အပိုင်း (၂၄) ဆိုင်ဖွင့်ပွဲ
ကျောင်းကျွယ်၏ နှမ်းယိုဆိုင်သည် မြို့ထဲတွင် လူစည်ကားဆုံးဖြစ်သော အရှေ့ဈေးတွင်ရှိ၏။ ဤနေ့သည် တရုတ်ပြက္ခဒိန်ပထမလ၏ ၁၅ရက်နေ့ဖြစ်ပြီး ဈေးကြီးနေ့လည်းဖြစ်သည်။ ဤဒေသတွင် ငါးရက်တစ်ကြိမ် ဈေးကြီးနေ့ရှိပြီး အနီးနားရွာများမှ ရွာသူရွာသားများက လိုအပ်သည်များ လာ၀ယ်လေ့ရှိကြသည်။
ကျောင်းကျွယ်က ဂုဏ်သတင်းမွှေးစေရန်အတွက် နှဲဆရာများကိုလည်း ငှားရမ်းထားသည်။ သူက ဆိုင်မဖွင့်မီ ၈နာရီနှင့် ၉နာရီကြားတွင် တီးမှုတ်ကြရန် မှာကြားထား၏။ တံခါးတွင် ပူဖောင်းများ ချိတ်ဆွဲထားကာ လေထဲလွှင့်ပျံ့နေကြ၏။
မြို့ထဲရှိလူများသည် အသံများကြောင့် ဆိုင်တံခါး၀သို့ စုဝေးရောက်ရှိလာကြသည်။ စိတ်လှုပ်ရှားဖွယ်များကို ကြည့်ရှုရန် လူအုပ်က ပိုမိုများပြားလာသည်။
ရှောင်ရွှယ်ရွှယ်က သူမငှားထားသော ၀မ်ကျားကို စေလွှတ်ကာ ချင်းစိမ်းချိုချဉ်များကို ဝေငှစေသည်။ ကျောင်းကျွယ်ကလည်း တံခါး၀တွင်ရပ်ကာ အပြုံးများဖြင့် ပြောလိုက်သည်။
"ဒါက ကျွန်တော်တို့ဆိုင်မှာ ရောင်းတဲ့ ချင်းစိမ်းချိုချဉ်ပါ။ လူတိုင်းပဲ ဒီချိုချဉ်နဲ့ ရင်းနှီးကြမယ် ထင်ပါတယ်။ ဒါက အနောက်ဈေးက ဖေ့လီနဲ့ ပူးပေါင်းထုတ်လုပ်ထားတာပါ”
ဖေ့လီ၏ ချင်းစိမ်းချိုချဉ် ရောင်းခါစက လတ်ဆတ်ကာ အရသာရှိမှုကြောင့် အနောက်ဈေးတွင် ဂယက်ထသွားခဲ့သည်။ ဖေ့ရုန်ဖူကလည်း လမ်းများပေါ် လှည့်လည်ရောင်းချခဲ့သည်ဖြစ်ရာ လူများက ဤချိုချဉ်နှင့် မစိမ်းကြပေ။ သို့သော် အလွန်ဈေးကြီးသည်ဟု ထင်သောကြောင့် သိပ်၀ယ်မစားကြပေ။
သူတို့က ကျောင်းကျွယ်၏စကားကို ကြားသောအခါ အမှန်တကယ်ပင် ပူးပေါင်း ထုတ်လုပ်ထားသည်ဖြစ်ကြောင်း နားလည်သွားကြသည်။
အလကား မလိုချင်သူမှာ မရှိပေ။ ထို့ကြောင့် ၀မ်ကျားလက်ထဲရှိ ချိုချဉ်များမှာ လျင်မြန်စွာကုန်သွား၏။
ကျောင်းကျွယ်က အိမ်ထဲမှ ဗျောက်အိုးကြိုးတန်းတစ်ခုယူလာကာ လမ်းမပေါ်သို့သွားသည်။ သူက နေရာတစ်ခုကို ရွေးပြီး ဗျောက်အိုးများကိုချသည်။ ထို့နောက် ထိုင်၍ မီးညှိလိုက်သည်။ တခဏအတွင်း ဗျောက်အိုးက ပေါက်ကွဲသံများ ထွက်လာသည်။
ပေါက်ကွဲရာမှ ထွက်လာသော အနီရောင်စက္ကူများသည် လေထဲတွင် ၀ဲပျံ့နေကြသည်။ နှဲမှုတ်သည့် ဦးလေးကြီးနှစ်ယောက်ကလည်း စိတ်အားထက်သန်လာကြကာ အစွမ်းကုန်မှုတ်ကြသည်။
