အပိုင်း ၁၆
Viewers 485

အပိုင်း (၁၆) ရွှမ်းလီ မနက်စာဆိုင်

တတိယဘိုးလေးက တွေးရခက်သွားသည်။

"အဘွားကြီး မင်းအမြင်မှားတာများလား"

ဖေ့ယွမ်ကျဲသည် ရွာတွင် လိမ္မာဆုံးနှင် အယဉ်ကျေးဆုံးမိန်းကလေးဖြစ်သည်။

သူမက အချုပ်အလုပ်ကျွမ်းကျင်သကဲ့သို့ လူသည်လည်း လှ၏။ ရွာသားများနှင့်လည်း ဆက်ဆံရေးကောင်းသည်။ သူမသည် ဖေ့လီ၏အိမ်အနောက်တွင် ရပ်ကာ အချိန်ဖြုန်းနေမည့် လူမျိုးမဟုတ်ပေ။ အမြင်မှားခြင်းပင် ဖြစ်လိမ့်မည်။ ထျန်းမန်မန်က ခေါင်းကုတ်ကာ သက်ပြင်းချသည်။

"ဒီအဘွားကြီးက အသက်ကြီးပြီဆိုတော့ မျက်စိမှုန်နေပါပြီ"

တတိယဘိုးလေးက ထရပ်ကာ မေး၏။

"လီလီက ဘာပြောသေးလဲ"

ထိုအမေးကိုကြားလျှင် ထျန်းမန်မန်ကရယ်လေသည်။

"ဖေ့ရုန်ဖူကတော့ အရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူး။ လီလီကတော့ အများကြီးရင့်ကျက်လာပုံပဲ"

တတိယဘိုးလေးက နှာမှုတ်သံ ပြုလိုက်သည်။

"ဖေ့ရုန်ဖူက ‌အမေ့ဆေး မိနေတာ"

"အဲ့လို မပြောပါနဲ့"

ထျန်းမန်မန်က သူ့ကို ရိုက်လိုက်သည်။

တတိယဘိုး‌လေးက  ထိုအကြောင်းပြောခြင်းကို ရပ်ကာ ဖေ့လီကို ချီးကျူးလေသည်။

"လီလီက လက်ထပ်ပြီးတဲ့နောက် တွေးတတ်ခေါ်တတ်လာပြီး မိသားစုအတွက် သိတတ်လာပြီ"

သူတို့နှစ်ယောက်သည် စကားစမြည်ပြော၍ ရယ်ကြမောကြကာ အိပ်ရာ၀င်ကြသည်။

နောက်တစ်နေ့နံနက်၌ ဖေ့မိသားစုသည် ရွှေဖရုံသီးပေါက်စီများကို ပျော်ရွှင်စွာ ပြုလုပ်ကြသည်။ ဖေ့လီက ဖေ့ရုံဖူနှင့် မြို့သို့ လိုက်မြဲဖြစ်သည်။ ဤအကြိမ်၌ သူမတို့သည် နံနက်ခင်းဈေးထဲသို့မသွားပေ။ သူမက ယွမ်ရှောက်အား တစ်လစာငှားရမ်းခ ပေးလိုက်သည်။ တံဆိပ်တုံး ထုပြီးပါက ဖေ့မိသားစု၏ ဆိုင်ဖြစ်လာမည်ဖြစ်သည်။

ယွမ်ရှောက်က ပိုက်ဆံကို ၀မ်းသာစွာ လက်ခံလိုက်ပြီးနောက် တံခါးပေါက်ကို နှစ်ရက်အတွင်း အမြန်ဆုံး တပ်ဆင်ပေးမည်ဟုပြောသည်။

ဖေ့လီနှင့် ဖေ့ရုန်ဖူသည် စားပွဲခုံပြင်၍ ဝါးခြင်းတောင်းများကို ထိုပေါ်သို့တင်ကာ ဆိုင်ခင်းသည်။ 

ဆိုင်အသစ်သည် ယခင်ဈေးနှင့်‌ သိပ်မဝေးပေ။ ပုံမှန်၀ယ်သူများသည် ဈေးထဲမှ ထွက်မလာကြသေးပေ။ သူတို့သည် နံနက်ခင်းဈေးမှ ထွက်လာသောအခါ ရင်းနှီးနေသော ဖေ့ရုန်ဖူ၏မျက်နှာကို တွေ့လိုက်ရသည်။

