အပိုင်း (၂၃) တိုးတက်မှု
ဖေ့ခွင်းသည် ဖင်းနန်ရွာလူကြီးဖြစ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သည်။ သို့သော် ဤမြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ပေ။ သူက ဆေးတံကို တစ်ဖွာဖွာပြီး မတ်တတ်ရပ်လိုက်သည်။
"ဘာဖြစ်ကြတာလဲ"
သူမေးပြီးသောအခါ အမျိုးသမီးများက စုဝေးလိုက်ပြီး ပြောလာကြသည်။
"ရွာလူကြီး ရှင်ဆုံးဖြတ်မှ ဖြစ်တော့မယ်။ ရွာမှာ လူတွေကို လက်လွတ်စပယ် လိုက်သတ်နေတဲ့ စိတ္တဇကောင် ရှိနေတယ်"
"ဘယ်ချိန် နောက်တစ်ယောက် အသတ်ခံရမလဲမသိဘူး"
"အတော်လေးကို ကြောက်စရာကောင်းတယ်"
ဖေ့ခွင်းက မှင်တက်သွားသည်။
"ဘယ်သူ့ကို သတ်တာတဲ့လဲ"
၀မ်ချွေလန်က လက်ဦးမှုရယူကာ ရှေ့သို့ထွက်လာသည်။
"ကျွန်မသမီး လီလီကို ရေထဲတွန်းချတာပါ။ ရှောင်ဝေ့နဲ့သူ့အဖေကယ်ခဲ့လို့သာ။ ရှောင်ဝေ့အမေလည်း ဒီကိစ္စကို သိပါတယ်"
ဖေ့ဝေ့နှင့် သူ၏ဖခင်သည် ဖေ့လီကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ဖေ့ရုန်ဖူက ကျေးဇူးတင်သောကြောင့် ပေါက်စီများပင် ပေးခဲ့သေး၏။ ထိုအချိန်တွင် အဖွဲ့ထဲတွင်ရှိသော ရှောင်ဝေ့အမေက သဘောတူ ထောက်ခံလေသည်။
"ဟုတ်တယ်။ သူတို့သားအဖ ပြန်လာတုန်းကဆို ရေတွေရွှဲစိုနေရော"
"ရွာလူကြီး အဖြေရှာပေးပါဦး။ ခုချိန်ကစပြီး လမ်းပေါ် သွားရဲလာရဲကြမှာ မဟုတ်တော့ဘူး"
ဖေ့ခွင်းက တစ်ခဏမျှ စဉ်းစားပြီးနောက် အာမခံချက် ပေးလိုက်သည်။
"ဒီကိစ္စကို စိတ်မပူနဲ့တော့။ ငါဖြေရှင်းချက်တစ်ခု ပေးမယ်"
၀မ်ချွေလန်က မေး၏။
"ရွာလူကြီးက ဘာလုပ်မယ် စဉ်းစားထားတာလဲ"
ဖေ့ခွင်းက ကျယ်လောင်စွာ ပြောသည်။
"ဒီနေ့လယ်မှာ ရွာရဲ့အကြီးအကဲတွေကို အစည်းဝေးခေါ်ပြီး ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချမယ်။ အပတ်တိုင်း မိသားစုထဲက လူနှစ်ယောက်က လူသတ်သမားကို ရှာတွေ့တဲ့အထိ ကင်းလှည့်ရမယ်။ ဒီအတောအတွင်း ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ"
ဤသည်မှလွဲ၍ အခြားနည်းလမ်း မရှိသည့်ပုံပင်။ လူတိုင်းက ရွာလူကြီး၏စကားကို ယုံကြည်ကြကာ လူစုကွဲသွားကြလေသည်။
