အပိုင်း ၂၀
Viewers 399

အပိုင်း (၂၀) စားကောင်းသောက်ဖွယ်များ ရောင်းချမည့် စားသောက်ဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်ခြင်း

ကားရပ်လိုက်လျှင် ဖေ့လီက ကားတံခါးကို ဖွင့်ကာ ဆင်းလာသည်။ သူမသည် ပြေးလာသော ၀မ်ချွေလန်တို့ကို တွေ့ကာ အော်ခေါ်လိုက်သည်။

"အမေ"

၀မ်ချွေလန်က သူမလက်ကို ပျော်ရွှင်စွာ ကိုင်၏။

"သမီးလေး ငါ့သမီးလေး ပြန်လာပြီ"

ဖေ့ရုန်ဖူက ဘေးတွင်ရပ်ကာ မျက်ရည်များ သုတ်နေ၏။

ဖင်းနန်ရွာ၏ လမ်းများသည် ကျောက်ပြားများ ခင်းထားခြင်း မရှိပေ။ ကားမောင်းသူသည် တစ်လမ်းလုံး မောင်းလာရသောကြောင့် ကားတစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်။ သူက ဆက်မမောင်းချင်သောကြောင့် လှည့်၍ ကျယ်လောင်စွာ အော်မေးသည်။

"မင်းတို့ကို ဒီမှာပဲ ချပေးခဲ့ရင် အဆင်ပြေလား"

"ဆရာ နည်းနည်းလောက် ထပ်မောင်းပေးပါဦး"

ဖေ့လီက ပြုံး၍ ရှေ့သို့ညွှန်ပြသည်။ ကျိုးရှန်ချီကို လမ်းပြခိုင်းလိုက်ကာ သူမက မိဘများနှင့်အတူ လမ်းလျှောက်လာခဲ့သည်။

ကားသည် ကားဘီးရာများကို လမ်းပေါ်ချန်ခဲ့ကာ ဖြည်းညင်းစွာ ရွေ့နေသည်။ တိတ်ဆိတ်နေသော ဖင်းနန်ရွာသည် ဤကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

ရွာသားများသည် အိမ်တံခါးများ ပိတ်ကာ မည်သည့်အရပ်မှ ပြန်လာကြကြောင်းကို အတင်းပြောကြ ဆွေးနွေးကြ လုပ်ကြပြန်သည်။ ဖေ့ရုန်ဖူတွင် ပိုက်ဆံတော်တော်များများ ရှိပုံပေါ်သည်ဟူ၍လည်း ပြောကြသည်။

ဖေ့စုံတွဲမှာ သမီးဖြစ်သူ ပြန်လာသောကြောင့် အပျော်ကြီး ပျော်နေကြသည်။

၀မ်ချွေလန်က ဖေ့လီလက်ကို တင်းတင်းကြပ်ကြပ် ကိုင်ကာ လျှောက်လာသည်။ ထို့နောက် သူမက တစ်စုံတစ်ခု မေးရန် သတိရသွားသည်။

"ရှောင်ချီရဲ့ ခြေထောက်ကရော ဘယ်လိုလဲ။ ကုပြီးပြီလား"

ဖေ့လီက ပျော်ရွှင်စွာပြုံး၍ လျင်မြန်စွာဖြေသည်။

"အခုက နာလန်ထူစအချိန်လေ။ သမီးအထင် သုံးလလောက်နေရင် မတ်တတ်ရပ်နိုင်ပြီ"

ဖေ့ရုန်ဖူက "လယ်အလုပ်တွေလုပ်ရမဲ့ အချိန်နဲ့ ကွက်တိပဲ"

၀မ်ချွေလန်က သူ့ကိုကြည့်ကာ ပြော၏။

"အလားအလာကတော့ ကောင်းနေရောပဲ"

သားမိသားဖသုံးယောက်သည် စကားပြောကြ ရယ်မောကြဖြင့် ပြန်လာကြသည်။ ဖေ့ရုန်ဖူက ဘီးတပ်ကုလားထိုင်ကို ယူ၍ ကျိုးရှန်ချီကို ထိုင်စေကာ မီးဖိုချောင်သို့ တွန်းသွားပေးသည်။ ၀မ်ချွေလန်က အထုပ်အပိုးများ ယူ၍ နောက်ကလိုက်လာသည်။