သူတို့က ဆိုင်တန်းဆီသို့ ပျော်ရွှင်စွာ ရောက်လာကြကာ မေးမြန်းသည်။

 "ဒီနေ့ ဘာလို့ ခါတိုင်း ရောင်းနေကျနေရာမှာ မရောင်းတာလဲ"

‌ဖေ့လီက အနည်းငယ်ပြုံးကာ ဆိုင်ကို လက်ညှိုးညွှန်ပြသည်။

"ကျွန်မတို့ နေရာသစ်ကို ပြောင်းလာကြတာလေ၊ အခုကစပြီး ဒီမှာပဲ ရောင်းတော့မှာ။ ဂရုစိုက်ပေးကြပါဦး"

"အိုး ငါမင်းရဲ့ ပေါက်စီကို မစားရတာနှစ်ရက်ရှိပြီ။ တကယ်ကိုလွမ်းနေတာ။ ဆယ်လုံး မြန်မြန်ထုပ်ပေး"

ထိုလူ၏ အမှာကြောင့် ဖေ့ရုန်ဖူက ခြင်းတောင်းကို မြန်မြန်ဖွင့်သည်။ ထို့နောက် သူတို့က ရွှေဝါရောင် ရွှေဖရုံသီးပေါက်စီများကို တွေ့လိုက်ကြရသည်။

"ဟေး ဒါကဘာတွေလဲ"

ဖေ့ရုန်ဖူက ပြုံးကာ ဖြေသည်။

"ဒါက မုန့်အသစ်လေ။ နှစ်ခုလောက်မြည်းကြည့်ပါလား"

"ကောင်းပြီ။ ငါ့ကိုနှစ်ခုပေး"

လူကြီးက ရက်ရောစွာဖြင့် နှစ်ခုမှာလေသည်။

‌ဈေးထဲမှ ၀ယ်သူများမှာ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်သည်။ ရင်းနှီးနေသောလူကို တွေ့ပါက မဖိတ်‌ခေါ်ဘဲ လာကြမည်ဖြစ်သည်။ ရွှေဖရုံသီးပေါက်စီများအတွက် အော်ဟစ်ရန်ပင် မလိုချေ။

ထိုမုန့်သည် တစ်ခါစားပြီးလျှင် အရသာကို တစ်သက်မေ့မည်မဟုတ်ပေ။ ဖေ့လီက အရောင်းအ၀ယ်တွက် စိုးရိမ်ခြင်းမရှိပေ။ သူမသည် အပြင်တွင် တစ်ခဏမျှနေပြီးနောက် အဖေဖြစ်သူထံ၌သာ တာ၀န်လွှဲထားခဲ့သည်။ သူမက အိမ်ထဲသို့၀င်ခဲ့ပြီး ပုံကြမ်းရေးဆွဲသည်။ ဖေ့လီက သစ်သားအပိုင်းအစတစ်ခုကို ရှာ‌တွေ့ပြီးနောက် ယွမ်ရှောက်ထံမှ စုတ်တံတစ်ခုကိုငှားသည်။ သူမက တွေးတောပြီးနောက် ကြီးမားသောစုတ်ချက်များကို ရေးသည်။

"ရွှမ်းလီမနက်စာဆိုင်"

ထိုအမည်မှာ ၂၁ရာစုက ဖေ့လီ၏ ဆိုင်အမည်ဖြစ်သကဲ့သို့ ၁၉၈၀ခုနှစ်က ဖေ့လီ၏ဆိုင်အမည်လည်း ဖြစ်သည်။

သူမက ရေးဆွဲပြီး‌နောက် ဆိုင်ရှေ့တွင် ချိတ်ဆွဲလိုက်သည်။

"နာမည်ရွေးပြီးပြီပေါ့"

စာဖတ်တတ်သော ၀ယ်သူများက ဆိုင်းဘုတ်ကိုမြင်သောအခါ သူမကို စနောက်ကြ၏။

"တကယ်ကောင်းတဲ့ နာမည်ပဲ"

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်"

ဖေ့လီက ရိုးရှင်းသော သင်္ကေတကို ကြည့်ကာ စိတ်ထဲတွင် အနာဂတ်မျှော်မှန်းချက်များ ဖြစ်ပေါ်လာသည်။