၀မ်ချွေလန်ကလည်း အားရကျေနပ်မှုတို့ဖြင့် အိမ်ပြန်လာခဲ့သည်။
တစ်ချိန်ထဲမှာပင် ဖေ့ရုန်ဖူနှင့် ဖေ့လီတို့ကလည်း မြို့ထဲသို့ ပေါက်စီရောင်းသွားနေကြသည်။ ယနေ့မနက်က ပြုလုပ်ထားသော မုန့်အသစ်ဖြစ်သည့် ပန်းပွင့်ပေါက်စီအစပ်အနည်းငယ်ပါ ပါ၏။
ပေါက်စီပေါ်သို့ အစပ်မှုန့်အနည်းငယ် ဖြူးစားပါက ခပ်စပ်စပ်အရသာကလေးဖြင့် အသီးအရွက်များ မပါလျှင်ပင် စားသုံးနိုင်မည်ဖြစ်သည်။
မုန့်အသစ်သည် စတင်ရောင်းချရုံမျှ ရှိသေးသော်လည်း ၀ယ်သူများ၏ နှစ်သက်မှုကို လျင်မြန်စွာ ရရှိလေသည်။ ဖေ့လီက အခွင့်ကောင်းယူကာ ဆိုင်ဖွင့်မည့်အကြောင်းကိုကြေညာလေသည်။
ကိုးနာရီမထိုးမီ၌ ဆိုင်တွင် ၀ယ်လူအနည်းငယ်သာ ရှိသောကြောင့် ဖေ့လီက ရဲစခန်းသို့ အမှုတိုင်ကြားရန် သွားသည်။
ရဲစခန်းအ၀င်နံရံပေါ်၌ လူပျောက်ကြော်ငြာတစ်ခုကို ကပ်ထားသည်။ ဖေ့လီက ဂရုတစိုက် ကြည့်လိုက်သော်လည်း ကျိုးရှန်ချီနှင့် သက်ဆိုင်သည့် အကြောင်းအရာများ မပါ၀င်သောကြောင့် လှည့်၍ စခန်းအတွင်းသို့၀င်လာခဲ့သည်။
မြို့တွင် ရဲ၀န်ထမ်း အများအပြား မရှိပေ။ ခန်းမထဲတွင် နှစ်ယောက်သာရှိ၏။ တစ်ယောက်သည် တစ်ခုခု ချရေးလျက် ရှိပြီး အလွန်အလုပ်များဟန် ပေါ်နေသည်။ ဖေ့လီက အခြားတစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ မှန်များကာထားသောအခန်းအတွင်း၌ ထိုင်နေသော ရဲ၀တ်စုံ ၀တ်ထားသည့် ခေါင်းတုံးဆံတောက်ကေဖြင့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ထိုနေရာသို့ လျှောက်သွားကာ ပြောလိုက်သည်။
"ကျွန်မ အမှုဖွင့်ချင်လို့ပါ"
"ဘာဖြစ်လို့လဲ"
အခန်းတွင်ရှိသော ရဲ၀န်ထမ်းက ဖေ့လီကို မော့ကြည့်သည်။ ဖေ့လီက အဖြစ်အပျက်များကို အသေးစိတ် ပြန်ပြောလိုက်သည်။ မြို့တွင်းနှင့် ရွာများတွင် ဖြစ်လေ့ရှိသောအမှုများသည် ခိုက်ရန်ဖြစ်ပွားမှုများသာ ဖြစ်၏။ ဖေ့လီ၏ အမှုကဲ့သို့ မလိုတမာစိတ်ဖြင့် သတ်ဖြတ်သည့်အမှုမျိုး မရှိပေ။ ဖေ့လီ၏စကားအချို့ကို ကြားသောအခါ အချက်အလက်များ ရေးသားနေသော ရဲ၀န်ထမ်းက ထလာ၏။
