အပိုင်း ၁၂
Viewers 365

အပိုင်း (၁၂) မျှော်လင့်မထားသည့် ကံကြမ္မာ

တုန်းယွင်၏ ယောက်ျားသည်လည်း ပေါက်စီရောင်း၏။ သူ၏ လက်ရာမှာ ဖေ့ရုန်ဖူ၏လက်ရာ နီးပါးရှိသည်။ သူသည် အပြောကောင်းကာ အလုပ်ကြိုးစားသူဖြစ်သည်။ တစ်ရွာမှတစ်ရွာသို့ စက်ဘီးစီးကာ ပေါက်စီ ရောင်းထွက်သည်။ ထပ်ပေါင်းပြောရလျှင် တုန်းယွင်သည် အင်္ကျီချုပ်ရာတွင် ကျွမ်းကျင်၏။ ထို့ကြောင့် မိသားစု၏ ၀င်ငွေထွက်‌‌ငွေမှာ မျှတသည်။

သို့သော် သူမတို့၏ အငယ်ဆုံးသားသည် ဇီဇာကြောင်လွန်းသည်။ အလယ်တန်းကျောင်းတွင် မြို့ထဲရှိ မိန်းကလေးတစ်ယောက်နှင့် ရည်းစားဖြစ်သည်။ ထိုမိန်းကလေးက သတို့သမီးကြေးအဖြစ်  ယွမ်၅၀ကို ပေးခြင်းဖြစ်စေ မြို့ထဲတွင် အိမ်တစ်လုံး၀ယ်ပေးခြင်းကိုဖြစ်စေ ပြုလုပ်ပေးရန် တောင်းဆိုသည်။

သူမတို့၏ တစ်ထပ်အိမ်ကလေးသည်ပင် လွန်ခဲ့သည့်၂နှစ်အကြာက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မြို့ထဲတွင် အိမ်တစ်လုံးဆောက်ခြင်းက အနည်းဆုံးယွမ်တစ်ရာ ကုန်ကျမည်ဖြစ်သည်။ သူမတို့မိသားစု မတတ်နိုင်‌သော ပမာဏပင်။ သူမတို့သည် သတို့သမီးကြေး ယွမ်၅၀ကို ပေးနိုင်သော်လည်း လက်ထပ်ခြင်းဆိုသည်မှာ သတို့သမီးကြေးတစ်ခုနှင့် ပြီးစီးသည့်အရာမဟုတ်ပေ။ မင်္ဂလာပွဲကျင်းပကာ လက်ဆောင်များ ပေးမည်ဆိုလျှင် အနည်းဆုံး ယွမ်၈၀ခန့် ကုန်ကျမည်။ ထိုသို့သုံးစွဲလျှင် သူမတို့ စုဆောင်းထားသမျှငွေများ ကုန်သွားမည်ဖြစ်ကာ ဤကဲ့သို့ နေ‌ထိုင်နိုင်တော့မည်မဟုတ်ပေ။

ကျိုးရှောင်မေ၏ စကားများသည် သူမကို အခြားအတွေးတစ်ခုရစေသည်။ သူမလက်ထဲတွင် အင်္ကျီချုပ်နေလျက် အစီအစဉ်တစ်ခုကို ရေးဆွဲပြီးဖြစ်၏။ 

ဖေ့လီက ကျိုးရှောင်မေ ထွက်သွားသည်ကို မြင်သောအခါ ထိုအမျိုးသမီးက နှမ်းယိုမရ၍ သူမတို့မိသားစုအကြောင်း အတင်းအဖျင်းများ ပြောတော့မည်ကို သိ၏။ ထို့ကြောင့် သူမက ၀မ်ချွေလန်ကို ပြောသည်။

"အမေ သမီးတို့ ကျိုးရှန်ချီရဲ့ခြေထောက်ကို ဆရာ၀န်နဲ့ ပြပြီးရင် မြို့ပြောင်းကြရအောင်"

"သမီးရှာတဲ့ပိုက်ဆံကို မဖြုန်းချင်စမ်းပါနဲ့ ကိုယ်ဘာသာကိုယ်ပဲသိမ်းထား"

