အပိုင်း (၂၅) ဆိုင်ဖွင့်ရက်တွင် ကံကောင်းခြင်း
ဆိုင်ထဲသို့ ပထမဆုံးစားသုံးသူသည် ကျောင်းလွယ်အိတ်ကို လွယ်ထားသော သမီးဖြစ်သူကို ခေါ်၍ ရောက်လာသည့်တိုင်အောင် ဗျောက်အိုးသံများက ရပ်မသွားသေးပေ။ ဖေ့လီက သူတို့နှစ်ယောက်ကို နေရာချပေးကာ ဘာလီစေ့လက်ဖက်ရည်နှစ်ခွက် ထည့်ပေးသည်။
"အာမခြောက်အောင် နည်းနည်းလောက်သောက်ကြပါဦး။ ဒီနေ့က တို့ဟူးကြာဇံပေါက်စီ၊ အသားပေါက်စီနဲ့ မုန်လာဥစွပ်ပြုတ်တွေရှိပါတယ်။ ဘယ်ဟာ သုံးဆောင်ချင်လဲရှင့်"
မြို့ထဲတွင် ဤမျှစေ့စပ်တိကျသည့် ၀န်ဆောင်မှုမျိုး မရှိပေ။ အရပ်ရှည်ရှည်နှင့်လူက ခဏမျှ မှင်တက်သွားပြီးနောက် ပြောလာ၏။
"ပေါက်စီ နှစ်လုံးစီနဲ့ စွပ်ပြုတ်တစ်ပွဲပေးပါ"
"ဟုတ်ကဲ့ ခဏစောင့်ပေးပါနော်"
ဖေ့လီက မီးဖိုခန်းသို့ သွားကာ ဗန်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး ထိုဗန်းပေါ်တွင် ကြီးမားသော ပန်းကန်ပြားတစ်ချပ်ကို တင်သည်။
"အမေ တိုဟူးပေါက်စီနှစ်လုံး၊ အသားပေါက်စီနှစ်လုံးနဲ့ စွပ်ပြုတ်တစ်ပွဲ"
သူမသည် ဤဗန်းကို နောက်မျိုးဆက်များ၏ ပုံစံများအပေါ် အခြေခံ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ စားပွဲတစ်လုံးစီအတွက် ဗန်းတစ်ခုစီ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းနှင့် သပ်ရပ်လှသည်။
၀မ်ချွေလန်က ပေါက်စီလေးလုံးကို ပန်းကန်ပြားထဲသို့ အလျှင်အမြန်ထည့်လိုက်ပြီး စွပ်ပြုတ်များကိုလည်း ပန်းကန်လုံးထဲသို့လောင်းထည့်သည်။ ဖေ့လီက ကလေးတစ်ယောက် ပါသည်ကို သတိရသွားကာ ပန်းကန်လုံးငယ် တစ်လုံးကိုပါ ယူသွား၏။
သူမက အစားအသောက်များကို နေရာချပေးလျက်ဖြင့် ပြောလိုက်သည်။
"တူတွေ၊ ဇွန်းတွေက စားပွဲပေါ်မှာပဲရှိပါတယ်။ စွပ်ပြုတ်ထဲကို ရှာလကာရှည်တို့ ငရုတ်ဆော့တို့ ထည့်ပြီး စိတ်ကြိုက်စားသုံးလို့ရပါတယ်။ ဒါက ကျွန်မတို့လုပ်ထားတဲ့ ချင်းစိမ်းချိုချဉ်ပါ။ စားသုံးလို့ရပါတယ်"
ထိုလူကြီးက ၀မ်းသာစွာဖြင့် သမီးဖြစ်သူအတွက် စွပ်ပြုတ်အချို့ကို ပန်းကန်းလုံးငယ်ထဲသို့ ထည့်ပေးလိုက်သည်။ နောက်ထပ် စားသုံးသူများ ရောက်လာသောအခါ ဖေ့လီက အခြားစားပွဲတစ်ခုတွင် လျင်မြန်စွာ နေရာချပေးလိုက်သည်။
"မင်္ဂလာပါ ဘာများသုံးဆောင်ချင်လဲရှင့်"
"တစ်ချက်လောက် ကြည့်လိုက်ပါဦးမယ်"
