အပိုင်း ၁၇
Viewers 358

အခန်း (၁၇) မြို့သို့ သွားခြင်း

မြို့သွားရန် အချိန် သတ်မှတ်ပြီးနောက် ဖေ့လီက အနီးနားက ဈေးကိုသွားကာ ချက်ပြုတ်ရန်အတွက် လိုအပ်‌သောပစ္စည်းများ ၀ယ်သည်။ သို့မှသာလျှင် လမ်းခရီး၌ စားသောက်နိုင်မည်ဖြစ်၏။

လတ်ဆတ်သောအသီးအရွက်များ များများစားစား မကျန်တော့သောကြောင့် မုန်လာဥအချို့နှင့် ဘဲဥများကိုသာ ၀ယ်ခဲ့သည်။

သူမငယ်စဉ်ကတည်းက ယခုချိန်အထိ အိမ်မှထွက်ခွာဖူး‌သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် ဖေ့ရုန်ဖူက အလွန်စိုးရိမ်နေသည်။ သူက ဈေးသို့အမြန်သွားကာ အ၀တ်အိတ်တစ်လုံး၊ အပူခံရေဘူးကြီးတစ်ဘူးနှင့် စောင်ပါးတစ်ထည်ကို ၀ယ်ခဲ့သည်။ သူတို့သည် ပစ္စည်းအပြည့်သယ်ကာ ပြန်ခဲ့၏။

ဖေ့လီက အလွန်ပျော်ရွှင်ကာ အိမ်ထဲ၀င်သည်နှင့် သူမအမေကို ပြောသည်။

"အမေ သမီးတို့ မနက်ဖြန် မြို့သွားလို့ရပြီ။ ဦးလေးချန်က ခေါ်သွားပေးမယ်တဲ့"

၀မ်ချွေလန်က ထရပ်ကာလက်ခုပ်တီးသည်။ သူမက ကျိုးရှန်ချီကို ကြည့်ကာ

"ကောင်းလိုက်တာ။ အခုဆို ခြေထောက် ကုလို့ရပြီပေါ့"

ကျိုးရှန်ချီ၏ မျက်လုံးတို့က လှုပ်ရှားသွားကာ ဖေ့လီကို ကြည့်လိုက်၏။

ဖေ့လီက သူမ ၀ယ်လာသောပစ္စည်းများကို ထုတ်ကာ မုန်လာဥများကို ဆေးလိုက်သည်။

"သမီးတို့ မနက်ဖြန် မနက်စာ စားပြီးတဲ့အချိန်ထွက်မှာ။ ပြင်ဆင်စရာရှိတာတွေ ဒီညပြင်ထားမှဖြစ်မှာ"

၀မ်ချွေလန်က လိုအပ်သည်များကိုပြင်ဆင်ရန် ကူညီသည်။

"အဲ့ဒါဆို သမီးတို့လမ်းမှာစားဖို့ စားကောင်းတာလေးတွေ ချက်ပေးမယ်"

ဖေ့ရုန်ဖူက ပစ္စည်းအိတ်တစ်လုံးနှင့် ရောက်လာသည်။ ဇနီးနှင့် သမီးတို့၏ အပြုံးများကို ကြည့်၍ ထိုင်လိုက်ကာ ကျိုးရှန်ချီကို သဘောမကျစွာ ကြည့်လိုက်သည်။ 

"မင်း လမ်းမှာ အေးနေမှာစိုးလို့ စောင်တစ်ထည်၀ယ်ခဲ့တယ်"

ကျိုးရှန်ချီက ပြုံး၍ ‌ပြန်ပြောသည်။

"ကျေးဇူးတင်ပါတယ်"

သူသည် ထောင့်ချိုးညီသည့်မျက်ခုံးမွှေး၊ တောက်ပသောမျက်လုံးတို့နှင့် သူရဲကောင်းဆန်သည် ပုံပန်းသွင်ပြင်ရှိသည်။ ဘီးတပ်ကုလားထိုင်တွင် ‌ထိုင်နေလျှင်ပင် ကျောမတ်မတ်ထိုင်၏။ စစ်တပ်ထဲ နေဖူးသကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းတွင် အချိန်နှစ်လ ကုန်သွားပြီဖြစ်ကာ နှစ်သစ်ကူးတော့မည်ဖြစ်သည်။