အသံများက ကျယ်လောင်စွာမြည်ဟည်းနေပြီး လူအများကလည်း အလွန်အမင်း တက်ကြွလှုပ်ရှားနေကြသည်။
ဖေ့လီ ရောက်လာချိန်သည် ကျောင်းကျွယ်ဗျောက်အိုးဖောက်နေချိန်ဖြစ်သောကြောင့် သူမက ကြောက်လန့်ကာ ခပ်ဝေးဝေးသို့ ပြေးလိုက်သည်။ သူမလှည့်ကြည့်လိုက်သောအခါ ဆိုင်ထဲတွင် လူအများအပြား ရောက်ရှိနေကြပြီး မတ်တတ်ရပ်ရန်အတွက်ပင် နေရာမဆံ့ချေ။
သူမသည် ကျောင်းစုံတွဲက အပြုံးများဖြင့် ဖွင့်ပွဲလက်ဆောင်များ ဝေငှနေသည်ကိုကြည့်ကာ နေ့လယ်မှ ပြန်လာမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမက လက်သမားဆရာဆီသို့ ဆိုင်းဘုတ် ယူရန်သွားသည်။
မနက်ဖြန်သည် သူမ၏ ရွှမ်းလီစားသောက်ဆိုင်ဖွင့်ပွဲနေ့ဖြစ်သည်။ ဖေ့လီက ကျောင်းကျွယ်နှင့် ပတ်သက်၍ စိုးရိမ်စရာမရှိသောကြောင့် သူမလုပ်စရာရှိသည်များကိုသာ လုပ်ကိုင်လိုက်သည်။
တိန့်ဖုန်းက ဆေးသုတ်နေ၏။ သူက သူမလာသည်ကိုမြင်သောအခါ လက်ဆေးလိုက်ကာ ပြောသည်။
"အားလုံးပြီးသွားပြီ။ တစ်ချက်လောက် ကြည့်လိုက်ဦး"
ဖေ့လီက ခေါင်းညိတ်ပြသည်။ တိန့်ဖုန်းသည် ဆိုင်းဘုတ်ကြည့်ရန် ခေါ်သွား၏။ ထိုအရာသည် နီညိုရောင် သစ်သားပေါ်တွင် ရွှေရောင်စာလုံးကြီးများရေးထိုးထားသည်။ သူမ ကိုင်ကြည့်လိုက်သောအခါ သစ်သားသည် အတော်ကလေးထူပြီး မျက်နှာပြင်ကလည်း ချောမွတ်နေသည်။ ဖေ့လီက ပြုံး၍ပြောသည်။
"ဆရာတိန့်ရဲ့ ကြိုးစားမှုတွေအတွက် ကျေးဇူးပါ။ ဆိုင်းဘုတ်က အတော်လေးကောင်းပါတယ်"
တိန့်ဖုန်းက သစ်သားသေတ္တာထဲမှ ပစ္စည်းနှစ်ခု ထုတ်ယူကာ သူမကိုပြသည်။
"မင်းလုပ်ခိုင်းတဲ့ ပန်းပွင့်ပုံစံတွေက သစ်သားအပိုင်းအစလေးတွေပဲဆိုတော့ တစ်ခု ပိုလုပ်ပေးထားတယ်"
ပန်းပွင့်ပုံများသည် ထူထပ်သောသစ်သားဖြင့် ပြုလုပ်ထားပြီး ကောင်းမွန်သောပုံပန်းသွင်ပြင်ရှိ၏။
ဖေ့လီကတစ်ခုယူကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးပါ ဆရာ။ အားလုံးပေါင်း ဘယ်လောက်ကျလဲ"
တိန့်ဖုန်းက ပြန်ဖြေသည်။
"ဆိုင်းဘုတ်က နှစ်ယွမ်။ ပန်းပွင့်တွေအတွက်ရောဆိုတော့... ၃ယွမ်နဲ့ပြား၅၀ပဲပေးပါ"
"ဆိုင်ကို ပို့ပေးလို့ရမလား။ ကျွန်မ ပြား၅၀ပိုပေးပါ့မယ်"
ဆိုင်းဘုတ်သည် ၁.၅မီတာရှည်လျားကာ ဖေ့လီ၏ခန္ဓာကိုယ်နှင့် သယ်နိုင်မည်မဟုတ်ပေ။ ဤအချိန်၌ စက်ဘီးတစ်စီး ရှိလျှင် ကောင်းမည်ဟု ရေရွတ်လိုက်သည်။
