အပိုင်း (၁၅) ရွှေဖရုံသီးပေါက်စီ
ဤအချိန်တွင် တတိယဘိုးလေးအိမ်ရှေ့၌ လူအများအပြား စုဝေးနေကာ တစ်ယောက်နှင့်တစ်ယောက် တုံ့ဆိုင်းခြင်းမရှိဘဲ စကားပြောနေကြသည်။
"ဘိုးဘေးတွေရဲ့ အုတ်ဂူကနေ မီးခိုးတွေထွက်လာတာလား။ သူတို့တွေ ရုတ်တရက်ကြီး ချမ်းသာလာတော့တာပဲ"
"စက်ရုံကလူတွေ ချင်းစိမ်းတွေကို ခဏခဏ သယ်နေကြတာတွေ့လိုက်တယ်။ ယွမ်နှစ်ဆယ်၊ သုံးဆယ်ကတော့ ပြေးမလွတ်ဘူးပဲ"
"ဒီလောက်စိုက်ချင်နေတာကို မအံ့ဩတော့ဘူး။ သူက ဒီလိုနေ့မျိုးကို စောင့်နေတာကိုး"
ဖေ့လီက သူမ၏အကြံပြုချက်က အလုပ်ဖြစ်သွားသည်ကို သိ၏။ စက်ရုံသည်လည်း ကုန်ကြမ်း ၀ယ်ယူသည့်အဆင့်သို့ ရောက်လောက်ပြီဖြစ်မည်။ သူမက ဖေ့ရုန်ဖူကို ခေါ်ကာ မြန်မြန်ပြန်ခဲ့သည်။
"သူတို့က အကုန်လုံး ရောင်းလိုက်ရင် အဖေတို့ဘာသွား၀ယ်မလဲ"
ဖေ့ရုန်ဖူက တတိယဦးလေး အရောင်းအ၀ယ်ဖြစ်သည်ကို ၀မ်းသာသော်လည်း
သူ့မိသားစု၏အလုပ်ကို စိုးရိမ်နေသေးသည်။
"အဖေ သမီးတို့ ချင်းစိမ်းချိုချဉ် ထပ်မလုပ်တော့ဘူး။ စက်ရုံကိုပဲ လက်လွှဲပေးလိုက်တော့မှာ"
သူမတို့၏ လက်ဖြစ်ချိုချဉ်လေးသည် စက်ရုံတွင်ထုတ်သကဲ့သို့ ၀င်ငွေရမည်မဟုတ်ပေ။ ထို့ကြောင့် ကျောင်းကျွယ်ကို လက်လွှဲပေးသည်က အကောင်းဆုံးဖြစ်သည်။ ဖေ့လီက ဖေ့ရုန်ဖူကို ဆက်ပြော၏။
"အခုကစပြီး သမီးတို့မိသားစုက မုန့်အချိုတွေ လုပ်တဲ့နေရာမှာပဲ အာရုံစိုက်ကြမယ်"
လတ်တလောတွင် နှင်းဆီပွင့်ပေါက်စီသည် လူကြိုက်များနေ၏။ ယခုချိန်သည် မုန့်အသစ်မိတ်ဆက်ရန် သင့်တော်သည်။
ဖေ့လီက အိမ်ပြန်ရောက်သောအခါ ၀မ်ချွေလန်ကို အိမ်ငှားခဲ့သည့်အကြောင်း ပြောပြသည်။ သူမနားမလည်မည်ကို စိုးရိမ်သောကြောင့် ဆိုင်တန်းခင်းရန်အတွက် ငှားခပေးရသည်ဟု ရှင်းပြလိုက်သည်။ ဖေ့လီနှင့်အတူ လိုက်ခဲ့သော ဖေ့ရုန်ဖူကလည်း အဆူခံရမည်စိုးသောကြောင့် ဖေ့လီ သင်ပေးသည့်အတိုင်း ပြောလေသည်။ နောက်ဆုံးတွင် သူမတို့သားဖနှစ်ဦးသည် ၀မ်ချွေလန်ကို စည်းရုံးသိမ်းသွင်းနိုင်သွားသည်။
ဆိုင်ငှားသည့်ကိစ္စသည် စိတ်ချသွားရပြီဖြစ်၏။ ထို့ကြောင့် ဖေ့လီက မုန့်အသစ်ပြုလုပ်ခြင်းကို အာရုံစိုက်လိုက်သည်။
ယခုအခါ ဖေ့လီက ရွှေဖရုံသီးပေါက်စီ ပြုလုပ်မည်ဖြစ်သည်။