ဖေ့ရုန်ဖူသည် လမ်းတွင် ဖြတ်သွားသည်နှင့် သမက်တစ်ယောက် အလကားရလိမ့်မည်ဟု မထင်ခဲ့‌ပေ။

ထိုအချိန်တုန်းက သူက ဖခင်ဖြစ်သူအတွက် ငွေစက္ကူများ မီးရှို့ပေးရန် သွားခဲ့သည်။ အပြန်လမ်း၌ ချုံကြားတွင် အသံတစ်ခု ကြားခဲ့၏။ သူက သရဲခြောက်သည်ထင်သောကြောင့် ကြည့်ရန် သတ္တိများ စုဆောင်းခဲ့ရသည်။ ထို့နောက် သွေးများ ဖုံးလွှမ်းနေသော သေ့အံဆဲဆဲလူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့အင်္ကျီအိတ်ထဲတွင် သေးငယ်သော မှတ်စုစာအုပ်တစ်အုပ်သာ ရှိ၏။

ဖေ့ရုန်ဖူက ပြဿနာ မတက်ချင်ပေ။ ထိုလူက ငယ်ရွယ်ပြီး ဖေ့လီနှင့် အသက်အရွယ်တူသည်ကို ခန့်မှန်းမိကာ အိမ်သို့ ခေါ်လာခဲ့သည်။ သို့သော် ကျိုးရှန်ချီက မှတ်ဉာဏ်များ ပျောက်ဆုံးကာ ကယ်တင်ခဲ့သည့် ကျေးဇူးကို ပြန်၍မဆပ်နိုင်ပေ။ ထိုအစား သူတို့ကို ဒုက္ခရောက်စေခဲ့သည်။

မှတ်စုစာအုပ်သာလျှင် သဲလွန်စတစ်ခုဖြစ်၏။ သို့သော် အထဲတွင် ရေးသားထားသည်များကို မဖတ်တတ်ပေ။ သူတို့က အခြားသူတစ်ယောက်ကို ဖတ်ပြရန် တောင်းဆိုခဲ့သည်။ စာအုပ်အဖုံးမှ နာမည်သည် 'ကျိုးရှန်ချီ' ဖြစ်သောကြောင့် သူတို့က နာမည်ကို အမှန်၊ အမှား မခွဲခြားတော့ဘဲ ကျိုးရှန်ချီဟုသာ ခေါ်ဝေါ်ခဲ့သည်။ ကုသခြင်းအတွက် ငွေအနည်းငယ် ပိုသုံး‌ရသော်လည်း ထိုဆုံးဖြတ်ချက်သည် မှန်ကန်ပုံ ပေါ်သည်။ ဖေ့ရုန်‌ဖူက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ဖေ့လီက မုန်လာဥပန်ကိတ်လုပ်ရန် စီစဉ်သည်။ မုန်လာဥဖြူကို နုတ်နုတ်စင်းကာ ကြက်ဥလေးလုံး ဖောက်ထည့်သည်။ ဂျုံမုန့်သုံးဇွန်းနှင့် ဆားအနည်းငယ် ထပ်ထည့်၍ နယ်သည်။

ထို့နောက် ဒယ်အိုးထဲတွင်ဖြန့်၍ ကြော်သည်။

ဖေ့မိသားစု၏ မြေဒယ်အိုးသည် ပန်ကိတ်၈ခုကြော်ရန် လုံလုံလောက်လောက် ကြီးမားသည်။ တစ်ခါကြော်လျှင် ငါးခု ထည့်ကြော်သောကြောင့် မကြာမီတွင် မုန်လာဥပန်ကိတ်များ ပန်းကန်အပြည့် ဖြစ်လာသည်။

ထို့နောက် ဖေ့လီက ကြာရှည်ခံကာ စားရလွယ်ကူပြီး အရသာရှိသော လက်ဖက်ကြက်ဥ ပြုလုပ်ရန် ပြင်ဆင်သည်။