"အမှုမဖြစ်ခင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိလား"
ဖေ့လီက ၀မ်းနည်းစွာ ခေါင်းယမ်းပြသည်။
"ကျွန်မ ရေထဲကျတုန်းက ခေါင်းကိုထိခိုက်မိသွားတယ်။ အများကြီးမမှတ်မိတော့ဘူး"
"ဒါဆို မင်းအတွက် နည်းနည်းတော့ခက်ခဲမှာပဲ။ ဒီလိုဆိုရင်ရော၊ နေ့လယ်ကျ ငါတို့ရဲမှူးပြန်လာတဲ့အခါ ဒီကိစ္စကို တင်ပြပေးမယ်။ ပြီးတော့ နောက်ဆက်တွဲစစ်ဆေးမှုတွေ လုပ်ဖို့ မင်းတို့အိမ်ကို အမြန်ဆုံး လာခဲ့လိုက်မယ်။ အဆင်ပြေလား"
"ဟုတ်ကဲ့"
ဖေ့လီက ကျေးဇူးတင်စကားပြောကာ အိမ်လိပ်စာ ပေးခဲ့ပြီးနောက် ပြန်လာခဲ့သည်။ ဆိုင်သို့ ပြန်ရောက်သောအခါ ဖေ့ရုန်ဖူနှင့် ကျောင်းကျွယ်တို့ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ပြောစရာစကားများများစားစား မရှိသောကြောင့် ကသိကအောက် ဖြစ်နေကြသည်။ သူမ ပြန်ရောက်လာသောအခါ ဖေ့ရုန်ဖူက ဆက်၍မထိုင်နိုင်တော့ဘဲ မီးဖိုခန်းထဲ၀င်သွားသည်။ ကျောင်းကျွယ်က ပြုံးကာပြောသည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ မနေ့က ကျွန်တော် အိမ်မှာမရှိတော့ မင်းနဲ့လွဲသွားတာ"
"ဆိုင်ကို ပြင်ဆင်ပြီးသွားပြီ။ မနက်ဖြန်ဆို နှမ်းယို စရောင်းရတော့မယ်"
ဖေ့လီက ပြုံး၍ ဂုဏ်ပြုစကားဆိုသည်။
"သေချာပေါက် ရောင်းအားကောင်းမှာပါ"
ကျောင်းကျွယ်က သူ့ဘေးက လက်ဆောင်ဘူးကို ယူလိုက်သည်။
"ဒါက ရွှယ်ရွှယ် ပြင်ဆင်ထားတာ။ တစ်ယောက်ယောက်ကို လက်ဆောင်ပေးတဲ့အခါ သုံးရအောင်လို့တဲ့။ မင်းဆီယူလာပြီး ပြကြည့်တာ။ စက်ရုံက ထုတ်တဲ့ နှမ်းယိုနဲ့ စမ်းသုံးကြည့်ဖို့ အခွင့်ရေးကောင်းပဲ"
လက်ဆောင်ဘူးသည် အနီရောင်တောက်ပနေကာ 'ကျောင်းချိုချဉ်ဆိုင်'ဟုသော မည်းနက်သည့် စာလုံးကြီးများ ပါရှိသည်။ တစ်ဖက်တွင်လည်း နှမ်းယိုပုံများ ရိုက်နှိပ်ထားသည်။ ဖွင့်ကြည့်လိုက်သောအခါ နှမ်းယိုများကို မြင်သာအောင် ထုပ်ပိုးထားသည်ကို တွေ့ရ၏။
ဤအကြိမ်တွင် ကျောင်းကျွယ်၌ အမှတ်တံဆိပ်ကို ကြိုတင်ပြင်ရမည့်အသိ ရှိ၏။ လက်ဆောင်ဘူးသည် နောက်မျိုးဆက်များ၏ လက်ရာလောက် မကောင်းသော်လည်း အာရုံဖမ်းစားနိုင်မှုတော့ ရှိ၏။