တိန့်ဖုန်းသာ လိုက်မပို့ပါက ဖေ့ရုန်ဖူကိုခေါ်ကာ လာသယ်ရမည်ဖြစ်သည်။
လက်ကျန်အလုပ်များ ရှိသေးသော်လည်း ဖေ့လီက ထိုအတွက် ငွေပေးမည်ဖြစ်သောကြောင့် တိန့်ဖုန်းက သဘောတူလိုက်သည်။
"ကောင်းပြီ။ လိုက်ပို့ပေးမယ်"
ဖေ့လီက ၄ယွမ်ပေးလိုက်သည်။ တိန့်ဖုန်းက ပိုက်ဆံယူလိုက်ပြီး အထဲသို့၀င်၍ ဇနီးဖြစ်သူကို ဆိုင်ကြည့်ထားရန် မှာကြားသည်။ သူက တွန်းလှည်းတစ်ခု ဆွဲထုတ်လာပြီး ဆိုင်းဘုတ်ကို တင်လိုက်သည်။
ဖေ့လီက သူမဆိုင်သို့ ဦးဆောင်ကာ ခေါ်သွားသည်။ ကံကောင်းစွာဖြင့် ဆိုင်ကသိပ်မဝေးပေ။ သူမတို့နှစ်ယောက်သည် ဆိုင်သို့ရောက်သည်အထိ စကားစမြည်ပြောလာကြသည်။
တွန်းလှည်းသည် လူတစ်ယောက် ဆွဲပေးရန် လိုအပ်၏။ ဆိုင်ရှေ့သို့ရောက်သောအခါ တိန့်ဖုန်းက တစ်လမ်းလုံး ခါးကုန်းကာ ဆွဲလာရသောကြောင့် ကျောဆန့်လိုက်သည်။ သူက ဆိုင်ကို တစ်ချက်ကြည့်ကာ ပြုံး၍ပြောသည်။
"ဆိုင်အပြင်အဆင်က အထဲ၀င်ပြီး စားချင်စိတ်ပေါက်နေရောပဲ"
လမ်းတစ်လျှောက်လုံး တွန်းလှည်းဆွဲရသည်မှာ မလွယ်ကူပေ။ ထို့ကြောင့်ဖေ့လီက ဆိုင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"အထဲ၀င်ပြီး ရေနွေးကြမ်းလေးသောက်ပါဦး"
ဤအတောအတွင်း မြို့ထဲရှိ လမ်းများကို ကောင်းစွာထိန်းသိမ်းခြင်း မရှိကြပေ။ လမ်းဘေးတွင် အမှိုက်ပုံးများလည်း မရှိချေ။ အမှိုက်ထည့်ရန်အတွက် ခြင်းစုတ်များကိုသာ အသုံးပြုကြရသည်။ နေရာတိုင်းတွင် အမှိုက်များ ရှုပ်ပွနေတတ်သည်။ အချို့လူများက ခြုံပုတ်များထဲတွင် အညစ်အကြေးများ စွန့်တတ်ကြသေးသည်။
လမ်းပေါ်ရှိအမှိုက်များကို မည်သူကမျှ ဂရုမစိုက်ကြပေ။ လေတိုက်လျှင် အမှိုက်များက နေရာပေါင်းစုံသို့ လွှင့်ပါသွားကြသည်။ ဆိုင်များသည်သာ ဆိုင်ရှေ့မျက်နှာသာနေရာကို ရှင်းလင်းတတ်ကြသည်။ သို့သော် အများစုမှာ ဂရုတစိုက် မပြုလုပ်ကြဘဲ အိုးနင်းခွက်နင်းဖြင့်သာ ပြီးဆုံးသွားကြသည်။ ဘေးပတ်၀န်းကျင်သည် ထိုသို့ ဖြစ်နေသောကြောင့် ရှင်းလင်းလျှင်ပင် နာရီအနည်းငယ်အတွင်း ပြန်လည်ရှုပ်ပွလာသည်။
သို့သော် ဖေ့လီ၏ဆိုင်ရှေ့နှင့် ပင်မလမ်းမပေါ်တွင် သန့်ရှင်းစွာ လှည်းကျင်းထားပြီး အမြဲစိမ်း ထင်းရှူးပင်ငယ်လေးများကိုပါ အိုးအနည်းငယ်ဖြင့် စိုက်ပျိုးထားသည်။ ဆိုင်သည်လည်း ထင်ထင်လင်းလင်း ရှိနေကာ အလွန်မျက်စိပဒေသာဖြစ်နေသည်။