သူမသည် တရား၀င်ဆိုင်ဖွင့်သည်အထိစောင့်ကာ ဆိုင်းဘုတ်ချိတ်ခြင်းသာမက ဆိုင်ဖွင့်ပွဲလည်း ကျင်းပမည်ဖြစ်သည်။

ရွှမ်းလီမနက်စာဆိုင်သည်  အစမျှသာရှိသေးသည်။

ယွမ်ရှောက်က နံနက်စာစားပြီးလျှင် ကျောင်းသို့ စက်ဘီးစီးကာ သွားသည်။

အပြင်ဘက်၌ ဖေ့ရုန်ဖူကို စိတ်ချရသောကြောင့် ဖေ့လီသည် အထဲသို့ပြန်လာကာ ဆိုင်အလှဆင်ရန်အတွက် ပုံကြမ်းဆွဲခြင်းကို စတင်လိုက်သည်။

သစ်သားနံရံ ခြားလိုက်ပါက အခန်းနှစ်ခန်း ကွဲသွားမည်။ တံခါးနှင့်နီးသော အခန်းသည် အစားအသောက် တည်ခင်းသောအခန်းဖြစ်ပြီး အတွင်းခန်းသည် မီးဖိုခန်းဖြစ်သည်။ အပြင်ခန်းတွင် လူလေးယောက် ၀ိုင်းဖွဲ့ထိုင်နိုင်သော အရှည်၁၂၀၊ အကျယ်၇၀စားပွဲခုံ လေးလုံးခန့်သာ ထားနိုင်၏။ စားသုံးသူများချိန်တွင် လူအားလုံး ဆံ့မည် မ‌ဟုတ်ချေ။

သူမက ဆိုင်အပြင်တွင် ထီးများမိုး၍ စားပွဲအနည်းငယ်မျှ ပြင်ဆင်ထားရန် တွေးတောလိုက်သည်။

ပေါင်းအိုးတစ်ခုသည် သေချာပေါက် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အိုးကြီးနှစ်လုံး၊ ဗီရိုများနှင့် အခြားအရာများကိုလည်းထည့်လိုက်ပါက မီးဖိုခန်းအပြည့် ဖြစ်သွားမည်ဖြစ်၏။

နေ့လယ်မတိုင်မီ ရွှေဖရုံသီးပေါက်စီများ ရောင်းကုန်သွားသည်။ သာမန်ပေါက်စီ‌များသည်လည်း ရောင်းကုန်သွားပြီ ဖြစ်သည်။

မီးဖိုချောင်သုံးပစ္စည်းများသည် ယခုပင် ၀ယ်ထားရန်လိုအပ်သည်။ ထို့ကြောင့်‌ ဖေ့လီက ဈေးသွားကာ ပစ္စည်းအချို့၀ယ်ရန် စီစဉ်သည်။ သို့သော် တံခါး၀မှ ခြေလှမ်းရုံပင်ရှိသေး ကျောင်းကျွယ်နှင့် တိုက်မိ၏။ ကျောင်းကျွယ်က သူ့ရှေ့ရှိ ခြင်းတောင်းအလွတ်နှစ်လုံးကို ကြည့်ကာ ပြုံး၍ပြော၏။

"အကုန် ကုန်သွားပြီလား။ ကျွန်တော်က အားပေးမလို့ကို"

ဖေ့ရုန်ဖူက ပျော်ရွှင်စွာ ပြန်ပြောသည်။

"လက်ရာကောင်းတော့ မြန်မြန်ရောင်းကုန်သွားတာပေါ့။ ဟား ဟား"

ဖေ့လီက ကျောင်းကျွယ်ထံတွင် တစ်စုံတစ်ခု ဆွေးနွေးရန် ရှိသည်ဟု ယူဆကာ ဆိုင်ထဲသို့ ဖိတ်ခေါ်သည်။

"တစ်ခုခုဖြစ်လို့လား"

"သိပ်တော့ အရေးမကြီးပါဘူး။ ကုန်ကြမ်းတွေလည်း ၀ယ်ပြီးသွားပါပြီ။ လုပ်ငန်းစဉ်အရ စားဖိုမှူးနှစ်ယောက်လည်း ခန့်ထားတယ်။ အိုးတွေလည်း အဆင်သင့်ဖြစ်ပြီ။ ဂျုံတွေလည်း စိုက်ထားတယ်။ အညှောက်ပေါက်ဖို့ စောင့်နေရတာ။ ဒါပေမဲ့ သေချာပါ့မလားလို့ ခံစားနေရလို့ မင်းလိုက်ကြည့်ပေးလို့ရမလား"

