အပိုင်း ၁၃
Viewers 483

အပိုင်း (၁၃) ဈေးထဲရှိ အပြောင်းအလဲများ

"အဖေ ပိုက်ဆံရှိတာကို မကြွားနဲ့နော်။ နှိမ့်နှိမ့်ချချပဲနေ"

ဖေ့လီက ဖေ့ရုန်ဖူကို အိမ်သို့ခေါ်လာကာ လက်ခံချင်ဖွယ်ကောင်းသောနည်းလမ်းဖြင့် ညင်ညင်သာသာ ပြော၏။

"ပြီးတော့ စက်ရုံမှာက အခုမှစလုပ်ရမှာ။ အဖေ အရေးကြီးခွင့်ကျယ်တွေ လုပ်နေရင် သမီး အလုပ်ပြုတ်သွားနိုင်တယ်"

ဖေ့ရုန်ဖူက သမီးဖြစ်သူ၏အလုပ်နှင့် သက်ဆိုင်လာသောအခါ လေးလေးနက်နက်ဖြင့် ကတိပေးသည်။

"ဟုတ်ပြီ အဖေနောက်ခါ ဘယ်သူ့မှမပြောတော့ဘူး"

"လောကကြီးမှာ သူများကောင်းစားတာကို မမြင်ချင်ကြတဲ့သူ‌တွေအများကြီးရှိတယ်။ ရွာကလူတွေကို မပြောနဲ့ဦး ဦးလေးတို့ကတောင် မလိုတမာဖြစ်နေကြတာ"

ဖေ့ရုန်ရှင်းနှင့် သူ့ဇနီးကို ကြည့်ခြင်းအားဖြင့် ဦးလေးဖေ့၏မိသားစုသည် မည်ကဲ့သို့သောလူစားမျိုးများ ဖြစ်သည်ကို ခန့်မှန်း၍ရ၏။

သတို့သမီးကြေးသည် များပြားနိုင်သကဲ့သို့ နည်းပါးသည်လည်း ဖြစ်နိုင်သည်။ အတူ ကြီးပြင်းလာကြသော ဆက်ဆံရေးနှင့် မသက်ဆိုင်ပေ။ အဘွားဖေ့သည် သူတို့ညီအစ်ကိုများကို သင့်သင့်မြတ်မြတ် နေခိုင်း၏။ ဖေ့ရုန်ဖူက ပထမဦးလေးမိသားစုအ‌ကြောင်းကို ဆိုးဆိုးရွာရွား မတွေးချင်ပေ။ သို့သော် သူ့တွင်လည်း ဦးစားပေးရမည့် ကိုယ်ပိုင်မိသားစုရှိသေးသည်။ ထို့ကြောင့် သူက ဖေ့လီ၏စကားများကို နားထောင်လိုက်သည်။

ဖေ့လီက ဖေ့ရုန်ဖူသည် စိတ်သဘောထား နူးညံ့သူဖြစ်ကြောင်း သိ၏။ ထို့ကြောင့် သူမလက်ထဲရှိ ပိုက်ဆံများကို သတိရှိရှိဖြင့် သုံးရမည်ဖြစ်သည်။ အိမ်သို့ရောက်သောအခါ သူမက ပိုက်ဆံများကို ချက်ချင်းထုတ်မစစ်ဘဲ ခေါင်းအုံးအောက်က စောင်ထဲတွင် ထားသည်။

၀မ်ချွေလန်သည် ငါးကို အိမ်ပြင်သို့ယူသွားကာ သတ်လိုက်ပြီး အကြေးခွံချွတ်သည်။ ထို့နောက် ဖေ့လီကို ပေးကာ မီးဖို့ရှေ့တွင်ထိုင်၍ မီးမွှေး၏။

