အပိုင်း (၁၉) ဆေးရုံဆင်းခြင်း
ဖေ့လီက ဆေးရုံတတ်သည့်ကိစ္စများကို ဆောင်ရွက်ရန် သူနာပြုဆရာမနောက်သို့လိုက်လာခဲ့သည်။ သူမက ကြိုတင်ငွေ ယွမ်၂၀ကိုလည်း ပေးချေခဲ့၏။ ကျိုးရှန်ချီသည် လူနာဆောင်များ၏ အရှေ့ဘက်ခြမ်းတွင် ရှိသော အရိုးရောဂါအဆောင်တွင် နေရာချပေးခြင်းခံရသည်။
ဖေ့လီသည် လူနာဆောင်သို့ ရောက်သောအခါ ကျိုးရှန်ချီက ခုတင်ပေါ်တွင် ထိုင်၍ စာအုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။
တံခါးအနီးရှိ လူနာခုတင်ပေါ်တွင် ခေါင်းတုံးဆံတောက်ကေနှင့် ကလေးတစ်ယောက် အိပ်နေသည်။ သူ့ဘေးတွင် လျှော်ထားသောကြောင့် တွန့်ကြေနေသော အ၀တ်အစားများ ၀တ်ထားသည့် သူ့အမေဖြစ်သူ ထိုင်နေ၏။
သူမ မျက်နှာပေါ်တွင် အပြုံးများရှိနေကာ ဖေ့လီကို ဦးစွာနှုတ်ဆက်သည်။
"ညီမက ရှောင်ကျိုးရဲ့ ဇနီးလား"
ဖေ့လီက သူမ၏ ဖော်ရွေမှုကြောင့် အနည်းငယ် အံ့ဩသွားသည်။ သို့သော် သူမက အမှန် ပြင်မပေးတော့ဘဲ ခေါင်းသာညိတ်လိုက်သည်။
ချန်ဝေ့က အသံကိုနှိမ့်ကာ မေးသည်။
"ရှောင်ကျိုးရဲ့ ခြေထောက်တွေက ဘာဖြစ်တာလဲ"
"ကားမတော်တဆ ဖြစ်တာပါ"
ချန်ဝေ့က သက်ပြင်းချကာ ကျိုးရှန်ချီကို ကြည့်၏။
"ငါတို့တွေက ဒုက္ခရောက်နေတဲ့ သူတွေပါပဲ"
ဖေ့လီက သူမနှင့် စကားဆက်ပြော၏။
ချန်ဝေ့၏ အပြောအရ ခေါင်းတုံးဆံတောက်နှင့် ကလေးငယ်၏ အခြေအနေကို သိလိုက်ရသည်။
ကလေး၏ အမည်မှာ ရွှီဟုန်ဝေ့ဖြစ်ပြီး သူတို့မိသားစုသည်လည်း အခြားနယ်မှလာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က ခြေထောက်နာခြင်းကို ခံစားခဲ့ရသည်။ ဆေးရုံသွားပြသောအခါ ရိုးတွင်းခြင်ဆီ နည်းပါးသောရောဂါ ဖြစ်နေမှန်း သိခဲ့ရသည်။ မကုသပါက ခြေထောက်တစ်ဖက် အကြောသေသွားနိုင်သည်။
သူမတို့ မြို့လေးရှိ ဆရာ၀န်များသည် ဤရောဂါကို သူတို့ မကုသနိုင်ကြောင်းပြောကြသည်။ ရွှီစုံတွဲသည် ပထမအသင်း၀င်ဆေးရုံမှ ဒေါက်တာလင်းခယ်ဝေ့က ခြေထောက်ကုသရာတွင် ကျွမ်းကျင်သူဖြစ်ကြောင်းကို ရွာသူရွာသားမိတ်ဆွေများထံမှ ကြားသိခဲ့ရသည်။ ထို့ကြောင့် သူမတို့သည် ပိုက်ဆံချေးငှားကာ နဉ်မြို့တော်သို့ လာရောက် ကုသခြင်းဖြစ်သည်။
အမျိုးသမီးက မျက်ရည်များကို သုတ်လိုက်သည်။ သူမအပြုံးသည်လည်း အနည်းငယ် ဖျော့တော့သွားသည်။
ဖေ့လီက သူမကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိပေ။ ထို့အပြင် ကျိုးရှန်ချီ၏ အခြေအနေသည်လည်း အကောင်းကြီး မဟုတ်ပေ။ သူမတို့နှစ်ယောက်သည် စကားအနည်းငယ်ပြောပြီးနောက် ဖေ့လီက ကျိုးရှန်ချီ၏ ပစ္စည်းများကို နေရာချပေးရန် ပြန်လာခဲ့သည်။
ကျိုးရှန်ချီက နက်ရှိုင်းသောအသံဖြင့် ပြောသည်။
"သူနာပြုဆရာမက နေ့လယ်ကျရင် စစ်ဆေးပေးဖို့လာမယ်တဲ့။ အဖြေကတော့ မနက်ဖြန်မှ သိရမှာတဲ့"
ဖေ့လီက "အင်း"ဟုသာ အသံတိတ်ဖြေကာ စကားလမ်းကြောင်းလွှဲသည်။
"နေ့လယ်စာ သွား၀ယ်ရင်း အိမ်ကိုဖုန်းဆက်ရမယ်"
ကျိုးရှန်ချီက ကုသသည့်အကြောင်း ပြောဆဲပင်ဖြစ်၏။
"တကယ်လို့ အဲဒါက ပြင်းထန်နေရင်..."
