အပိုင်း (၂၂) ဖေ့ယွမ်ကျဲကို ရိုက်ချခြင်း
ဖေ့လီ ရေထဲကျသောနေ့တွင် အခြားလူများက အိမ်ပြန်ပို့သည် ဖြစ်သောကြောင့် မည်သည့်ပစ္စည်းမျှ မကောက်နိုင်ခဲ့ပေ။ သူမက ဖေ့ယွမ်ကျဲ၏ စိတ်ဓာတ်အမှန်ကို မြင်လိုခြင်းကြောင့် လှည့်စားပြောလိုက်ခြင်း ဖြစ်သည်။ လူသတ်သမားတစ်ယောက်အတွက် အမှုဖြစ်ပွားရာနေရာတွင် သူ့ကို ညွှန်ပြနိုင်သော သဲလွန်စကျန်ခဲ့ခြင်းက အလွန်ကြောက်စရာကောင်း၏။
'ကျိုးရှန်ချီကို ကြိုက်ရုံနဲ့ မူလပိုင်ရှင်ကို သတ်ချင်တာပေါ့'
ထိုအရာသည် အဓိပ္ပာယ် မရှိပေ။ သူမသည် ကျိုးရှန်ချီကို အကြိမ်အနည်းငယ်မျှသာ မြင်ဖူး၏။ မူလပိုင်ရှင်နှင့် သူသည်ကား ငယ်ပေါင်းကြီးဖော် ညီအစ်မများဖြစ်သည်။ ထိုအကြောင်းပြချက်သည် အမှန်ဖြစ်ပါက ဖေ့ယွမ်ကျဲက အလွန်ကြောက်စရာကောင်းသောလူ ဖြစ်သည်။
ဖေ့လီက တုန်လှုပ်သွားမိသည်။ သို့သော် သူမ၏မျက်နှာသည်ကား တည်ငြိမ်မြဲဖြစ်၏။
"ပစ္စည်းက ရှန်ချီကို သိမ်းခိုင်းထားတာ။ သူက ဘယ်သူမှမပြနဲ့တဲ့။ ရေထဲတွန်းချခံရတာကို အဖေရော၊ အမေရောသိတော့ သူတို့ကလည်း တွန်းချတဲ့လူကို ကူရှာပေးမယ်တဲ့"
၀မ်ချွေလန်ကလည်း ကြားဖြတ်ပြောလာ၏။
"ဟုတ်တယ်။ အခုခေတ်လူတွေက ဘာလို့ကြောက်စရာကောင်းနေရတာလဲ"
"သမီးလည်း ကြောက်နေရောပဲ။ အိပ်နေတုန်းလည်း ဓားနဲ့ ၀င်ထိုးသွားနိုင်တယ်နော်"
ဖေ့ယွမ်ကျဲက တည်ငြိမ်စွာ ပြော၏။
"ဘယ်နေရာမှကို မလုံခြုံဘူးနော်။ ဟုတ်တယ်မလား လီလီ"
'ခြိမ်းခြောက်တာပေါ့လေ'
ဖေ့လီက ကျိုးရှန်ချီ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သို့သော် ဖေ့ယွမ်ကျဲကို ပြုံးပြသော သူမ၏အပြုံးသည် ပို၍ဖြူစင်လာ၏။
"ဟုတ်တယ် ဘ၀က ခက်ခဲနေရောပဲ။ အဲ့လူက ငါ့ကို ပြန်လာသတ်မှာလည်း ကြောက်တယ်"
ဖေ့ယွမ်ကျဲက နှုတ်ခမ်းတွန့်ကာ ပြုံး၏။
"ရေထဲကျတုန်းက အဖြစ်အပျက်တွေကို သေချာမှတ်မိသေးလား။ ငါတို့ကို ပြောပြလေ ကူရှာပေးနိုင်တာပေါ့"
လူသတ်သမားက သူမနှင့်တူသည်ဟု ပြော၍မရပေ။ ထိုသို့ပြောလိုက်ပါက နောက်တစ်ကြိမ် ကျူးလွန်ရန် အခွင့်အရေး ရသွားမည်ဖြစ်သည်။ ပထမအကြိမ်သည် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း ဒုတိယအကြိမ်သည် ထိုမျှရိုးရှင်းမည်မဟုတ်ပေ။