ဖေ့ရုန်ဖူက စားပွဲတွင်ထိုင်၍ ‌ပိုက်ဆံရေတွက်သည်။

ဖေ့လီသည် ငါးပေါ်တွင် ဓားဖြင့် ခပ်စောင်းစောင်းအရာများပေးပြီး ချင်း၊ကြက်သွန်ဖြူ၊ဆားနှင့် ဟင်းချက်ဝိုင်တို့ကို လောင်းထည့်ကာနှပ်လိုက်သည်။ ထို့နောက် ကျောက်ဖရုံသီးကို အခွံနွှာကာ အတုံးများတုံးသည်။ အသားကိုနုပ်နုပ်စဉ်းကာ ဂျုံမှုန့်ဖြူးသည်။ ဆား၊ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာပိုစေရန်အတွက် ကြက်ဉ‌ဖောက်ထည့်၍ နယ်သည်။ ထို့နောက် အသားလုံးများလုံးသည်။ အိုးထဲတွင် ချင်း၊ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို ဆီသတ်ကာ ရေထည့်သည်။ ရေဆူသောအခါ အသားလုံးများနှင့် ကျောက်ဖရုံသီးများကို တစ်ခုပြီးတစ်ခု ထည့်သည်။ ပဲငံပြာရည်အနောက် ထပ်ထည့်ကာ အဖုံးအုပ်သည်။ ရေကျလာသောအခါ ကျောက်ဖရုံသီး အသားလုံးစွပ်ပြုတ် အသင့်ဖြစ်ပြီဖြစ်သည်။

ငါးကိုလည်း အရသာ၀င်ရန်အတွက် နှပ်ပြီးဖြစ်သည်။ အခြားအိုးတစ်လုံးတွင် ဆီထည့်ကာ ငရုတ်ကောင်းကို အနံ့မွှေးလာသည်အထိ ဆီပူထိုးသည်။ ထို့နောက် ငါးကို အိုးထဲသို့ ဂရုစိုက်ထည့်ကာ နှစ်ဖက်စလုံး ရွှေဝါရောင်သန်းသည်အထိကြော်သည်။ ချင်း၊ကြက်သွန်ဖြူ၊သကြား၊ဆားအနည်းငယ်နှင့် ရေထည့်သည်။ ပျစ်လာစေရန်အတွက် ကော်ရည်ထည့်ကာ မီးအေးအေးနှင့် နှပ်သည်။ တစ်ခဏကြာသောအခါ ငါးကြင်းနှပ်သည်လည်း အဆင်သင့်ဖြစ်သွားသည်။

အသားလုံးစွပ်ပြုတ်သည် မွှေးပျံ့နေကာ ငါးကြင်းသည် နူးညံ့ကာအရသာရှိသည်။ ဟင်းပွဲနှစ်ခုကို စားပွဲတွင်ခင်းပြီးသောအခါ သူမတို့လေးယောက်သည် ညနေစာကို လျင်မြန်စွာစားကြသည်။

ပေါက်စီစားကာနှင့် စွပ်ပြုတ်သောက်ရခြင်းသည် အရသာအလွန်ရှိသည်။ ညစာစားပြီးနောက် ဖေ့ရုန်ဖူက ပန်းကန်များကို ဆေးကြောသည်။ နံနက်တွင် အလုပ်လုပ်ရန်ရှိသောကြောင့် ဖေ့စုံတွဲက အိပ်ရာစောစော၀င်ကြသည်။ မီးဖိုချောင်ထဲတွင် ဖေ့လီတစ်ယောက်သာ ကျန်ခဲ့သည်။ ဆေးကြောပြီးနောက် အိပ်ရာပေါ်လှဲလိုက်ည်။ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ဖွင့်ဖောက်ကာ‌ ရေတွက်ကြည့်သည်။ ယွမ်၁၅၀တိတိ ပါရှိသည်။

 ကျောင်းကျွယ်သည် အလွန်ရက်ရော၏။ ဤပိုက်ဆံသည် ကျိုးရှန်ချီကို ကုသပေးရန်သာမက မြို့တွင်အိမ်ငှားကာ ဆိုင်ဖွင့်ရန်အတွက်ပါ လုံလောက်သည်။