သူက စိတ်လှုပ်ရှားနေကာ အမြန်ပြော၏။

ဤကိစ္စတွင် လူအင်အားနှင့် ပစ္စည်းအင်အားအများအပြားကို ရင်းနှီးထား‌ရသောကြောင့် ကျောင်းကျွယ်က စိတ်လှုပ်ရှားနေသည်။ ကျောင်းမိသားစု၏ ပိုင်ဆိုင်မှုအားလုံးနည်းပါး အသုံးပြုပြီး ဖြစ်သည်။ ဆွေမျိုးများနှင့် မိတ်ဆွေများသည် သူ့ကို လှောင်ပြောင်ကြရန် စောင့်နေကြသည်။ သူ ရှုံး၍မဖြစ်ပေ။

ထို့ကြောင့် သူက ခြေလှမ်းတိုင်းကို အလွန်သတိထားကာ လှမ်းနေရသည်။

အဆင်ပြေသည့်အဆင့်ထိ မရောက်မီ ခြေလှမ်းအားလုံး  သူကိုယ်တိုင်လှမ်းမှ ရမည်ဖြစ်သည်။ 

ဖေ့လီက သူ၏စိတ်လှုပ်ရှားမှုကိုမြင်၏။

သူမသည်လည်း စက်ရုံအခြေအနေကို  ကြည့်ချင်သောကြောင့် သူနှင့်လိုက်ခဲ့သဘောတူလိုက်သည်။ ဖေ့ရုန်ဖူကို နှုတ်ဆက်ပြီးနောက် သူမတို့နှစ်ယောက်သည် ကျောင်းကျွယ်၏ စက်ရုံသို့သွားကြသည်။

စက်ရုံသည် သိပ်မဝေးပေ။ မြို့၏ အရှေ့ဘက်စွန်းတွင် ရှိပြီး လယ်ကွင်းထဲတွင် တည်ဆောက်ထားသည်။ လမ်းမအတိုင်းလျှောက်ကာ ထောင့်ချိုးလိုက်ပါက ရောက်ရှိမည်ဖြစ်သည်။

ဖေ့လီက တစ်ချက်ကြည့်လိုက်ပြီး အထင်ကြီးသွား၏။ အကျယ်အ၀န်းသည် မူ၂၀မျှရှိပြီး ဘိလပ်မြေနံရံများနှင့် ကာရံထားသည်။ အလယ်တွင် သံတံခါးတစ်ခု ရှိသည်။ ညာဘက်နံရံပေါ်တွင် 'တာ့ချင်း စက်ရုံ'ဟု ရေးထား၏။ စက်ရုံအမည်သည် မပြောင်းလဲသေးပေ။

ကျောင်းကျွယ်ရောက်လာသောအခါ လုံခြုံရေးသမားက ချက်ချင်းပင် တံခါးဖွင့်ပေးသည်။

"အစ်ကိုကျောင်း ရောက်လာပြီပဲ။ ၀င်ပါခင်ဗျာ"

ကျောင်းကျွယ်က သူ့ကို ခေါင်းညိတ်ပြကာ နောက်သို့လှည့်၍ ဖေ့လီနှင့် မိတ်ဆက်ပေးသည်။

"ရှောင်ရွှီ ဒါက ဒုဒါရိုက်တာ။ နောက်တစ်ခါ သူ လာရင် နှုတ်ဆက်ဖို့မမေ့နဲ့" 

ဖေ့လီကလည်း သူ့ကိုနှုတ်ဆက်၏။

"မင်္ဂလာပါ။ ကျွန်မက ဖေ့လီပါ"

ဖေ့လီက အသားဖြူကာ လူအများကို ဆွဲဆောင်နိုင်သော မျက်လုံးတစ်စုံ၊ အနီရောင်နှုတ်ခမ်းနှစ်လွှာ၊ ဖြူဖွေးသော သွားတို့နှင့် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် ပြည့်စုံသောသူ ဖြစ်သည်။ တစ်ချက်မျှ ကြည့်ရုံဖြင့် ကောင်းကောင်းစားနိုင်သည့်လူမျိုးမှန်း သိသာသည်။