ဖေ့လီက ကြောက်လန့်ဟန်ဆောင်လိုက်ကာ ခေါင်းယမ်းပြ၏။
"မမှတ်မိဘူး။ ဘာမှသိပ်မမှတ်မိဘူး။ ဒါပေမဲ့ ရဲကို အရင်ခေါ်လိုက်ရင် ကောင်းမလား။ အဲဒါဆို သူတို့က ငါ့ကို ကာကွယ်ပေးကြမှာလေ"
ဖေ့ယွမ်ကျဲက မျက်နှာပျက်သွားကာ ဖေ့လီကိုအကြံပြု၏။
"ပထမဆုံးအနေနဲ နင်က လူသတ်သမားရဲ့ရုပ်ကို မမှတ်မိဘူး။ ဒုတိယအနေနဲ့ နင့်ရဲ့သက်သေက မခိုင်လုံဘူး။ အခုတလော ရဲတွေက အလုပ်ရှုပ်နေကြတာလေ ဘယ်လိုလုပ်နင့်ကို ကာကွယ်ပေးနိုင်မှာလဲ။ အဲ့နေ့က ရာသီဥတုက အရမ်းအေးပြီး မြစ်ဘေးကလည်း ချော်နေတာ။ နင့်ဟာနင် ကျသွားတာလည်းဖြစ်နိုင်တယ်။ လူကောင်းတစ်ယောက်ကို မှားစွပ်စွဲနေမိလိမ့်မယ်နော်"
ကျိုးရှန်ချီက ခေါင်းလှည့်၍ ဖေ့ယွမ်ကျဲကို တစ်ခဏမျှ စိုက်ကြည့်လိုက်သည်။
ထို့နောက် ဘာမျှမဖြစ်သကဲ့သို့ ထင်းတစ်ချောင်းကို ကောက်ကာ မီးဖိုထဲ ပစ်ထည့်သည်။
ပြစ်မှုကျူးလွန်ရသည့်အကြောင်းရင်းမှာ ယုတ္တိမရှိသည့်အပြင် သူမတွင်လည်း သက်သေမရှိသေးပေ။ ဖေ့လီက ရဲခေါ်လျှင်ပင် လူသတ်သမားကို ဖမ်းရခက်မည်မှန်း သိ၏။ သူမသည် အခြားနည်းလမ်းများကို ရှာဖွေရမည်။ မိသားစု၏ ဘေးကင်းမှုကို ဦးစားပေးကာ လူသတ်သမား၏ နောက်ထပ်တိုက်ခိုက်မှုမှ ကာကွယ်ရမည်ဖြစ်သည်။
ဖေ့လီက ကြောက်ရွံ့သောအမူအရာဖြင့် ဖေ့ယွမ်ကျဲ၏ စကားကို သဘောတူလိုက်သည်။
"နင်ပြောတာမှန်တယ်။ ဒါပေမဲ့ ရွာလူကြီးက တဆင့် ရွာသားတွေကို ပြောခိုင်းရမယ်ထင်တယ်။ တကယ်ကြီး ရွာမှာ လူသတ်သမား ပေါ်ထွက်လာရင် ကြောက်စရာကောင်းနေမှာ။ ရွာထဲကလူတွေကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခိုင်းထားရမယ်"
အမှောင်ထဲတွင် ပုန်းကွယ်နေခြင်းက ပျော်စရာမကောင်းပေ။ ထို့ကြောင့် အလင်းရောင်ရှိရာသို့ ဆွဲထုတ်ရမည်။
ရွာထဲတွင် လူသတ်သမား ရှိသည်ဟူသော သတင်းပျံ့သွားပါက နောင်တွင် ဖေ့လီ၌ မတော်တဆတစ်ခုခု ဖြစ်ခဲ့လျှင် သူမကို တွန်းချသောလူသတ်သမားကိုသာ ပထမဆုံး သံသယ ၀င်ကြမည်ဖြစ်သည်။
ဖေ့ယွမ်ကျဲက တုံ့ဆိုင်းနေ၏။
"ထိတ်ထိတ်ပျာပျာဖြစ်အောင်လုပ်တာ မကောင်းဘူးထင်တယ်နော်။ ရွာထဲကလူတွေ အပြင်မထွက်ရဲဘဲ ဖြစ်နေပါ့မယ်"
၀မ်ချွေလန်က ထိုစကားကိုကြားသောအခါ ပန်ကိတ် ပြုလုပ်နေသည်ကိုရပ်ကာ ဖေ့ယွမ်ကျဲကို ကြည့်လိုက်သည်။ သူမက ယောက်မကိုကိုင်ထားလျက် ကျယ်လောင်စွာ ပြောလိုက်သည်။