ရာသီဥတုအေးအေးတွင် ကြက်ဥများကို သုံးမိနစ်မျှပြုတ်ကာ ဆယ်ယူသည်။ ထို့နောက် အရသာ၀င်စေရန် ကြက်ဥခွံကို အနည်းငယ်ဖိသည်။ အမွှေးအကြိုင်များ၊လက်ဖက်ရွက်များထည့်ကာ အိုးသစ်တွင်ထပ်ပြုတ်သည်။ သကြားနှင့်ဆားကို ထည့်ပြီး မီးအေးအေးနှင့် အဆင်သင့်ဖြစ်သည်အထိ ပြုတ်သည်။

ဤခရီးသည် သမီးဖြစ်သူ၏ ပထမဆုံးခရီးဖြစ်သောကြောင့် ဖေ့မိသားစုသည် ညစာကို အမြန်စားကာ လိုအပ်သည်များ ပြင်ဆင်ကြသည်။

ဤခရီးသည် ရက်မည်မျှ ကြာမည်မှန်းမသိပေ။ ဖေ့လီက လွယ်ကူရိုးရှင်းသော နိယာမကို လိုက်နာသည်ဖြစ်ရာ ပစ္စည်းများကို နည်းနိုင်သမျှ အနည်းဆုံးသာ ထည့်သည်။ အ၀တ်အစားအချို့နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ပစ္စည်းသာလျှင် ယူသည်။ သို့သော်ထုပ်ပိုးပြီးနောက် အ၀တ်အိတ်ကြီးအပြည့် ဖြစ်သွားသည်။ သူမတို့သည် ကားငှားသွားသည့်အတွက်သာ အဆင်ပြေခြင်း ဖြစ်သည်။ ဘတ်စကားဖြင့် သွားပါက ပစ္စည်းများသယ်ရန် မလွယ်ကူပေ။

ကျိုးရှန်ချီကလည်း အခန်းထဲတွင် ထုပ်ပိုးနေသည်။ သို့သော် သူ့ပစ္စည်းများမှာ အနည်းငယ်သာ ရှိ၏။ ဘီးတပ်ကုလားထိုင်အသစ်မှ လွဲ၍ ကျန်သည့်ပစ္စည်းများမှာ ဖေ့ရုန်ဖူ၏ပစ္စည်းများ ဖြစ်သည်။

ဖေ့လီသည် စာအုပ်ထဲသို့ ကူး‌ပြောင်းလာကတည်းက အလုပ်များလျက် ရှိသည်။ သူမတွင် နားချိန်ရှိသည်မှာ ရှား၏။

နေ့စဉ်ဘ၀၏ အသေးအဖွဲ့ကိစ္စများကို မေ့တတ်လေ့ရှိသည်။ ကျိုးရှန်ချီ ထုပ်ပိုးနေသော အ၀တ်အစားများကို ကြည့်၍ စိတ်မကောင်းဖြစ်သွားကာ ပြောလိုက်သည်။

"ဒါတွေကိုပဲ အရင်၀တ်နှင့်။ ကျွန်မ မနက်ဖြန်ဈေးသွားပြီး အ၀တ်အစားတချို့‌၀ယ်ပေးမယ်"   

ကျိုးရှန်ချီက သူမကိုပြုံးပြလိုက်ပြီး ကျေးဇူးတင်စကားဆို၏။

ထိုအပြုံးသည် ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် အလွန်လှပနေ၏။၊  

ဖေ့လီက ထိုအပြုံး၏ ဖမ်းစားမှုကို ခံလိုက်ရကာ အမြန် အကြည့်လွှဲလိုက်သည်။ သူမ၏ နှလုံးခုန်သံအချို့က မြန်နေသည်။

သူမသည် ယခင်ဘ၀တွင် အချစ်အကြောင်း မတွေးဖူးဘဲ ငွေရှာရန်သာ‌‌စဉ်းစားခဲ့သည်။ သူမအနားတွင် ချစ်ရေးဆိုချင်ကြသည့် ယောက်ျားအများအပြား ရှိသော်လည်း သူမ၏ဩဇာကြီးမားမှုကြောင့် အနားမကပ်ရဲပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမက တစ်ကိုယ်တည်းသမားဖြစ်လာသည်။

ရုတ်တရက်ဆန်‌သည့် ကျိုးရှန်ချီ၏ နူးညံ့သောအကြည့်များကြောင့် သူမစိတ်များ ယောက်ယက်ခတ်သွားသည်။