ဖင်းနန်ရွာမှ မြို့သို့ အသွားအပြန်ဆယ်ယွမ် ကုန်ကျမည်ဖြစ်သည်။ အဓိကအ‌ကြောင်းရာဖြစ်သော ကုသစရိတ်သည် မည်မျှကုန်ကျမည်ကို သေချာမသိပေ။ ခွဲစိတ်ရန်လိုအပ်ပါက အကုန်ကျများမည်မှာ သေချာသည်။

နက်ဖြန်နံနက်တွင် ဖေ့ရုန်ဖူနှင့် ပေါက်စီရောင်းလိုက်သွားလျှင် ၀မ်ယန်ဖျင်ဆီ ၀င်၍ မေးမြန်းနိုင်မည်။ ဖေ့လီသည် ထိုအကြောင်းကို တွေးပြီးနောက် အိပ်ပျော်သွားသည်။

သူမတို့တွင် ချင်းစိမ်းများ ကျန်ရှိသေးသည်။ ကွမ်းချွမ်ချန်းသည် နောက်နှစ်ရက်အတွင်း ချင်းစိမ်းချိုချဉ်ပြုလုပ်နည်းကို ရှာတွေ့နိုင်မည်ဖြစ်ရာ သူမတို့တွင် ရောင်းရမည့်ရက် မည်မျှကျန်မည်ကို မသိရပေ။ ထို့ကြောင့် ဖေ့လီက နံနက်စောစောတွင် ချင်းစိမ်းအားလုံးကို ချိုချဉ်ပြုလုပ်ကာ ဖေ့ရုန်ဖူနှင့်အတူ ဈေးသို့သွားကြသည်။

ဖေ့မိသားစု၏ နှင်းဆီပွင့်ပေါက်စီများသည် အရသာရှိကာ ဈေးသက်သာသည်။ တစ်ခါစားပြီးလျှင် နောက်ထပ် ထပ်စားချင်စိတ် ဖြစ်တတ်သည်။

သူမတို့သည် ဆိုင်တန်းသို့ ရောက်သောအခါ မအော်ရပါဘဲနှင့် ၀ယ်နေကျ ဖောက်သည်များ ရောက်လာကြသည်။ သူတို့က ဖေ့လီကို မြင်သောအခါ နှုတ်ဆက်ကြ၏။

"မနေ့က မမြင်မိပါဘူး"

ဖေ့လီက ပြုံးကာ ပြန်ဖြေသည်။

"မနေ့က အလုပ်များနေလို့ပါ"

ဦးလေးကြီးတစ်ယောက်က ပြုံးကာ သူမကိုစနောက်သည်။

"ဆိုင်တော့ မပိတ်လိုက်နဲ့နော် င့ါမိသားစုက ချင်းစိမ်းချိုချဉ်ကို တမ်းတမ်းစွဲနေကြတာ။ အဲဒါက စားလေ အရသာရှိလေပဲ"

ဖေ့လီက ခေါင်းညိတ်ပြကာ ထုပ်ပိုးပြီးနောက် သူ့အားပေးသည်။

"မပိတ်ပါဘူးရှင်"

ထိုဦးလေးကြီး၏ အနောက်တွင်ရှိသော ၀ယ်သူသည် မရလိုက်မည်ကို စိုးရိမ်သောကြောင့် ကြားဖြတ်ပြောလိုက်၏။

"ပြား၅၀ဖိုးထည့်ပေးပါ"

ဖေ့လီက "ဟုတ်ကဲ့ပါ"ဟုပြန်ပြောပါ အမြန်ထုပ်ပိုးပေး၏။

နာရီ၀က်အတွင်းတွင် ယမန်နေ့က ချင်းစိမ်းချိုချဉ်လက်ကျန်များ ကုန်သည့်အပြင် ယနေ့နံနက်တွင် ပြုလုပ်ခဲ့သောချိုချဉ်များလည်း အနည်းငယ်မျှသာ ကျန်သည်။ ဖေ့လီက သူမဆိုင်တန်းကိုသိမ်းကာ မျက်နှာချင်းဆိုင်ရှိ ဆေးရုံသို့သွားသည်။