"စိတ်ဓာတ်ကျစရာ စကားတွေ မပြောနဲ့"
ဖေ့လီက သူ့စကားကို ဖြတ်ပြောလိုက်သည်။ ကိုင်ထားသည့်ရေခွက်ကိုလည်း စားပွဲပေါ်သို့ ဘန်းခနဲ မြည်အောင်ချလိုက်ကာ သူ့ကို စိုက်ကြည့်သည်။
ကျိုးရှန်ချီက သူမ၏အကြည့်ကြောင့် လန့်သွားရကာ ချက်ချင်းပင် တိတ်သွားသည်။
ဖေ့လီက သူမ၏ ပစ္စည်းများကို ဆက်လက်နေရာချနေသည်။ အချိန်အတော်ကြာပြီးနောက် သူမက သူ၏ခုတင်ရှေ့တွင် ထိုင်လိုက်သည်။ သူမက ဓားတစ်ချောင်း ထုတ်လိုက်ကာ ပန်းသီးအခွံနွှာသည်။
"ရှင်ဘာတွေးနေလဲဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ စိတ်မပူနဲ့။ မျှော်လင့်ချက် ရေးရေးလေး ရှိရင်တောင် ကျွန်မတို့က ကုပေးမှာ။ ရှင့်ကို ဒီထိရောက်အောင် ခေါ်လာမှတော့ ဆေးရုံပေါ်မှာပဲထားခဲ့ပြီး လမ်းတစ်၀က်နဲ့တင် ပစ်ပြေးမှာ မဟုတ်ဘူး"
ကျိုးရှန်ချီက ခပ်ဖွဖွဖြင့် စကားဆိုသည်။
"ဒါပေမဲ့ ကိုယ် ပြန်ကောင်းမလာရင် အိမ်မှာ အသုံးမ၀င်တဲ့လူတစ်ယောက် ဖြစ်နေမှာ။ လယ်ထဲဆင်းပြီးလည်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး"
ထိုအချိန်၌ ဖေ့စုံတွဲက သူ့ကို စွန့်ပစ်လိုက်မည်ကို စိုးရိမ်၏။
ဤရက်များအတွင်း ဖေ့လီနှင့် ဖေ့ရုန်ဖူတို့ ပေါက်စီ ရောင်းသွားစဉ် ၀မ်ချွေလန်က သူမတို့တွင် စိုက်ပျိုးရမည့်ဧကများ ရှိကြောင်းနှင့် သူ၏ခြေထောက် မြန်မြန်ပြန်ကောင်းလာကာ ကူညီလုပ်ကိုင်ပေးရန် စောင့်မျှော်နေကြောင်းများ ပြောလေ့ရှိသည်။
ဖေ့လီက ရယ်စရာကောင်းသည့် အကြောင်းအရာတစ်ခုကို တွေ့လိုက်ရသည်။
"ဘာလို့ ခေါင်းမာနေရတာလဲ။ ရှင်အရင်က သုတေသနနယ်ပယ်မှာ အလုပ်လုပ်ခဲ့တာမလား။ ကျန်တဲ့ဘ၀တစ်လျှောက်လုံး ဖင်းနန်ရွာမှာပဲ လယ်လုပ်မယ်လို့ စီစဉ်ထားတာလား။ အိမ်ပြန်ပြီး လယ်လုပ်တာက ရှင့်ဘ၀ရဲ့ တန်ဖိုးလား"
ထိုမေးခွန်းနှစ်ခုက ကျိုးရှန်ချီကို နိုးထစေသည်။ သူက ကျောမတ်ကာ ကျိုးကျိုးနွံနွံ ပြန်ဖြေသည်။
"မဟုတ်ဘူး"
ဖေ့လီက ပြုံးလိုက်ကာ ပန်းသီးလှမ်းပေး၏။
"ဟုတ်တယ်မလား"
ကျိုးရှန်ချီက မယူဘဲ သူမထံပြန်တွန်းပို့သည်။
"မင်း စားလိုက်ပါ"
ဖေ့လီက သူ့ကို စိုက်ကြည့်သည်။
"မြန်မြန်စားလိုက်"
ကျိုးရှန်ချီက ယူ၍ ကိုက်လိုက်သည်။ အရသာမှာ ချိုမြိန်နေ၏။
ဖေ့လီက သူပြန်အဆင်ပြေလာသည်ကို မြင်သောအခါ စိတ်အေးအေးဖြင့် လက်ဆေးလိုက်သည်။ ထို့နောက် ခုတင်ဆီသို့ ပြန်သွားကာ ပြော၏။
"ကျွန်မ အောက်ထပ်သွားပြီး အစားအသောက်တချို့၀ယ်ရင်း အိမ်ကိုဖုန်းခေါ်လိုက်ဦးမယ်"
"ကောင်းပြီ"
ဖေ့လီက လူနာဆောင်မှထွက်သွားသည်။
အနားတွင် ရပ်နေသော ချန်ဝေ့က သူတို့ပြောသည့်စကားများကို ကြားကာ ကျိုးရှန်ချီကို လာရောက် နှစ်သိမ့်လေသည်။