သူမက အမြန်ထုပ်ပိုးကာ နှုတ်ဆက်စကားဆို၍ ထွက်လာခဲ့သည်။ သူမမျက်နှာပေါ်ရှိ နီမြန်းမှုသည် ဆောင်းလေအေးများကြောင့် ဖျော့တော့သွားသည်။

နောက်တစ်နေ့တွင် လုပ်စရာကိစ္စများ ရှိ‌သောကြောင့် ဖေ့လီက ‌လှဲလျောင်းကာ မျက်စိမှိတ်လိုက်သည်။ အိပ်မပျော်မီတွင် အကြိမ်များစွာ ဟိုဘက်လှည့်ဒီဘက်လှည့်နှင့် လူးလွန့်ခဲ့ရသည်။ ထို့နောက် သူမသည် အိပ်မက်တစ်ခု မက်ခဲ့သည်။

အိပ်မက်ထဲတွင် သူမသည် အလယ်တန်းကျောင်းသို့ ပြန်ရောက်နေကာ အတန်းပိုင်ဆရာမက ကျောင်းသားအသစ်ကို သူမနှင့်အတူ ထိုင်ရန်စီစဉ်ပေးသည်။ အတန်းဖော်အသစ်သည် ရုပ်ရည်ချောမောကာ အမှတ်များ ကောင်း၏။ သူသည် အင်္ဂလိပ်စာတွင် ကောင်းစွာပြောဆိုနိုင်ပြီး ကျွမ်းကျင်မှု ရှိသည်။ သူက သူမကို တစ်လုံးချင်းစီသင်ပေး၏။ သူမတို့၏ နှလုံးသားများ တဖြည်းဖြည်းနှင့် နီးစပ်လာသည်။ သူမတို့၏ မျက်နှာတစ်ခုနှင့် တစ်ခုသည် နီးကပ်လာကာ သိမ်မွေ့သည့် မျက်၀န်းတစ်စုံက သူမကိုကြည့်လာသည်။ ဖေ့လီက သူမ၏ထိုင်ခုံဖော်သည် ကျိုးရှန်ချီ ဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမက အံ့အားသင့်ကာ ထိုင်ခုံမှ အမြန်ထခုန်လိုက်သည်။

သူမ၏ ခြေထောက်များသည် စောင်ထဲတွင် လှုပ်ရှားနေကာ မျက်းလုံးဖွင့်၍ ရင်းနှီးသောနံရံကို ကြည့်လိုက်သည်။ ဖေ့လီက အိပ်မက်ထဲမှ မြင်ကွင်းကို တွေးလိုက်သည်။ သူမ၏ နှလုံးခုန်သံသည် ဗုံတီးသကဲ့သို့ ဖြစ်နေ၏။ သူမက အသက်ပြင်းပြင်း ရှူလိုက်ကာ အိပ်မက်တစ်ခုမှန်း သဘောပေါက်သွားသည်။

ထိုအချိန်တွင် ဖေ့စုံတွဲသည် ပြင်ဆင်ရန်အတွက် စောစောထကြကာ မီးဖိုချောင်တံခါးကို ဖွင့်၍ ၀င်လာကြသည်။ 

'ဘယ်လိုတောင် ထူးဆန်းတဲ့အိပ်မက်လဲ'

ဖေ့လီက မူးဝေစွာ ထလိုက်ပြီး အိပ်ချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့ အစောကြီး ထကြတာလဲ"

၀မ်ချွေလန်က ဖေ့ရုန်ဖူကို စိုက်ကြည့်ကာပြော၏။

"ပြောပါတယ် တိုးတိုးလုပ်ပါလို့"

သူမက ဖေ့လီဆီသို့ လျှောက်လာကာ ခုတင်ဘေး၀င်ထိုင်သည်။ ဖေ့လီ၏ခေါင်းကို ထိလိုက်ပြီး

"အမေက သမီးအပြင်မှာ ဒုက္ခရောက်မှာ စိုးရိမ်ပြီး အိပ်မပျော်ဘူး‌ ဖြစ်နေတာ"