တိန့်ဖုန်းက သူ့ကိုယ်ရှိ ဖုန်များကိုခါကာ ဂရုတစိုက် လျှောက်၀င်သွားသည်။
"မင်းတို့ကြမ်းပြင် ညစ်ပတ်သွားပါ့မယ်ကွယ်"
"ဘာမှမဖြစ်ပါဘူး။ ပေသွားလည်း ပြန်ရှင်းလို့ရတာပဲကို"
ဖေ့လီက ရေနွေးတစ်ခွက် ငှဲ့ပေးသည်။
"လက်ဖက်ရည်သောက်ပါဦး"
အဖြူရောင်ကြွေခွက်သည် မွှေးပျံ့ကာအနည်းငယ်နီသော လက်ဖက်ရည်တို့ဖြင့် ပြည့်နေသည်။ တိန့်ဖုန်းက ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်လာကာ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။
"ဒါက ဘာလက်ဖက်ရည်အမျိုးအစားလဲ"
"ဘာလီစေ့လှော် လက်ဖက်ရည်ပါ"
ဖေ့လီက အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ ယမန်နေ့ညက သူမတွင် ဘာမျှလုပ်စရာမရှိသောကြောင့် ညစာမစားမီ လက်ဖက်ရည်သောက်ရန်အတွက် ဘာလီစေ့များကို လှော်ခဲ့သည်။
ထို့နောက် တိန့်ဖုန်းက လက်ဖက်ရည်ခွက်များသည် အစုံလိုက် ဖြစ်နေသည်ကို သတိထားမိသွားသည်။ စားပွဲပေါ်တွင် သစ်သားဘူးဖြင့်ထည့်ထားသော တူများ၊ ဇွန်းများလည်းရှိ၏။ ထိုအရာများကို အလကား ပေးထားသကဲ့သို့ရှိ၏။
ဤဆိုင်သည် အတော်လေး ထူးခြား၏။
တိန့်ဖုန်းသည် ဖေ့လီကို မလေးစားဘဲမနေနိုင်ပေ။
"မင်းဆိုင်က နာမည်ကြီးမှာသေချာတယ်"
ဖေ့လီက ၀င့်ကြွားခြင်း မရှိဘဲ ပြန်ပြောသည်။
"စကားကောင်းပြောပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် တိန့်ဖုန်းက ပြန်သွားသည်။
ခဏကြာသောအခါ အမှိုက်ထည့်ရန် သံပုံးများသွား၀ယ်သော ဖေ့ရုန်ဖူ ပြန်ရောက်လာသည်။ ဖေ့လီက စားပွဲအရေအတွက်အတိုင်း အမှိုက်ပုံးတစ်ခုချင်းစီကို နေရာချသည်။ ပိုကြီးသောအမှိုက်ပုံးကို မီးဖိုခန်းတွင် ထား၏။
ဖေ့ရုန်ဖူက သူ့မိတ်ဆွေထံမှ လှေကားတစ်ခုငှားကာ ဆိုင်းဘုတ်ကိုချိတ်လိုက်သည်။
'ရွှမ်းလီ စားသောက်ဆိုင်'
ဖေ့လီက ကြီးမားသောစာလုံးငါးလုံးကို ကြည့်ကာ ဤရက်များအတွင်း မည်မျှအလုပ်များခဲ့ကြောင်းကို တွေးတောလိုက်သည်။
နေ့လယ်စာ စားပြီးနောက် ဖေ့လီက ကျောင်းကျွယ်၏ဆိုင်သို့ သွားရန် စိတ်ကူးသည်။ ထို့ကြောင့် သူမက သစ်သီးအချို့ ၀ယ်ယူကာ သွား၏။ ဤအချိန်သည် သူတို့ဆိုင်၌အလုပ်များဆုံးအချိန်ဖြစ်နေသည်။ ရှောင်ရွှယ်ရွှယ်သည်ပင် ထုပ်ပိုးရန်အတွက် တာ၀န်ယူပေးနေသည်။ ဖေ့လီ ရောက်လာသည်ကို မြင်သောအခါ သူမ၏လက်များက အလုပ်များလျက်ရှိသော်လည်း ဖေ့လီကို ပြောလိုက်သည်။