ဤစားပွဲတွင် ငယ်ရွယ်သည့်ကောင်လေးနှစ်ယောက် ရှိ၏။ သူတို့သည် ကောင်းမွန်သည့် အကျင့်စရိုက် ရှိကာ စာတတ်ပေတတ်များ ဖြစ်ပုံပေါ်သည်။ သူမက နံရံပေါ်ရှိ အစားအသောက်စာရင်းကို ညွှန်ပြလိုက်သည်။
ဖေ့လီက သူမနောက်ဘက်ရှိ စားပွဲသို့ လှည့်လိုက်သည်။ ထိုစားပွဲ၌ သက်ကြီးရွယ်အိုစုံတွဲတစ်တွဲ ထိုင်နေ၏။ သူမက ရရှိနိုင်သော အစားအသောက်များကို ပြောပြသည်။ ထို့နောက် သူတို့၏ အမှာများကို မှတ်သားပြီး မီးဖိုခန်းသို့ အလျင်အမြန်ပြန်လာကာ အစားအသောက်များကို သယ်ယူသည်။
"ဒီစားပွဲကို တို့ဟူးပေါက်စီနှစ်လုံး၊ အသားပေါက်စီနှစ်လုံးနဲ့ မုန်လာဥစွပ်ပြုတ်နှစ်ပွဲပေးပါ"
လူငယ်လေးနှစ်ယောက်က မှာယူလိုက်၏။
"ဟုတ်ကဲ့ ခဏစောင့်ပါရှင်"
ဖေ့လီက မီးဖိုခန်းထဲမှ အလျင်အမြန် ပြန်လာကာ အစားအသောက်များကို စားပွဲပေါ် တည်ခင်းပေးလိုက်သည်။
"စားပွဲပေါ် ရှိတာတွေကို ကြိုက်သလိုထည့်စားလို့ရပါတယ်"
ပထမစားပွဲတွင် ထိုင်နေသော ကလေးမလေးသည် ဇွန်းဖြင့် စွပ်ပြုတ်တစ်ငုံကို သောက်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပလာသည်။
"ဖေဖေ စွပ်ပြုတ်က သောက်လို့ကောင်းလိုက်တာ"
လူကြီးက သူမအတွက် အသားပေါက်စီတစ်၀က်ဖဲ့ပေးလိုက်ပြီး ကျန်တစ်၀က်ကို သူစားလိုက်သည်။ ၀က်သားသည် အဆီ၊ အသားတို့ဖြင့် ပြည့်နေပြီး အီနေခြင်း မရှိသကဲ့သို့ ခြောက်ကပ်နေခြင်းလည်း မရှိပေ။ အသားနံ့များ မွှေးပျံ့ကာ အရသာရှိလွန်းလှသည်။ သူသည် သူ့လက်ထဲရှိပေါက်စီ၏တစ်၀က်ကို တစ်ကိုက်တည်းဖြင့် စားလိုက်သည်။
ဖေ့မိသားစု၏ ပေါက်စီများသည် အရွယ်အစားကြီးမား၏။ ကလေးမလေးက ပေါက်စီတစ်လုံး စားပြီးနောက် ဗိုက်ပြည့်သွားသည်။ ဖခင်ဖြစ်သူက ကျန်ရှိသည့် ပေါက်စီသုံးလုံးကို စားပြီးမှသာ ကျေနပ်သွား၏။ သူသည် စွပ်ပြုတ်ပန်းကန်ကိုယူကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်သည်။ ဗိုက်ပြည့်ကာ လန်းဆန်းတတ်ကြွမှုတို့ကို ခံစားလိုက်ရသည်။
ငွေရှင်းပြီးနောက် ကလေးမငယ်လေးသည် ချင်းစိမ်းချိုချဉ်အနည်းငယ်ကိုယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ကျိုးရှန်ချီက ငွေရှင်းကောင်တာတွင် ထိုင်နေသည်။ သူက အကြည့်တစ်ချက်ဖြင့် ဈေးနှုန်းများကို တွက်ချက်ကာ အခက်အခဲမရှိ ငွေသိမ်းယူလိုက်သည်။