မီးဖိုချောင်သည် လွန်ခဲ့သည့်နှစ်အနည်းအကြာက ၁၀ယွမ် အကုန်ကျခံပြီး အသစ်ဆောက်ထားသည်ဖြစ်ရာ ၀မ်ချွေလန်က ပစ်မထားခဲ့ချင်ပေ။

"ရွာထဲမှာ အတင်းအဖျင်းပြောတဲ့လူတွေများတယ်။ သမီးတို့ ပိုက်ဆံ ပိုရှာနိုင်ရင် ပိုပြောကြတော့မှာ"

"ပြောကြပါစေပေါ့"

၀မ်ချွေလန်သည် ထိုကဲ့သို့အရာမျိုးကို ငယ်စဉ်ကတည်းက မကြောက်တတ်ပေ။ ရွာထဲရှိလူများသည် အကြောင်းမရှိ အကြောင်းရှာကာ ပြောတတ်ကြသည်။ သူမအတွက် ကျင့်သားရနေပြီဖြစ်၏။ ရန်မဖြစ်ရသရွေ့ ကိစ္စမရှိ‌ပေ။

ဖေ့လီသည် သူမအမေအတွက် သဘောပေါက်ရန် ခက်ခဲမည်ကိုသိ၏။ 

၀မ်ချွေလန်၏မျက်လုံးထဲတွင် ထို‌ကောလာဟလများနှင့် အတင်းအဖျင်းများသည် အသစ်အဆန်း မဟုတ်ပေ။ ထိုအရာများ မရှိလျှင် ဘ၀က ငြီးငွေ့ဖွယ်ကောင်းနေမည်ဖြစ်သည်။

ဖေ့လီက ထုပ်ပိုးခြင်းကို အမြန်လုပ်၍ ငွေများများရှာကာ မြို့သို့ မြန်မြန်ပြောင်းမည့်အကြောင်း တွေးနေသည်။

အိမ်၀ယ်ပြီးသောအခါ သူမအမေ မပြောင်းချင်လည်း ပြောင်းရမည်ဖြစ်သည်။

နှမ်းယိုများ ထုပ်ပိုးပြီးသောအခါ ချင်းစိမ်းချိုချဉ်ပြုလုပ်နည်းနှင့် နှမ်းယိုပြုလုပ်နည်းကို ချရေးရန် စီစဉ်သည်။ တစ်အိမ်လုံး ရှာဖွေပါသော်လည်း စာရွက်နှင့်ဘောပင်ကို မတွေ့ပေ။ မီးဖိုချောင်သို့ ပြန်၀င်လာသောအခါ ကျိုးရှန်ချီက စားပွဲတွင် ထိုင်၍ တစ်စုံတစ်ရာရေးနေသည်ကို တွေ့ရသည်။ ဤရက်များအတွင်း ကျိုးရှန်ချီသည် အိပ်စက်ခြင်းမှလွဲ၍ တစ်နေ့လုံး မီဖိုချောင်တွင်နေ၏။ တစ်ခါတစ်ရံ ၀မ်ချွေလန်ကို မီးကြည့်ခြင်း၊ ထင်းထည့်ခြင်းများ၌ကူညီတတ်ပြီး လုပ်စရာအလုပ်မရှိလျှင် ဝမ်ယန်ဖျင်၏စာအုပ်ကို ဘာသာပြန်နေလေ့ရှိသည်။ ငွေများများစားစားမရသော်လည်း အလုပ်တစ်ခု ရှိနေဆဲဖြစ်သည်။ သူက ဤစာအုပ်ကို ရက်တော်တော်ကြာ ဖတ်ပြီးဖြစ်သည်။ သူ မဖတ်သည်အခါများ၌ ပြတင်းပေါက်ရှေ့တွင် ထားလေ့ရှိသည်။ 

ဖေ့လီသည် ယမန်နေ့ညက စာမျက်နှာအချို့ကိုလှန်ကြည့်ထားသောကြောင့် အင်္ဂလိပ်စာအုပ်ဆိုသည်ကို သိ၏။ သို့သော် အလယ်တန်း ပြီးသည်နှင့် ငွေရှာရန် သူမမိဘများက ကျောင်းထွက်ခိုင်းသောကြောင့် စာလုံးအနည်းငယ်ကိုသာ မှတ်မိသည်။