"ကောင်လေး အားမလျှော့နဲ့ ဒေါက်တာလင်းက တကယ်တော်တဲ့ ဆရာ၀န်တစ်ယောက်ကွဲ့"
ကျိုးရှန်ချီက သူမကို ယဉ်ယဉ်ကျေးကျေးဖြင့် ကျေးဇူးတင်လိုက်သည်။
ဖေ့လီက တယ်လီဖုန်းရုံငယ်ကို သိပ်မကြာခင် ရှာတွေ့သွားသည်။ သူမက ငွေနှစ်ပြားပေးကာ ရွာသို့ဖုန်းခေါ်သည်။ တဖက်မှ ဖုန်းပြန်ဖြေသူမှာ ရွာလူကြီး၏ ဇနီးဖြစ်သည်။ ဖေ့လီက များများစားစား မပြောတော့ဘဲ သူမမြို့သို့ ရောက်ပြီဖြစ်ကြောင်း၊ အစစအရာရာ အဆင်ပြေကြောင်းနှင့် မိဘများကို အများကြီး စိုးရိမ်မနေကြရန် မှာကြားသည်။
ရွာလူကြီး၏ဇနီးက ပြန်ပြောပေးမည်ဟု ပြော၏။ ဖေ့လီက ကျေးဇူးတင်စကား အကြိမ်ကြိမ်ဆိုကာ ဖုန်းချလိုက်သည်။
သူမတို့နှစ်ယောက်သည် နေ့လယ်တွင် ခေါက်ဆွဲစားကြသည်။ နေ့လယ်နှစ်နာရီတွင် သူနာပြုတစ်ယောက်သည် ကျိုးရှန်ချီကို စစ်ဆေးရန် ခေါ်ဆောင်သွားပြီး ပြန်ပို့ပေးသည်။
တစ်ချိန်တည်းမှာပင် ခေါင်းတုံးဆံတောက်ကေနှင့် ကောင်လေး ဟုန်ဝေ့သည် ခွဲစိတ်ခန်း၀င်သည်။
ဆေးရုံသည် ညအိပ်ညနေအတွက် လူနာစောင့်တစ်ယောက်သာ ခွင့်ပြု၏။ ခွဲစိတ်ကုသရန် တစ်ပတ်လောက်ကြာမည်ဖြစ်ရာ ဖေ့လီက နေ့လယ်တွင် ပစ္စည်းများပြန်ယူကာ ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။
လူနာဆောင်တွင် အိပ်ရခြင်းသည် သက်သောင့်သက်သာမရှိပေ။ ခေါက်ခုတင်တစ်ခုသာရှိပြီး ညဘက်များတွင်လည်း နွေးထွေးနေခြင်းမရှိပေ။ ကျိုးရှန်ချီက ဟိုတယ်သို့ပြန်အိပ်ကာ နံနက်ပိုင်းမှ ပြန်လာစေချင်သော်လည်း ဖေ့လီကငြင်းဆန်သည်။
ရွှီဟုန်ဝေ့သည် ခွဲစိတ်ခန်းမှ ထွက်မလာသေးပေ။ လူနာဆောင်တွင် သူမတို့နှစ်ယောက်သာ ရှိသည်။ မီးများမှိတ်ပြီးနောက် အလွန်ပင်တိတ်ဆိတ်နေသည်။
ဤကဲ့သို့သောအခြေအနေတွင် ထွက်မလာသေးသော ဆေးစစ်ချက်အဖြေကို တွေးခြင်းက သူတို့၏ နှလုံးခုန်သံများကို မြန်စေသည်။ သူတို့သည် မျက်လုံးကို ခက်ခက်ခဲခဲ မှိတ်ထားရကာ မည်သည့်အချိန်တွင် အိပ်ပျော်သွားကြမှန်း မသိပေ။
နံနက်ခင်းရောက်ခါနီးတွင် ဟုန်ဝေ့သည် ခွဲစိတ်ခန်းမှ ထွက်လာသည်။ ဖေ့လီက အသံများကြောင့် နိုးသွားကာ ကောင်လေးကို သွားနှုတ်ဆက်သည်။ ခွဲစိတ်မှုက အောင်မြင်သည်ဟု သိရသောအခါ ဖေ့လီက စိတ်သက်သာရာရသွားကာ ထိုကောင်လေးကို ၀မ်းသာကြောင်း ထပ်တလဲလဲ ပြော၏။
ချန်ဝေ့က သူမယောက်ျားကို ဖက်ကာငိုနေသည်။ သူမမျက်နှာတွင် နှာရည်များ ပေကျန်နေသော်လည်း အပြုံးရိပ်များ ရှိနေဆဲဖြစ်သည်။
မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ကောင်လေးသည် အလွန်နာကျင်ကာ အော်ဟစ်ငိုကြွေးနေသည်။ သူတို့သည် အရုဏ်မတတ်မီ နိုးလာကြသည်။ ဖေ့လီက အိပ်မပျော်တော့ဘဲ အလင်းရောင် လာသည်နှင့် မျက်နှာသစ်ကာ နံနက်စာသွား၀ယ်သည်။ သူမက ကျိုးရှန်ချီကို မျက်နှာကူသစ်ပေးကာ နံနက်စာ စားကြသည်။ ထို့နောက် အဖြေရလဒ်ကို စောင့်ကြသည်။