သတ်သက်လွတ်ပေါက်စီတစ်လုံးသည် ၁၀ပြားကျသင့်ကာ အသားပေါက်စီတစ်လုံးသည် ၂၅ပြား ကျသင့်သည်။ စွပ်ပြုတ်တစ်ပွဲလျှင် ၁၀ပြားနှုန်းဖြစ်၏။ ရွှမ်းလီစားသောက်ဆိုင်၏ ပထမဆုံး၀င်ငွေသည် ပြား၈၀ဖြစ်သည်။
ဖေ့ရုန်ဖူသည် အပြင်ဘက်တွင်ရှိသော အလုပ်များကို ပြုလုပ်ပြီးသောအခါ အစားအသောက်များ တည်ခင်းပေးသည့် တာ၀န်ကို ယူလိုက်သည်။ ဖေ့လီက အမှာစာများ မှာကြားပြီးလျှင် ဖေ့ရုန်ဖူက အစားအသောက်များကို နေရာချပေးသည်။
ဆိုင်သစ်ဖြစ်သော်လည်း လွန်ခဲ့သည့်ရက်များကတည်းက ကြော်ငြာထားသောကြောင့် အလုပ်သွားချိန် ရောက်သောအခါ စားသုံးသူများ ပြားလာသည်။ စားပွဲတစ်ဝိုင်းမှ စားသုံးသူများထွက်သွားသည်နှင့် ဖေ့လီပင်သန့်ရှင်းရေးမလုပ်ရသေးဘဲ နောက်ထပ်စားသုံးသူများက ၀င်ထိုင်ကြ၏။ အချို့ကလည်း စားပွဲများ မျှထိုင်ကြသည်။
အထူးပြုလုပ်ထားသည့် စားပွဲများက မရောက်လာသေးပေ။ ထို့ပြင် ဆိုင်အပြင်၌လည်း မပြင်ဆင်ရသေးပေ။ ဖေ့လီက ရွေးချယ်စရာ မရှိတော့ဘဲ စားသုံးသူများကို စိတ်အေးအေးထားစေရန် ချင်းစိမ်းချိုချဉ်များဖြင့်သာ ဧည့်ခံလိုက်သည်။ သူမက ပါဆယ်ထုပ်ယူသွားရန် ဆန္ဒရှိ၊ မရှိမေးမြန်း၏။ မရှိပါက အနည်းငယ်မျှ စောင့်ဆိုင်းပေးရမည်ဖြစ်သည်။
စားသုံးသူ အများအပြား လာရောက် စားသုံးကြသောကြောင့် အရသာကောင်းကြောင်း ပေါ်လွင်လှသည်။ အလျင်မလိုသော စားသုံသူများ တံခါး၀တွင် ထိုင်စောင့်နေကြပြီး အလုပ်သွားမည့်သူများက ပါဆယ်ထုပ်ယူသွားကြသည်။
ဖေ့လီက တစ်မနက်လုံး မနားရသေးပေ။ သူမ၏မျက်နှာတွင် အပြုံးတစ်ခုဆင်မြန်းထားကာ ဟိုဟိုဒီဒီ လှည့်ပတ်သွားနေရသည်။
အလုပ်များလေလေ ၀င်ငွေများများ ရလေလေပင်။ ၀မ်ချွေလန်က ပေါက်စီနှင့် စွပ်ပြုတ်များ ပြုလုပ်ရသောကြောင့် အလုပ်များလျက်ရှိသည်။ ဤအချိန်တွင် ဖေ့ရုန်ဖူနှင့် သူ၏ဇနီးတို့သည် ပင်ပန်းသည်ကိုလည်း ဂရုမစိုက်အားပေ။ သူတို့က ရင်းနှီးထားသည်များပြန်ရရန် ပိုက်ဆံရှာချင်ကြသည်။
ကျိုးရှန်ချီ၏ အကူအညီကြောင့် ကြိုဆိုခြင်းမှအစပြု၍ အစားအသောက်များ တည်ခင်းခြင်းနှင့် ငွေသိမ်းယူခြင်းတို့အထိ ချောချောမွေ့မွေ့ဖြစ်နေသည်။ ဘာလီစေ့လက်ဖက်ရည်သည်လည်း အလွန်အရသာရှိကာ ချင်းစိမ်းချိုချဉ်များကိုလည်း အလကားပေးသောကြောင့် စားသုံးသူများသည် အလွန်ကျေနပ်နေကြသည်။ သူတို့၏မျက်နှာတွင် အပြုံးများဆင်မြန်းထားလျက် ဆိုင်မှ ထွက်သွားကြသည်။