ကျိုးရှန်ချီသည် ပြန်လည်ပြင်ဆင်ရခြင်းမရှိဘဲ စာမျက်နှာ၁၀မျက်နှာကျော်ကို ပြန်ဆိုပြီးဖြစ်သည်။ သူ၏လက်ရေးသည် သပ်ရပ်၏။ ဖေ့လီက သူသည် အနာဂတ်တွင် အချမ်းသာဆုံးလူတစ်ယောက် ဖြစ်ရန် ထိုက်တန်သည်ဟုသာ တွေးလိုက်သည်။ သူမက ထိုင်၍ စာရွက်ကိုဖြန့်လိုက်သည်။ ချင်းစိမ်းချိုချဉ်ပြုလုပ်နည်းကို ပထမဆုံးရေးသည်။ ထို့နောက် နှမ်းယိုပြုလုပ်နည်းနှင့် မုယောအချိုရည်ပြုလုပ်နည်းကို ရေးသည်။ ပြုလုပ်နည်းသုံးမျိုးကို ရေးပြီးသောအခါ စာရွက်အပြည့် ဖြစ်သွားတော့သည်။ ၀မ်ချွေလန်က သိချင်စိတ်ဖြင့် ရောက်လာကာ ကြည့်သည်။

"သမီး ဘယ်တုန်းက စာလုံးတွေအများကြီးသင်လိုက်တာလဲ"

ဖေ့လီသည် အိပ်မက်ကို အကြောင်းပြရာ၌ ကျွမ်းကျင်နေပြီဖြစ်သည်။ 

"အိပ်မက်ထဲမှာ သူဌေးက သင်ပေးတာ"

၀မ်ချွေလန်က ဘာမျှထပ်မပြောတော့ဘဲ ရှေ့ဖုံးခါးစည်းကို၀တ်ကာ နေ့လယ်စာအတွက် အသီးအရွက်များ လှီးဖြတ်လိုက်သည်။

နေ့လယ်စာအတွက် သူမတို့သုံးယောက်သည် ရိုးရှင်းသော ဂေါ်ဖီထုပ်နှင့်ကြက်ဥ ခေါက်ဆွဲကိုသာ စားကြသည်။ ကြက်ဥစိမ်းများကို စွပ်ပြုတ်ထဲဖောက်ထည့်လျှင် ခေါက်ဆွဲဖတ်များနှင့် ပေါင်းစပ်သွားပြီး အရသာထူးကဲသွားမည်ဖြစ်သည်။

နေ့လယ်စာစားပြီးနောက် ဖေ့လီက ပြုလုပ်နည်းများနှင့် နှမ်းယိုကိုယူကာ မြို့ထဲရှိကျောင်းကျွယ်အိမ်သို့ ထွက်လာခဲ့သည်။ ဝိညာဉ်စမ်းရေ၏ အကူအညီကြောင့် လမ်းတစ်လျှောက်ရှိ လေအေးများနှင့် နှင်းများကို ဂရုစိုက်စရာမလိုပေ။ တစ်နာရီခွဲမျှကြာသောအခါ ကျောင်းကျွယ်၏အိမ်သို့ ရောက်လာပြီး တံခါးကို ခေါက်လိုက်သည်။ ရှောင်ရွှယ်ရွှယ်က ဦးစွာထွက်လာ၍ သူမကိုကြိုဆိုသည်။

"အစ်ကိုက စက်ရုံကိုသွားတယ်။ စက်ရုံမှာ အလုပ်သမားတွေနဲ့အလုပ်ရှုပ်နေတုန်းပဲ။ ရုတ်တရက်ကြီး သကြားထုတ်လုပ်ကြမှာဆိုတော့ အချိန်ယူရမှာ။  အိုးတော်တော်များများကလည်း ပြန်ပြင်လုပ်နေရတာ"