ဖေ့လီက ကားခကို ပြား၂၀ပိုပေးလိုက်သည်။

"ဆရာ ဂရုတစိုက် မောင်းပါ"

ကားဆရာသည် အပြုံးများဖြင့် မောင်းထွက်သွားသည်။

ကျောက်ဖရုံသီးနှင့် ၀က်နံရိုးစွပ်ပြုတ်ကို မီးဖိုပေါ်တင်၍ နွေးထားသည်မှာ ကြာပြီဖြစ်၏။ စွပ်ပြုတ်အနံ့သည် ဖေ့လီ၏နှာခေါင်းထဲသို့ ၀င်လာသည်။ သူမသည် အပြင်စာများ ဆယ်ရက်ကျော်မျှ စားပြီးနောက် အိမ်ချက်လက်ရာကို လွမ်းနေပြီဖြစ်သည်။ သူမက အထဲ၀င်၍ အနံ့ခံလိုက်ပြီး ပြုံးကာမေးသည်။

"၀က်နံရိုးစွပ်ပြုတ်လား"

၀မ်ချွေလန်က သူမကို ချစ်မြတ်နိုးစွာကြည့်သည်။

"တော်လိုက်တဲ့ကောင်မလေး။ နှာခေါင်းကလည်း အနံ့ခံကောင်းနေရော"

"သမီးအဖေက ဒီနေ့စားရအောင်ဆိုပြီး နံရိုးနှစ်ခြမ်း ၀ယ်လာတာလေ။ လက်သွားဆေးတော့ စားကြရအောင်"

သူမက စကားပြောနေလျက်ဖြင့် မီးဖိုဆီသွားကာ အိုးဖုံဖွင့်လိုက်သည်။ အငွေ့ တထောင်းထောင်း ထွက်လာကာ အရိုးစွပ်ပြုတ်၏ရနံ့သည်လည်း ပြင်းထန်လာသည်။

ဖေ့လီက ဗိုက်ဆာနေသောကြောင့် လျင်မြန်စွာ လက်ဆေးသည်။

၀မ်ချွေလန်က အစားအသောက်များကိုစားပွဲပေါ်သို့ယူလာကာ သူတို့ကိုထိုင်ခိုင်း၏။

"ထိုင်ကြ ထိုင်ကြ သမီးတို့တွေ အပြင်မှာ ဒုက္ခများလာကြမှာရယ်"

ဖေ့မိသားစု၏ ပန်းကန်ခွက်ယောက်များသည် ကြီးမားကာ ရက်ရက်ရောရောရှိပုံပေါ်သည်။ ပန်းကန်ထဲတွင် ကြက်အစပ်ကြော်၊ ဟင်းနုနွယ်အစပ်ကြော်နှင့် စွပ်ပြုတ်တို့ အပြည့်အမောက်ရှိနေသည်။ 

ကြက်သားတုံးများသည် ခပ်စပ်စပ်နှင့် နူးအိနေသည်။ ဟင်းနုနွယ်ရွက်ကြော်သည် စပ်သော်လည်း ချိုမြမြလေးဖြစ်၏။ သူတို့လေးယောက်သည် ခေါင်းမဖော်တမ်းစားကြ၏။

ပေါက်စီတစ်ကိုက်ကိုက်ပြီး အရွက်ကြော်တစ်လုတ်စားကာ လည်ချောင်းနင်ပါက နံရိုးစွပ်ပြုတ် သောက်နိုင်၏။ စပ်လာလျှင်လည်း စွပ်ပြုတ်သောက်နိုင်သေးသည်။

အလွန်ပင် အရသာရှိ၏။

အိမ်ချက်ဟင်းများသည် အရသာရှိဆဲဖြစ်သည်။ ဖေ့လီက သူမဗိုက်ကိုပွတ်သပ်ကာ တစိမ့်စိမ့် အရသာခံသည်။ အစားအသောက်များသည် အရသာရှိသောကြောင့် စကားပင်မပြောနိုင်ခဲ့ချေ။ သူမ ဗိုက်ပြည့်သောအခါတွင်မှ မိသားစု၏စီးပွားရေးအကြောင်း မေးရန်သတိရသည်။

"အဖေ ပန်းပွင့်ပေါက်စီတွေရောင်းတာ ဘယ်လိုအခြေအနေရှိလဲ”

"အဆင်ပြေပါတယ်။ တစ်နေ့ နှစ်ယွမ်လောက် ရတယ်"