ဖေ့လီက နှမ်းယိုတစ်ခုကို ထုတ်ကာဝါးလိုက်သည်။ အနံ့မွှေးကာ ချိုသော်လည်း အီနေခြင်း မရှိပေ။
ဝိညာဉ်စမ်းရေ၏ အကူအညီ မပါသော်လည်း အရသာမှာထိပ်တန်းဖြစ်သည်။ သူမက ချီးကျူးလိုက်သည်။
"ကျွန်မလုပ်တာထက်တောင် ကောင်းသေးတယ်"
"မင်းပြောတာကြားမှပဲ စိတ်အေးရတော့တယ်"
ကျောင်းကျွယ်က ဆက်ပြောသည်။
"ပမာဏများများ ထုပ်ပိုးဖို့အတွက်လည်း စက္ကူအိတ်တွေ ပြင်ဆင်ထားတယ်"
"ဒါရိုက်တာကျောင်းက ဒီလောက်ဖန်တီးနိုင်မယ်လို့ ထင်မထားခဲ့ဘူး"
သူသည် အရွယ်အစားနှင့် ထုပ်ပိုးမှုကို ထည့်သွင်းစဉ်းစားထားသည်။ ထုပ်ပိုးမှုများကလည်း မတူကွဲပြား၏။
ကျောင်းကျွယ်က ချီးကျူးမှုကို ခံယူရန် ရှက်နေသည်။
"ဒါတွေအကုန်လုံးက ရွှယ်ရွှယ်ရဲ့ကြိုးစားမှုတွေပါ။ သူ့မှာ စိတ်ကူးကောင်းရှိတော့ အစ်ကိုလည်း ကောင်းမယ်ထင်တာနဲ့ လုပ်လိုက်တာ"
ဖေ့လီက နောက်လိုက်၏။
"အစ်မရွှယ်ရွှယ်ကို ဖြန့်ချိရေး၀န်ကြီးရာထူး ပေးရမယ်"
ကျောင်းကျွယ်ကလည်း ရယ်မောကာပြော၏။
"ဒါပေါ့။ အခုလည်း ဘဏ္ဍာရေး၀န်ကြီးရာထူးနဲ့ပါပဲ"
လေထုသည် သဟဇာတဖြစ်နေ၏။ ဖေ့လီက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူမက လက်ဆောင်ဘူးကို ညွှန်ပြကာ
"ဒီဘူးကို ဘယ်လောက်ဈေးနဲ့ ရောင်းမှာလဲ"
"ဈေးတော့များတယ်။ တစ်ဘူးကို၃ယွမ်နဲ့ရောင်းရမှာ"
ကျောင်းကျွယ်က လက်ဆောင်ဘူး၏ဈေးကို ပုံမှန်နှုန်းဖြစ်စေရန်အတွက်လည်း ပြင်ဆင်ထားသည်။
"ကုန်ကျစရိတ်က တော်တော်လေး များတယ်။ ဈေးထပ်လျှော့လို့မရတော့ဘူး"
ဘူးထဲတွင် နှမ်းယို၆ဘူးပါရှိသည်။ တစ်ဘူးလျှင် ပြား၅၀ကျသင့်ပြီး ဈေးအလွန်မများပေ။
သူမတို့မြို့ငယ်လေးတွင် နေထိုင်မှုပုံစံသည် မြင့်မားခြင်းမရှိပေ။ ထို့ကြောင့် ဈေးမြှင့်ရောင်းရန် ခက်ခဲသည်။ လုပ်ငန်းချဲ့ထွင်မှသာ အဆင်ပြေမည်ဖြစ်သည်။ ဖေ့လီကအကြုံပြုလိုက်သည်။
"ဒါရိုက်တာကျောင်း လက်ဆောင်ဘူးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီမြို့ထဲဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ရှင့်မှာအဆက်အသွယ်ရှိရင် မြို့တော်မှာ ရောင်းဖို့ အကြံပေးပါရစေ”