ဖေ့လီက ထိုင်ကာ နှမ်းယိုထုပ်ကို ဖွင့်သည်။

"ဒါလေး စားကြည့်။ ညီမ မနက်ကမှ လုပ်လာတာ"

ရှောင်ရွှယ်ရွှယ်က တစ်ကိုက်ကိုက်ရုံမျှဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။

"စားကောင်းလိုက်တာ။ ချင်းစိမ်းချိုချဉ်အရသာနဲ့ လုံး၀မတူဘူး။ ဘာတွေထည့်လုပ်ထားတာလဲ" 

" စွန်ပလွံသီးရယ် သစ်ကြားသီးရယ် နှမ်းနက်ရယ်"

ဖေ့လီက ပြုံးကာ အကျိုးကျေးဇူးများကိုပြောပြသည်။

"ဂိုချီဘယ်ရီသီးတွေလည်းပါတယ်။ အဲ့ဒါတွေက သွေးအားကောင်းစေပြီး ချီဓာတ်ကို ဖြည့်တင်းပေးတယ်"

စာချုပ်ချုပ်ဆိုပြီးကတည်းက ရှောင်ရွှယ်ရွှယ်က ဖေ့လီကို မိသားစု၀င်တစ်ယောက်ကဲ့သို့ သဘောထား၏။ သူမက သိမ်‌မွေ့စွာ ပြောလိုက်သည်။ 

"အစ်မတို့အိမ်ဘေးမှာက အခန်းငါးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့အိမ်ရှိတယ်။ သူတို့မိသားစုက မြို့ပြောင်းကြမလို့လေ။ အိမ်ရောင်းချင်နေကြတာ။ ညီမစိတ်၀င်စားလား"

ဤနေရာတစ်ဝိုက်တွင်ရှိသော အိမ်များသည် ကောင်းမွန်ကြသည်။ သို့သော် ဖေ့လီအတွက် ဈေးမတတ်နိုင်ပေ။ သူမက တုံ့ဆိုင်းနေသော်လည်း ဇွဲမလျှော့ဘဲ မေးလိုက်သည်။

"ဈေးက ဘယ်လောက်တဲ့လဲ"

"ယွမ်၃၅၀"

ရှောင်ရွှယ်ရွှယ်က သူမကို မျက်ခုံးပင့်ကြည့်ကာ ပြောသည်။

"ညီမလိုချင်တယ်ဆိုရင် ဈေးဆစ်လို့ရတယ်လေ"

ထိုအိမ်သည် အလွန်ဈေးကြီးလွန်းသည်။ ယခုအချိန်တွင် ဖေ့မိသားစု၌ ယွမ်၁၀၀ပင်မရှိ။ နှစ်သစ်ကူးသည်အထိ သူမတတ်နိုင်မည် မဟုတ်ပေ။ ဖေ့လီက ခေါင်းယမ်းကာပြော၏။

"၀ယ်နိုင်မှာ မဟုတ်ဘူး။ ညီမတို့မိသားစုမှာ ပိုက်ဆံအဲ့လောက်မရှိဘူး"

ရှောင်ရွှယ်ရွှယ်က စိတ်မကောင်းစွာ ကြည့်၏။

"အဲဒါဆို အစ်မ တခြားအိမ်ရှာပေးမယ်"

သူမတို့နှစ်ယောက်သည် တစ်ခဏမျှ စကားပြောနေကြသည်။ နာရီ၀က်မျှ ကြာသောအခါ ကျောင်းကျွယ်သည် စိုးရိမ်ပူပန်သောမျက်နှာနှင့်ပြန်ရောက်လာသည်။ ဖေ့လီကို မြင်သောအခါ ၀မ်းသာသွားသည်။

"ထုတ်ကုန်အသစ်က အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်ပါပြီ"

 ဖေ့လီက စားပွဲပေါ်ရှိ နှမ်းယိုကို လက်ညှိုးထိုးပြသည်။ တော်တော်များများကို ရှောင်ရွှယ်ရွှယ် စားပြီးဖြစ်ကြောင်း သတိပြုမိ၏။