ဤခေတ်၌ အမျိုးသမီး စက်ရုံဒါရိုက်တာဟူ၍ မရှိပေ။ ရွှီကွမ်းက ထိုသို့မတွေးချေ။ ကျောင်းကျွယ်သာ မပြောလျှင် သူတို့၏ စက်ရုံဒါရိုက်တာက မိန်းမလှတစ်ယောက်ကို စက်ရုံသို့ခေါ်လာသည်ဟု ထင်မိပေမည်။

သူက အောက်နှုတ်ခမ်းကိုသပ်၍ လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်သည်။ မျက်နှာ‌ချိုသွေးလိုက်ပြီး

"မင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်က ရွှီကွမ်းပါ။ ရှောင်ရွှီလို့ခေါ်လို့ရပါတယ်"

မူလပိုင်ရှင်သည် လှပစွာ မွေးဖွားခဲ့သော်လည်း အစားအသောက် လွန်ကဲသောကြောင့် ဝိတ်အများအပြား တတ်ခဲ့သည်။ ဖေ့လီက ဝိညာဉ်စမ်းရေးကို နေ့စဉ်သောက်သုံး၏။ ယခုချိန်၌ သူမသည် သွယ်သွယ်လျလျ မဖြစ်သေးသော်လည်း ကောက်ကြောင်းအချို့ ပေါ်လာပြီဖြစ်၏။ ထို့ကြောင့် နှာဘူးသည့် ယောက်ျားတို့၏ မျက်လုံးများက ရောက်လာတတ်သည်။

ဖေ့လီက သူ၏ မသတီစရာကောင်းသော အကြည့်ကြောင့် ရွံရှာသွားသည်။ သူမက လက်ဆွဲနှုတ်ဆက်ခြင်း မပြုဘဲ အနည်းငယ်ပြုံး၍ ခေါင်းညိတ်ပြသည်။

ကျောင်းကျွယ်က သူမကို ဦးဆောင်ခေါ်သွားကာ လမ်းလျှောက်လျက် မိတ်ဆက်ပေးသည်။

"အရင်ဆုံး ကုန်ကြမ်းသိုလှောင်ရုံဆီ ခေါ်သွားပေးမယ်"

လမ်းအနည်းငယ်လျှော က်ပြီးနောက် တံခါးအနီးရှိ ရွှီကွမ်းမကြားနိုင်သည့် အကွာအဝေး‌သို့ ရောက်သောအခါ ဖေ့လီက ပြောလိုက်သည်။

"တံခါးစောင့်တဲ့လူက ရိုးသားရဲ့လား"

သိုလှောင်ရုံသော့ထုတ်နေသော ကျောင်းကျွယ်သည် ထိုစကားကို ကြားသောအခါ ရပ်တန့်သွား၏။

"ဘာဖြစ်လို့လဲ"

ဖေ့လီက အေးစက်စွာ စကားပြန်သည်။

"သူ့မှာ မကောင်းတဲ့အတွေးတွေရှိနေရင် အနှေးနဲ့အမြန် ပြဿနာတတ်လိမ့်မယ်" 

သူမသည် လူများကို အကဲဖြတ်ရာတွင် တစ်ခါတစ်ရံ မှားတတ်၏။ သို့သော် တစ်ချက်တော့ သေချာ၏။ အလှအပ၌ အလိုကြီးသော ယောက်ျားများသည် ကောင်းမွန်သောစိတ်ဓာတ်ရှိရန် ရှားပါးသည်။

ရွှီကွမ်းသည် ကျောင်းကျွယ်ဦးလေး၏ ဆွေမျိုးနီးစပ်တော်သူ ဖြစ်သည်။ ထို့ကြောင့် ကျောင်းကျွယ်က မျက်နှာပျက်ခံကာ သော့ငုံဖွင့်လျက် ရှင်းပြပေးသည်။

"သူက လူယုတ်မာရုပ်နဲ့ တူနေပေမဲ့ လူဆိုးတစ်ယောက် မဟုတ်ပါဘူး"

ဖေ့လီက သူမ၏၀မ်းတွင်းအသိကို ယုံကြည်ဆဲဖြစ်ကာ အခိုင်အမာ ပြောဆို၏။

"ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုက်ပါ။ ရှင်လည်း လုပ်ငန်းမစခင် ပြဿနာတစ်ခုခုဖြစ်တာ မလိုချင်ဘူးမလား"