လင်းခယ်ဝေ့က ၈နာရီခွဲကြာ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။ သူက ဆေးရုံတွင် တစ်ရေးအိပ်ကာ လူနာများကို ကြည့်ရှုရန် ထလိုက်သည်။ သူက ပင်ပန်းသည့်ပုံပေါက်နေသော်လည်း ဆေးစစ်သည့်ရလဒ်ကို မြင်သောအခါ သူ့မျက်လုံးတို့ ၀င်းလက်လာသည်။ သူသည် ဖေ့လီတို့နှစ်ယောက်ကို ဆေးခန်းသို့လာရန် သူနာပြုမလေးကို အကြောင်းကြားခိုင်းလိုက်သည်။ တံခါးခေါက်ကာ ၀င်လာပြီးနောက် ဖေ့လီတို့ နှုတ်မဆက်မည်ကို မစောင့်ဆိုင်းဘဲ လင်းခယ်ဝေ့က ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်။ အနာက မပြန့်ပွားသေးဘူး။ ဆရာတို့ ဒီနေ့လယ်မှာ ခွဲစိတ်မဲ့အစီအစဉ် ရေးဆွဲမယ်။ ခွဲစိတ်နေတုန်း ပြည်အိတ်ကိုလည်း ဖယ်ပစ်လို့ရသေးတယ်"
သူမတို့နှစ်ယောက်သည် သက်ပြင်းကိုယ်စီချလိုက်ကြသည်။ သူမတို့၏ ရင်ထဲတွင်ရှိနေသော အစိုင်အခဲကြီးသည်လည်း ပြုတ်ကျသွားသည်။ ထို့နောက် သူမတို့သည် လင်းခယ်ဝေ့၏ ခွဲစိတ်မည့်အစီအစဉ်ကို နားထောင်ကြသည်။
ဖေ့လီသည် ဆေးပညာအကြောင်းကို များများစားစား နားမလည်ပေ။ သူမသည် ကျိုးရှန်ချီ၏ ကျိုးနေသော အရိုးနေရာသို့ စတီးရိုးထည့်ကာ ပြည်တည်အိတ်ကို ဖယ်ရှားမည်ဖြစ်ကြောင်းကိုသာသိ၏။
ခွဲစိတ်မှုသည် အလွန်ခက်သည်။ လင်းခယ်ဝေ့က အစီအစဉ်ရှင်းပြရန် နာရီ၀က်မျှ အချိန်ယူလိုက်ရသည်။ ထို့နောက် ခွဲစိတ်ချိန်ကို သဘက်ခါ နေ့လယ်နှစ်နာရီတွင် သတ်မှတ်လိုက်သည်။ သူမတို့၏ မျက်နှာအမူအရာများကို မြင်သောအခါ လင်းခယ်ဝေ့က စနောက်လိုက်သည်။
"ကြည့်လိုက်စမ်း မင်တို့ မျက်ကွင်းတွေ ဘယ်လောက်ညိုနေလဲလို့။ ဒီနှစ်ရက်အတွင်း ကောင်းကောင်း အနားယူကြ"
ဖေ့လီနှင့် ကျိုးရှန်ချီသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ကျိုးရှန်ချီ ခွဲစိတ်ခန်း၀င်သောနေ့တွင် ရွှီဟုန်ဝေ့၏ နာကျင်မှုများသည်လည်း လျော့ကျသွားကာ အော်ဟစ်ငိုယိုခြင်းများလည်း မရှိတော့ပေ။ ဖေ့လီက ပြုံးလိုက်ကာ ခွဲစိတ်မှု အောင်မြင်စေရန် ဆုတောင်းပေး၏။ သူမက ကျိုးရှန်ချီ၏လက်ကို ပထမဆုံးအကြိမ်ကိုင်လိုက်ကာ တိုးတိုးပြောသည်။
"ဘာမှမဖြစ်ဘူး။ ကျွန်မ ခွဲစိတ်ခန်းရှေ့က စောင့်နေပေးမယ်"
ကျိုးရှန်ချီ၏ မျက်လုံးတို့ အနည်းငယ်နီရဲလာသည်။ သူက ပြုံးကာ ခေါင်းညိတ်ပြသည်။
"ကိုယ် မင်းနဲ့အတူ အိမ်ပြန်မယ်"
ဖေ့လီ၏ ခံစားချက်များပြည့်လျှံသွားကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျိုးရှန်ချီ ခွဲစိတ်ခန်းထဲ၀င်သွားသည်အထိ စောင့်ကြည့်နေသည်။