ရှောင်းရွှယ်ရွှယ်က ခေါင်းကုတ်ကာပြော၏။

"စကားပြောရင်း စားကောင်းကောင်းနဲ့ စားနေတာ တော်တော်များများ စားမိသွားတာပဲ"

ကျောင်းကျွယ်က ပြုံးကာ တစ်ခုကောက်ယူလိုက်သည်။

"ညီမ အရင်က အချိုတွေ မကြိုက်တတ်ပါဘူး။ ညီမတောင် စွဲလမ်းတယ်ဆိုမှတော့ ဒါက တော်တော်အရသာရှိလို့ဖြစ်မယ်"

သူက နှစ်ကြိမ်မျှ ဝါးပြီးနောက် အံ့အားသင့်သွား၏။ ဖေ့လီကို လက်မထောင်ပြကာ ချီးကျူးသည်။

"အံ့ဩဖို့ကောင်းနေရော။ တစ်ညတည်းနဲ့ အရသာရှိတဲ့မုန့်ကို ဘယ်လိုလုပ်လိုက်တာလဲ"

ဖေ့လီက ဣန္ဒြေရရပြုံးလိုက်သည်။

"ကျွန်မက အားလပ်ချိန်တွေဆို တစ်ခုခုလေ့လာရတာ ကြိုက်တာကြောင့်ပါ။ အိမ်ကလူတွေကလည်း အရသာရှိတယ်လို့ ပြောတယ်။ ရောင်းလို့ အဆင်ပြေသွားတာပေါ့"

ဖေ့လီက ပြုလုပ်နည်းစာရွက်ကို ပေးသည်။ 

"နှမ်းယိုက ပါ၀င်ပစ္စည်းများတယ်။ ပမာဏနည်းနည်းလောက်ကို အရင်ထုတ်ဖို့ အလုပ်သမားတချို့ ရှာစေချင်တယ်။ တခြားထုတ်လုပ်ရေးက အလုပ်သမားတွေနဲ့ အဆက်အသွယ်မရှိ အောင် နေရာခွဲထားရမယ်။ အလုပ်သမားသစ်ခေါ်တဲ့အခါမှာ ပြုလုပ်နည်းကို မထိန်းသိမ်းနိုင်ဘဲ ဘေးလူဆီ ရောက်သွားရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမဲ့အကြောင်းကိုပါ ထုတ်ပြန်ထားပါ။

ပထမဦးစားပေးအရာက ပစ္စည်းရဲ့အ‌ရည်အသွေး ထိန်းချုပ်နိုင်ရမယ်။ ဒုတိယက စက်ရုံအတွင်း သန့်ရှင်းစင်ကြယ်မှုရှိရမယ်။ တတိယက ထုပ်ပိုးမှုနဲ့ နောက်ဆက်တွဲရောင်းအား"

ကျောင်းကျွယ်က ပြုလုပ်နည်းစာရွက်ကို ဖွင့်ကြည့်ကာ ဖေ့လီသည် သူ့ထက်ပို၍ အတွေ့အကြုံ ရှိသည်ဟု ခံစားမိသည်။ ထို့ကြောင့် မရည်ရွယ်ဘဲ သူမပြောသည်များကို လိုက်နာမိသွားသည်။

"ကောင်းပြီ။ ပမာဏနည်းနည်းလောက်ထုတ်ဖို့ လူတချို့ငှားလိုက်မယ်"

ဖေ့လီက ထည့်ဖြည့်ရမည့်အရာများကို တွေးတောနေသည်။

"ချင်းစိမ်းချိုချဉ်အတွက်ကတော့ ကျွန်မရဲ့ဘိုးလေးတစ်ယောက်က ချင်းစိုက်တယ်။ ချင်းစိမ်း လိုအပ်တဲ့အခါ ဖင်းနန်ရွာမှာ သူ့ကိုရှာပြီး ၀ယ်လို့ရတယ်။ သူ့စီးပွားရေးကိုလည်း ဂရုစိုက်ပေးရာ ရောက်တာပေါ့"

"ဟုတ်ပြီ နှစ်ရက်လောက်နေရင် နည်းနည်းလောက် ၀ယ်ဖို့ လူလွှတ်လိုက်မယ်"

