ အလည်အပတ် များများစားစားမထွက်တော့ပေ။ ရွာထဲရှိလူများက ဖေ့မိသားစုသည် ၀င်ငွေကောင်းနေသောကြောင့် ချမ်းသာမှုကို သူများမြင်မှာ ကြောက်နေကြသည်ဟု ပြောကြသည်။
၀မ်ချွေလန်က သူမကို လျစ်လျူရှူလိုက်သည်။ ဤနှမ်းယိုသည် စက်ရုံဒါရိုက်တာထံ ဦးစွာပို့ရမည်ကို သိသောကြောင့် အပြင်လူများကို မြည်းစမ်းခွင့်မပေးချင်ပေ။ သူမက အသံကျယ်လောင်စွာ ပြောလိုက်သည်။
"ဘာဖြစ်ဖြစ် စားချင်နေတော့တာပဲ။ နင့်မှာအရှက်မရှိဘူးလား"
တစ်ယောက်နှင့် တစ်ယောက် ဆဲဆိုကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျိုးရှောင်မေသည် ဂရုမစိုက်ပေ။ သူမက ဖေ့လီကို စိုက်ကြည့်ကာ ရက်အနည်းငယ် မတွေ့ရသည့်အတောအတွင်း ဤမိန်းမငယ်လေး၏ အသားအရေမှာ အဘယ်ကြောင့် ပိုဖြူလာသနည်းဟု တွေးတောနေသည်။
သူမက မကြည်မသာဖြင့် ပြော၏။
"ခုတလော ရှောင်လီက ပိုလှလာတာပဲ"
ဖေ့လီက ဝိညာဉ်စမ်းရေ၏ အကျိုးကျေးဇူးကြောင့်ဆိုသည်ကို သိ၏။ ထို့ကြောင့် သူမက ကောင်းကောင်းမွန်မွန်တုံ့ပြန်လိုက်သည်။
"ချီးကျူးပေးလို့ ကျေးဇူးပါ အဒေါ်"
၀မ်ချွေလန်က သူမကို တားနေဆဲပင်။ ကျိုးရှောင်မေက ဆက်နေစရာအကြောင်း မရှိတော့သောကြောင့် ဒေါသတကြီးဖြင့် ထွက်သွားကာ သူမနှင့်အရင်းနှီးဆုံး တုန်းယွင်ဆီသို့ သွားသည်။
သူမက မရပ်မနားဘဲ ပြောနေ၏။
"နင်မသိလို့ သူက ကာဆီးကာဆီးနဲ့ ဒီ၀မ်ချွေလန်က မယုံနိုင်စရာဘဲ။ အဲ့တစ်ယောက်က မိုးပေါ်ပျံတော့မဲ့အတိုင်းပဲ။ ဖေ့ရုန်ဖူကို တွေ့တိုင်း ပြုံးရွှင်နေတာ မအံ့ဩတော့ပါဘူး။ သူတို့မိသားစု ၀င်ငွေကောင်းနေပုံပဲ"
တုန်းယွင်သည် ဖေ့မိသားစုအကြီးဆုံးသား၏ဇနီး ဖြစ်သည်။ သူမသည် ၀မ်ချွေလန်ထက် နှစ်အနည်းငယ်စော၍ လက်ထပ်ခဲ့ကာ သားနှစ်ယောက်နှင့် သမီးတစ်ယောက်မွေးဖွားခဲ့သည်။ သူမသည် သားထွေး၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကာ ငွေလိုအပ်နေသည်။ ထိုစကားများ ကြားသောအခါ စိတ်၀င်စားသွားသည်။
"ပေါက်စီရောင်းတာက တော်တော်လေး ပိုက်ဆံရတာလား"
"ငါ့ယောက်ျားပြောတာတော့ သူတို့ရောင်းတဲ့ပေါက်စီကို လူတော်တော်များများ ၀ယ်ကြတယ်တဲ့။ ရောင်းအားက အတော်ကောင်းဆိုပဲ။ တစ်နေ့ကို ငါးယွမ် ခြောက်ယွမ်ရတယ်တဲ့"
တုန်းယွမ်သည် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူမတို့သည်လည်း ပေါက်စီရောင်းသော်လည်း အဘယ်ကြောင့် ၀င်ငွေမများရသနည်း။
...