လူနာခုတင် ရောက်လာပြီးနောက် ခွဲစိတ်ခန်းမီးသည်လည်း လင်းလာသည်။ ဖေ့လီက တံခါးအနားရှိ ထိုင်ခုံတွင် စိတ်လှုပ်ရှားစွာ ထိုင်နေသည်။ သို့သော် ထိုင်ခုံတွင် အပ်များ ထောင်ထားသကဲ့သို့ မိနစ်အနည်းငယ်ကြာပြီးလျှင် ထပ်၍ မတ်တတ်ရပ်ပြန်သည်။ သူမ၏ ပါးစပ်များ ခြောက်သွေ့လာသည်ဟု ခံစားလိုက်ရသည်။ လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ ဆုတောင်းသည့်အမူအရာဖြင့် စင်္ကြံန်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
ချန်ဝေ့က ဖေ့လီတို့စုံတွဲသည် အခြားနယ်မှဖြစ်ကြောင်း သိထား၏။ သူမသည် ဖေ့လီတစ်ယောက် ခွဲစိတ်ခန်းရှေ့တွင် အတွေးများကာ စိတ်ပူနေမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူမက လက်ဖက်ရည်ပူပူတစ်ခွက်ကို ပေးကာ စကားဆိုသည်။
"ထိုင်ပြီး ခဏလောက် နားလိုက်ပါဦး"
ဖေ့လီက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သော်လည်း သူမ၏စိတ်လှုပ်ရှားမှုများသည်တော့ ပျောက်ပြယ်မသွားပေ။ တစ်ခွက်လုံး သောက်ပြီးနောက် ဖေ့လီက ဝိညာဉ်စမ်းရေကို ဆင့်ခေါ်လိုက်သည်။ ဝိညာဉ်စမ်းရေ သောက်ပြီးသောအခါ သူမ၏နှလုံးခုန်နှုန်းများ အနည်းငယ် ငြိမ်သက်သွားသည်။ သူမက ချန်ဝေ့ဘက်သို့လှည့်ကာ ကျေးဇူးတင်စကားဆိုသည်။
"ကျေးဇူးတင်ပါတယ်"
ချန်ဝေ့က သူမပခုံးကို ပုတ်ကာ ပြော၏။
"အစ်မနားလည်းပါတယ်"
ထို့နောက် သူမသည်လည်း ဖေ့လီနှင့် တစ်နာရီမျှ ထိုင်နေပေးသည်။ ညစာစားချိန်ရောက်သောအခါ သူမက ဖေ့လီကို အတူစားရန်ခေါ်သည်။ ခွဲစိတ်မှုသည် သုံးနာရီကြာပြီး ဖြစ်သည်။ ပြီးစီးရန်လည်း အချိန်မကျသေးပေ။ ဖေ့လီက စားချင်စိတ် မရှိပေ။
"ကျွန်မ နောက်မှစားလိုက်ပါ့မယ်"
"ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူသာ ခွဲခန်းထဲကထွက်လာရင် စိတ်ပူရမဲ့ကိစ္စတွေ အများကြီးဖြစ်နေမှာ"
ချန်ဝေ့က သူမကို ဆွဲခေါ်ကာ ပြော၏။
"လူဆိုတာ အစာစားမှ အားရှိတာ"
ညစာစားပြီးနောက် ဖေ့လီက ခွဲစိတ်ခန်းရှေ့သို့ ပြန်လာသည်။ ညနက်နေပြီဖြစ်သောကြောင့် စင်္ကြံတွင် တိတ်ဆိတ်နေသည်။
အချိန်များသည် မသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွားသည်။ ခွဲစိတ်ခန်းထဲတွင် ပြင်းထန်သည့်တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်။
သူမစောင့်ဆိုင်းနေစဉ် ချန်ဝေ့က စောင်တစ်ထည် ယူလာပေးသည်။ ဖေ့လီက သူမကိုယ်ကိုခြုံလိုက်ကာ ဆက်လက်စောင့်ဆိုင်းနေသည်။ သူမ မူးနောက်နောက်ဖြစ်လာစဉ် ခွဲစိတ်ခန်းတံခါးရှိမီးက အနီမှ အစိမ်းသို့ ပြောင်းသွားသည်ကို မြင်လိုက်သည်။ ဘီးတွန်းသံများနောက်တွင် ခြေသံများကို ကြားလိုက်ရသည်။ ဖေ့လီက လျင်မြန်စွာ မတ်တတ်ရပ်လိုက်သည်။