"အားနာပါတယ် ညီမရယ်။ အစ်မတို့မှာ လူအင်အား မလောက်သေးလို့ပါ"
ကျောင်းကျွယ်က ဘေးတွင်ထိုင်ကာ စားရင်းများတွက်ချက်ပြီး ပိုက်ဆံများ သိမ်းနေသည်။ သူက ဖေ့လီကို မော့ကြည့်ကာ ပြော၏။
"တကယ် အားနာပါတယ်"
ဖေ့လီက ရောင်းအား ကောင်းနေသောကြောင့် ပျော်ရွှင်သွားသည်။ သူမက စိတ်ထဲမထားပေ။
"ကျွန်မကို အားနာမနေကြပါနဲ့။ ရှင်တို့အလုပ်ကိုပဲ ဦးစားပေးလိုက်ကြပါ။ ကျွန်မပစ္စည်းတွေ ထားပြီး ပြန်လိုက်တော့မယ်"
ထိုသို့ပြောပြီးနောက် ဖေ့လီက လူအုပ်ထဲမှ ထွက်လိုက်သည်။ သူမ တံခါး၀မှ ထွက်သည်နှင့် ရှောင်ရွှယ်ရွှယ်က ဘူးတစ်ဘူး ကိုင်၍ ပြေးလိုက်လာသည်။ ရှောင်ရွှယ်ရွှယ်က အမောဆို့နေဟန်ဖြင့် ဘူးကိုပေးသည်။
"အစ်မ မနေ့ညက ပြင်ထားတာ။ ယူသွားလိုက်။ အာဟာရစွပ်ပြုတ် လုပ်သောက်လို့ရတယ်။ လူငှားလို့ရရင် အစ်မတို့လည်း အားပါပြီ။ အဲ့ကျမှ ကျေးဇူးထပ်တင်တော့မယ်"
"ဆိုင်ဖွင့်တဲ့ ပထမဆုံးရက်မှာ ဘာလို့ အစ်မဆီက လက်ဆောင်ယူရမှာလဲ"
"ပထမရက်နဲ့တင် နာမည်ကြီးနေပြီလို့ ပြောလို့ရတယ်။ ဒီအလုပ်ကို အစ်မတို့ကိုမပေးဘဲ ညီမဘာသာ လုပ်ပြီး ငွေရှာလို့ရတယ်လေ။ ညီမကသာ အစ်မတို့ကို ကူညီပြီး အသုံး၀င်တဲ့အကြံဉာဏ်တွေ ပေးခဲ့တာ"
ရှောင်ရွှယ်ရွှယ်က ဖေ့လီကို ကျေးဇူးတင်ခြင်းများစွာဖြင့် ပြုံးပြသည်။ ဖေ့လီကလည်း ထပ်တလဲလဲ ကျေးဇူးတင်ကာ ပစ္စည်းကို လက်ခံလိုက်သည်။ ဆိုင်သို့ပြန်ရောက်သောအခါ ဘူးကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် အဝတ်စပေါ်တွင် တင်ထားသော အဝါရောင်ရှီးပဒီးမှိုများကို တွေ့လိုက်ရသည်။
ဤမှိုသည် ကြက်စွပ်ပြုတ်ပြုလုပ်ရန်အတွက် အလွန်သင့်တော်သည်။ အိမ်မပြန်မီ ဖေ့လီနှင့် ဖေ့ရုန်ဖူတို့က နောက်တစ်နေ့အတွက် လိုအပ်သည်များကို ပြင်ဆင်ကြသည်။ သူတို့သည် ဆေးကြောပြီးနောက် အမျိုးအစားများခွဲကာ သပ်သပ်ရပ်ရပ်ထားသိုသည်။ နောက်တစ်နေ့အတွက် အစာသွပ်ပေါက်စီပြုလုပ်ရာတွင်လိုအပ်သော ကန်စွန်းဥမှုန့်ကိုလည်း ရေဖျော်ထားလိုက်သည်။
အားလုံး ပြင်ဆင်ပြီးသောအခါ သူမတို့သားဖသည် စိတ်အေးလက်အေးဖြင့် အိမ်သို့ပြန်ကြသည်။ ကြက်တစ်ကောင်ကိုလည်း ၀ယ်ခဲ့ကြသည်။ ဤအကြိမ်၌ သူတို့သည် အိမ်သို့ စောစောပြန်ရောက်လာသည်ဖြစ်ရာ ၀မ်ချွေလန်သည်ပင် ညစာ မချက်ပြုတ်ရသေးချေ။