"ကျွန်တော်လည်း အဲ့ဒါကိုတွေးမိပါတယ်။ ဒါပေမဲ့ အရသာက လူတိုင်းကြိုက်ကြပါ့မလားလို့။ နှစ်ရက်လောက် စောင့်ကြည့်ပြီး ရောင်းအားကောင်းတယ်ဆိုမှ အစီအစဉ်ချမလို့"
ကျောင်းကျွယ်သည် တည်ငြိမ်မှုကို ရှာဖွေသည့်ပုဂ္ဂိုလ်ဖြစ်ပြီး တုံ့ဆိုင်းပုံပေါ်၏။
ဖေ့လီက ကွမ်းချွမ်းချန်၏ နည်းလမ်းကို စဉ်းစားလိုက်သည်။ နှမ်းယိုသည် စတင်ရောင်းချသည့်နေ့မှာပင် ပစ်မှတ်ထားခံရမည် ဖြစ်သည်။ကျောင်းကျွယ်သည် ဤအခွင့်အရေးကိုယူကာ ဈေးကွက် ချဲ့ထွင်သင့်သည်။ သူမက သူစိတ်၀င်စားလာစေရန် ကွမ်းချွမ်ချန်း၏သာဓကကို တမင်သက်သက် သုံးလိုက်သည်။
"ကွမ်းချွမ်ချန်းက ချင်းစိမ်းချိုချဉ်တွေကို မြို့တော်မှာ ရောင်းနေတာ ရှင်သိတယ်မလား။ အခုဆို သူ့စီးပွားရေးက အတော်လေးအောင်မြင်နေတာ။ သူ့မှာစူးရှထက်မြတ်တဲ့အမြင် ရှိပြီး အမြဲတမ်း ရှင့်ထက် ခြေတစ်လှမ်း သာနေတာ။ ဈေးကွက်ကို မချဲ့ထွင်ရင် ရှင့်ရဲ့ဖန်တီးနိုင်မှုစိတ်ကူးတွေလည်း မဖော်ထုတ်နိုင်ခင် ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီလိုဆို သူ့ကိုအနိုင်ယူဖို့ ခက်ခဲသွားပြီ"
ကျောင်းကျွယ်က ထိုအကြောင်းကို စဉ်းစားလိုက်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူနှင့် ကွမ်းချွမ်ချန်းတို့ ယှဉ်ပြိုင်ခဲ့သော အတွေ့အကြုံများအရ သူမစကားများသည် မှန်ကန်ကြောင်း သိ၏။ ထို့ကြောင့် သူက ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။ ဒီကပြန်ရင် မြို့တော်မှာ ဆိုင်တစ်ဆိုင်ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ မနက်ဖြန် မြို့လေးမှာဆိုင်ဖွင့်မယ်။ သန်ဘက်ခါဆို မြို့တော်မှာဆိုင်ဖွင့်မယ်!"
ကျောင်းကျွယ်က လက်အောက်ငယ်သားတစ်ယောက်၏ အကြံကို နားထောင်လေ့မရှိပေ။ဖေ့လီသည် နှမ်းယိုကို ထပ်ကိုက်လိုက်သည်။
ကျောင်းကျွယ်က ဆက်၍မထိုင်တော့ဘဲ နှမ်းယိုဆိုင်လိပ်စာကို ပြောပြကာ ထွက်သွားသည်။
"မနက်ဖြန်လာပြီး ထောက်ပံ့ဖို့ မမေ့နဲ့နော်"
ဖေ့လီက လာခဲ့ပါမည်ဟုပြောလိုက်သည်။