နေ့လယ်၌ သူမက ရွှေဖရုံသီးအချို့ကို အစိတ်များစိတ်၍ ပေါင်းအိုထဲထည့်ကာ ပေါင်းသည်။ နေ့လယ်စာ စားပြီးသောအခါ ဖရုံသီးများလည်း အသင့်ဖြစ်ပြီ ဖြစ်၏။ ဖေ့လီက ပန်းကန်ထဲထည့်၍ လှိမ့်တံနှင့် ကြေညက်သည်အထိ ကြိတ်ချေသည်။ ရွှေဖရုံသီးများ ကြေညက်သွားလျှင် ဂျုံမှုန့်ထည့်သည်။
ထို့နောက် ကြက်ဥတစ်လုံး ဖောက်ထည့်ကာ နယ်သည်။ နောက်ဆုံးတွင် မုန့်ညက်တစ်ပန်းကန် ရလာသည်။
မုန့်ညက်ကို သေးငယ်ကာ အရွယ်စားတူညီသည့် အစိတ်အပိုင်းများ ဖြစ်အောင် ပိုင်းဖြတ်သည်။ မုန့်ညက်ငယ်များကို ရှည်လျားသော ကြိုးသဖွယ်ဖြစ်ရန် လှိမ့်သည်။ ထို့နောက် အပိုင်းသုံးခုဖြစ်လာရန် ဓားဖြင့် နှစ်ခါမျှဖြတ်လိုက်သည်။
နောက်တစ်ဆင့်၌ ဆံပင်တွင် ကျစ်ဆံမြီး ကျစ်သကဲ့သို့ ထိုမုန့်ညက်သုံးခုကို ကျစ်သည်။ ကျစ်ပြီးလျှင် အစွန်းတစ်ခုမှကိုင်၍ အခြားအစွန်းသို့ရောက်သည်အထိ လှိမ့်ခွေလိုက်သည်။
ထိုအခါ ပန်းပွင့်သဏ္ဌာန်ပေါက်စီတစ်လုံး ရပြီဖြစ်၏။
ပွင့်ဖတ်များသည် နှင်းဆီပွင့်ပေါက်စီထက် ပိုမိုများပြားကာ အရောင်အသွေးသည်လည်း ပိုလှ၏။ ရနံ့လည်း ပိုမွှေးသည်။ အရသာတွင်လည်း ရွှေဖရုံသီးအရသာပါ၏။ ပြုလုပ်နည်းသည်လည်း ရိုးရှင်းကာ သင်ယူရလွယ်သည်။
၀မ်ချွေလန်က တစ်ခါကြည့်ရုံဖြင့် သင်ယူတတ်မြောက်ပြီး ဖြစ်၏။ သို့သော် ရွှေဖရုံသီးက မလုံလောက်ပေ။ ထို့ကြောင့် သူမတို့သည် မိသားစုစားသုံးရန်အတွက်သာ ပြုလုပ်လိုက်ကြသည်။
အလုပ်များပြီးသောအခါ ၀မ်ချွေလန်က ရွှေဖရုံသီးများ ၀ယ်ရန် ဈေးသို့သွားသည်။
ညနေတွင် ဖေ့လီနှင့် ကျိုးရှန်ချီသာ အိမ်တွင် ရှိ၏။ အခန်းသည် တိတ်ဆိတ်နေသည်။ ဖေ့လီက ဆိုင်၏ပုံကြမ်းကို စာရွက်ပေါ်တွင် ရေးဆွဲရန် စိတ်ကူးလိုက်သည်။
ဆိုင်၏အရှေ့နှင့်အနောက်ကို ဆက်သွယ်မထားချင်သောကြောင့် အလယ်တွင် သစ်သားနံရံကာရန် စီစဉ်သည်။ မီးဖိုချောင်သုံး ပစ္စည်းများလည်း၀ယ်ယူရမည်။ သူမ ရေးဆွဲနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဖေ့လီက အမြန်သွားကာ ဖွင့်ပေးသည်။
၀မ်ယန်ဖျင်က ခွပ်ဖွဖွ ပြုံးပြလိုက်ကာ အခန်းထဲရှိ ကျိုးရှန်ချီကို ညွှန်ပြသည်။
"ကျွန်တော် နောက်ထပ်စစ်ဆေးဖို့ လာတာပါ"
ဖေ့လီက အထဲသို့ဖိတ်ခေါ်ကာ ထိုင်ခုံတစ်ခုယူလာပေးသည်။
"ဒေါက်တာ ထိုင်ပါဦး"