၁၁နာရီ ထိုးခါနီးသောအခါ ၀ယ်သူများသိပ်မရှိတော့ပေ။ ထို့ကြောင့် ဖေ့လီတို့သည် နေ့လယ်စာ စားရန် အချိန်ရသွားသည်။
ဖေ့လီက မောပန်းပုံ မပေါ်ပေ။ သူမက ကြက်သားကို ပေါင်းလိုက်သည်။ ထို့နောက် မြွှာပြီး ကြက်သားခေါက်ဆွဲစွပ်ပြုတ်ချက်သည်။ သူတို့၏ တူများချပြီး မကြာမီတွင် နေ့လယ်စာစားမည့်သူများ ရောက်လာကြသည်။
နောက်တစ်ကြိမ် အလုပ်များခြင်းစတင်လေပြီ။
မီးဖိုချောင်သုံးပစ္စည်းများနှင့် ပန်းကန်ခွက်ယောက် အသုံးပြုမှုများပိုမိုများပြားလာသည်။ ပေါင်းအိုးထဲရှိ ပေါက်စီများသည် စားပွဲပေါ်သို့ရောက်ကုန်ကြ၏။ ပေါင်းအိုးနှစ်အိုးထဲရှိပေါက်စီများသည် လေးပုံတစ်ပုံမျှသာကျန်ရှိပြီး မကြာမီကုန်တော့မည်ဖြစ်သည်။
နေ့လယ်စာစားချိန် ကုန်လွန်သောအခါ ဆေးကြောရမည့် ပန်းကန်တို့သည် အများအပြားရှိနေလေပြီ။ ကံကောင်းစွာဖြင့် ယွမ်ရှောက်သည် ဤအိမ်ကိုတည်ဆောက်စဉ်က အိမ်၏အနောက်တွင် နောက်ဖေးကွက်လပ်တစ်ခု ချန်ထားသောကြောင့် ထိုနေရာတွင် ဆေးကြောသန့်စင်နိုင်၏။
အရာအားလုံး ဆေးကြောသန့်စင်ပြီးနောက် သူတို့သည်လည်း အလွန်ပင်ပန်းနေကြပြီဖြစ်သည်။ ဖေ့လီက ဘာလီစေ့များထဲသို့ ဝိညာဉ်စမ်းရေအချို့ လောင်းထည့်ကာ ရေငတ်ပြေစေရန် တစ်ယောက်တစ်ခွက် ပေးလိုက်သည်။
အနည်းငယ်မျှ သောက်ပြီးနောက် အားအင်များပြန်လည်ပြည့်ဖြိုးလာသည်။
ဖေ့လီက ဝိညာဉ်စမ်းရေကို သောက်သုံးခြင်းသည် ဖြေရှင်းနည်းတစ်ခု မဟုတ်ဟု တွေးတောလိုက်သည်။ စဖွင့်သည့်ရက်မှာပင် အလွန်အလုပ်များလျက်ရှိရာ ရှေ့လျှောက်ပို၍ပင် အလုပ်များတော့မည်ဖြစ်သည်။ ဆိုင်တွင် လူအင်အား လိုအပ်နေသည်။ မီးဖိုချောင်အတွက် အနည်းဆုံးလူတစ်ယောက်လိုအပ်၏။
သူမက စာရွက်အပိုင်းအစတစ်ခုကို ထယူလိုက်ပြီးနောက် အလုပ်ခေါ်စာကို ရေးလိုက်သည်။ ၀မ်ချွေလန်က စာမဖတ်တတ်သောကြောင့် ကျိုးရှန်ချီဘက်ကို လှည့်ကာမေးလိုက်သည်။
"လီလီက ဘာတွေရေးနေတာလဲ"
"အလုပ်သမား ငှားဖို့ပါ"
ကျိုးရှန်ချီက စာရွက်ပေါ်မှ စာလုံးတို့ကို ကြည့်ပြီး သိမ်မွေ့စွာပြန်ဖြေသည်။
အလုပ်များလွန်းသည်မှာ အမှန်ပင်ဖြစ်သည်။ ဘာလီစေ့လက်ဖက်ရည်ကို မသောက်လျှင် သူမ၏ခါးက ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ၀မ်ချွေလန်သည်လည်း လူအချို့ငှားချင်၏။ သို့သော် ဆိုင်၏စီးပွားရေးမှာ ကောင်းမွန်သောကြောင့် သူမ၏ဆွေမျိုးများကို ကူညီချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ သူမက ဖေ့လကိုက တိုးတိုးပြောလိုက်သည်။