ကျောင်းကျွယ်က ခေါင်းညိတ်ကာဆက်ပြောသည်။

"အဲ့ဒါဆို နှစ်ရက်အတွင်း လူသစ်တွေခန့်ထားမယ်။ တစ်ခုခုအပြောင်းအလဲရှိရင် တစ်ယောက်ယောက်နဲ့ မင်းဆီ ဆက်သွယ်ခိုင်းလိုက်မယ်"

"ဟုတ်ကဲ့ပါ"

ဖေ့လီက သဘောတူလိုက်သည်။ အပြင်ဘက်တွင် မှောင်လာပြီဖြစ်သောကြောင့် သူတို့ကို နှုတ်ဆက်စကား ဆိုလိုက်သည်။ 

"အဲ့ဒါဆို ကျွန်မပြန်တော့မယ်။ ပြုလုပ်နည်းနဲ့ပတ်သက်ပြီး တစ်ခုခုပြဿနာရှိရင် အချိန်မရွေး ဆက်သွယ်လိုက်ပါ"

"ခဏနေပါဦး"

ကျောင်းကျွယ်က အော်ပြောပြီးနောက် စာကြည့်ခန်းသို့ အမြန်၀င်သွားသည်။ထို့နောက် စာအိတ်တစ်ခု ယူ၍ ပြန်ထွက်လာသည်။

"အကျိုးအမြတ်က ၃၀-၇၀ပေမဲ့ မင်းရဲ့ ပြုလုပ်နည်းကို အလကား မယူချင်ဘူး။ ဆု‌အနေနဲ့ သဘောထားပြီး ယူသွားလိုက်ပါ"

ဖေ့လီက ကျောင်းမိသားစုစက်ရုံသည် ယခင်ကကဲ့သို့ အမြတ်အစွန်း မရှိသည်ကို သိ၏။ ထို့ပြင် ပြုပြင်ပြောင်းလဲမှုများကြောင့် ငွေအများအပြား ကုန်ကျဦးမည်ဖြစ်သည်။ထို့ကြောင့် သူမက မယူပေ။

"အခုတော့ သကြားစက်ရုံကို အရင်စထားကြတာပေါ့။ ဘာပစ္စည်းမှ မထုတ်လုပ်ရသေးဘဲနဲ့ ကျွန်မမယူချင်ဘူး"

ကျောင်းကျွယ်က သူသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ရန် မသင့်တော်မှန်းသိ၏။ သူ့တွင် ကျွမ်းကျင်မှုများလည်း မရှိပေ။ စက်ရုံလည်ပတ်နိုင်ရေးကိုသာ ကြည့်ရှုစောင့်ရှောက်နိုင်သည်။ ဖေ့လီသာ မရှိလျှင် စက်ရုံသည် ဒေဝါလီခံရလုနီးနီး ဖြစ်သွားနိုင်သည်။ သူသည် ဖေ့လီကို  အထူးပင် ကျေးဇူးတင်၏။ ဤနှစ်ရက်အတွင်း ဆက်ဆံရေးအရ ဖေ့လီ၏ စရိုက်ကိုလည်း ကောင်းစွာနားလည်ပြီးဖြစ်၏။ သူမက လူတွေကို ရိုးသားစွာဆက်ဆံသည်။ ထို့ကြောင့် သူက ဆန္ဒရှိစွာဖြင့် ပိုက်ဆံအိတ်ကို ပေးလိုက်သည်။

"ယူသွားပါ။ ကြိုတင်လစာလို့ သဘောထားပေါ့"

ကျောင်းမိသားစုသည် သူမအား ဤငွေလေး ပေးရုံမျှဖြင့် မွဲမသွားနိုင်ပေ။ ဖေ့လီကလည်း ငွေလိုအပ်နေ၏။ ထို့ကြောင့် သူမက ယူလိုက်ကာ ကျေးဇူးတင်စကားဆိုသည်။

"ကျေးဇူးတင်ပါတယ်"