ဖေ့ရုန်ဖူကလည်း ၀င်ပြော၏။

"ဟုတ်တယ် ညက အဖေနဲ့ အမေ အိပ်မပျော်ကြဘူး" 

ဖေ့လီသည် ယခင်က ဤကဲ့သို့သော ချစ်မြတ်နိုးမှုများကို မခံစားခဲ့ဖူးပေ။ သူမ၏ စိတ်ခံစားချက်များ များပြားလာကာ "အမေ"ဟုခေါ်လိုက်သည်။

၀မ်ချွေလန်က ဖေ့လီကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ သူမက ၀န်လေးနေ၏။

"အပြင်ရောက်ရင် အိမ်မှာလို တစ်ဇွတ်ထိုးနိုင်လို့မရဘူးနော်။ တစ်ခုခုဆို အမေတို့ကို‌လှမ်းပြော။ ရွာလူကြီးအိမ်ကဖုန်းကို ခေါ်လိုက်ရင် အမေတို့နဲ့ ပြောလို့ရပြီ"

ဖေ့လီက  လေးကန်စွာ ခေါင်းညိတ်၏။ 

ဖေ့ရုန်ဖူသည် သမီးကိုကြည့်ကာ မျက်လုံးတို့ စပ်လာ၏။ သူက လေထုကို တမင်သက်သက် ဖြိုခွဲလိုက်သည်။

"ငါတို့သမီးက ပြန်မလာမှာမှ မဟုတ်တာ နှစ်ရက်လောက်နေရင် ပြန်လာမှာကို ဘာလို့ငိုနေတာလဲ"

၀မ်ချွေလန်က ဖေ့ရုန်ဖူကို ထကန်သည်။

"သွားချက်ပြုတ်ချည်"

ဖေ့လီက သူတို့ကို ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ မနက်စာချက်ပြုတ်ပြီးသည့်အထိ စောင့်လိုက်သည်။

ဖေ့မိသားစုသည် ထိုနံနက်၌ ပေါက်စီများ ပြုလုပ်ခြင်းမရှိဘဲ ကျန်ရှိနေသောအချိန်များတွင် မိသားစုကိစ္စများကိုသာ ဆွေးနွေးနေကြသည်။ မထွက်ခွာမီ၌ ပစ္စည်းများ ကျန်နေ၊ မနေကို အကြိမ်များစွာ စစ်ဆေးကြသည်။ သူတို့ထွက်ခွာသောအခါ နေက အလွန်တောက်ပနေပြီ ဖြစ်၏။

ကျိုးရှန်ချီ၏ ဘီးတပ်ကုလားထိုင်သည် အချိန်ကြာကြာ တွန်း၍ မရသောကြောင့် ဖေ့ရုန်ဖူက  သူ့ကို တွန်းလှည်းပေါ် တင်၍ဆွဲသည်။ ယူလာသောပစ္စည်းများကိုလည်း ထိုပေါ်သို့တင်သည်။ ၀မ်ချွေလန်နှင့် ဖေ့လီက လှည်းနောက်မှ တွန်းကြသည်။

ကျိုးရှန်ချီသည် ပစ္စည်းပစ္စယများနှင့် တွန်းလှည်းပေါ်တွင် ထိုင်ရသောအခါ ကိုးရိုးကားရား ဖြစ်နေသော်လည်း ထိုအရာကို ယခုချိန်၌ ဂရုစိုက်ရန်အချိန် မရှိပေ။ ဤသည်မှာ ဖေ့မိသားစုအိမ်မှ ထွက်ကာ အပြင်ရှုခင်းကိုမြင်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ မြင်ကွင်းများက အလွန်အမင်း ဆန်းသစ်နေသောကြောင့် သူက မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

တွန်းလှည်းပေါ်တွင် လူတစ်ယောက် တင်ဆွဲသည့် အထူးအဆန်းမြင်ကွင်းသည် ပင်မလမ်းမကြီးပေါ်သို့ ရောက်သောအခါ ရွာသားများ၏ အာရုံစိုက်မှုများ ရောက်ရှိလာသည်။ သူတို့၏အသံများသည် တစ်စတစ်စ ကျယ်လောင်လာသည်။  

"သနားစရာကောင်းနေရော။ ဖေ့ရုန်ဖူက အသက်ကြီးနေပြီကို သမက်ကို လှည်း‌ပေါ်တင် ဆွဲရတုံး"