သူမတို့သည် မီးဖိုချောင်သုံးပစ္စည်းများကို ၀ယ်ယူပြီးဖြစ်၏။ ကုန်ကြမ်းများသည်လည်း အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။ ဖေ့လီက မီးဖိုချောင်သို့သွားကာ ကြက်သွန်မြိတ်ပန်ကိတ်လုပ်သည်။ နုပ်နုပ်စဉ်းထားသော အသားအချို့ကိုလည်း ထည့်ထား၏။ ရေညှိစွပ်ပြုတ်တစ်အိုးကိုလည်း ချက်ပြုတ်လိုက်သည်။ သူမတို့သားဖသည် စားသောက်ပြီးသောအခါ ဆိုင်ကို ခေါင်းစခြေဆုံး သန့်ရှင်းကြသည်။ သူတို့သည် နေ၀င်မှသာ အိမ်သို့ပြန်ခဲ့ကြ၏။
ရွာ၀င်သို့ရောက်သောအခါ ဖေ့ ဝေ့နှင့်သူ့ဖခင်ကို ခပ်လှမ်းလှမ်းတွင် တွေ့လိုက်ရသည်။ သူတို့က ဓာတ်မီးများကိုင်ကာ လျှောက်လာကြ၏။ ဖေ့ ဝေ့၏ဖခင်က နှုတ်ဆက်လိုက်သည်။
"ဝေး ရုန်ဖူ ပြန်လာပြီပေါ့”
"ဦးလေးဘေးကလူက ဘယ်သူလဲ"
ဖေ့ဝေက ဖေ့လီကို ညွှန်ပြကာမေးသည်။
ဝိတ်ချခြင်း၏ အကျိုးရလဒ် ထွက်လာသည့်ပုံပင်။ ဖေ့လီက တိတ်တခိုး ပြုံးလိုက်သည်။
ဖေ့ရုန်ဖူက ရယ်မောကာ ပြန်ဖြေသည်။
"ငါ့သမီးလေ ခဏလောက် မတွေ့လိုက်ရတာနဲ့ မေ့သွားပြီလား"
သူ့ရှေ့က မိန်းမပျိုလေးသည် အရောင်ဖျော့ဖျော့အနွေးထည်ကို၀တ်ထားကာ လည်စည်းပဝါဖြင့် မျက်နှာတစ်၀က်ကို ဖုံးထားပြီး လှပသောနှာခေါင်းကိုသာ ဖော်ထား၏။ ထိုနှာခေါင်းအထက်တွင် ရွှန်းလဲ့ကာ ကြင်နာတတ်သည့် မျက်လုံးတစ်စုံ ရှိသည်။ သူမသည် သွယ်သွယ်လျလျ မရှိသော်လည်း ရိုးရိုးရှင်းရှင်းနှင့် ချစ်စရာကောင်းသည်။
'အရင်က ဖေ့လီက ဒီလိုပဲလား'
သူမကို ကယ်ခဲ့စဉ်က သေလောက်အောင် လေးခဲ့သည်ကို မှတ်မိသေး၏။ သူ့ရှေ့က ဖေ့လီသည် အတိတ်က ဖေ့လီနှင့်ဆက်စပ်ခြင်းမရှိပေ။ သူ့မျက်နှာသည် သတိမမူမိဘဲ နီမြန်းလာသည်။
ဖေ့ဝေ့တို့သားအဖသည် အိမ်ဆောက်သည့်အလုပ်ကို လုပ်ကိုင်ကြသည်။ သူတို့သည် ရွာမှ နံနက်စောစော ထွက်ကြပြီး မိုးချုပ်မှသာပြန်လာကြ၏။ အလုပ်ဖွင့်ရက်များတွင် အလုပ်များလေ့ရှိကြပြီး ရွာတွင်တွေ့ရခဲ၏။
ဖေ့ရုန်ဖူက သူတို့ကိုင်ဆောင်ထားသော မီးများကိုကြည့်ကာ မေးလိုက်သည်။
"ဒီချိန်ကြီး ဘာလို့ဓာတ်မီးတွေ သုံးနေတာလဲ"
"မင်း မသိသေးဘူးလား"
ဖေ့ဝေ့၏ ဖခင်က ဖြေသည်။