၀မ်ယန်ဖျင်က လက်အိတ်၀တ်၍ ကျိုးရှန်ချီ၏ ခြေထောက်ပေါ်တွင် ဖုံးထားသော စောင်ကို မယူကာ ဂရုတစိုက် စမ်းသပ်သည်။ သူက ပြုံးလိုက်ကာ ပြောသည်။
"ဆေးတွေက တော်တော်ထိရောက်တာပဲ။ ရောင်ရမ်းတာတွေလည်း မရှိတော့ဘူး။"
ဤရက်များအတွင် သူ့ခြေထောက်သည် ယခင်ကကဲ့သို့ နာကျင်ခြင်းမရှိတော့ပေ။ အနာဖေးများလည်း မြန်မြန် ကျက်လာသည်။ ကျိုးရှန်ချီက ခြေထောက်များကို မပင် မနိုင်နေပြီဖြစ်သည်။ သက်သာမှု ရှိသည်ကို သိထားသော်လည်း ၀မ်ယန်ဖျင်ထံမှ ကြားသောအခါ ပို၍၀မ်းသာသွားသည်။
အကြောင်းရင်း တစ်၀က်မှာ ဝိညာဉ်စမ်းရေကြောင့် ဖြစ်သည်။ ဖေ့လီက ပြုံးလိုက်ပြီး ဘာမျှမပြောပေ။
၀မ်ယန်ဖျင်က စစ်ဆေးပြီးနောက် ဖေ့လီဘက်လှည့်ကာ ပြောသည်။
"ကျွန်တော့်ဆရာကို ဆက်သွယ်ပြီးပြီ။ နောက်နှစ်ရက်လောက်နေရင် ခင်ဗျားတို့သွားလို့ရပြီ"
"ဟုတ်ကဲ့ ကူညီပေးလို့ကျေးဇူးတင်ပါတယ်"
ဆရာ၀န်ဖြင့် စစ်ဆေးခြင်းဆိုသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ အမှန်တွင် ၀မ်ယန်ဖျင်ကိုယ်တိုင် လာစရာမလိုပေ။
သူ၏ ရည်ရွယ်ချက်မှာ ဘာသာပြန်ဆိုသည့် စာအုပ်အကြောင်း စစ်ဆေးရန်နှင့် ကျိုးရှန်ချီကို အခြားအကြောင်းအရာများ ပြောရန်ဖြစ်သည်။ သို့သော် ၀မ်ယန်ဖျင်က ဖေ့လီ၏ ရှေ့၌ ပြော၍ မရသည်ကို သဘောပေါက်၏။ သူက ကျိုးရှန်ချီကို အခက်တွေ့စွာ ကြည့်လိုက်သည်။
ကျိုးရှန်ချီက ခေါင်းညိတ်ပြကာ ရိုးရှင်းစွာ ပြန်ပြောသည်။
"ကျွန်တော် ဘာသာပြန်တာ တစ်၀က်ပြီးပြီ။ နောက်တစ်ပတ်ဆို တစ်အုပ်လုံး ပြီးလောက်ပြီ"
၀မ်ယန်ဖျင်က သူတို့၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ခြင်းမပြုဘဲ ပြောလိုက်သောကြောင့် အံ့ဩသွားသည်။ ဝမ်ယန်ဖျင်က ကျိုးရှန်ချီသည် ဖေ့လီအပေါ် ယုံကြည်မှုရှိသည်ကို ခန့်မှန်းမိသောအခါ ကွယ်ဝှက်ထားခြင်း မပြုတော့ပေ။
"နောက်နှစ်ရက်လောက်ဆို မြို့သွားပြီး ဆေးကုမှာဆိုတော့ အချိန်အများကြီး ရှိမှာမဟုတ်ဘူး။ ကျွန်တော့်ကို နှစ်သစ်ကူး မတိုင်ခင်ပဲ ပေး,ပေးပါ"
ဖေ့လီက သူမကိုယ်သူမ လိမ္မာပါးနပ်မှု မရှိမှန်း သဘောပေါက်သွားသည်။ ဤလူနှစ်ယောက်တွင် ပြောစရာတစ်စုံတစ်ရာ ရှိမည်ဖြစ်သည်။ သူမက ထွက်သွားရန် ခြေလှမ်းပြင်သော်လည်း ကျိုးရှန်ချီ၏ ခေါ်သံကို ကြားလိုက်ရသည်။