ပထမဆုံး ထွက်လာသည်လူမှာ လင်းခယ်ဝေ့ဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ကာ အပြုံးတစ်ခုနှင့် စကားဆိုသည်။
"ခွဲစိတ်မှုက အတော်လေးအောင်မြင်တယ်။ အရိုးကျိုးတာကိုလည်း ဖြေရှင်းပြီးပြီ။ ပြည်အိတ်ကိုလည်း ဖယ်ရှားပြီးပြီ။ နှစ်ရက်လောက်တော့ နာနေဦးမှာ။ တစ်ပတ်လောက်နေရင်တော့ ဆေးရုံဆင်းခွင့် ပေးမှာပါ"
ဖေ့လီက စိတ်အေးသွားရကာ ကျေးဇူးစကားဆိုသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ကျိုးရှန်ချီကိုလည်း တွန်းလာကြကာ လူနာဆောင်သို့ပြန်ပို့ပေးကြသည်။
လင်းခယ်ဝေ့က သူမကို ထပ်၍သတိပေးသည်။
"မေ့ဆေး မပြယ်သေးဘူးဆိုတော့ သူနိုးလာဦးမှာ မဟုတ်ဘူး။ သမီး ဒီညကောင်းကောင်းနားလိုက်ပေါ့"
ဖေ့လီက ကြိုတင်ကာကွယ်ရမည်များကို ချရေးပြီးနောက် လူနာဆောင်သို့ပြန်လာသည်။ ဟုန်ဝေ့၏ မိသားစုသည် သူမကို ဂုဏ်ပြုသည့်စကားများ ပြောကြသည်။ ဖေ့လီက ဂုဏ်ပြုမှုများကို လက်ခံပြီးနောက် ခုတင်ဘေးသို့လာခဲ့သည်။ သူမ၏ အကြည့်သည် ကျိုးရှန်ချီပေါ်တွင် ရှိနေသည်။ သူက အိပ်မက်မက်နေပုံ ပေါ်သည်။ သူ့မျက်နှာသည် သိမ်မွေ့ကာ တည်ငြိမ်နေသည်။
အခက်အခဲများ ဖြတ်ကျော်ထားရသည့်ပုံမပေါ်ပေ။
သူမ ပခုံးပေါ်တွင် ထမ်းထားသော လေးလံသည့် ၀န်ထုပ်ကြီး ပြုတ်ကျသွားလေပြီ။ ဖေ့လီက စောင်နှစ်ထည်ကိုခြုံကာ ခေါက်ခုတင်ပေါ်တွင် လှဲကာနှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သည်။
ကျိုးရှန်ချီသည် ပြင်းထန်သောနာကျင်မှုကြောင့် နိုးလာသည်။ နာကျင်မှုသည် ဖေ့မိသားစုအိမ်တွင် ပထမအကြိမ် နိုးလာသည်ထက် မလျော့ပေ။ သူက ညည်းညူလိုက်ပြီး မျက်လုံးဖွင့်ကြည့်သောအခါ ရင်းနှီးသော မျက်နှာကြက်ကို တွေ့လိုက်သည်။ ထို့နောက် ခွဲစိတ်ခန်းမှ ထွက်လာပြီဖြစ်ကြောင်း နားလည်သွားသည်။
နောက်တစ်စက္ကန့်တွင် သူသည် ဖေ့လီ၏ပုံရိပ်ကို မသိလိုက်မသိဘာသာဖြင့် ရှာဖွေနေမိသည်။ ဘေးဘက်သို့ လှည့်ကြည့်သောအခါ သူမကိုတွေ့လိုက်ရသောကြောင့် စိတ်အေးသွားသည်။
ချန်ဝေ့က သူနိုးလာသည်ကိုမြင်သောအခါ ပျော်ရွှင်စွာဖြင့် ဖေ့လီကို နှိုးရန်လုပ်လိုက်သည်။
"လီလီကတော့ မင်းနိုးလာတာတွေ့ရင် ၀မ်းသာနေတော့မှာပဲ။ သူတစ်ညလုံး ခွဲစိတ်ခန်းရှေ့မှာ မင်းကိုစောင့်နေတာ"
ကျိုးရှန်ချီက ရင်ထဲနွေးထွေးသွားသည်။ သူက ချန်ဝေ့ကိုတားလိုက်သည်။
"မနှိုးပါနဲ့ သူမအိပ်ပါစေ"
ချန်ဝေ့သည် တိတ်ဆိတ်သွားကာ စစ်ဆေးမှု ပြုလုပ်ရန် သူနာပြုဆရာမကို သွားခေါ်လေသည်။ ယမန်နေ့ညက ဆေးရုံတွင်အိပ်သော လင်းခယ်ဝေ့က အပြေးအလွှားရောက်လာကာ စစ်ဆေးပေးသည်။ နာကျင်မှုမှလွဲ၍ ပြဿနာကြီးကြီးမားမား မရှိတော့ပေ။ ထို့ကြောင့် သူက အကိုက်အခဲပျောက်ဆေးအချို့ ပေးရန် ပြောလိုက်သည်။