ကျန်းချင်က သူမ ထပ်လာသည်ကိုမြင်လျှင် စိတ်အနှောင့်ယှက်ဖြစ်သွား၏။ သူမက ဖေ့လီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ မတွေ့ရသည့် ရက်အနည်းငယ်အတွင်းတွင် ဝိတ်ကျသွားသည်ဟု ခံစားလိုက်ရသည်။ သူမစိတ်ထဲ ပဟေဠိဖြစ်သွားသော်လည်း ထုတ်မပြောပေ။

"ငါနဲ့လိုက်ခဲ့"

စင်္ကြံလမ်းတွင် ကလေးတစ်ယောက် ငိုနေသည်။ ကျန်းချင်က သူမနားများကို ကုတ်လိုက်ကာ တံခါးနားတွင် စောင့်ဆိုင်းနေရန် လက်ဝေ့ပြသည်။

"အရှေ့ကလူတွေပြီးမှ ဝင်သွား"

ဖေ့လီက "ဟုတ်ကဲ့"ဟုသာ ပြန်ပြောသည်။

သူမတို့နှစ်ယောက်သည် နီးကပ်နေသောကြောင့် ဖေ့လီထံမှ ခပ်သင်းသင်းမွှေးရနံ့ကို ရလိုက်သည်။ အနီးကပ်ကြည့်ပါက သူမမျက်နှာသည် စိုပြေကာ အသားအရေသည် နူးညံ့ဖြူဖွေးသည်။ မျက်လုံးများက တောက်ပနေပြီး မျက်နှာတွင် ကောက်ကြောင်းအနည်းငယ်ပင် ရှိ၏။ ကျန်းချင်သည် သူမမျက်နှာပေါ်က ၀က်ခြံများကို ထိကာ ဖေ့လီကို ခပ်တိုးတိုးမေးလိုက်သည်။

"နင် အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်း‌တွေ သုံးတာလား။ ဘာလို့ အသားအရေက အရမ်းကောင်းနေရတာလဲ"

ဖေ့မိသားစုတွင် အသားအရေ ထိန်းသိမ်းသည့်ပစ္စည်း၀ယ်ရန် ပိုက်ဆံမရှိပေ။ ထိုကဲ့သို့သော အကျိုးကျေးဇူးများသည် ဝိညာဉ်စမ်းရေကြောင့်ဖြစ်သည်။

ဖေ့လီက အတော်အသင့်သာ ပြန်ပြောသည်။

"ကျွန်မ ရေပဲသောက်တယ်"

ကျန်းချင်က စိတ်ကုန်သွားကာ ဘာမျှမပြောတော့ပေ။ ခဏကြာသောအခါ အမျိုးသမီးတစ်ယောက်သည် ကလေးငယ်ကို ချီကာ ဆေးခန်းမှထွက်လာ၏။ သူမက ဖေ့လီကိုမြင်လျှင် အံ့အားသင့်သွားကာ ခေါ်လိုက်သည်။

"လီလီ"

 ဖေ့လီက သူမကိုမသိပေ။ ထို့ကြောင့် ခေါင်းညိတ်ပြကာ ကလေးကိုကြည့်လိုက်ပြီး စကားလမ်းလွှဲသည်။

"ကလေး နေမကောင်းလို့လား"

သူမလက်ထဲရှိ ကလေးသည် ဆေးထိုးထားသောကြောင့် အဆက်မပြတ် ညည်းညူနေသည်။ နဉ်ရွှယ်မုန့်က ကလေးကို ချော့မြှူလျက် သူမကိုမေး၏။

"သမီးကရော နေမကောင်းလို့လား"

"မဟုတ်ပါဘူး။ အိမ်က မိသားစု၀င်တစ်ယောက် နေမကောင်းလို့ ဆေးလာယူတာပါ"

ဖေ့လီက 'ယောက်ျား'ဟုသော စကားလုံးကို ထုတ်မပြောပေ။ သူမတို့သည် အနှေးနှင့်အမြန် ကွာရှင်းမည် ဖြစ်သောကြောင့် မိသားစု၀င်အဖြစ်သာ ရည်ညွှန်းနိုင်သည်ဟု ယူဆ၏။