ဖေ့ရုန်ဖူက အပြစ်ကင်းစင်သည့်အပြုံးကိုပြုံး၏။

ပန်းပွင့်ပေါက်စီများသည် ယခုချိန်၌ အရေးမကြီးပေ။ ၀မ်ချွေလန်က စိတ်လှုပ်ရှားစွာ ပြော၏။

"လီလီ တစ်ယောက်ယောက်က သမီးရဲ့ချင်းစိမ်းချိုချဉ်တွေကို တစ်ခုနှစ်ပြားနဲ့ရောင်းနေတယ်"

နှစ်ပတ်ကျော်မျှ ကြာသွားပြီဖြစ်သောကြောင့် ပြုလုပ်နည်း ရှာတွေ့သွားခြင်းမှာ ထူးခြားသည့်ဖြစ်ရပ် မဟုတ်ပေ။ ရှာမတွေ့သည်ကပင် ထူးဆန်းနေမည်ဖြစ်သည်။ ထိုအရာကို သူမမျှော်လင့်ပြီး ဖြစ်၏။ ဖေ့လီက နားလည်ရခက်စွာ ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ သူ့အတွက် လက်ဆောင်အကြီးကြီးပြင်ထားတယ်"

၀မ်ချွေလန်က မည်သည့်လက်ဆောင်ဖြစ်ကြောင်း မေးချင်သော်လည်း ဖေ့လီက စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဆိုင်က ပြင်ဆင်ပြီးပြီလား"

"အားလုံးပြင်ပြီးပြီ မနက်ဖြန် သမီးလိုက်စစ်ကြည့်ပေါ့"

ဖေ့လီက ပျော်ရွှင်စွာစကားဆို၏။

"ကောင်းပြီ။ အားလုံးအဆင်ပြေနေရင် သမီးတို့ ဒီအပတ်ထဲ ဆိုင်ဖွင့်ကြမယ်"

ဖယောင်းတိုင်မီးအောက်တွင် သူတို့လေးယောက်သည် စကားပြောနေကြ၏။ ထို့နောက် သန့်ရှင်းရေး ပြုလုပ်ကာ အိပ်ရာ၀င်ကြသည်။

ဖေ့လီက ကျိုးရှန်ချီကို အခန်းထဲသို့ ပြန်ပို့ပေးသည်။ ဧည့်ခန်းထဲသို့ ရောက်သောအခါ လေအေးများ တိုက်ခိုက်လာသည်ကို ခံစားလိုက်ရသည်။ တစ်နေရာရာတွင် အပေါက်ရှိနေသကဲ့သို့ပင်။ သူမက မူမမှန်သည်ကို ခံစားလိုက်ရကာ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးကို ယူ၍ ရှေ့တိုးကြည့်သည်။

"နံရံမှာ အပေါက် ရှိနေသလိုပဲ"

ထောင့်တစ်ခုတွင် အလင်းရောင်အချို့ရှိနေသည်။ ကျိုးရှန်ချီက လက်ညှိုးညွှန်ပြသည်။

"ဘယ်ဘက်မှာ"

ဖေ့လီက မီးရောင်ဖြင့် ကြည့်လိုက်သောအခါ အပေါက်တစ်ခု ရှိနေမှန်း သိသွားသည်။ အိမ်သည် အလွန်အမင်း အိုဟောင်းနေကာ ထိုအပေါက်ကို မဖာပါက ပိုဆိုးလာမည် ဖြစ်သည်။ သူမက ပြန်လျှောက်လာကာ ကျိုးရှန်ချီကို အခန်းထဲ လိုက်ပို့သည်။ 

"မနက်ဖြန်မှ အဖေ့ကို ပြင်ခိုင်းလိုက်မယ်"

ဖယောင်းတိုင်မီးကို ခုတင်ဘေးတွင် ထားလိုက်သောကြောင့် ခပ်မှိန်မှိန်အလင်းရောင်သည် အခန်းထဲတွင် လူးလွန့်နေသည်။ ဘီးတပ်ကုလားထိုင်က ခုတင်ဘေးသို့ ရောက်သောအခါ ကျိုးရှန်ချီသည် ခုတင်အစွန်ကို ကိုင်၍ အပေါ်သို့တတ်သည်။ နေရာတကျ ထိုင်ပြီးနောက် သူ၏ခြေထောက်များကို ဖြည်းဖြည်းချင်း ရွှေ့ကာ ခုတင်ပေါ်တင်သည်။