"လီလီ ဘာလို့တခြားလူတွေကို ငှားနေမှာလဲ။ အမေ့ဘက်မှာ တူတွေရောတူမတွေရောရှိတယ်။ သူတို့က ဉာဏ်လည်းကောင်းပြီး သန်လည်းသန်စွမ်းတယ်။ သူတို့ထဲက တစ်ယောက်ကို ခေါ်လိုက်ရင်ရော"
ဖေ့ရုန်ဖူက နှုတ်ခမ်းသပ်လိုက်ကာ ဖေ့မိသားစုက လူများကို ခေါ်ရန်ပြော၏။
"သမီးအစ်ကိုတွေ အစ်မတွေကို ငှားရင်လည်း အဆင်ပြေပါတယ်"
ယခင်ဘ၀က ဖေ့လီသည် နဉ်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့စဉ်က ဇာတိမြို့မှ ဆွေမျိုးအချို့သည် သူမနှင့်အတူ နေထိုင်ရန် လာလေ့ရှိကြသည်။ ဖေ့လီက မြို့တွင်အလုပ်ရှာရန်ခက်ခဲသောကြောင့် သူတို့ထဲမှ အချို့ကို အလုပ်ပေးခဲ့သည်။ သို့သော် အများစုသည် အပျင်းထူပြီး ခိုကပ်တတ်သူများ ဖြစ်နေသည်။ သူတို့က သူမနှင့်အမျိုးတော်စပ်သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားဟောင်းများကိုပင် အနိုင်ကျင့်ကြသည်။
ဖေ့လီသည် ဖေ့မိသားစု၀င်များနှင့် ၀မ်မိသားစု၀င်များကို အဆက်အဆံ မလုပ်ချင်ပေ။ စီးပွားရေး ကောင်းလာပါက ဖေ့ရုန်ဖူနှင့် ၀မ်ချွေလန်ကို ခြံ၀င်းငယ်လေး၀ယ်ပေးမည်။ ထိုခြံငယ်လေးထဲတွင် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးကာ တိရစ္ဆာန်ကလေးများ မွေးမြူလျက် သူတို့၏အငြိမ်းစားဘ၀ကို ပူပင်ကြောင့်ကြမဲ့စွာ ဖြတ်သန်းစေမည်။
ဖေ့လီက အခက်ကြုံတွေ့နေပုံ ပေါ်သော်လည်း ဆွေမျိုးများကို မခေါ်ချင်ကြောင်း မပြောပေ။ သူမက မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။
"အမေ ဘယ်သူက ပိုသင့်တော်မယ်ထင်လဲ"
၀မ်ချွေလန်က ပြုံးကာ
"သမီးရဲ့ ၀မ်းကွဲ ၀မ်လိန်းလိန်းပေါ့"
ဖေ့လီက ထပ်မေးပြန်သည်။
"အဖေ ဘယ်သူ့ကို လာစေချင်လဲ"
"ရှောင်ရှန်ပေါ့"
ဖေ့လီက မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မပြပေ။ သူမက ဖေ့ရုန်ဖူသည် ဖေ့တာ့ကျွမ်း၏ မိသားစုနှင့် ရင်းနှီးကြောင်းကိုသာ တွေးတောလိုက်သည်။ အမှန်တွင် ဖေ့ရှန်သည် သူမတို့ဆိုင်၏ အလုပ်ကို အထင်ကြီးမည်မဟုတ်ပေ။ ဖေ့လီက အကျပ်ရိုက်နေပုံဖြင့် ပြောလိုက်သည်။
"အလုပ်က တစ်ခုပဲရှိတာ။ ဘယ်သူ့ကိုခေါ်ချင်ကြလဲ"
"လိန်းလိန်းက အဆင်ပြေတယ်။ စိတ်ထားလည်းကောင်းတယ် တော်လည်းတော်တယ်”