ဖေ့လီက သူတို့နှစ်ယောက်ကို အနားယူစေသည်။ သူမက ရှေ့ဖုံးခါးစည်းကို၀တ်၍ လူတိုင်းကို ဆုချီးမြှင့်ရန်ပြင်ဆင်လိုက်သည်။
ပထမဆုံးအနေဖြင့် သူမက ရှီးပဒီးမှိုများကို ရေထဲစိမ်သည်။ ကြက်ကို သတ်လိုက်ကာ သွေးများ ဖယ်ထုတ်ပြီး အစိတ်အပိုင်းငယ်များအဖြစ် ပိုင်းဖြတ်သည်။ အိုးထဲတွင် ကြက်သား၊ ချင်းနှင့် ရေကို ထည့်ကာ ပြုတ်သည်။ သူမက အမြှပ်များကို အပေါ်ယံကဲ့ယူကာ မီးအေးအေးဖြင့် ဆက်လက်ပြုတ်သည်။ ထိုအချိန်တွင်း၌ ဖေ့လီက တိုဟူးကြော်ရန်ပြင်ဆင်သည်။ သူမက တိုဟူးများကို လေးပိုင်း ပိုင်းသည်။ ထို့နောက် ကြက်ဥနှင့် ဂျုံမှုန့်များလူးကာ ဒယ်အိုးတွင်ထည့်၍ကြော်သည်။ အိုးထဲတွင် ကြော်နေသည့်အချိန်၌ မွှေးရနံ့များထွက်ပေါ်လာသည်။ ဖေ့လီက ဆော့ကိုမြန်မြန်ပြုလုပ်ကာ လောင်းထည့်သည်။ မိနစ်အနည်းငယ်မျှ နှပ်ထားပြီးနောက် လှီးထားသော ကြက်သွန်မြိတ်များကို ဖြူးလိုက်သည်။ တိုးဟူးကြော်တစ်ပွဲအဆင်သင့်ဖြစ်လေပြီ။အေးသွားမည်စိုးသောကြောင့် ၀မ်ချွေလန်က ပေါင်းအိုးထဲ ထည့်ထားလိုက်သည်။
ဖေ့လီက ကြက်စွပ်ပြုတ်အိုးကို ဖွင့်ကာ ရှီးပဒီးမှိုနှင့် အနီရောင်စွန်ပလွံသီးတို့ကိုထည့်ကာ ထပ်၍နှပ်သည်။
ထို့နောက် ၀က်ဗိုက်သားကို အပိုင်းငယ်လေးများအဖြစ် ပိုင်းဖြတ်သည်။ ဒယ်အိုးတွင်ထည့်၍ ဆီများ ထွက်လာသည်အထိ တရှဲရှဲနှင့် ကြော်သည်။ နာနတ်ပွင့်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ကန်စွန်းဥမှုန့်တို့နှင့်အတူ ရေထည့်၍ အဖုံးအုပ်သည်။ ရေဆူလာသောအခါ ဂေါ်ဖီထုပ်များ ထပ်ထည့်ကာ နှပ်သည်။
၀က်သားနှင့်ဂေါ်ဖီနှပ်ကို စားပွဲပေါ်ပြင်ပြီးသောအခါ ကြက်စွပ်ပြုတ်သည်လည်း စား၍ရပြီဖြစ်သည်။ ဖေ့လီက အလုပ်များနေသောကြောင့် ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက်ကိုသာ အလွယ်တကူ ချက်ပြုတ်လိုက်သည်။
ဖေ့လီသည် မကြာခဏ ချက်ပြုတ်လေ့ မရှိသော်လည်း သူမ၏လက်ရာသည် တစ်မိသားစုလုံး၏ အစာအိမ်ကို ဖမ်းဆုပ်နိုင်သည။ ဖေ့ရုန်ဖူသည် သူမလက်ရာကို အကြိုက်ဆုံးဖြစ်သည်။ ဖေ့လီ ဟင်းချက်သည့်နေ့တွင် ဖေ့ရုန်ဖူက ပေါက်စီနှစ်လုံး ထပ်စားသကဲ့သို့ ကျိုးရှန်ချီသည်လည်း ပေါက်စီတစ်လုံး ပိုစားတတ်သည်။ ဆယ်စုနှစ်များကြာအောင် ချက်ပြုတ်ခဲ့သော ၀မ်ချွေလန်သည်ပင် သမီးဖြစ်သူ၏ လက်ရာကောင်းသည်ကို လက်ခံ၏။