"ခြေထောက်တွေမှမကောင်းတာကိုး တွန်းလှည်းမရှိဘဲ ဘယ်လိုလုပ်အဆင်ပြေမှာလဲ"

"ခြေ‌ထောက်တွေက အဲ့လိုဖြစ်နေမှတော့ ကလေးလည်း ရနိုင်မှာမဟုတ်ပါဘူး။ ဟုတ်တယ်မလား"

ဖေ့လီက မခံမရပ်ဖြစ်ကာ ပြန်ပြောဆိုချင်လာ၏။ သို့သော် ၀မ်ချွေလန်မှာ ဒေါသအချောင်းချောင်း ထွက်လာသည်။ သူမက အသံကုန်မြှင့်ကာ အဆဲမျိုးစုံ ဆဲတော့သည်။

သူမ၏ ဆဲရေးမှုက အလွန်အံ့အားသင့်ဖွယ်ကောင်းသောကြောင့် အစွယ်နှင့် လက်မများ ထုတ်ပြနေကြသော အမျိုးသမီးတစ်စုသည် ငြိမ်သွားကြ၏။

ကျိုးရှန်ချီ၏မျက်နှာသည် မည်းမှောင်နေပြီး ဖေ့လီကို မကြာခဏ ခိုးကြည့်နေသည်။ သို့သော် သူမခေါင်းငုံထားသည်ကိုသာ တွေ့ရ၏။

မနေ့ညက အိပ်မက်ကြောင့် ဖေ့လီက ကျိုးရှန်ချီကို မကြည့်ဝံ့ပေ။ သူမက တစ်လမ်းလုံး ခေါင်းငုံ၍သာ လိုက်လာသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူမတို့လေးယောက်သည် မြို့သို့ ရောက်လာကြသည်။

ချန်ကျင်းမင်က နံနက်စာစားပြီး၍ တံခါး၀တွင် နေပူဆာလှုံနေသည်။ သူတို့လာသည်ကို မြင်သောအခါ သူ၏ကားကို မောင်းသွားလိုက်ပြီး ပစ္စည်းများကို ကားပေါ်တင်ခိုင်း၏။

သူ၏ကားသည် အနောက်ဘက်တွင် အမိုးမပါသော သာမန်ကုန်တင်ကားဖြူ‌လေးဖြစ်သည်။ ချန်ကျင်းမင်က ပစ္စည်းများ စိုကုန်မည်စိုးသောကြောင့် သွပ်ပြားကြီးတစ်ချပ် ကြိုတင်ပြင်ဆင်ထားသည်။ နယ်ဘက်များတွင် ထိုအရာသည် အလွန်ခေတ်ဆန်၏။

ဖေ့ရုန်ဖူသည်လည်း ထိုအရာသည် အလွန်မိုက်သည်ဟု ခံစားမိသည်။ သူ့မျက်လုံးများတွင် မနာလိုမှုတို့ ပေါ်ပေါက်လာသည်။

"ငါလည်း ဘယ်ချိန်မှ ကားမောင်းနိုင်မှာလဲ"

"နောက်နှစ်ကျ တစ်စီး ၀ယ်ပေးမယ်"  

ဖေ့လီက ပြုံးပြကာ အာမခံလိုက်သည်။

၀မ်ချွေလန်က သူမကို လက်ညှိုးထိုးကာ ပြောသည်။

"စစနောက်နောက်နဲ့"

စကားဖြင့်သာ ပြောသော်လည်း ဖေ့ရုန်ဖူက အလွန်ကျေနပ်သွားကာ ပါးစပ်ပင်မပိတ်တော့ချေ။

ချန်ကျင်းမင်က ပို့ရမည်ပစ္စည်းစာရင်းများ ပြုလုပ်လျက်ရှိသည်။ ဖေ့လီက သူ့ဆီသို့သွားကာ မေးသည်။  

"ကျွန်မတို့ ဘယ်ချိန်ထွက်ကြမှာလဲ။ မသွားသေးဘူးဆိုရင် ပစ္စည်းနည်းနည်းလောက် သွား၀ယ်ချင်လို့"