ဦးလေး၏ ဆွေမျိုးနီးစပ်ဖြစ်သော ရွှီကွမ်းမပြောနှင့် သူ့ဦးလေးကိုယ်တိုင် ရောက်လာလျှင်ပင် ငွေရှာခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။

ကျောင်းကျွယ်က ကတိပေး၏။

"နောက်နှစ်ရက်‌လောက်နေရင် သူ့ကို အလုပ်ထုတ်ပစ်လိုက်ပါ့မယ်။ အထဲ၀င်ပြီး ကုန်ကြမ်းတွေ ကြည့်ရအောင်"

ဖေ့လီက လျှောက်၀င်လိုက်သည်။

ကျောင်းကျွယ်က နှမ်းယိုနှင့် ချင်းစိမ်းချိုချဉ်အတွက် လိုအပ်သော ကုန်ကြမ်းများအားလုံးကို ဤသိုလှောင်ရုံတွင် ထား၏။ ကုန်ကြမ်းများသည် အခန်းတစ်၀က်စာရှိသည်။ ဖေ့လီက ရှေ့သို့သွားကာ အနီရောင်စွန်ပလွံသီးခြောက် လက်တစ်ဆုပ်ယူ၍ သေချာကြည့်လေသည်။

"ဒါတွေကို အရောင်းအ၀ယ်ကောင်းကောင်းလုပ်တတ်တဲ့ လူတစ်ယောက်ကို ၀ယ်ခိုင်းလိုက်တာ။ အရည်အသွေးက လုံး၀ထိပ်တန်းပဲ"

ကျောင်းကျွယ်က သူ့ကိုယ်သူ ကြွားရန်လည်း မမေ့ပေ။

"ဂိုချီဘယ်ရီတွေက ၀ယ်ရတာခက်တယ်။ ‌နှစ်ရက်အတွင်း နောက်တစ်သုတ်ရောက်လာတော့မှာ"

ဖေ့လီက ပြုံး၍ပြော၏။

"အရည်အသွေးက တကယ်ကိုကောင်းတယ်"

"ဂျုံတွေ စိုက်ထားတဲ့နေရာကို သွားကြမလား"  

ကျောင်းကျွယ်က ပျော်ရွှင်စွာဖြင့် နောက်တစ်နေရာကို ခေါ်သွားသည်။

စက်ရုံသည် တရား၀င်စတင်ခြင်း မရှိသေးပေ။ ထို့ကြောင့် လူအနည်းငယ်သာရှိ၏။

ဖေ့လီက "အင်း"ဟုသာ ဖြေလျက် တစ်စုံတစ်ရာကိုမေးရန် သတိရသွားသည်။

"မြို့ထဲမှာ ကားငှားလို့ရတဲ့နေရာကို သိလား" 

ကျိုးရှန်ချီသည် ဘီးတပ်ကုလားထိုင်နှင့် ဖြစ်သောကြောင့် ဘတ်စကားစီးရန် အဆင်မပြေပေ။ ပိုက်ဆံအနည်းငယ် အကုန်ကျခံကာ ကားငှားခြင်းသည် သူ့အတွက်ပို၍အဆင်ပြေကာ သူမသည်လည်း ဒုက္ခရောက်မည်မဟုတ်တော့ပေ။

ကျောင်းကျွယ်က ခဏမျှစဉ်းစားပြီးနောက်  

"မြို့ထဲမှာ ကားငှားလို့ရတဲ့နေရာ မရှိဘူး။ ဘာလို့လဲ၊ တစ်နေရာရာသွားမလို့လား"

"ကျွန်မ မြို့တက်ပြီး လုပ်စရာကိစ္စရှိလို့ပါ။ တခြားလူတစ်ယောက်ကိုရော ခေါ်သွားရမှာဆိုတော့ ဘတ်စကားနဲ့အဆင်မပြေလို့"

ကျောင်းကျွယ်က အစ၌ သူမသည် ပစ္စည်းများလက်ကား ရောင်းရန် သွားမည်ဟုထင်၏။ ထို့ကြောင့် ကုန်ကားရရန် ခက်ခဲသည်ဟု တွေးလိုက်သည်။ သို့သော် အခြားလူကို ခေါ်သွားရမည်ဟု ကြားသောအခါ ရိုးရှင်းသောကိစ္စတစ်ခုဖြစ်မှန်း သိလာ၏။