"ဘယ်သူလဲ ဒုတိယအစ်ကိုလား၊ ဒုတိယယောက်မလား"

"မဟုတ်ပါဘူး"

သူမ၏စကားအရ ဖေ့ရုန်ဖူနှင့် မျိုးဆက်တူသည့်ပုံပင်။ 'ဒုတိယအစ်ကို'ဟူသော စကားအရ သူမသည် တတိယဘိုးလေး၏ ချွေးမဖြစ်နိုင်သည်။ သို့သော် အကြီးဆုံးချွေးမလည်းဖြစ်နိုင်သကဲ့သို့ ဒုတိယချွေးမလည်း ဖြစ်နိုင်သည်။

'ရှောင်းလီလည်း မဟုတ်ဘူး၊ ဒုတိယအစ်ကိုလည်း မဟုတ်ဘူး၊ ဒုတိယယောက်မလည်း မဟုတ်ဘူးဆိုတော့ ဘယ်သူကျန်သေးလို့လဲ'

နဉ်ရွှယ်မုန့်သည် သဘောမပေါက်မီ တစ်ခဏမျှ စဉ်းစားလိုက်ရသည်။ ထို့နောက် သူမက ရှက်ကိုးရှက်ကန်းပြုံးကာ

"အိုး... သမီးရဲ့ယောက်ျားကိုး။ သူ့ခြေထောက်က မကောင်းသေးဘူးလား"

ဖေ့လီက ပြန်ဖြေ၏။

"ဟုတ်တယ် အခုမှ သက်သာတာပဲ ရှိသေးတာ"

'လက်ထပ်ပြီးပြီပေါ့လေ'

ကျန်းချင်က စိတ်တိုစွာ ပြောလိုက်သည်။

"စကားပြောမှာဖြင့်လည်း အိမ်မှာသွားပြောကြ။ ဒီလာမပြောကြနဲ့"

နဉ်ရွှယ်မုန့်က ခပ်မြန်မြန်ပင် နှုတ်ဆက်လိုက်သည်။

"အဲဒါဆိုလည်း မြန်မြန်၀င်သွားလိုက််တော့။ နောက်မှတွေ့ကြမယ်"

ဖေ့လီက သူမထွက်သွားသည်ကို ကြည့်လိုက်ပြီး တံခါးဖွင့်၍ ဆေးခန်းထဲ၀င်ခဲ့သည်။ 

၀မ်ယန်ဖျင်က သူမကိုတွေ့လျှင် ပြုံးပြကာနှုတ်ဆက်သည်။

"ကျွန်တော်လည်း နှစ်ရက်လောက်နေရင် နောက်ထပ်စစ်ဆေးဖို့ လာခဲ့မလို့ပါပဲ"

နောက်ထပ် စစ်ဆေးခြင်းဆိုသည်မှာ အမှန်မဟုတ်ပေ။ စာအုပ်ရယူလိုခြင်းကသာ အမှန်ဖြစ်၏။

ဖေ့လီက ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်မသာ သိခဲ့ရင် လာခဲ့မှာမဟုတ်ဘူး"

၀မ်ယန်ဖျင်က "ဒီတစ်ခါ ဘာဖြစ်လို့လဲ။ ခြေထောက်က အခြေအနေပိုဆိုးလာလို့လား" 

ဖေ့လီက ခေါင်းယမ်းပြသည်။

"မဟုတ်ပါဘူး။ မြို့ကို သွားပြီး ဆရာ၀န်ပြမဲ့အကြောင်း မေးချင်လို့ပါ"

၀မ်ယန်ဖျင်က အနည်းငယ် အံ့အားသင့်သွားသည်။

"သေချာရဲ့လား။ အဲ့ဒါက ပိုက်ဆံတော်တော်ကုန်မှာနော်"