"ကလေးမ နင်ဘာပြောလိုက်တာလဲ။ အပ်တွေ၊ အပ်ချည်တွေကြောင့် ဦးနှောက်ချောင်သွားတာလား။ ဘာတွေ ရှုပ်ထွေးနေတာလဲ။ လူသတ်သမားကသာ ငါတို့လီလီကို ရေထဲတွန်းမချရင် ငါတို့က ထိတ်ထိတ်ပျာပျာ ဖြစ်နေပါ့မလား။ နင်ပြောနေတာ ငါတို့မိသားစုကပဲ ရွာကို တမင်သက်သက် ဒုက္ခပေးနေသလိုနဲ့။ ဒုက္ခပေးတာက အဲ့တစ်ယောက်လေ။ ဘာလို့ ခံရတဲ့လူတွေက တာ၀န်ယူနေရမှာလဲ။ လီလီက ဘာအမှားတွေ လုပ်နေလို့လဲ။ သူက အပြစ်ကင်းတဲ့လူမဟုတ်ဘူးလား။ ဒီလိုအပြစ်ကင်းတဲ့လူကိုတောင် လုပ်ကြံနေရင် နောက်နောင် ဘယ်သူ့ကို အန္တရာယ်ပေးမလဲ မသိနိုင်ဘူး။ ငါတို့က ရွာကောင်းဖို့လုပ်နေတာ"
ဤနေရာတွင် ဖေ့ယွမ်ကျဲ မရှိပါက ဖေ့လီသည် သူမအမေထံသို့ပြေးကာ ပွေ့ဖက်၍ ကျယ်လောင်စွာ လက်ခုပ်တီးပေးမည်ဖြစ်သည်။ ဖေ့စုံတွဲ၏ သမီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာသည် အလွန်အံ့ဩဖို့ကောင်း၏။
ဖေ့ယွမ်ကျဲက အဆူခံရသောကြောင့် ရှက်ရွံ့သော မျက်နှာအမူအရာဖြင့် ပြော၏။
"ဒေါ်လေးချွေလန် သမီးက ဥပမာအနေနဲ့ ပြောတာပါ"
၀မ်ချွေလန်က ဟွန်းခနဲအသံပြုလိုက်ကာ မသိကျိုးကျွန်ပြုလိုက်သည်။
ဖေ့ယွမ်ကျဲက ဖေ့လီကိုပြုံးပြကာ တောင်းပန်သည်။
"လီလီ စိတ်မဆိုးပါနဲ့နော်။ ငါက အဲ့လိုအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး။ နင့်ဘက်ကနေ မတွေးမိတာ ငါ့အမှားပါ။ ရေထဲကျပြီးတဲ့နောက် နင်တော်တော်ကြောက်နေမှာပဲ"
ဖေ့လီက ၀တ်ကျေတန်းကျေ ခေါင်းညိတ်ပြသည်။ ဖေ့ယွမ်ကျဲက တုန်လှုပ်ချောက်ချားစွာဖြင့် ထွက်သွားသည်။
သူမထွက်သွားသည်နှင့် ဖေ့လီက လက်ပြန်ရုတ်လိုက်ကာ ပြတင်းပေါက်မှနေ၍ လမ်းလျှောက်သွားသော ဖေ့ယွမ်ကျဲ၏ ပုံရိပ်ကိုကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်များအားလုံးကို ပိတ်လိုက်ပြီး ဖေ့ရုန်ဖူကို ခေါ်လိုက်သည်။
"အဖေ ထမင်းစားရအောင်"
ဖေ့ရုန်ဖူက မည်သည်ကိုမျှ သတိမထားမိဘဲ ဂေါ်ပြားကိုချကာ အထဲ၀င်လာသည်။ သို့သော် အထဲသို့ ရောက်သောအခါ ဖေ့လီက ဆွဲခေါ်ကာ ထိုင်ခိုင်း၏။ ဖေ့လီက ၀မ်ချွေလန်ကိုလည်း ထိုင်ခိုင်းကာ တိုးတိုးပြောလိုက်သည်။