"ကိုယ် မင်းကို ဘာမှဖုံးကွယ်ထားစရာမရှိဘူး။ ဒီမှာထိုင်ပြီး အတူတူနားထောင်"
ယုံကြည်မှုအပြည့်ပါသော အကြည့်သည် သူတို့ကို စုံတွဲတစ်တွဲဟု ခံစားမိစေသည်။
ဖေ့လီက ထိုင်လိုက်ပြီး သူမလုပ်စရာရှိသည်များကို ဆက်လုပ်သည်။
အတွဲများကြားတွင် ဖြစ်ပျက်သည်များကို မည်သူမျှ မပြောနိုင်ပေ။ အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းပြီးလျှင် ခံစားချက်များ တိုးပွားလာမည်မှာ မလွဲဧကန်ဖြစ်သည်။ ဤအရာသည် သူကဲ့သို့ အပြင်လူတစ်ယောက် ၀င်ရောက်စွက်ဖက်သင့်သည့် အရာမဟုတ်ပေ။
ကျိုးရှန်ချီထံမှ ခွင့်ပြုမှုရပြီးနောက် ၀မ်ယန်ဖျင်က စိတ်မကောင်းသောအသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် လတ်တလောထွက်တဲ့ လူပျောက်ကြော်ငြာတွေကို စစ်ကြည့်ပေမဲ့ ခင်ဗျားနဲ့ကိုက်တဲ့လူကို မတွေ့ဘူး။ ဒါမှမဟုတ် နည်းနည်းလောက် စောင့်ကြည့်လိုက်ရမလား။ သတင်းအချက်အလက်တွေက နောက်ကျနေပြီး ဒီကို မရောက်သေးတာလည်း ဖြစ်နိုင်တယ်"
ကျိုးရှန်ချီ၏ ပျောက်ဆုံးမှုကို အရေးထားမည့်သူ မရှိဖြစ်မည်ကို စိုးရိမ်မိသည်။
ကျိုးရှန်ချီက ဤရလဒ်ကို မျှော်လင့်ပြီး ဖြစ်၏။ တိတိကျကျ ပြောရလျှင် သူနိုးလာသည်မှာ ၅၃ရက် ရှိပြီဖြစ်သည်။
ဖင်းနန်ရွာသည် အစွန်အဖျားကျသော်လည်း ပေကျင်းနှင့် သိပ်မဝေးပေ။ သူ့ကို ရှာချင်ပါက စောစောကတည်းက သတင်းကြားရသင့်သည်။
ဖေ့လီက ထိုစကားကို ကြားလျှင် မျက်မှောင်ကြုတ်လိုက်သည်။ ဤကဲ့သို့ မဖြစ်သင့်ပေ။ ကျိုးရှန်ချီသည် ထူးချွန်သည့်လူ ဖြစ်သောကြောင့် မိသားစုက တန်ဖိုးထားကြမည်ပင်။ အဘယ်ကြောင့် သူ၏ ပျောက်ဆုံးမှုကို ရှာဖွေခြင်းမပြုကြသနည်း။
၀မ်ယန်ဖျင်က သက်ပြင်းချလိုက်သည်။
"ကျွန်တော် ဆက်ရှာထားလိုက်ပါ့မယ်။ ခင်ဗျားမိသားစုမှာ တစ်ခုခုဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ"
ကျိုးရှန်ချီက ကျေးဇူးတင်လိုက်သည်။ ၀မ်ယန်ဖျင်သည် ဖုန်းနံပါတ်တစ်ခုပေးခဲ့ကာ ပြန်သွားသည်။
ဖေ့လီက အထီးကျန်ဆန်နေသော ကျိုးရှန်ချီကို ကြည့်ကာ စိတ်ခံစားချက် မကောင်းတော့ပေ။ သူမအကြောင်းကို တွေးမိသွားသည်။ ယခင်ဘ၀မှ သူမမိဘများသည် သူမနိုးထလာခြင်း မရှိသည်ကို သိပါက ၀မ်းသာနေကြမည်။