"ကျွန်မ ဟိုကနည်းနည်း ဒီကနည်းနည်း ချေးထားလို့ လုံလောက်ပါတယ်။ ပြီးတော့ ခြေထောက်က နှောင့်နှေးလို့ မရဘူးလေ။ဟုတ်တယ်မလား"

ဖေ့လီသည် ပိုက်ဆံမည်သို့ရသည်ကို ပြောပြ၍မရပေ။ ထို့ကြောင့်သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။

"သူ့ခြေထောက်ကို ခွဲစိတ်ဖို့ ဘယ်လောက်လောက်ကုန်မှာလဲ"

၀မ်ယန်ဖျင်က ဂရုတစိုက် တွက်ချက်ကာ ပြောသည်။

"ပြောဖို့တော့ခက်တယ်။ အဲ့ဒါက အခြေအနေပြင်းထန်သလား မပြင်းထန်ဘူးလားပေါ် မူတည်တယ်။ အနည်းဆုံး ယွမ်၇၀၊ ၈၀တော့ကုန်နိုင်တယ်"

ယွမ် ၇၀၊ ၈၀ဆိုလျှင် အဆိုးကြီး မဟုတ်ပေ။ ဖေ့လီက စိတ်သက်သာရာရသွားသည်။

"ဘယ်ဆေးရုံက အကောင်းဆုံးလဲ ဒေါက်တာ"

၀မ်ယန်ဖျင်က စာရွက်တစ်ရွက်ပေါ်တွင် လိပ်စာတစ်ခုရေးကာ သူမကိုပေးသည်။

"အမှတ်(၁)မြူနီစီပယ်ဆေးရုံက အရိုးကုသရေးဌာနမှာ ကျွန်တော့်ဆရာတစ်ယောက် ရှိတယ်။ နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ဆက်သွယ်ထားလိုက်မယ်"

"ကျေးဇူးတင်ပါတယ်" 

ဖေ့လီက လိပ်စာကိုယူ၍ ဘာမျှထပ်မမေးတော့ဘဲ ဆေးခန်းမှထွက်လာသည်။ 

သူမက ဆေးရုံတွင် နာရီ၀က်မျှ အချိန်ကြာခဲ့သည်။ သူမထွက်လာသောအခါ လမ်းပေါ်တွင် ဆူညံသံများ ကြားလိုက်ရသည်။ ဖေ့ရုန်ဖူက ဆိုင်ကိုသိမ်းကာ စိတ်၀င်စားဖွယ်ကောင်းသောအရာကို ကြည့်နေသည်။ ဖေ့လီက မြန်မြန်သွားကာ ခပ်တိုးတိုးမေးသည်။

"အဖေ ဘာတွေဖြစ်နေတာလဲ"

"လူတွေ မောင်းထုတ်နေတာ"

ဖေ့လီက ကြည့်လိုက်သည်။ ထိုအချိန်တွင် တို့ဟူးရောင်းသော ဦးလေးကြီးကို လူကြီးသုံးယောက်က ဝိုင်းထားသည်။

သူတို့က ခြေထောက်များကို ခုံများပေါ်တင်ထားကာ ဆိုင်ပိတ်ရန်ပြောနေကြသည်။ 

"ခင်ဗျားကို ဆိုင်တန်းခင်းခွင့် မပေးတော့ဘူး"

တို့ဟူးရောင်းသော ဦးလေးကြီးသည် ၀မ်းနည်းသောမျက်နှာဖြင့် အထုပ်အပိုးများ သိမ်းဆည်းနေသည်။ ဆောင်းလေအေးများကြားတွင် အလွန်ပင် သနားဖွယ်ကောင်းနေသည်။

သူ့အနီးတွင်ရှိသော အချို့လူများက မကျေနပ်ကြ၍ ပြောပေးနေကြသည်။

"ဒါက ခင်ဗျားပိုင်တဲ့နေရာ မဟုတ်ဘူး။ ဘာလို့ဆိုင်ပိတ်ရမှာလဲ"