ခေါက်ထားသောစောင်ကို ဖြန့်၍ ဖေ့လီက ခြုံပေးသည်။ 

"ကောင်းသောညပါ"

ကျိုးရှန်ချီက လက်ကို ထုတ်၍ စောင်အစွန်းကို ကိုင်လိုက်သည်။ ထို့နောက် သူမကို ကြည့်၏။

"ကျေးဇူးပါ"

"ရှင့် အဲ့ဒီစကားကို ခဏခဏပြောနေရတာ မငြီးငွေ့ဘူးလား"

ဖေ့လီက တမင်သက်သက် စနောက်၏။

"မငြီးငွေ့ဘူး ကိုယ်ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ဘူး"

ကျိုးရှန်ချီက တလေးတနက်ဖြင့် ကတိပေးသည်။ 

"မင်းစိတ်ချပါ။ ကိုယ်မြန်မြန် ပြန်ကောင်းလာအောင် ကြိုးစားပြီး ရှေ့လျှောက် မင်းကို ကူညီပေးမယ်"

"ကျွန်မ တန်ဖိုးထားပါ့မယ်"

ဖေ့လီက သွားပေါ်အောင် ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းပြ၍ တံခါးကိုပိတ်သည်။

ကျိုးရှန်ချီက ထွက်သွားသောသူမ၏ ကျောပြင်ကို ကြည့်လိုက်သည်။ ထို့နောက် မီးမှိတ်ကာ အိပ်သည်။

ရက်အတော်ကြာ ပင်ပန်းနွမ်းနွယ်ပြီးနောက် ဖေ့လီက သူမ၏အိပ်ရာသို့ ပြန်လာနိုင်ပြီဖြစ်၏။ သူမက လျင်မြန်စွာ အိပ်ပျော်သွားပြီး အိပ်မက်မက်ခြင်းလည်း မရှိပေ။

သူမနိုးလာသောအခါ အားအင်အပြည့် ဖြစ်နေပြီး မိဘများနှင့်အတူ ပေါက်စီများ ပြုလုပ်သည်။ နံနက်စာ စားပြီးနောက် ဖေ့ရုန်ဖူနှင့်အတူ ပေါက်စီ ရောင်းသွားသည်။

ယခင်အကြိမ်က သူမကိုယ်တိုင် ဆိုင်းဘုတ် ချိတ်ဆွဲ၍ တရား၀င်ဆိုင်အမည်ပေးခဲ့သော ဆိုင်ကလေးပင်။

ယွမ်ရှောက်သည်လည်း အလွန်ကျက်သရေရှိသော အနီရောင်တံခါးကို တပ်ဆင်ပေးထားသည်။ ဖေ့လီက စီးပွားရေး ပိုကောင်းလာသည်ဟု ထင်လိုက်သည်။ သို့သော် သူမ ရောက်သောအခါ အရောင်းအ၀ယ်မှာ ပိုမိုဆိုးရွားနေသည်။

ဖေရုန်ဖူက ရှက်ရွံ့သောအမူအရာဖြင့် သူ့လက်များကို ပွတ်သပ်ကာ အမှန်အတိုင်း ပြောသည်။

"သမီးဦးလေးကလည်း ပေါက်စီဆိုင် လာဖွင့်နေတာမို့လို့"

ဖေ့လီက မျက်ခုံးများပင့်ကာ မေးသည်။

"သူက ရွာတွေမှာ လှည့်ရောင်းတာ မဟုတ်ဘူးလား"

"အဖေတို့ ပိုက်ဆံရှာနိုင်တာသိသွားလို့ ထင်တယ်"

ဖေ့ရုန်ဖူက ထိုကိစ္စသည် သူနှင့် မပတ်သက်ကြောင်း စကားဆိုသည်။

"စိတ်ချပါ အဖေ ပန်းပွင့်ပေါက်စီတွေ ဘယ်လိုလုပ်လဲဆိုတာ သူတို့ကို မပြောပါဘူး။ ပန်းပွင့်ပေါက်စီတွေက အရသာရှိပေမဲ့  အဖေက အပြောမချိုတော့  ၀ယ်သူတွေလည်း တခြားဆိုင် ပြောင်းကုန်ကြတော့တာ"