ဘ၀ကို ကောင်းကောင်း စားသောက်နေထိုင်ကာ တဖြည်းဖြည်းချင်း ရှင်သန်ရမည်။ ပျော်ရွှင်မှုများဖြင့် ပြည့်နေပါက ပန်းတိုင်ကို ဖမ်းဆုပ်နိုင်မည်ဖြစ်သည်။
ညစာစားပြီးနောက် ဖေ့လီက ဖွင့်ပွဲအတွက်ပြင်ဆင်စရာများကို ပြင်ဆင်သည်။ ဖေ့စုံတွဲသည် အတွက်အချက် မကျွမ်းကျင်သောကြောင့် မီးဖိုခန်း၌သာ တာ၀န်ယူနိုင်မည်ဖြစ်သည်။ ဖေ့လီက စားသုံးသူများကို ဧည့်ခံကာ ပိုက်ဆံသိမ်းသောအလုပ်ကို တာ၀န်ယူရမည်ဖြစ်သည်။
သူမ၏ စီမံခန့်ခွဲမှုကို မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။ ဖေ့လီက ဆွေးနွေးခြင်းကို အဆုံးသတ်မည် လုပ်သောအခါ၌ ကျိုးရှန်ချီ၏ အနည်းငယ် အက်ကွဲသော အသံကို ကြားလိုက်ရသည်။
"ကိုယ်ရော လိုက်ပြီး ကူညီလို့ရမလား။ ကိုယ်က အတွက်အချက်ကျွမ်းတော့ စာရင်းတွက်တဲ့နေရာမှာ ကူညီပေးလို့ရတာပေါ့"
ဖေ့လီက အနည်းငယ် တုံ့ဆိုင်းနေသည်။ ကျိုးရှန်ချီသည် စာဖတ််တတ်သောကြောင့် ထိုတာ၀န်ကိုယူရန် အသင့်တော်ဆုံး ဖြစ်သည်။ သို့သော် သူ့ခြေထောက်သည် ပြန်လည်ထူထောင်ဆဲကာလ၌သာ ရှိသေးသောကြောင့် ခေါ်မသွားချင်ပေ။ ထို့ကြောင့် ဖေ့လီက ငြင်းဆန်လိုက်သည်။
"နှစ်သစ်ကူးပြီးလို့ အပေါ်ထပ်ကအခန်း လူမနေတော့ဘူးဆိုမှ လိုက်ခဲ့လိုက်ပါ။ မဟုတ်ရင် သွားရလာရတာ ပင်ပန်းနေလိမ့်မယ်။ ရှင်က နေကောင်းသေးတာလည်း မဟုတ်ဘူး"
ကျိုးရှန်ချီက ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးများသည် တဖြည်းဖြည်းနှင့်မှုန်ဝါးလာသည်။
ဖေ့လီက သူ၏အထီးကျန်ဆန်သောပုံရိပ်ကို တွေ့ရသောအခါ စိတ်မကောင်းဖြစ်သွား၏။
၀မ်ချွေလန်က မကူညီဘဲမနေနိုင်တော့ချေ။ သူမသည် ဤရက်များအတွင်း ကျိုးရှန်ချီနှင့် အဖော်ပြုခဲ့သည်ဖြစ်ရာ အိမ်တွင် တစ်ယောက်ထဲ မထားခဲ့ချင်ပေ။ ထို့ကြောင့် သူမက ၀င်ပြောပေးလိုက်သည်။
"ဆိုင်က မနက်ဖြန်စဖွင့်မှာဆိုတော့ လူအင်အား မလောက်ရင် မကောင်းဘူးလေ။ သူ့ကို ခေါ်ခဲ့လိုက်ပါ"
ဖေ့ရုန်ဖူသည် ယခင်က မူလပိုင်ရှင်ကို တွန်းလှည်းပေါ်တင်ကာ ဆွဲလေ့ရှိသည်။
နှိုင်းယှဉ်ရမည်ဆိုပါက ကျိုးရှန်ချီက ပို၍ပေါ့ပါးသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
"အတူတူသွားကြတာပေါ့"
ဒုက္ခခံမည့်လူကပင် စိတ်ထဲမထားသောကြောင့် ဖေ့လီသည်လည်း မငြင်းဆန်နိုင်တော့ပေ။ သူမက ရယ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ အတူတူသွားကြတာပေါ့"