အချိန်နှင့် နေရာသည် မည်ကဲ့သို့ဖြစ်မည်မှန်းမသိပေ။ သူမသည် ဆက်၍ အိပ်ပျော်နေမည်လော။ မူလပိုင်ရှင်ဖေ့လီက အစား၀င်သွားမည်လော။ သို့မဟုတ် အချိန်များ ရပ်တန့်နေမည်လော။
သူမတို့နှစ်ယောက်သည် ကိုယ့်ကိစ္စကိုယ်အတွေး များနေသောအခါ စကားမပြောမိကြပေ။ ညနေရောက်သောအခါ ၀မ်ချွေလန်က ရွှေဖရုံသီးခြင်းကြီးတစ်ခြင်းနှင့် ၀က်နံရိုးတစ်ပိုင်းကို သယ်ကာ ပြန်ရောက်လာသည်။
လေ့ကျင့်ရန်အတွက် ၀မ်ချွေလန်က ဈေးသို့သွားကာ ၀ယ်ခဲ့ခြင်းဖြစ်သည်။
ဖေ့လီက ညစာအတွက်တာ၀န်ယူကာ ၀မ်ချွေလန်က ဖရုံသီးမုန့်လုပ်နည်းကို လေ့ကျင့်နေသည်။
လူတိုင်းသည် ရာသီဥတုအေးအေးတွင် စွပ်ပြုတ်ပူပူတစ်ခွက်ကို သောက်ချင်ကြ၏။ ဖေ့လီက နံရိုးကို ဆေးကြောကာ ရေနွေးဖြောသည်။ ထို့နောက် မုန်လာဥဖြူအချို့ကို လှီးဖြတ်ကာ အိုးထဲထည့်သည်။ ငရုတ်ကောင်းများကို ဖြတ်တောက်၍ထည့်သည်။ ဆားနှင့် အမွှေးအကြိုင်တို့ကိုပါ ထည့်၍ ကြော်သည်။ မုန်လာဥအစပ်ကြော်တစ်ပွဲ ဖြစ်လာလေသည်။
မီးအိမ်အောက်တွင် လူလေးယောက်ထိုင်နေသည်။ စားပွဲပေါ်တွင် စွပ်ပြုတ်တစ်ခွက်၊ မုန်လာဥအစပ်ကြော်တစ်ပွဲနှင့် ပေါက်စီတစ်ပွဲရှိသည်။ ဖရုံသီးပေါက်စီများကို ခွဲ၍ မုန်လာဥအစပ်ကြော်ထည့်ကာ စားနိုင်သည်။ ခပ်စပ်စပ်အရသာသည် ပေါက်စီနှင့် တွဲဖက်စားရန် ကောင်းမွန်၏။ နံရိုးစွပ်ပြုတ်သည် ပို၍ပင် အရသာရှိ၏။
ဖေ့ရုန်ဖူက စွပ်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီသုံးလုံးစားသည်။ သူက အလွန်ကျေနပ်သွားသည်။
"ငါ့သမီး ဘာချက်ချက်ကောင်းနေရောပဲ"
ဖေ့လီက ပြုံးကာ စွပ်ပြုတ်တစ်ဇွန်း သောက်လိုက်သည်။
ဖေ့မိသားစုက ညစာကိုပျော်ပျော်ရွှင်ရွှင်စားနေစဉ် တံခါးခေါက်သံ ပေါ်လာသည်။ ၀မ်ချွေလန်က ပေါက်စီကို ကိုက်လျက် ဖွင့်ပေးရန် သွားလိုက်သည်။
"ဘယ်သူလဲ"
"ချွေလန် ငါပါ တတိယဒေါ်လေး"
ထျန်းမန်မန်က အပြင်မှ ပြန်ပြောသည်။
လာခဲသည့် ဧည့်သည်ပင်။
၀မ်ချွေလန်က တံခါးအမြန်ဖွင့်ပေးသည်။
"တတိယဒေါ်လေး ဒီချိန်ကြီး ဘာလို့လာတာလဲ။ စားခဲ့ပြီလား"
ထျန်းမန်မန်က ကြက်ဥခြင်းကို ကိုင်လျက် ကြင်နာစွာ ပြောသည်။
"အခုပဲ စားခဲ့တာ"
သူမက အခန်းထဲရှိ မိသားစု၀င်များကို ကြည့်လိုက်ကာ ၀မ်ချွေလန်အား ကြက်ဥခြင်းပေးသည်။