စကားပြောကောင်းစေရန် လေ့ကျင့်ရသည်မှာ မလွယ်ကူပေ။ ဖေ့လီက အကူအညီမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖေ့ရုန်ဖူကို မီးဖိုချောင်ပို့ကာ စကားပြောကောင်းသူတစ်ယောက် ငှားထားရမလိုပင် ဖြစ်နေ၏။ သူမက ဂရုမစိုက်တော့ဘဲ ပြောလိုက်သည်။

"ဘာမှဖြစ်ပါဘူး။ အဖေသာ ဆိုင်အရင်ခင်းထားနှင့်လိုက်။ သမီးဆိုင်ထဲ သွားစစ်ဆေးဦးမယ်"

ဖေ့ရုန်ဖူက နာခံစွာဖြင့် ဆိုင်ခင်းလိုက်သည်။ ဖေ့လီက သော့ဖြင့် တံခါးကို ဖွင့်သည်။ စားပွဲများ မချရသေးသော်လည်း သစ်သားနံရံမှာ ပိုင်းခြားထားပြီး ဖြစ်၏။

သူမ၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ထားပြီး သစ်သားများကိုသာ အသုံးပြုထားသည်။

ညာဘက်ဘေးတွင် တံခါးပေါက်ချန်ထားပြီး ဘယ်ဘက်တွင် မီးဖိုချောင်မှပစ္စည်းများ ပိုယူရ လွယ်ကူစေရန် မီတာ၆၀အမြင့်ရှိသော ပြတင်းပေါက်တစ်ခုထားရှိသည်။

မီးဖွင့်လိုက်သောအခါ အခန်းက လင်းထိန်လာသည်။ ဖေ့လီက ပြတင်းပေါက်ကို တွန်းကာ အပိတ်အဖွင့် လုပ်ကြည့်သည်။ အချိန်ကြန့်ကြာမှုဘဲ ချောချောမွေ့မွေ့ တွန်းဖွင့်၍ ရ၏။ အရည်အသွေးကလည်း ကောင်မွန်သည်။ ဖေ့လီက ကျေနပ်သွားကာ မီးဖိုခန်းအတွင်းသို့ ၀င်လာခဲ့သည်။

မီးဖိုခန်းလမ်းကြားလေး၏ မျက်နှာမူရာဘက်တွင် တံခါးပေါက်ရှိသည်။ ထိုလမ်းကြားလေး၏ ဘယ်ဘက်သည် ဗီရိုများထားရှိပြီး အသားငါးများ၊အသီးအရွက်များ လှီးဖြတ်သည့် နေရာတစ်ခုလည်း ဖြစ်၏။ ညာဘက်တွင် မီးဖိုနှစ်ခုရှိသည်။ မကြားသေးမီက ပြုလုပ်ထားသည်ဖြစ်သောကြောင့် ရွှံ့မခြောက်သေးပေ။

မီးဖိုတစ်ခုသည် ပေါင်းအိုတည်ရန်ဖြစ်ပြီး တစ်ခုမှာ အကြော်အလှော်များ ပြုလုပ်ရန်ဖြစ်သည်။ ဒယ်အိုးမှာ အသုံးမပြုရသေးသောကြောင့် ပြောင်လက်နေသည်။

ထိုအရာသည် ဖေ့လီ၏ ကနဦးစိတ်ကူးကို အမှတ်ရသွားစေသည်။ သူမသည် ဤနေရာသို့ လာသည့်လမ်းတစ်လျှောက်လုံးတွင် စီးပွားရေးကို မည်ကဲ့သို့စတင်ရမည်နည်းဟု တွေးတောခဲ့သည်။ နောက်ဆုံးတွင် ဖေ့လီက ပေါက်စီနှင့် ဖက်ထုပ်များကို အသီးအရွက်စွပ်ပြုတ်များနှင့် တွဲဖက်၍ ရောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ပေါက်စီနှင့် စွပ်ပြုတ်သည် အမျိုးအစား များပြားစွာ ရှိသောကြောင့် ဟင်းလျာများကို တစ်ပတ်တစ်ခါ ပြောင်းလဲ၍ ရောင်းနိုင်မည်ဖြစ်သည်။ ပန်းပွင့်ပေါက်စီများကိုလည်း ရောင်းချမည်။ ပေါက်စီများပေါ်သို့ ငရုတ်ကောင်းမှုန့်ပင် ဖြူးစားနိုင်၏။ ပဲပေါက်စီနှင့် အသားပေါက်စီများကိုလည်း ရောင်းချနိုင်သေးသည်။ ဖေ့လီက ဘောပင်ကိုင်ကာ ပထမတစ်ပတ်အတွက် မုန်လာဥစွပ်ပြုတ်နှင့် မှိုစွပ်ပြုတ် နှစ်ခုထဲမှ မည်သည့်စွပ်ပြုတ်ကို ရွေးရမှန်းမသိ ဖြစ်နေစဉ် ယွမ်ရှောက်က သမ်းဝေလျက် အပေါ်ထပ်မှ ဆင်းလာသည်။ သူက သူမကိုမြင်သောအခါ နှုတ်ဆက်လိုက်သည်။