"နာရီ၀က်လောက်နေရင်သွားမှာ။ မြန်မြန်ပြန်ခဲ့"

ချန်ကျင်းမင်က သတိပေးလိုက်သည်။

ဖေ့လီက အ၀တ်အစားဆိုင်သို့ မြန်မြန်သွားသည်။ သို့သော် ဆိုင်ထဲ၀င်သောအခါ ကျိုးရှန်ချီကို အင်္ကျီဆိုက် မမေးခဲ့ရမှန်း သတိရသွားသည်။ ထို့ကြောင့် သူမက သင့်တော်မည့်အရွယ်အစားကိုသာ ၀ယ်လိုက်သည်။

ဆိုင်ရှင်၏ အကြံပေးချက်အရ ကွက်တိဖြစ်မည့်၀တ်စုံနှစ်စုံ ၀ယ်သည်။ ဆေးရုံတွင် နေရမည် ဖြစ်သောကြောင့် ညအိတ်၀တ်စုံ‌နှစ်စုံလည်း ၀ယ်လိုက်သည်။

သူမ မိဘများက သ၀န်တိုမည် စိုးသောကြောင့် သူတို့အတွက်လည်း ကုတ်အင်္ကျီအနွေးထည်များ ၀ယ်၏။

တစ်ခါတည်းဖြင့် ၁၀ယွမ် ကုန်သွား၏။ 

ဖေ့လီက ပစ္စည်းများ သယ်ကာ ပြန်သွားလိုက်သည်။ 

ဖေ့လီထွက်သွားသောအခါ ကျိုးရှန်ချီသည် အလွန် စိုးရိမ်ကြောင့်ကြနေသည်။ သူက ကားတံခါးမှ ခေါင်းထွက်ကာ အပြင်သို့ ကြည့်လျက် ရှိသည်။

စက္ကန့်အနည်းငယ်အတွင်း သူ့ခေါင်းသည် အ၀တ်အိတ်တစ်လုံးနှင့်အတူ ကားထဲပြန်သွင်းခံလိုက်ရသည်။

ဖေ့လီက ဆူလိုက်သည်။

"ငြိမ်ငြိမ်ထိုင်နေ ခဏနေသွားကြတော့မှာ"

အိတ်ထဲတွင် နက်ပြာရောင်အ၀တ်အစားများကို ခပ်ရေးရေး မြင်နေရသည်။ ကျိုးရှန်ချီက ထိကြည့်လိုက်သည်။ ယမန်နေ့ညက သူမပေးထားသည့် ကတိအတိုင်း ဖြည့်ဆည်းပေးသည်ကို သိသောကြောင့် ‌ သူ့ရင်ထဲ နွေထွေးသွားရသည်။

ချန်ကျင်းမင်က သူမ ပြန်ရောက်သည်ကို မြင်သောအခါ သော့ထယူ၍ သူမကိုမေးသည်။

"သွားကြတော့မလား"

ဖေ့လီက ခေါင်းညိတ်ပြကာ သူမ၀ယ်ခဲ့သော အနွေးအင်္ကျီနှစ်ထည်ကို မိဘများအား ပေးလိုက်သည်။ သူမက ထွက်ခွာရမည်ကို အင်တင်တင် ဖြစ်နေကာ မိဘများကိုပြောလိုက်သည်။

"စိတ်မပူပါနဲ့ သမီးဟိုရောက်ရင် ဖုန်းခေါ်လိုက်မယ်"

ဖေ့ရုန်ဖူ၏အကူအညီဖြင့်ရပ်နေရသော ၀မ်ချွေလန်သည် မျက်လုံးများနီရဲနေကာ

"ဘယ်ချိန်နေနေ အမေတို့ဆီဖုန်းခေါ်လိုက်နော်။ တစ်ခုခုဆို စွန့်စွန့်စားစားမလုပ်နဲ့နော်"

သူမပြောလေလေ သမီးဖြစ်သူကို မလွှတ်ချင်လေလေပင်။ ဖေ့လီက "အင်း"ဟုဖြေကာ အနောက်သို့ ပြန်ကြည့်ခြင်းမရှိဘဲ ကားပေါ်သို့တတ်သည်။