"ဟုတ်တယ်။ ဒီနေရာမှာ လူတိုင်း ဆိုင်ဖွင့်နေကြတာ။ ခင်ဗျားပဲ လာလိမ်နေတာ"

"မြန်မြန်သိမ်းပြီး ထွက်သွား‌တော့ မဟုတ်ရင် ရဲခေါ်လိုက်မှာ"   

အကြီးဆုံးလူကြီးက အနောက်က အပ်ချုပ်ဆိုင်ကို လက်ညှိုးထိုးပြကာ လူအများကို ပြင်းပြင်းထန်ထန် ပြောဆိုသည်။

"ဘာလို့ ငါ့ပိုင်တာမဟုတ်ရမှာလဲ။ ‌အနောက်ကဆိုင်ကိုတွေ့လား။ အဲဒါငါ့အဒေါ်ရဲ့ဆိုင်။ သူက ဘာလို့ ငါ့အဒေါ်ဆိုင်ရှေ့ ဆိုင်လာဖွင့်တာလဲ။ အဲ့ဒါက ငါ့အဒေါ်ရဲ့ စီးပွားရေးကို ထိခိုက်စေတာ မဟုတ်ဘူးလား"

ထိုလူကြီးပြောသော စကားများသည် အဓိပ္ပာယ်ရှိ၏။ မည်သူမျှ ပြန်မပြောနိုင်ကြပေ။ တို့ဟူးရောင်းသော ဦးလေးကြီးသည်လည်း နာခံစွာ သိမ်းဆည်းနေသည်။  

ဖေ့လီက စာရေးကိရိယာဆိုင်၏ အရှေ့တွင်ရှိသော သူမ၏ဆိုင်တန်းကိုလည်း ပြန်လှည့်ကြည့်လိုက်သည်။ သူမက တစ်စုံတစ်ခုမှားနေသည်ဟု တွေးတောလိုက်သည်။ ကိစ္စများသည် သူမတို့ ထင်ထားသကဲ့သို့ ရိုးရှင်းမည်မဟုတ်ပေ။

အရပ်ရှည်ရှည်နှင့် လူကြီးက ခြိမ်းခြောက်သောအရိပ်အယောင်များနှင့် သူမထံလှမ်းကြည့်သည်။

အခြားပျံကျဈေးသည်များသည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မိမိတို့ဆိုင်‌နောက်တွင် အခြားဆိုင်ရှိ၊ မရှိ ကြည့်ကြတော့သည်။ သူတို့သည် ကပ်ဘေးကြီးတစ်ခုကို အာရုံခံမိသကဲ့သို့ပင်။ 

‌ဖေ့ရုန်ဖူက  ထိုအဖြစ်အပျက်ကို ဆက်မကြည့်နိုင်‌တော့ပေ။ ထို့ကြောင့် ဖေ့လီကို မေးလိုက်သည်။

"အဖေတို့ ဘယ်လိုလုပ်ကြမလဲ။ အဖေတို့ရောရွှေ့ပေးရမှာလား"

ရုတ်ရုတ်သဲသဲများ ဖြစ်ပွားပြီးနောက် ဈေးထဲရှိလူများလည်း ထွက်သွားကြပြီဖြစ်၏။ ဆိုင်ခင်းရန် မဖြစ်နိုင်တော့ပေ။ ဖေ့လီက သက်ပြင်းချကာ ပြောလိုက်သည်။

"အိမ်ကို အရင်ပြန်ကြ‌ရအောင်ပါ"

ဤနယ်မြေတွင် ဆိုင်တန်းခင်းသည့် ဓလေ့မှာ နှစ်အတော်ကြာတည်းက ရှိခဲ့ခြင်းဖြစ်သည်။ ပျံကျသည်များသည် မနက်နှင့် ညနေဘက်များ၌ လမ်းဘေးများတွင် ဆိုင်တန်းခင်းကာ  စီးပွားရေးလုပ်ကြ၏။ မြို့ထဲတွင် ကွန်ကရစ်လမ်းဟူ၍မရှိ။ အများပြည်သူပိုင်‌နေရာနှင့် ကိုယ်ပိုင်နေရာများသည်လည်း ရှင်းလင်းတိကျသော နယ်နိမိတ်မျဉ်း မရှိပေ။ ပတ်၀န်းကျင်ရှိ ဆိုင်ကြီးများသည်လည်း မျက်ကွယ်ပြုထားကြသည်။ 