"မင်း ဘယ်တုန်းက ပြန်လာတာလဲ"

"မနေ့ညက ရောက်တာ"

ယွမ်ရှောက်က ခေါင်းညိတ်ပြကာ အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ယခုတစ်ပတ်တွင် မုန်လာဥစွပ်ပြုတ် ပြုလုပ်နိုင်ပြီး လာမည့်အပတ်များတွင် မှိုစွပ်ပြုတ်ပြုလုပ်နိုင်သည်။

ထိုကြောင့် ဖေ့လီက ပြတ်သားစွာဖြင့် မုန်လာဥစွပ်ပြုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပေါက်စီနှင့် စွပ်ပြုတ်ကို ဆုံးဖြတ်ပြီးနောက် ဖေ့လီက ဖေ့ရုန်ဖူကို နှုတ်ဆက်ကာ လက်ကျန်ငွေဖြင့် လိုအပ်သည်များ ၀ယ်ရန် အသီးအရွက်ဈေးသို့ ထွက်လာခဲ့သည်။

ဈေးသွားရာလမ်းတွင် ဖေ့ရုန်ရှင်း၏ ပေါက်စီဆိုင်ကို ဖြတ်သွားရသည်။ သူတို့စုံတွဲသည် အပြောကောင်းကာ ဈေးရောင်းရာတွင်လည်း ကျွမ်းကျင်ကြသည်။ သူတို့က ၀ယ်သူများ၏ စိတ်ကိုဖမ်းစားနိုင်ကာ ဖောက်သည်အဟောင်းများသာကျန်ရှိသော သူမတို့ဆိုင်နှင့်ယှဉ်ပါက အလွန် အလုပ်များလျက် ရှိနေသည်။ သူမတို့တွင် စကားချိုချိုမပြောတတ်သည့် လူတစ်ယောက် ရှိနေဆဲဖြစ်၏။

ဖေ့လီက တစ်ခဏမျှကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။

တုန်းယွင်က သူမကို လက်ညှိုးထိုးကာ ယောက်ျားဖြစ်သူကို ပြ၏။

"တွေ့လား အဲ့ကောင်မလေးပြန်ရောက်လာပြီ"

ဖေ့ရုန်ရှင်းက ပိုက်ဆံများ ယူလိုက်သည်။ သူက မိန်းမဖြစ်သူ၏ အပြုအမူကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားကာ တိုးတိုးတိတ်တိတ်ပြောသည်။

"ဘာတွေကြောက်နေရမှာလဲ။ သူတို့တစ်မိသားစုလုံးက ငတုံးတွေကြည့်ဘဲဟာ"

တုန်းယွင်က သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ၀ယ်သူများဘက်လှည့်ကာ ကျွမ်းကျွမ်းကျင်ကျင် ဧည့်ခံပြန်သည်။

ဖေ့လီ သွားသော အသီးအရွက်ဈေးသည် ဤမြို့တွင် အကြီးဆုံးဈေးဖြစ်သည်။ ဤဈေးသည် သူမတို့ဆိုင်တန်း ခင်းခဲ့သော နံနက်ခင်းဈေးနှင့် လုံး၀ကွဲပြားကာ တစ်နေ့လျှင် ၂၄နာရီပတ်လုံး ဈေးဖွင့်သည်။

သူမသည် လူသစ်တစ်ယောက်ဖြစ်ပြီး ဈေးထဲသို့ ၀င်လိုက်လျှင်ပင် ဈေးသည်များက သူတို့၏ပစ္စည်းများကို ၀ယ်ယူရန်အော်ဟစ်ခေါ် နေကြသည်ကို တွေ့လိုက်ရသည်။