ချန်ကျင်းမင်က သော့ဖွင့်ကာ ကားကိုစက်နှိုးသည်။ ကားက စက္ကန့်အနည်းငယ်ကြာ စက်သံမြည်ပြီးနောက် 

အခိုးအငွေ့များ တလိပ်လိပ်ထွက်လာကာ စတင်ရွေ့လျားသည်။ ဖေ့စုံတွဲက သူမကို လက်ပြနှုတ်ဆက်လျက်။ 

ကားက မြို့လေးမှ အမြန်ထွက်လာကာ ပင်မမြို့ကြီးဆီသို့ ဦးတည်လျက်ရှိသည်။ သူမတို့ ဖြတ်သွားသောနေရာများတွင် ချမ်းသာကြွယ်၀ခြင်းကင်းမဲ့နေသော တစ်ထပ်အိမ်များသာ ရှိသည်။

လမ်းပေါ်တွင်လည်း ကားအနည်းငယ် ဖြတ်သွားသည်မှလွဲ၍ ဘာမျှမရှိပေ။ စက်ဘီးသမားများက ကားလာသောအခါ ဘေးသို့ရှောင်ပေးကြသည်။

နေမြင့်လာသောကြောင့် လမ်းမပေါ်ရှိ နှင်းအချို့က အရည်ပျော်လာကာ အစိမ်းရောင်အပင်များ ပေါ်လာသည်။ ထိုမြင်ကွင်းသည် တစ်ချက်ကြည့်ရုံဖြင့် ချစ်စရာကောင်းနေသည်။ သို့သော် လမ်းတစ်လျှောက်လုံးတွင် ဘာမျှမရှိဘဲ မြင်ကွင်းက အတူတူပင်ဖြစ်နေသည်။

ထိုရှုခင်းကို အချိန်အတော်ကြာကြည့်ပြီးနောက် ဖေ့လီသည် မျက်လုံးများညောင်းလာကာ အိပ်ချင်လာသည်။

သူမက အိပ်ရန် စောင်ဆွဲခြုံပြီး အနောက်ကို မှီလိုက်သည်။

ကားက လမ်းတစ်လျှောက်လုံး  အရှိန်မှန်မှန်ဖြင့်သွားနေသည်။ နေ့လယ်ရောက်ခါနီးမှသာ နားနေသည့်နေ‌ရာတွင် ရပ်သွားသည်။ နဉ်မြို့တော်ကို ရောက်ရန် တစ်နာရီမျှသာလိုတော့သည်။ ချန်ကျင်းမင်က ထိုင်ခုံခါးပတ် ဖြုတ်ကာ သန့်စင်ခန်းသို့ သွားသည်။

ကားတံခါးပိတ်သံသည် ဖေ့လီက လန့်သွားစေသည်။ သူမက ဖြည်းညင်းစွာ နိုးလာပြီး မျက်လုံးများက ဝိုးတဝါးဖြစ်နေကာ  သိချင်စိတ်အနည်းငယ်ဖြစ်ပေါ်နေသည်။

"ကျွန်မတို့ မရောက်‌သေးဘူးလား"

ကျိုးရှန်ချီက လျင်မြန်စွာပြန်ဖြေသည်။

"တစ်နာရီလောက် လိုသေးတယ်။ ရေသောက်ချင်လား"

‌ဖေ့လီက ဝိုးတိုးဝါးတားနှင့် ခေါင်းညိတ်ပြကာ သူပေးသောရေဘူးကို ယူ၍ တစ်ငုံသောက်သည်။

ရေဘူးကို လက်မှချသောအခါ  ကျိုးရှန်ချီက ထပ်မေးပြန်သည်။ 

"လက်ဖက်ကြက်ဥ စားချင်လား"

"စားမယ်"

ဖေ့လီက ယူရန် လက်လှမ်းလိုက်သော်လည်း သူက အခွံနွှာထားသော လက်ဖက်ကြက်ဥကို ပေးလာသည်။ သူမက အံ့ဩသွားကာ ကျိုးရှန်ချီကို ငေးကြောင်ကြောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျိုးရှန်ချီက ကြက်ဥလှမ်းပေးကာ စနောက်သည်။ 

"နောက်ဆုံးတော့ မင်းကိုယ့်ကိုကြည့်ပြီပေါ့"

...