ကျောင်းကျွယ်က လက်ဝေ့ယမ်းပြကာ သူမကို တံခါးသို့‌လိုက်ပို့သည်။

စက္ကူအိတ်သည် ထူထပ်နေပြီး ငွေမည်မျှပါသည်ကိုတော့ သူမလည်း မသိပေ။

ဖေ့လီသည် ဖွင့်ဖောက်၍ မစစ်ရဲပေ။ သူမက မျှော်လင့်မထား‌သောအရာရရှိသောကြောင့် အနည်းငယ် ထိတ်လန့်နေ၏။

ထို့ပြင် မြို့ငယ်လေး၌ လုယက်မှုများ အချိန်နှင့်အမျှ ဖြစ်ပွားနေသည်။ အချိန်သည်လည်း နောက်ကျနေပြီး လမ်းကြားလေးတွင် သူမတစ်ယောက်တည်းသာရှိ၏။ သူမက လုယက်ခံရမည်ကို စိုးရိမ်သည်။ ဖေ့လီက ထိုအကြောင်းကိုတွေးပြီးနောက် သူမအဖေအိမ်ပြန်လောက်သေးဟု ယူဆကာ ဈေးသို့ သွားရှာလိုက်သည်။

ဖေ့ရုန်ဖူသည် ပေါက်စီများ ရောင်းကုန်သွားပြီဖြစ်သည်။ သူက ငါး၀ယ်ရန်ဆန္ဒပြင်းနေသည်။ ငါးစိမ်းသည်၏ ဆိုင်တန်းမှ ငါးများရွေးကာ ငါးစိမ်းသည်ကိုလည်း အကောင်ကြီးကြီးပေးရန် ၀မ်းသာအားရ ပြောနေသေး၏။ ဖေ့လီက လျှောက်သွားကာ "အဖေ"ဟု ခေါ်သည်။ ဖေ့ရုန်ဖူ၏အပြုံးမှာ သူမကို မြင်သောအခါ ပိုမိုကြီးမားလာသည်။ အရူးတစ်ယောက်နှယ်ပင်။

"ဟဲ ဟဲ အဖေ ငါးကြင်း၀ယ်နေတာ။ အိမ်ရောက်ရင် သမီး‌အမေကို ကြော်ခိုင်းရမယ်"

ဤဖေ့စုံတွဲမှာ မည်သည်ကိုမျှ အရေးမစိုက်ကြပေ။ ပိုက်ဆံရလာသော ဖေ့လီသည် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်ပြီး သူမအဖေကို ငွေရှင်းကာ အိမ်ပြန်ရန် တိုက်တွန်းသည်။

ရွာအ၀င်ရောက်သောအခါ သူတို့နှစ်ယောက်သည် တုန်းယွင်နှင့် သူ့ယောက်ျားထံမှ ရုတ်တရက် တားဆီးခံလိုက်ရသည်။ ဖေ့ရုန်ရှင်းက ခြင်းတောင်အလွတ်ကို လွယ်ထားဟန်ရှိသော ဖေ့ရုန်ဖူကို ကြည့်လိုက်သည်။ ပေါက်စီအားလုံး ရောင်းခဲ့ရပုံပင်။ သူက စိတ်မသက်သာစွာ ပြောသည်။

" အိုး...ငါး၀ယ်လာတာလား"

"ဟုတ်တယ်။ မစားရတာကြာပြီမို့လေ"

ဖေ့ရုန်ဖူသည် အဘွားဖေ့လက်ပေါ်တွင် ကြီးပြင်းလာသည်ဖြစ်သောကြောင့် အကြီးဆုံးမိသားစုနှင့် ရင်းနှီး၏။ ထို့ကြောင့် သူက ပြုံးကာ ချက်ချင်းပြန်‌ဖြေသည်။ တုန်းယွင်က ဖေ့လီကို ကြည့်ကာ မေး၏။

"ရှောင်းလီက ဘယ်ကပြန်လာတာလဲ"

ဖေ့ရုန်ဖူသည် သူ့သမီးက စက်ရုံဒုဒါရိုက်တာ ဖြစ်နေပြီဖြစ်ကြောင်း ကြွားချင်၏။ ဖေ့လီက အမြန်ပင် ဖြေလိုက်သည်။