ဖေ့လီက နံနက်၁၁နာရီအထိ အိပ်ပျော်သွားသည်။ သူမ နိုးလာသောအခါ ကျိုးရှန်ချီက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက မျက်တောင်များပုတ်ခတ်ပုတ်ခတ် ပြုလုပ်ပြီးနောက် ထရပ်လိုက်သည်။ သို့သော် သူမသည် မည်သည်က အစပြုရမည်ကိုမသိပေ။ သူမက အံ့အားသင့်ကာ မေးလိုက်သည်။
"ရှင်နိုးလာပြီပေါ့"
အသံသည် အလွန်ကျယ်လောင်၏။
ချန်ဝေ့က သူမသားကို အစားအသောက် ကျွေးနေသည်။ သူမက ထိုစကားကိုကြားသောအခါ လှည့်ကြည့်ကာ စနောက်၏။
"ညီမက အစောကြီး နိုးလာတော့တာပဲ။ အစ်မ မင်းကို နှိုးချင်ပေမဲ့ သူက နည်းနည်းလောက် ပိုအိပ်ပါစေတဲ့လေ။ ချိုမြိန်နေရော"
ဖေ့လီက ခေါင်းကုတ်ကာ မေးလိုက်သည်။
"အားလုံးစစ်ဆေးပြီးပြီလား"
"ပြီးပြီ။ ပြဿနာကြီးကြီးမားမားမရှိဘူး"
ကျိုးရှန်ချီက ဘေးဘက်သို့ ရွေ့လိုက်ကာ ခုတင်ဘေးကနေရာကို ပုတ်ပြလိုက်သည်။
"ဒီမှာလာထိုင်"
ဖေ့လီက လက်ဝှေ့ယမ်းပြကာ နံရံရှိနာရီကိုကြည့်လိုက်သည်။ သူမ အချိန်အတော်ကြာ အိပ်ပျော်နေခြင်းကို အံ့သြသွားသည်။
"ရှင်စားပြီးပြီလား။ ကျွန်မ ဆန်ပြုတ် သွား၀ယ်လိုက်ဦးမယ်"
"ကိုယ် အစ်ကိုရွှီကို သွား၀ယ်ပေးဖို့ အကူညီတောင်းလိုက်တာ။ သူခဏနေ ပြန်လာတော့မှာ"
ကျိုးရှန်ချီက ခေါင်းမာစွာဖြင့် သူ့ဘေးရှိနေရာကို ပုတ်ပြဆဲဖြစ်သည်။
"မင်း ဒီမှာထိုင်ပြီး စောင့်နေလို့ရတယ်"
'သူ့မျက်လုံးက ဘာလို့ ပိုပိုပြီး တောက်ပလာရတာလဲ'
ယမန်နေ့ညကို ဖြတ်ကျော်ပြီးနောက် သူမတို့၏ဆက်ဆံရေးသည် တစ်ခုခု ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
ဖေ့လီက ထိုင်ရန် ရှက်နေ၏။ သူမက စားပွဲပေါ်က သွားတိုက်တံနှင့် တဘက်ကို ယူကာ ထွက်သွားသည်။
"ကျွန်မ မျက်နှာသွားသစ်ဦးမယ်"
ထို့နောက် သူမသည် ခွဲစိတ်မှုအောင်မြင်ကြောင်း ရွာကိုဖုန်းဆက်ပြောသည်။
ဤရက်များအတွင်း ကျိုးရှန်ချီသည် နာကျင်မှုများ လျော့လာကာ အကိုက်အခဲသောက်ဆေးများကို လျှော့ချလိုက်သည်။ အစားအသောက်သည်လည်း ပုံမှန်အစားအစာ ဖြစ်လာသည်။ သူက ဖေ့လီကို ဟိုတယ်တွင် ပြန်အိပ်ရန် ပြောဆဲဖြစ်၏။
ငါးရက်မြောက်နေ့တွင် ရွှီဟုန်ဝေ့သည် ဆေးရုံးဆင်းခွင့်ရ၏။ မပြန်မီတွင် ချန်ဝေ့က ဖေ့လီကို ဆက်သွယ်ရမည့်လိပ်စာ တောင်းသည်။ ဖေ့လီ၏မိသားစုတွင် တယ်လီဖုန်း မရှိကြောင်းသိသောအခါ နေရပ်လိပ်စာကို တောင်းပြန်၏။ ထို့နောက် သူမ၏ဖုန်းနံပါတ်ကို ပေးခဲ့သည်။