"အားလုံး ထိုင်ကြဦး၊ သမီးပြောစရာရှိတယ်”
ဖေ့ရုန်ဖူက နားမလည်ဟန်ဖြင့်
"ဘာဖြစ်လို့လဲ"ဟု မေးသည်။
ဖေ့လီက အသံကိုနှိမ့်ကာပြောသည်။
"သမီးအထင် ဖေ့ယွမ်ကျဲက ရေထဲတွန်းချတဲ့သူဖြစ်လောက်တယ်။ ဒါမှမဟုတ် ကြံရာပါတွေထဲက တစ်ယောက်ပေါ့။ ခုနက သမီး သူ့ကို လိမ်ပြောလိုက်တာဆိုတော့ အနှေးနဲ့အမြန် သမီးကို ထပ်လုပ်ကြံလာနိုင်တယ်"
ဖေ့ယွမ်ကျဲ၏မေးခွန်းများသည် မတော်တဆဖြစ်ပုံ ပေါ်သော်လည်း စကားလုံးတိုင်းသည် ထောင်ချောက်များ ဖြစ်၏။ ပထမဆုံးအနေဖြင့် သူမက သက်သေပစ္စည်းကိုသိချင်သည်။ ထို့နောက် လူသတ်သမား၏ ပုံပန်းသွင်ပြင်ကိုလည်း သိချင်သေး၏။ လိမ္မာရေးခြားရှိသော ချည်ထိုးသမလေးသည် ထိုကဲ့သို့ သိချင်မည် မဟုတ်ပေ။ သူမသည် လူသတ်သမားမဟုတ်လျှင်ပင် အပြစ်ကင်းသူတစ်ယောက် မဖြစ်နိုင်ပေ။
၀မ်ချွေလန်က လက်သီးဆုပ်ကာ ထုလိုက်သည်။
"သူ ဘာလို့ လူသတ်သမားဘက်ကနေ ပြောပေးနေလဲဆိုပြီး သိချင်နေတာ"
ဖေ့ရုန်ဖူက နားမလည်စွာဖြင့် မေးသည်။
"ဘာဖြစ်လို့လဲ"
ဖေ့လီက ဖေ့ယွမ်ကျဲကို လူသတ်သမားရှာမည်ဟုသာ ပြောခဲ့သည်။ သူမ၏ ရည်ရွယ်ချက်အမှန်မှာ လူသတ်သမားအကြောင်းကို သတင်းဖြန့်မည်။ ထို့နောက် ဖေ့ယွမ်ကျဲပေါ်သို့ အပြစ်ပုံချကာ သူမနှင့် ဖေ့ယွမ်ကျဲ မတည့်ကြကြောင်း အားလုံးကို သိစေမည်။
ဖေ့လီက ၀မ်ချွေလန်ကို ပြော၏။
"အမေ အမေနဲ့ ခင်တဲ့ အဒေါ်တွေ အဘွားတွေကို သမီးရေထဲတွန်းချခံရတဲ့အကြောင်း ပြောပြလိုက်။ လူများများသိလေ ကောင်းလေပဲ။ ပြီးရင် သမီးကို ဖေ့ယွမ်ကျဲက သူ့အရင်လက်ထပ်သွားလို့ မနာလိုနေတဲ့အကြောင်း တိုးတိုးတိတ်တိတ် ပြောပြလိုက်"
၀မ်ချွေလန်က ယုံကြည်မှုအပြည့်အ၀ဖြင့် ပြောသည်။
"ဟုတ်ပြီ အမေအကောင်းဆုံး လုပ်ပေးမယ်"
"ဟုတ်"
ဖေ့လီက မတ်တတ်ရပ်ကာ ပြော၏။
"အဲဒါဆို ဒီကိစ္စကို မစိုးရိမ်ကြနဲ့တော့ သမီးတို့ ခါတိုင်းလိုပဲ သွားလာစားသောက်ကြမယ်။ ဖေ့ယွမ်ကျဲနဲ့ သူ့နားကလူတွေကိုတော့ သတိထားရမယ်"
ကျိုးရှန်ချီက သူမ၏တိုက်ခိုက်မှု စွမ်းရည်ကြောင့် အံ့ဩသွားသည်။ သူ့ရှေ့ရှိလူသည် ညဏ်ကောင်းမှု တည်ငြိမ်မှုတို့နှင့်အတူ အံ့အသင့်ဖွယ်ကောင်းသော ထက်မြက်မှုတို့ပါ ရှိသည်။