"မင်းတို့လီလီ ရေထဲတွန်းချခံရတာဆို။ ဒီအတောအတွင်း ရွာလုံခြုံအောင်လို့ ရွာလူကြီးက တစ်အိမ်နှစ်ယောက် ကင်းလှည့်ခိုင်းတာ"
ဖေ့ရုန်ဖူက ဇနီးသည်၏ ကျေးဇူးကြောင့်မှန်း ချက်ချင်းနားလည်သွားသည်။ သူက လျင်မြန်စွာပြောသည်။
"ကြိုးစားပေးလို့ ကျေးဇူးပါကွာ"
ဖေ့ဝေ့က မြန်မြန်ပြန်ဖြေသည်။
"အခက်အခဲကြီးလည်း မဟုတ်ပါဘူးဗျာ"
ဖေ့ရုန်ဖူက ဖေ့လီကို ခေါ်ကာ ထွက်သွားသည်။ ဖေ့ဝေ့သည် ဖခင်ဖြစ်သူထံမှ အကြိမ်အနည်းငယ် ခေါ်လာသည်အထိ ရွာ၀င်မှသူမပုံရိပ်ကိုကြည့်နေသည်။
ဖေ့လီတို့သားဖ အိမ်ပြန်ရောက်သောအခါ ၀မ်ချွေလန်က သမီးဖြစ်သူဆီ အပြေးသွားကာ ယနေ့၏ အောင်မြင်မှုကို ပျော်ရွှင်စွာပြောပြသည်။
"စိတ်မပူနဲ့ ဒီတစ်ခါ ဖေ့ယွမ်ကျဲ ဘာမှလုပ်ရဲမှာ မဟုတ်ဘူးရယ်။ သမီးကို မနာလိုနေတဲ့အကြောင်းကိုလည်း သတင်းဖြန့်ထားသေးတယ်"
ဤသို့ပြုလုပ်လိုက်လျှင် ဖေ့ယွမ်ကျဲသည် မဆင်မခြင် ထပ်လုပ်ရဲမည်မဟုတ်ပေ။ သူတို့မိသားစုသည် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပြီးပြီဟုတွေးကာ ညစာကိုပျော်ရွှင်စွာစားကြသည်။
အစည်းအဝေးသည် အိမ်တိုင်း အိမ်တိုင်းမှ လူတစ်ယောက်တတ်ရောက်ရသည်။ ချက်ပြုတ်နေစဉ်တွင် နားပူနားဆာလုပ်တတ်သော ဇနီးသည်များကြောင့် ရွာသားများသည် ရွာထဲတွင် စိတ္တဇလူသတ်သမား ရှိနေပြီး ကင်းလှည့်ရမည်ဖြစ်ကြောင်းကို သိသွားကြသည်။
ဖုန်းဟွေ့သည်လည်း သူမသမီး ဖေ့ယွမ်ကျဲနှင့် ဖေ့လီတို့ မသင့်မြတ်ကြသည်ကို ရွာထဲမှ ကြားလာခဲ့သည်။ သူမက ဘေးကျပ်နံကျပ်ဖြစ်နေပြီး ညစာစားသည့်အချိန်၌ သမီးဖြစ်သူကို မေးလိုက်သည်။
"နင်နဲ့ ရှောင်လီက အဆင်ပြေကြတယ် မဟုတ်ဘူးလား။ ဘာလို့ရွာထဲက လူတွေက နင်က မနာလိုနေတယ်လို့ ပြောနေကြတာလဲ"
ဖေ့ယွမ်ကျဲသည် ဖေ့လီက ရက်စက်လိမ့်မည်ဟု မျှော်လင့်မထားပေ။ သူမက ခေါင်းယမ်းကာ ပြန်ဖြေသည်။
"ဘာတွေဖြစ်နေတယ်ဆိုတာ သမီးလည်းမသိဘူး"
ဖေ့တာ့ဖေးက သူမကို စက်ဆုပ်ရွံရှာမှုတို့ဖြင့် ကြည့်လိုက်ပြီး ပါးစပ်ထဲရှိ ဆန်ပြုတ်များကို မျိုချလိုက်သည်။
"ဒီရက်ပိုင်း တခြားလူတွေဆီ လျှောက်မလည်နဲ့။ နောက်နှစ် မင်းရဲ့မင်္ဂလာပွဲကျင်းပမှာကို စောင့်နေ"