ကျိုးရှန်ချီက အံ့အားသင့်ကာ ပြုံးလိုက်၏။
နောက်တစ်နေ့နံနက်တွင် အမှောင်ထုကသိပ်သည်းဆဲဖြစ်ကာ ကြက်တွန်သံများ ကြားရချိန်၌ သူတို့လေးယောက်သည် ရိုးရှင်းသော နံနက်စာကို စားကြသည်။ ထို့နောက် မြူထူထူကြားမှဖြတ်၍ မြို့သို့သွားကြသည်။ ဆိုင်ထဲ၀င်လိုက်ပြီးနောက် ဖေ့လီက အစာသွပ်ရန်ပြင်ဆင်ချိန်၌ ဖေ့ရုန်ဖူက မုန့်ညက်နယ်၏။ ဖေ့လီသည် တိုဟူးကြာဇံအစာသွပ်ကို ပထမဆုံးပြင်ဆင်ဖူးခြင်းဖြစ်၏။ ၀မ်ချွေလန်က အစာများထုပ်ပိုးရန်အတွက် မုန့်ညက်များကိုလှိမ့်သည်။ ကျိုးရှန်ချီသည် သူ၏အလုပ်ဟောင်းဖြစ်သော မီးအရှိန် ကြည့်သည့်တာ၀န်ကို ဆက်လက်ထမ်းဆောင်သည်။
အစာများကို အံ၀င်ခွင်ကျထုပ်ပိုးရန် အချိန်ယူရသကဲ့သို့ မုန့်ညက်လှိမ့်ရာတွင်လည်း အချိန်နှစ်ဆကြာ၏။ ဖေ့လီသည် တစ်မိနစ်၌ ပေါက်စီနှစ်ခုကိုသာ အစာသွပ်နိုင်သည်။ ၀မ်ချွေလန်သည် အနည်းငယ်ပိုမြန်ကာ သုံးခုအစာသွပ်နိုင်၏။ ထို့နောက် ဖေ့ရုန်ဖူသည် မုန့်ညက်များ လှိမ့်ပေးကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည်။
၈နာရီထိုးချိန်၌ ပေါင်းအိုးထဲတွင် သက်သတ်လွတ်ပေါက်စီနှင့် အသားပေါက်စီတစ်ရာကျော် ရောက်ရှိပြီဖြစ်၏။ အဖုံးအုပ်ပြီးနောက် ဖေ့လီက မုန်လာဥစွပ်ပြုတ် ပြုလုပ်ရန်ပြင်ဆင်သည်။
ထိုစွပ်ပြုတ်သည် ချက်ရလွယ်ကူ၏။ ကြက်ဥများကိုကြော်ကာ နုတ်နုတ်စင်းထားသော မုန်လာဥများ ထည့်သည်။ ထို့နောက် ဆား၊ ငရုတ်ကောင်းနှင့် ဝိညာဉ်စမ်းရေတစ်ခွက်ကို ထပ်ထည့်သည်။
အားလုံးပြင်ဆင်ပြီးချိန်၌ အပြင်ဘက်တွင် လင်းလင်းထင်းထင်းရှိနေကာ လမ်းသွားလမ်းလာများ သွားလာနေကြပြီဖြစ်သည်။ ဖေ့လီက ဆိုင်ကို လှည့်ကြည့်ကာ တစ်စုံတစ်ရာ အမှားရှိမရှိစစ်ဆေးသည်။ ထို့နောက် ဖေ့ရုန်ဖူကို ဗျောက်အိုးများ ပြင်ဆင်ခိုင်းလိုက်ပြီး သူမသည်လည်း မီးရှူးမီးပန်းများ၏ စနက်တံကို မီးညှိရန်သွားသည်။
ဖေ့ရုန်ဖူက များပြားသည့်ဗျောက်အိုးများသယ်ယူလာသည်။ သူက မီးညှိကာ ဗျောက်အိုးများကို ဖောက်လိုက်သည်။ ဖေ့လီကလည်း မီးရှူးမီးပန်းများကို မီးညှိလိုက်သည်။ ဗျောက်အိုးများ မီးရှူးမီးပန်းများ၏ ပေါက်ကွဲသံများအလယ်တွင် ရွှမ်းလီစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ အသံများသည် အလွန်ကျယ်လောင်ကာ သုံးမိနစ်မျှကြာ၏။
...