၀မ်ချွေလန်က မုန့်ညက်များကို အဝိုင်းပုံသဏ္ဌာန် ပြားလိုက်ကာ ဒယ်အိုးတွင်ထည့်၍ ကြော်သည်။ အနားသားများမှာ ကြွပ်ကြွပ်ရွရွကလေးဖြစ်နေသည်။ ဖေ့လီက ပန်ကိတ်တစ်ကိုက်နှင့် မွှေးပျံ့ကာ ခပ်စပ်စပ် အရသာရှိသော ကျောက်ဖရုံသီးအစပ်ကြော်ကို စားလိုက်သည်။
ချိုမြကာ အရသာရှ်ိသော ရွှေဖရုံသီးစွပ်ပြုတ်သည် ရေငတ်ပြေစေ၏။
အိပ်ရာမ၀င်မီ ဖေ့ရုန်ဖူက အပေါက်ဖြစ်နေသောနေရာကို ဖာထေးသည်။ သူက အိပ်ရာပေါ်၌ လဲလျောင်းကာ ၀မ်ချွေလန်ကို ပြောလိုက်သည်။
"ငါတို့ ခွေးတစ်ကောင်လောက် မွေးကြရင်ရော၊ ခွေးရှိရင် တစ်ယောက်ယောက် လာတာနဲ့ ချက်ချင်း သိနိုင်တယ်လေ။ တစ်ကောင်နဲ့လောက်မှာ မဟုတ်ဘူး နှစ်ကောင်မွေးမှရမှာ"
၀မ်ချွေလန်က ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။
"ကျွန်မ နှစ်ရက်လောက်နေရင် ဘယ်သူ့အိမ်မှာ ခွေးမွေးထားတာရှိလဲလို့ သွားကြည့်လိုက်မယ်။ ပြီးရင် နှစ်ကောင် တောင်းခဲ့မယ်"
ဖေ့ရုန်ဖူက
"ယွမ်ကျဲကို အဲ့လောက်ရက်စက်လိမ့်မယ်လို့ ထင်မထားဘူး။ အဲ့လိုလူမျိုးတွေက ကြောက်စရာအကောင်းဆုံးပဲ။ တွေးကြည့်ရုံနဲ့တင် ကြောက်နေပြီ"
၀မ်ချွေလန်က ခုတင်ပေါ်တတ်လာကာ ပြော၏။
"ကျွန်မ မနက်ဖြန်ကျရင် သူ့ကိုသင်ခန်းစာကောင်းကောင်းပေးပြမယ်"
နံနက်စောစော နံနက်စာစားပြီးချိန်၌ ၀မ်ချွေလန်က ဉာဏ်ကောင်းသည့်လူတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်။ သူမက ကွာစိလှော် တစ်ပန်းကန်ကိုယူကာ ရွာထဲတွင် လူများ စုဝေးလေ့ရှိသော နေရာသို့သွားသည်။ သူမက ဘေးတွင် နံရံကိုမှီကာ ထိုင်နေသော တာ့၀မ်၏အမေကို ရည်ရွယ်ကာ မေးလိုက်သည်။
"နင်တို့မိသားစုက စောစောစီးစီး မနက်စာ စားပြီးကြပြီလား"
တာ့၀မ်၏အမေက မြေးဖြစ်သူကို ချီထားလျက် ကွာစိများကို ယူလိုက်သည်။
"ဒါပေါ့ စားပြီးပြီ။ ဒီကလေးက ပြဿနာရှာနေလို့"
"ဒီကလေးက တာ့၀မ်လိုပဲ မျက်လုံးကြီးကြီးနဲ့။ တကယ်ချစ်စရာကောင်းတာပဲ"
၀မ်ချွေလန်က လက်များဆန့်ထုတ်ကာ ကလေးငယ်ကို ခေါ်လိုက်သည်။
"လာ ဒေါ်လေးဆီလာ"
ကျစ်ဆံမြီးနှင့် ကလေးမလေးသည် ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်း လှမ်းကာ ၀မ်ချွေလန်လက်ထဲသို့ ရောက်လာသည်။
၀မ်ချွေလန်က အတိတ်ကို လွမ်းနေသောအသံဖြင့် ပြောသည်။