"ကောင်မလေး ဘာလိုချင်လို့လဲ ဒီနေ့ မုန်လာထုပ်တွေနဲ့တိုဟူးတွေက လတ်ဆတ်တယ် နည်းနည်းလောက် ၀ယ်သွားပါလား"

"ဒီမှာနော် ဒီအသီးအရွက်တွေက မနက်ကမှ ခူးထာတာ"

ဖေ့လီက ပြုံးပြလိုက်သော်လည်း ချက်ချင်း ဆုံးဖြတ်ချက်မချပေ။ သူမက  နေရာများစွာ သွား၍ကြည့်ရှုသည်။ သူမသည် အစားအသောက် ရောင်းချခြင်းကို ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အရှုံးမရှိစေရန် ကုန်ကြမ်းပစ္စည်းများကို အထူးပင် အာရုံစိုက်ရမည် ဖြစ်သည်။ ပထမဆုံးအနေဖြင့် မုန်လာဥများတွင် ရွှံ့များကပ်နေပါက ဖယ်ရှားပစ်ရမည် ဖြစ်သည်။ ဈေးအတွင်း၌ လှည့်လည်ကြည့်ရှုပြီးသောအခါ သူမသည် ဤဈေးအကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။ ဈေးထဲတွင် အသီးအရွက်ရောင်းသည့်ဆိုင် ၁၃ဆိုင်ရှိပြီး အသားဆိုင်၇ဆိုင်ရှိ၏။ နှစ်ဆိုင်မှာ အစေ့အဆံလှော်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းသည်။

ဖေ့လီက အတွင်းဘက်ရှိဆိုင်ကို ရွေးချယ်လိုက်သည်။ ဆိုင်ရှင်သည် လူလတ်ပိုင်းရွယ် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူသည် အနက်ရောင်ဦးထုပ်ကို ဆောင်းထားပြီး မျက်လုံးကြီးကြီးနှင့် မျက်ဆံနက်နက်တို့ရှိကာ တုံးအပုံ ပေါက်နေသည်။

သူ၏ အသီးအရွက်များသည် ကြီးမားကာ လတ်ဆတ်သည်။  အခြားဆိုင်များကဲ့သို့ ရွှံ့များ ပေကျန်မနေပေ။ သူမက သုံးရက်စာ ၀ယ်လိုက်သည်။

ဦးထုပ်အနက်နှင့် ဦးလေးကြီးသည် ဖေ့လီက အများကြီး၀ယ်သည်ကို တွေ့သောအခါ ပိုက်ဆံယူလိုက်ပြီး မေး၏။

"သူဌေးရဲ့ဆိုင်က ဘယ်နားမှာလဲ"

သူသည် တုံးအပုံ ပေါက်သော်လည်း ဖေ့ရုန်ဖူထက် အများကြီးဉာဏ်ကောင်း၏။

အပြောအဆိုလည်း ကောင်း၏။

ဖေ့လီက ပြုံးကာ ကြော်ငြာလိုက်သည်။

"အနောက်ဈေးနားက ရွှမ်းလီစားသောက်ဆိုင် အသစ်ပါ"

"ဒါဆို ပစ္စည်းတွေကို အဲ့နေရာကို ပို့ပေးပါ့မယ်"

၀ယ်သူအကြီးစား ဖြစ်သောကြောင့် ကောင်းမွန်စွာဆက်ဆံရမည်ပင်။ ထို့ပြင်    သူ့တွင် ထောင်လွှားတတ်သော သဘောထားလည်း မရှိပေ။

ဤကဲ့သို့သော စီးပွားရေးစိတ်ဓာတ်မျိုးရှိသူသည် အနှေးနှင့်အမြန် အောင်မြင်မှုရရှိနိုင်၏။

သူဦးစီးနေသောဆိုင်တစ်ဆိုင် မရှိခဲ့ပါက ဖေ့လီက သူမဆိုင်တွင် အလုပ်လုပ်ရန် ငှားရမ်းဖြစ်မည်သည်။ ငွေပေးချေပြီးနောက် သူမက ဆိုင်လိပ်စာကို ထပ်တလဲလဲပြောကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်"

"နေ့လယ်ကျရင် ပို့ပေးလိုက်ပါ့မယ်"