ယနေ့ကဲ့သို့ ဆိုင်၏စီးပွားရေးကို ပိတ်ပင်သည်ဆိုသည်မျိုး မရှိခဲ့ပေ။

တစ်စုံတစ်ခု မူမမှန်လျှင် တစ်ခုခုမှားနေခြင်းပင် ဖြစ်သည်။ 

ဖေ့လီက စဉ်းစားပြီးနောက် နားလည်သွားသည်။ ဤရက်များတွင် သူမတို့ဆိုင်၏ စီးပွားရေးမှာ ပိုကောင်းလာခဲ့သည်။ သူမတို့ကို လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်။ ပြိုင်ဘက်တစ်ယောက်ထံမှလည်း ဖြစ်နိုင်သည်။ ကွမ်းချွမ်ချန်းသည် သူမက ပြုလုပ်နည်း မရောင်းသောကြောင့် တမင်ရည်ရွယ်၍ သူမ၏ စီးပွားရေးကို ဖျက်စီးခြင်းလည်း ဖြစ်နိုင်သည်။

သူမတို့သားဖနှစ်‌ယောက်သည် အိမ်သို့ပြန်လာကြသည်။ ဖေ့ရုန်ဖူက ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဘာလုပ်ရမည်မှန်း မသိပေ။

"အဖေတို့ နောက်မှာရှိတဲ့ ၀မ်မိသားစုကို ငှားခပေးလိုက်ရင်ရော၊ ဆိုင်တန်းခင်းခွင့်ပြုဖို့ သူ့ကိုတောင်းဆိုကြည့်လိုက်မယ်"

ဝမ်ဟိုက်ယန်သည် စာရေးကိရိယာဆိုင်ပိုင်ရှင်ဖြစ်သည်။

‌ဖေ့လီက စကားပြန်မပြောမီ ကျိုးရှန်ချီက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"အဲဒါက အဆင်ပြေပေမဲ့ ရေရှည်ကျ အလုပ်ဖြစ်မှာမဟုတ်ဘူး။ တခြားဈေးသည်တွေက ငှားခ ပေးချင်ကြပါ့မလား မသိနိုင်ဘူးလေ။ အဲ့လိုဆိုရင် ပျံကျဈေးသည်တွေ ရှိမှာမဟုတ်တော့ဘူး။ သူတို့မရှိရင် လူလည်း စည်ကားမှာမဟုတ်တော့ဘူး။ 

ပြီးတော့ လမ်းဘေးမှာ ဈေးရောင်းတာက အရင်ကတည်းက ခွင့်ပြုမထားဘူး။ သူတို့ဘက်က ရဲခေါ်လိုက်ရင် ကျွန်တော်တို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"

ဖေ့လီသည်လည်း သူကဲ့သို့ စဉ်းစားမိသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

"အဖေ သမီးတို့ ဆိုင်တစ်ဆိုင် ငှားရအောင်လား"

မြို့တွင် ဆိုင်ဖွင့်ရန်ဆိုသည်မှာ အလွန်ဈေးကြီးသည်။ ၀မ်ချွေလန်က ခေါင်းကိုက်လာကာ ညည်းညူးလိုက်သည်။

"အခုမှ စီးပွားရေးလေးကောင်းခါရှိသေး ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ"

စီးပွားရေးလောကတွင် စိတ်ထားမကောင်းခြင်းဆိုသည်မှာ အရေးမကြီးပေ။ ဖေ့လီက ဆက်လက်၍ ဖျောင်းဖျသည်။

"လက်ရှိအနေအထားအရဆို တစ်လတစ်ခါ ငှားခပေးလို့ရတယ်လေ။ သမီးတို့‌တွေ  တတ်နိုင်ပါတယ်"

...