အခက်အခဲအချို့ ကြုံရသော်လည်း သူမမျှော်မှန်းထားသည်ထက် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။ ကျိုးရှန်ချီသည် ဆေးရုံတွင် ဆယ်ရက်နေပြီးနောက် လင်းခယ်ဝေ့ထံမှ ဆေးရုံဆင်း၍ရကြောင်း သတင်းကို သိလိုက်ရသည်။ ဆေးရုံမဆင်းမီ နောက်ဆုံးဆွေးနွေးမှုတွင် လင်းခယ်ဝေ့က ပြန်လည်ထူထောင်ရေး အကျိုးဆက်များကို ထပ်လောင်းပြောကြားသည်။
"အိမ်ပြန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရမယ်။ မတ်တတ်ပြန်ရပ်ရဖို့က ခက်ခဲဦးမှာ။ မင်းရဲ့ ခန္ဓာကိုယ်က စတီးရိုးနဲ့ နေသားမကျသေးဘူး။ ဒါပေမဲ့ ပျင်းနေလို့ မဖြစ်ဘူး။ ပြန်သက်သာလာအောင် ကြိုးစားရပြီး လမ်းလျှောက်ကြည့်ရမယ်။
တစ်နှစ်ကြာရင် စတီးရိုးတွေ ဖြုတ်ဖို့ လာပြရမယ်။ အဲ့လိုလုပ်တာက အတော်လေး နာမှာပေမဲ့ ကုသပြီးသွားရင်လည်း ပုံမှန်လူတစ်ယောက်လို ပြန်ဖြစ်သွားမှာ"
ကျိုးရှန်ချီက လေးလေးနက်နက်ဖြင့် ကတိပေးလိုက်သည်။
"ကျွန်တော် ပြန်သက်သာအောင် အကောင်းဆုံးကြိုးစားမှာပါ"
လူနာဆောင်မှ မထွက်မီ ဆေးရုံစရိတ်ကို ပေးချေရမည်ဖြစ်သည်။ ထို့ပြင် ယူဆောင်ရမည့် နောက်ဆက်တွဲဆေးများလည်းရှိသေးသည်။ ဖေ့လီက ကျိုးရှန်ချီကို လူနာဆောင်သို့ ပြန်ပို့ပြီးနောက် ဆေးယူရန် သွားလိုက်သည်။ ထို့နောက်တွင်မှ ပိုက်ဆံချေရန်သွား၏။ ငွေပမာဏကိုမြင်သောအခါ သူမအံ့အားသင့်သွားသည်။ ကုန်ကျငွေမှာ ယွမ်၁၃၀တိတိဖြစ်၏။
အစားအသောက်၊နေထိုင်ခနှင့် ကားငှားခများပါ ပေါင်းလိုက်ပါကယွမ်၁၅၀မျှ ကုန်ကျသည်။
ကံကောင်းစွာဖြင့် ၀မ်ချွေလန်က သူမ မသွားမီတွင် သူမအား ယွမ်၂၀ပေးထားသည်။ သူမသည် အိမ်ငှားခလည်း ပေးပြီးဖြစ်၏။ ဆေးကုသမှုစရိတ်များအတွက်ပါ သုံးစွဲပြီးနောက် သူမ၏ ပိုက်ဆံအိတ်သည် ဗလာနီးပါး ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် ကုန်ကျစရိတ် များပြားသည့်ကိစ္စကြီးကို ဖြေရှင်းပြီးဖြစ်သည်။ ယခုချိန်မှစ၍ သူမသည် ငွေများများ ရှာနိုင်ပြီဖြစ်၏။
ကျိုးရှန်ချီသည် ဘီးတပ်ကုလားထိုင်နှင့် ဖြစ်နေဆဲဖြစ်ပြီး သွားရလာရ အဆင်မပြေပေ။ ဤဆယ်ရက်အတွင်း ကုသမှုကြောင့် အခြေအနေများ တိုးတက်လာပါသော်လည်း ဘတ်စကားစီးရန် မသင့်တော်သေးပေ။
အပြန်လမ်းတွင်လည်း သူမတို့ ကားငှားရဦးမည်ဖြစ်သည်။
သူမတို့သည် လင်းခယ်ဝေ့ကို နှုတ်ဆက်ကာ ကားပေါ်တတ်ခဲ့သည်။ သူမတို့သည် နံနက်၁၁နာရီတွင် မြို့တော်မှ ထွက်လာခဲ့ကြပြီး ဖင်းနန်ရွာသို့ ညစာမတိုင်မီပြန်ရောက်ကြသည်။
ဖေ့ရုန်ဖူနှင့် ၀မ်ချွေလန်တို့သည် ယမန်နေ့ညက ပြန်လာမည့်အကြောင်းကို ဖုန်းလက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် နေ့လယ်စာ စားပြီးနောက် ရွာထိပ်တွင် ထွက်စောင့်နေကြသည်။
ကားလာသည်ကို မြင်သောအခါ သူတို့က အမြန်သွားလိုက်ကြသည်။
...