မုံ့ရှန်ဟွေ့က သူမ၏လိပ်စာကို အမြန်ချရေးထား၏။

ဖေ့လီသည် ပစ္စည်းများ မသယ်ရသောကြောင့် အလွန်စိတ်သက်သာရာ ရသွားသည်။ သူမက နောက်ထပ် အသား၂၀ကီလိုကို ၀ယ်ယူကာ ဆိုင်သို့ပြန်သည်။  အချိန်သည် နံနက်၁၀နာရီရှိပြီဖြစ်ကာ သူမတွင် အချိန်ပိုများစွာရှိနေ၏။ ထို့ကြောင့် နေ့ခင်းပိုင်းအချိန်ဇယားကို ရှေ့သို့ရွှေ့လိုက်သည်။

ဖေ့လီသည် ဖင်ပူအောင်ပင် မထိုင်ရသေးဘဲ ကျောင်းကျွယ်၏ နှမ်းယိုအခြေအနေကို ကြည့်ရှုရန် ကျောင်းအိမ်သို့ သွားသည်။

အစီအစဉ်များအရ ထိုနှမ်းယိုကို လာမည့်နှစ်ရက်အတွင်း ဈေးကွက်ထဲ ဖြန့်ချိမည်ဖြစ်သည်။

ရှောင်ရွှယ်ရွှယ်က သူမကို တွေ့ရသောကြောင့် ၀မ်းသာနေ၏။ သူမသည် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။

"နောက်ဆုံးတော့ ညီမပြန်လာပြီပေါ့"

ဖေ့လီက သူမ၏ အသံနေ အသံထားအရ ပြဿနာတစ်ခုခုရှိသည်ဟု တွေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ညီမ မရှိတော့ စိတ်မအေးရပါဘူး"

ရှောင်ရွှယ်ရွှယ်က အားယူပြုံးပြကာ ဖေ့လီကိုကြိုဆို၏။ သူမက လမ်းလျှောက်လျက် ပြောပြ၏။

"တမြန်နေ့က ကွမ်းချွမ်ချန်းက ချင်းစိမ်းချိုချဉ်တွေ စရောင်းတာ။ ရောင်းအားလည်း အတော်ကောင်းတယ်။ အစ်မတို့ဖြင့် ကောင်းကောင်းကို အိပ်မပျော်ပါဘူးကွယ်"

ဖေ့လီက ဆိုဖာပေါ်ထိုင်ကာ မေးလိုက်သည်။

"နှမ်းယိုတွေရော ဘယ်လိုလဲ"

"မနေ့က လုပ်ပြီးတာ။ ညီမမြည်းကြည့်မလား"

ရှောင်ရွှယ်ရွှယ်က နှမ်းယိုတစ်ပန်းကန်ပြားယူလာကာ စိတ်မကောင်းမှုအချို့နှင့် ပြော၏။ 

"ညီမလုပ်တာလောက်တော့ စားမကောင်းဘူး"

ဖေ့လီ နှမ်းယိုပြုလုပ်စဉ်က ဝိညာဉ်စမ်းရေများ သုံးခဲ့သောကြောင့် ဖေ့လီ၏နှမ်းယိုကို မယှဉ်နိုင်သည်မှာ သဘာ၀ပင်ဖြစ်သည်။

ပန်းကန်ပြားထဲမှ နှမ်းယိုများသည် သူမလုပ်သည့် နှမ်းယိုနှင့် တစ်ပုံစံတည်းနီးပါးတူသည်။ ဖေ့လီက တစ်ခုယူ၍ ကိုက်လိုက်သည်။ ကြွရွကာ မွှေးကြိုင်နေ၏။ ယခင်ဘ၀က ကုန်တိုက်ထဲတွင် သူမ၀ယ်ခဲ့သည့် နှမ်းယိုနီးပါး ကောင်း၏။ သူမက အားရကျေနပ်ဖွယ်ကောင်းစွာဖြင့် အံ့အားသင့်သွားသည်။

ဖေ့လီက ချီးကျူးလိုက်သည်။

"အရသာရှိလိုက်တာ"

ရှောင်ရွှယ်ရွှယ်က သက်ပြင်းအရှည်ကြီးချလိုက်ကာ ၀မ်းသာအားရပြုံးသည်။

"ညီမရဲ့စကားကို ကြားရတာနဲ့တင် စိတ်အေးသွားပါပြီ"

...