"အဲ့ဒါဆို လွယ်ပါတယ်။ လောင်ချန်က တစ်ပတ်တစ်ခါ ပစ္စည်းတွေယူဖို့ မြို့သွားတတ်တယ်။ သူ့မှာကားရှိတယ်။ မင်းသူနဲ့ လိုက်သွားလို့ရတယ်"

ဖေ့လီက "လောင်ချန်က ဘယ်သူလဲ"

"အနောက်ဈေးမှာ သစ်သီးခြောက်ရောင်းတဲ့လူ"  

ဖေ့လီ ထိုလူကိုမှတ်မိသွားသည်။ သူမ အသီးများ၀ယ်ခဲ့သည့်ဆိုင်သည် ထိုလူ၏ဆိုင် ဖြစ်၏။ သူမက ချက်ချင်း ပြုံးကာ ပြော၏။

"ကျွန်မ အပြန်ကျမှ ၀င်မေးကြည့်လိုက်မယ်"

သူမတို့နှစ်ယောက်သည် ဂျုံများစိုက်ပျိုးရာအခန်းသို့ သွားကြသည်။

ကျောင်းကျွယ်က ဖေ့လီကညွှန်းကြားချက်အရ အခန်းကို ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်သည်။ အတွင်းဘက်၌ ချည်သားအလွှာတစ်ခု ရှိကာ အပြင်တွင် ကောက်ရိုးတို့ဖြင့် ကာထားပြီး ပလတ်စတစ်ဖြင့် အုပ်ထားသည်။ 

ဘေးပတ်ပတ်လည်တွင် မီးသွေးဖိုတို့ဖြင့် အပူပေးထားသောကြောင့် အခန်းက ဆောင်းရာသီမှာပင် နွေဦးကဲ့သို့ နွေးနေ၏။

ရက်အနည်းငယ်မျှ တစ်ရက်လျှင်တစ်ကြိမ် ရေလောင်းထားသောကြောင့် စကာထဲရှိ ဂျုံများသည် အညှောက်ပေါက်မည့် လက္ခဏာပေါ်နေသည်။

ဖေ့လီက တိုးတိတ်စွာပြော၏။

"အညှောက်ပေါက်ဖို့ လေး၊ ငါးရက်လောက်တော့ အချိန်ယူရဦးမှာ။ နှမ်းယို ထုတ်မပြီးခင် ကျွန်မပြန်လာနိုင်ပါ့မလား မသိဘူး။ ပြန်မလာနိုင်ခဲ့ရင် နှမ်းယိုနည်းနည်းလောက်ကို မြို့ထဲမှာ စမ်းရောင်းကြည့်လိုက်ပါ။ ရောင်းအားကောင်းရင် အနီးနားကမြို့တွေဆီ ထုပ်ပိုးပြီး ရောင်းချကြမယ်။ ကျွန်မသွားတာ တစ်ပတ်‌ကျော်လောက်ပဲ ကြာမှာပါ”

"ကောင်းပြီ။ မင်း‌ပြောတဲ့အတိုင်းလုပ်မယ်"

ကျောင်းကျွယ်က သဘောတူ၏။

ထုတ်လုပ်မှုလုပ်ငန်းစဉ် ပေါက်ကြားခြင်းကို ကာကွယ်ရန် စက်ရုံကို အခန်းငယ်များခွဲထားသည်။ တစ်ခန်းနှင့်တစ်ခန်း ပစ္စည်းပို့ရန်အတွက် စတုရန်ပုံစံအပေါက်ငယ်ကိုသာ ဖောက်ထား၏။

ဖေ့လီက စစ်ဆေးပြီးနောက် သူ၏ စေ့စပ်စွာ တွေးခေါ်တတ်မှုကို လေးစားသွားသည်။ သူက ရွေ့လျားစက်ခါးပတ်ကိုပင် အသုံးပြုထားသည်။ အလုပ်သမားများသည် ဘေးပတ်၀န်းကျင်မြို့များမှ ဖြစ်သောကြောင့် အချင်းချင်း မသိကြပေ။

လှည့်လည်ကြည့်ရှုပြီးနောက် ကျောင်းကျွယ်က သူမကို တံခါး၀သို့‌ လိုက်ပို့၏။

သူမ လျှောက်သွားသည်ကို ကြည့်ပြီးနောက်  တံခါးနားတွင်ရှိသော ရွှီကွမ်းကို တစ်ခဏမျှ ကြည့်လိုက်သည်။ သူသည် စိုးရိမ်ထိတ်လန့်လာပြီး ကျောချမ်းလာသည်။