"လီလီ ဒီလိုအရွယ်တုန်းက လမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူး။ ဒီကလေးက လမ်းလျှောက်တာများ ငြိမ်နေတာပဲ။ သေချာပေါက်ဉာဏ်ကောင်းပြီး ကောလိပ်တတ်ရလောက်တယ်"
ဖင်းနန်ရွာတွင် ကောလိပ်တတ်သော မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးသည်။
ဤကဲ့သို့သော ချီးမွမ်းစကား နှစ်လုံးလောက်ဖြင့် တာ့၀မ်၏အမေက ပျော်ရွှင်စွာ ရယ်မောလာပြီး ပြန်ပြော၏။
"နင်တို့ လီလီ ငယ်ငယ်ကလည်း လှပါတယ်"
"တာ့၀မ်အမေ ဒီအင်္ကျီက တာ့၀မ် ၀ယ်ပေးတာမလား။ သားသမီး၀တ် ကျေပွန်နေရော။ ကျွန်မတို့ လီလီလည်း ရှင့်သားလို စဉ်းစားတတ်ရင်ကောင်းမယ်"
၀မ်ချွေလန်က သူမ၏အသံကို တမင်သက်သက် မြှင့်ပြောလိုက်သည်။
ရွာထဲရှိ အမျိုးသမီးကြီးများသည် တစ်ယောက်ယောက်၏ သားက မိခင်ဖြစ်သူအတွက် တစ်စုံတစ်ခု ၀ယ်ပေးသည်ဟု ကြားသောအခါ ချက်ချင်းစုဝေးလာကြပြီး ချီးမွမ်းကြသည်။
"ဟုတ်တယ် လှလိုက်တာ"
"ဒီဟာ၀တ်လိုက်တော့ ပိုလှနေရောပဲ"
"နောက်ခါဆို အိမ်က သမီးကိုလည်း ၀ယ်ပေးဖို့ပြောရမယ်"
အမျိုးသမီးများ၏ မနာလိုမှုများသည် တာ့၀မ်အမေ၏ ကြွားလိုစိတ်ကို ကျေနပ်စေသည်။ သူမက လျင်လျင်မြန်မြန်ဖြင့် နှိမ့်ချစွာပြန်ပြောသည်။
"နင်တို့သိလား သမီးတစ်ယောက်ကို ကျွေးမွေးပြုစုရတာလည်း ကောင်းပါတယ်။ ငါတို့အိမ်က တာ့၀မ်ဆို မိန်းမရပြီးကတည်းက မိန်းမကိုပဲ ဂရုစိုက်တော့တာ အမေဖြစ်သူအတွက် တွေးပေးတော့တာ မဟုတ်ဘူး"
"ငါ့သားလည်း အတူတူပဲ လက်ထပ်ပြီးတော့ အမေဖြစ်သူကို မမှတ်မိတော့ဘူး။ သူ့မိန်းမ စကားပြောနေရင် တစ်ခွန်းမှကို ၀င်မပြောရဲဘူး”
"ငါ့ချွေးမဆို ဒေါသက ထွက်လွယ်သေး။ ငါအစကတည်းက အဲ့မိန်းကလေးကို မကြည်ဖြူတာ ငါတို့မိသားစုထဲလည်း ရောက်လာရော သူလုပ်ချင်သလိုတွေလုပ်ပြီး ငါ့ခေါင်းပေါ် တတ်နင်းချင်နေရော။ ငါ ငါ့သားကို အစကတည်းက ဟဲဖုန်းရွာကကောင်မလေးကို ယူပါလို့ ပြောခဲ့သားနဲ့"
ချွေးမနှင့် ယောက္ခမကြားအကြောင်း ဆွေးနွေးမှုသည် အမျိုးသမီးများ၏ စကားပြောချင်စိတ်ကို နိုးကြားစေသည်။ ၀မ်ချွေလန်က သူမ၏ရည်ရွယ်ချက် အောင်မြင်သည်ကို မြင်သောအခါ ကွာစိများ ဝေမျှကာ သက်ပြင်းများတစ်ခုပြီးတစ်ခု ချနေ၏။
တာ့၀မ်၏အမေက သတိထားမိသွားကာမေးသည်။