"ဒီချိန်မှ လာရတာအားနာပါတယ်ကွယ်။ ညစာစားတာကို နှောင့်ယှက်မိပြီ"
၀မ်ချွေလန်က လျင်မြန်စွာပြန်ပြောသည်။
"မဖြစ်ပါဘူး။ မဖြစ်ပါဘူး"
ဖေ့လီသည်လည်း ပြုံးလိုက်သည်။
"သမီးက စားပြီးပါပြီ"
ထျန်းမန်မန်က အထဲ၀င်ကာ ထိုင်သည်။
သူမက စားပွဲပေါ်ရှိ ပေါက်စီများကို မြင်သောအခါ မေးလိုက်သည်။
"ဒီပန်းပွင့်ပုံပေါက်စီတွေက ဘယ်ကရတာလဲ"
ဤအရာသည် စကားပြောရန် အလွန်ကောင်းသောအရာ ဖြစ်သည်။ ရွှေဖရုံသီးပေါက်စီများသည်လည်း ရောင်းချတော့မည် ဖြစ်သည်။ ၀မ်ချွေလန်က သူမ၏ချီးကျူးစကားကြောင့် ပျော်သွားကာ တစ်ခုယူ၍ ပေးလိုက်သည်။
"တတိယဒေါ်လေး ဒါက ရှောင်းလီလုပ်ထားတဲ့ ပေါက်စီပါ။ အရသာရှိ၊ မရှိ မြည်းကြည့်ပါလား"
ထျန်းမန်မန်က ယူ၍စားသည်။
"စားကောင်းလိုက်တာ"
ဖေ့လီက သူမကိုပြုံးပြကာ မေး၏။
"တတိယဘွားလေး ဒီချိန်မှ ဘာလို့လာတာလဲ"
ယခုအခါ တတိယဘိုးလေး၏ အိမ်သည် လူအများ၏ အာရုံစိုက်စရာဖြစ်နေသည်။ တတိယဘိုးလေးတို့သည် အတင်းအဖျင်း ပြောကြမည်ကို စိုးရိမ်သောကြောင့် မိုးချုပ်မှသာ လက်ဆောင် လာပေးရဲလေသည်။ ထျန်းမန်မန်က ကျေးဇူးတင်ခြင်းများစွာဖြင့် ဖေ့လီကို ကြည့်သည်။
"ငါတို့အိမ်က ချင်းစိမ်းတွေ ရောင်းရတာ သမီးကြောင့်ဆိုတာ သိပါတယ်"
ဖေ့လီက အနည်းငယ်မျှပြုံးကာ
"မဟုတ်ပါဘူး။ သမီးက ဒီတိုင်းပြောပြလိုက်ရုံပါပဲ"
တတိယဘိုးလေးသည် နှစ်အတော်ကြာ ချင်းစိမ်းများ စိုက်ပျိုးခဲ့သည်။ ဆောင်းဦးရာသီမှ နှစ်ကုန်သည်အထိ ချင်းစိမ်းများ ကျန်နေလေ့ရှိသောကြောင့် ၀င်ငွေများများ မရပေ။ သူသည် လာမည့်နှစ်တွင် ချင်းစိမ်း မစိုက်ပျိုးတော့ရန် စိတ်ကူးပြီး ဖြစ်သည်။
သို့သော် လူသုံးယောက်ရောက်လာကာ သူ့မိသားစုရှိ ချင်းစိမ်းအားလုံးကို ၀ယ်ချင်သည်ဟု ပြောသည်။
တတိယဘိုးလေးက လူလိမ်များဟု ထင်မိသော်လည်း ထိုလူများက အလေးချိန်များ ချိန်တွယ်ပြီးနောက် ငွေပေးချေကြ၏။ အိမ်တွင်ရှိသော ချင်းစိမ်းတစ်၀က်ကို ရောင်းပြီးသောအခါ ထိုစုံတွဲမှာ ပျော်လွန်း၍ မျက်ရည်များပင် ကျကြ၏။ ထို့နောက် ခေါင်းဆောင်ဖြစ်သူကို ခေါ်ကာ ချင်းစိမ်းများ ရှိကြောင်း မည်ကဲ့သို့သိသနည်းဟု မေးသည်။ ဖေ့လီက သူတို့စက်ရုံ၏ မန်နေဂျာကို ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရ၏။