ဖေ့လီက စက်ရုံမှ ထွက်လာပြီးနောက် အသီးခြောက်ဆိုင်သို့ သွားသည်။ ဆိုင်ထဲတွင် အလွန်ကြင်နာတတ်သည့် မျက်နှာရှိသော အသက်၅၀ရွယ် လူကြီးတစ်ယောက်ကို တွေ့ရ၏။

သူမက နှုတ်ဆက်လိုက်ပြီး သူမ၏ရည်ရွယ်ချက်ကို ရှင်းပြသည်။

"သူဌေးQian နောက်နှစ်ရက်လောက်နေရင် မြို့သွားမှာလား။ ကျွန်မတို့မိသားစုကို ခေါ်သွားလို့ရမလား။ မြို့သွားပြီး ဆရာ၀န် ပြရမှာမို့ပါ။ ဘတ်စကားနဲ့က တကယ်အဆင်မပြေလို့ပါ။ သူဌေးကပဲ ဈေးသတ်မှတ်ပေးပါ"

ဖေ့မိသားစု၏ နှင်းဆီပွင့်ပေါက်စီများအကြောင်း  ချန်ကျင်းမင်က ကြားဖူး၏။ သူက ဖေ့လီကိုကြည့်ကာ ညင်သာစွာမေးသည်။

"လူဘယ်လောက် လိုက်မှာလဲ"

"နှစ်ယောက်ပါ" 

ချန်ကျင်းမင်က မုတ်ဆိတ်မွှေးများကို သပ်ကာ မေး၏။

"နှစ်ယောက်ကို ငါးယွမ်ဆိုရင်ရော၊ ကားက မနက်ဖြန်မနက်စာ စားပြီးတဲ့အချိန် စထွက်ပြီး မြို့ကို ညနေ၃နာရီလောက် ရောက်မှာ။ အချိန်က အဆင်ပြေပါ့မလား"

သူမတို့သည် မြို့ကို ဘာလုပ်သွားမည်မှန်း မသိပေ။ ထို့ကြောင့် ဤကိစ္စမျိုးကို ညှိနှိုင်းထားသည်က ပိုကောင်း၏။

ဖေ့လီက အမြန်သဘောတူ၏။

"ကောင်းပါပြီ ဒီနေ့ ‌စောစောပြင်ဆင်ထားလိုက်ပါ့မယ်" 

"အဲ့ဒါဆို တံခါး၀က စောင့်နေမယ်"

‌‌ဖေ့လီက ကျေးဇူးတရားကိုဖော်ပြရန် သစ်ကြားသီးအချို့ကို ၀ယ်ခဲ့လေသည်။

ထိုအချိန်တွင် အခြားစက်ရုံ၌ ကွမ်းချွမ်ချန်းသည် ချင်းစိမ်းချိုချဉ် အခု၂၀ကျော်ကို သုံးရက်ဆက်တိုက် စားပြီး ဖြစ်၏။ အရသာက ပေါ့လိုက် ပြင်းလိုက်ဖြစ်နေသည်။ ဝါးလိုက်လျှင် ကျန်ရှိခဲ့သော ချင်းစိမ်းဖတ်များကိုပင် ထွေးထုတ်နေရသည်။ ဖေ့လီ၏ ချင်းစိမ်းချိုချဉ်ကဲ့သို့ နူးညံ့မှုမရှိပေ။ သူက ဒေါသထွက်ကာ စားပွဲကိုတွန်းလှန်လိုက်သောကြောင့် ချင်းစိမ်းချိုချဉ်များ မြေပြင်သို့ကျသွားသည်။

"သမှိုက်သရိုက်‌တွေ ချင်းစိမ်းချိုချဉ်လုပ်နည်းလေးတောင် အကြာကြီး ရှာဖွေနေရသလား။ မင်းတို့တွေ ချင်းအတွက်ရော သကြားအတွက်ရော ငွေတွေအများကြီးဖြုန်းပြီးကြပြီ။ မလုပ်နိုင်ရင် ခုချက်ချင်း ထွက်သွားကြ"

အဆူခံရသော လူများသည် ကြွက်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေသည်။ ခေါင်းငုံထားကာ သူတို့ခြေချောင်းများကို ကြည့်နေကြလျက် သူဌေးဖြစ်သူကို မော့မကြည့်ဝံ့ပေ။

...