"ချွေလန် ဘာလို့သက်ပြင်းတွေချနေတာလဲ"
"ငါတို့လီလီက ကြောက်လန့်နေလို့လေ။ သူ့လက်ထပ်ပွဲပြီး နောက်နှစ်ရက်နေတော့ မြစ်ထဲ တွန်းချခံရတာ"
၀မ်ချွေလန်က စကားပြောနေလျက် မျက်ရည်များ ကျလာသည်။
"သူက လူသတ်သမား ပြန်လာပြီး သတ်မှာကို ကြောက်နေရှာတာ။ မနေ့က သူပြောပြတော့ ငါ့မှာ သေလောက်အောင်ကို ကြောက်သွားတာ။ ဖေ့လီ အသက်ရှင်နေမှန်း သိရင် လူသတ်သမားက ပြန်လာပြီး ငါတို့အားလုံးကို သတ်သွားမှာစိုးတာ"
ဖေ့ရုန်ဖူတို့ ဇနီးမောင်နှံက ဖေ့လီကိုမည်မျှချစ်သည်ကို ဖင်းနန်ရွာ တစ်ရွာလုံး သိ၏။
၀မ်ချွေလန် ငိုသည်ကို မြင်သောအခါ အမျိုးသမီးများသည် သူမကဲ့သို့ ခံစားသွားရသည်။
"အယုတ်တမာကောင် ဆောင်းတွင်းကြီးမှာ မြစ်ထဲတွန်းချတယ်ပေါ့။ ဒါက လူသတ်ဖို့ ကြံနေတာ မဟုတ်ဘူးလား"
"အခုခေတ်လူတွေက ဥပဒေမဲ့ကုန်ကြပြီ။ ဒီရက်ပိုင်း လီလီတော့ ကြောက်နေရှာမှာပဲ"
"မကြောက်နဲ့ ချွေလန် ငါတို့ နင့်အတွက် တရားမျှတမှုရှာပေးမယ်"
၀မ်ချွေလန်က မီးထဲသို့ လောင်စာထပ်ဖြည့်လိုက်သည်။
"ငါ့အထင် သူ့ဦးနှောက်က တစ်ခုခုမှားနေတာနေမယ်။ စိတ်ရောဂါ ရှိနေတာမျိုးလေ။ သူဒေါသထွက်လာပြီး လူတွေလိုက်သတ်နေရင် ဘယ်လိုလုပ်မလဲ"
ထိုမီးတောက်သည် ရွာ၏ဘေးကင်းလုံခြုံမှုဆီသို့ ဦးတည်သွားသည်။
လူတိုင်းသည် စိတ်မကောင်းဖြစ်ကာ ဒေါသထွက်လာကြတော့သည်။
"ငါတို့တွေ ဒီကိစ္စကို ဒီတိုင်းမထားနိုင်ဘူး။ နေ့ခင်းမှာတောင် ရဲတင်းနေတာ ရှေ့လျှောက် နေ၀င်ရင် ဘယ်သူက လမ်းပေါ်ထွက်ရဲကြတော့မှာလဲ"
"ရွာလူကြီးကိုရှာပြီး လူသတ်သမားကိုစုံစမ်းခိုင်းရမယ်"
၀မ်ချွေလန်က ရွာလူကြီးအိမ်သို့သွားနေလျက် ရေရွတ်နေသည်။
"လီလီ လက်ထပ်သွားတာကို ဘယ်သူက မကျေနပ်ဖြစ်နေတယ်မသိဘူး။ သူလက်မထပ်ရသေးလို့ မနာလိုနေတဲ့သူများလား"
မကြာမီတွင် အမျိုးသမီးတစ်ယောက်က အမည်တစ်ခု ထုတ်ပြောလာသည်။
"ရွာမှာ လက်မထပ်ရသေးတာ ယွမ်ကျဲပဲရှိတော့တယ်။ ခုတလော သူထူးဆန်နေတယ်လို့ ထင်နေတာ။ နင်သိလား အရင်တစ်ခါက နင်တို့အိမ်နောက်မှာ သူ ပုန်းနေတာကို တွေ့လိုက်တယ်"
ဖင်းနန်ရွာလူကြီး ဖေ့ခွင်းက တံခါး၀တွင်ထိုင်ကာ ဆေးတံသောက်နေသည်။ သူသည် သူ့အိမ်သို့ လူအုပ်ကြီး လာသည်ကို မြင်သောအခါ မှင်တက်သွားသည်။
...