"အဖေနဲ့ လိုက်ပြီး ပေါက်စီကူရောင်းလာတာပါ"

တုန်းယွင်၏ မျက်လုံးတို့သည် ပါးနပ်စွာ တောက်ပသွားသည်။ ဖေ့ရုန်ဖူသည် တုံးအသည်မှာ မှန်သော်လည်း သမီးဖြစ်သူ၏ အလိမ်အညာကိုတော့ ဖော်ထုတ်မည်မဟုတ်ပေ။ သူက သဘောတူစွာ ပြောလိုက်သည်။

"ဟုတ်တယ်။ သူလည်း ကလေးမဟုတ်တော့ဘူးလေ။ အိမ်မှာ အိပ်လိုက်စားလိုက်ပဲလုပ်နေလို့ ဘယ်ဖြစ်မလဲ"

'သူ့သမီးက ဘာအလုပ်မှ မလုပ်နေနေတာ တစ်ရက် နှစ်ရက်လည်းမဟုတ်ဘဲနဲ့' ဖေ့ရုန်ရှင်း၏ စိတ်ထဲတွင် အထင်သေးခြင်းတို့ ပြည့်လာသည်။ သို့သော် သူသည် မျက်နှာချိုသွေးကာပြောလိုက်သည်။

"မင်းတို့တွေ နှင်းဆီပွင့်ပေါက်စီတွေ ရောင်းနေကြတာဆို။ ဘယ်လိုလုပ်ရလဲ သင်ပေးပါလား"

ဘုရားရေ။ ဖေ့လီသည် ထိုကဲ့သိုသော အရှက်မဲ့သည့်စကားကို မကြားဖူးပေ။ ယခင်ဘ၀က မောင်ဖြစ်သူအတွက် သူမအမေက အိမ်၀ယ်ပေးခိုင်းသကဲ့သို့ပင်။ 

ဖေ့ရုန်ဖူသည်လည်း ထိုစကားကိုကြားလျှင် မျက်မှောင်ကြုတ်သွား၏။ 'သင်ပေးလိုက်ရင် ငါတို့က ဘာသွားရောင်းရမှာလဲ'

သူသည် ဖေ့ရုန်ရှင်းကဲ့သို့ အချစ်မခံရပေ။ ဖေ့ရုန်ရှင်းသာ နှင်းဆီပွင့်ပေါက်စီလုပ်နည်း တတ်မြောက်သွားပါက ဖေ့ရုန်ဖူ၏ အရောင်းအ၀ယ်လုပ်ငန်းမှာ အဆင်ပြေတော့မည်မဟုတ်ပေ။

ဖေ့လီ လက်ထပ်စဉ်က အနှီလင်မယားမှာ ပြား၃၀သာ လက်ဖွဲ့ခဲ့သည်။ သို့သော် သူတို့သမီး ဖေ့ချောင် လက်ထပ်စဉ်က ဖေ့ရုန်ဖူတို့သည် ပြား၅၀လက်ဖွဲ့ခဲ့သည်။ ဤလင်မယားသည် အလွန်ပင်တွန့်တို့၏။

"မုန့်ညက်နယ်ရုံပါပဲ ဘာမှမလိုဘူး"

ဖေ့လီက လက်ဦးကာ ဖြေသည်။ ထို့နောက် ဖေ့ရုန်ဖူ၏ လက်ကိုဆွဲကာ ဘေးပို့လိုက်သည်။ 

"ငါးက အညှီနံ့ တော်တော်နံတယ်။ အနံ့ဆိုးတွေ ပေးသလိုဖြစ်နေမှာဆိုးလို့ အိမ်အရင်ပြန်တော့မယ်နော်"

'ဆောင်းလလယ်မှာ ငါးညှီနံ့က ဘယ်လောက်နံနိုင်မှာမို့လဲ'

ဖေ့ရုန်ရှင်းက အနှီသားအဖထွက်သွားသည်ကိုကြည့်ကာ တံတွေးထွေးထုတ်လိုက်‌သည်။

...