တတိယဘိုးလေးသည် ချက်ချင်းပင် ကျေးဇူးတင်ကြောင်း သွားပြောလိုသော်လည်း အိမ်ပတ်ပတ်လည်တွင် လူအများ စုဝေးနေကြသောကြောင့် ဖေ့လီကို ဒုက္ခမပေးမိစေရန် ညရောက်သည်အထိ စောင့်လိုက်ကြသည်။
ထျန်းမန်မန်သည် ကျေးဇူးမသိတတ်သည့် လူမဟုတ်ပေ။ သူမက ဖေ့လီကိုပြော၏။
"အိမ်မှာ သမီးအတွက် ချင်းစိမ်း ငါးပုံး ချန်ထားသေးတယ်။ နောက်ရက်ကျ လာယူလှည့်"
ဖေ့လီက သူမ၏ တွေးတောပေးမှုကြောင့် ကျေးဇူးတင်မိသည်။ သူမက ချင်းစိမ်းချိုချဉ်အချို့ ပြုလုပ်ကာ ဧည့်သည်များကို ပေးရန်တွေးတောလိုက်သည်။ ဖေ့လီက ငြင်းဆန်ခြင်းမပြုဘဲ ပြော၏။
"ဟုတ်ကဲ့။ သမီးနောက်ရက်ကျ အဖေနဲ့လာယူလိုက်ပါ့မယ်။ သမီး ပုံမှန်ဈေးနဲ့ပဲ ၀ယ်မှာပါ"
ထျန်းမန်မန်က ဖေ့လီသည် အနာဂတ်တွင် သေချာပေါက် အောင်မြင်မည်မှန်း သဘောပေါက်မိသည်။ ထို့ကြောင့် ဖေ့လီစိတ်ကျေနပ်စေရန် ကြိုးစား၏။
"ဘာလို့ ဒီလောက် အားနာနေတာလဲ။ ဘွားလေးက အလကားပေးမှာပါ"
၀မ်ချွေလန်သည် အဘွားဖေ့ကြောင့် တတိယဒေါလေးနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိခဲ့ပေ။ သို့သော် ချင်းစိမ်းချိုချဉ် ရောင်းချခြင်းအကြောင်း ပြောနေကြသည်ဖြစ်ရာ တစ်နာရီကျော်မျှ ကြာသွားသည်။ တတိယဘွားလေးသည် ဖေ့မိသားစုအိမ်မှ ထွက်လာသောအခါ လပြည့်၀န်းကြီးသည် ကောင်းကင်အမြင့်သို့ မရောက်သေးပေ။ သူမသည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးသောအခါ ဖေ့မိသားစု၏ အိမ်အနောက် ခပ်ဝေးဝေးတွင် သရဲတစ်ကောင်ကဲ့သို့ ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်သည်။ သူမက ကြောက်လန့်သွားကာ ကြည့်လိုက်သည်။ သို့သော် နောက်ထပ် ထပ်မကြည့်ရဲတော့ပေ။ ထိုပုံရိပ်က ထျန်းမန်မန်ကို သတိထားမိသောအခါ အမြန်ထွက်သွား၏။
အိမ်ပြန်ရောက်သောအခါ ထျန်းမန်မန်သည် လန့်နေဆဲ ဖြစ်၏။ စိတ်ငြိမ်ရန်အတွက် လက်ဖက်ရည်ပူပူကို သောက်လိုက်သည်။ စိတ်ငြိမ်သွားသောအခါ ထိုလူ၏မျက်နှာကို တဖြည်းဖြည်း မှတ်မိလာကာ တတိယဘိုးလေးကို ပြောသည်။
"ဘုရားရေ။ ခုနတုန်းက သေအောင်လန့်သွားတာပဲ။ ဖေ့ယွမ်ကျဲဆိုတဲ့ ကောင်မလေး ညကြီးမိုးချုပ် ဖေ့လီတို့ အိမ်နောက်မှာ ဘာရပ်လုပ်နေတယ်မသိဘူး"
...