ဖေ့ယွမ်ကျဲက ခေါင်းညိတ်ပြလိုက်ပြီး အစားကိုသာ ငုံစားနေသည်။ သူမမျက်လုံးတို့တွင် ရက်စက်မှုတို့ပြည့်နေ၏။
ဖေ့တာဖေးသည် အိမ်ထောင်ဦးစီးပီသသည့်လူ ဖြစ်သည်။ သူသည် စားသောက်ပြီးသောအခါ တူများကို ချ၍ အနားယူရန် အိပ်ရာဆီသို့သွားသည်။ ဖေ့ယွမ်ကျဲက ဖုန်းဟွေ့ကို သန့်ရှင်းရေး ကူလုပ်ပေးပြီးနောက် အရှေ့ဘက်ရှိအခန်းသို့သွားသည်။
အခန်းသည် အလွန်ရှုပ်ပွနေပြီး ခုတင်ဘေးတွင် သူမသိမ်းဆည်းရမည့် စားပြီးသားပန်းကန်များလည်း ရှိသည်။ ဖေ့ယွမ်ကျဲက စက်ဆုပ်ရွံရှာသွားသည်။
"ဖေ့လီက လူသတ်သမားကိုရှာနေပြီ နင်က အိပ်ဖို့ တွေးနေတုန်း။ ငါသာ သူ့ကိုရဲမခေါ်ဖို့ မဖျောင်းဖျခဲ့ရင် ခုလောက်ဆို ရွာထဲ ရဲတွေ ရောက်နေလောက်ပြီ"
ဖေ့ယွမ်၀မ်က လှောင်ပြုံးပြုံးလိုက်သည်။
"ဘာလို့ စိတ်လှုပ်ရှားနေတာလဲ။ အဲ့ဒီနေ့က ဘယ်သူမှမမြင်လိုက်ဘူး။ စိတ်လှုပ်ရှားနေတာကမှ လူတွေ သံသယ၀င်ကြမှာ"
'တုံးအနေရော'
ဖေ့ယွမ်ကျဲက ညင်ညင်သာသာပြော၏။
"သူပြောတာတော့ မြစ်နားမှာ ပစ္စည်းတစ်ခု ကောက်ရတယ်တဲ့"
"ဘာတွေကောက်ရနေတာလဲ။ အဲ့နေ့က သူ့ကိုပွေ့ခေါ်သွားကြတာ။ သတိမေ့နေပါတယ်ဆို ဘယ်လိုလုပ် ပစ္စည်း ကောက်နိုင်မှာလဲ"
ဖေ့ယွမ်ဝမ်က သူမကို ဆူ၏။
"နင်အလိမ်ခံလာရတယ်ဆိုတာတောင် မသိဘူးလား"
ဖေ့ယွမ်ကျဲက ထိတ်လန့်ကာ ကြောက်စိတ်၀င်လာသည်။
"ငါဘာလုပ်ရမလ"
"ဘာအဓိပ္ပာယ်လဲ"
ဖေ့ယွမ်ဝမ်က ထိုကိစ္စနှင့် ခပ်ခွာခွာနေလိုက်ပြီး အေးစက်စွာ ပြောသည်။
"ထွက်သွား။ နင်တွန်းချလိုက်တဲ့လူနဲ့ ငါနဲ့က ဘာဆိုင်လို့လဲ"
ဖေ့ယွမ်ကျဲက ဒေါသထွက်လာသည်။ သူမက သူ့ကို မျက်စိမှေးကြည့်လိုက်ပြီး ပန်းကန်နှင့် ခေါင်းကို ထုရလျှင် ကောင်းမည်ဟု တွေးနေသည်။ ဖေ့ယွမ်ဝမ်၏ ခေါင်းမှ သွေးထွက်လာလျှင် သူမသည်လည်း စိတ်သက်သာရာ ရသွားမည်ဖြစ်သည်။ ဖေ့ယွမ်ဝမ်သည် ဉာဏ်အကောင်းဆုံးလူတစ်ယောက် ဖြစ်သည်။ သို့သော် သူနှင့် ဖေ့ရှီးတို့ ဖောက်ပြန်နေစဉ်တွင် အရူးဖေ့လီ တွေ့သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
...