"ဘာတွေပြောနေတာလဲ။ ရှောင်ရှန်က တော်တော်လေး သန်မာတယ်။ ငါတို့ကိုပစ္စည်း ဘာညာ ကူရွှေ့ပေးလို့ရတယ်"
မကြာမီတွင် သူတို့နှစ်ယောက်သည် အငြင်းပွားကြတော့၏။ မည်သူကမျှ အရှုံးပေးမည့်ပုံ မပေါ်ပေ။ နောက်ဆုံးတွင် ဖေ့ရုန်ဖူက ၀မ်ချွေလန်ကို ဘက်လိုက်သည်ဟု ပြောသည်အထိ ဖြစ်လာခဲ့သည်။ ၀မ်ချွေလန်က ထိုစကားကို ကြားသောအခါ စိတ်ထိခိုက်သွားပြီး သူ့ကိုထုရိုက်တော့သည်။
"ကောင်းလိုက်တဲ့ ဖေ့ရုန်ဖူ ရှင်က တော် တတ်နေပြီပေါ့"
ဖေ့ရုန်ဖူက ချက်ချင်းကြောက်လန့်လာသည်။ သို့သော် သူသည် ရှုံးနိမ့်ခြင်းကို ၀န်မခံရဲပေ။ သူက ခေါင်းမာစွာ ပြန်ပြောသည်။
"ငါ ဘယ်သူ့ကိုခေါ်ရမှန်းမသိဘူး။ ထားလိုက်တော့ ဘယ်သူ့မှမခေါ်တော့ဘူး"
အခွင့်အရေးကောင်းတစ်ခုကို ၀မ်ချွေလန်၏ မိသားစုသို့ ပေးလိုက်သည်ကိုသာ အဘွားဖေ့သိပါက ပြဿနာ အကြီးအကျယ် တတ်လိမ့်မည်ပင်။
သူမ၏ မိဘများ စကားများကြရသော်လည်း သူမ၏ရည်ရွယ်ချက်သည်ကတော့ အောင်မြင်သွားသည်။ ဖေ့လီက ငြိမ်းချမ်းရေးတမန်တစ်ယောက်ကဲ့သို့ ပြုမှုကာ ချိုသာစွာ ဖျောင်းဖျလိုက်သည်။
"သမီးတို့ ဆွေမျိုးသားချင်းတွေကို အလုပ်ခန့်လိုက်ရင် စီမံဖို့ခက်ခဲသွားမှာ။ တချို့အလုပ်တွေကလည်း လူငှားမှ ရမှာဆိုတော့ အပြင်လူကိုပဲ ငှားကြရအောင်ပါ"
ဖေ့စုံတွဲသည် တိတ်ဆိတ်သွားကြသည်။
ဖေ့လီက တိတ်တခိုး ပြုံးလိုက်ကာ စိတ်အေးလက်အေးဖြင့် အလုပ်ခေါ်စာကို ရေးလိုက်သည်။ ထို့နောက် ဆိုင်တံခါးတွင် ကပ်လိုက်သည်။
ကျိုးရှန်ချီက သူမ၏ တိတ်တခိုးအပြုံးကို လွတ်သွားခြင်း မရှိပေ။ ထိုအပြုံးကို မြင်ပြီးနောက် သူသည်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ဆိုင်တွင် လျှပ်စစ်ဓာတ်အားနှင့် မီးသီးများရှိသည်။ ဖေ့လီက မီးလုံးများ မီးလင်းလာသည်ကို ကြည့်လိုက်သည်။ သူမတို့ဆိုင်သည် လင်းလင်းထင်းထင်း ဖြစ်လာကာ စားသုံးသူနောက်ဆုံးအသုတ်ကို ကြိုဆိုလိုက်ကြသည်။
စားပွဲသုံးလုံး ပြည့်နေပြီဖြစ်ပြီး ယွမ်ရှောက်သည်လည်း ဆရာသုံးယောက်ကို ခေါ်လာကာ သူ၏အားပေးမှုကို ပြသသည်။ ထို့ကြောင့် လေးလုံးမြောက်စားပွဲသည်လည်း လူပြည့်သွားသည်။
မှာယူသည်များကို နေရာချပြီးနောက် ပေါက်စီအနည်းငယ်သာ ကျန်ရှိတော့သည်။ ဖေ့လီက ဆိုင်စောစောပိတ်ကာ နောက်လာမည့်လူသစ်များကို လက်မခံတော့ပေ။ ဟင်းပွဲအားလုံး တည်ခင်းပြီးနောက် ဖေ့လီက ကောင်တာသို့ သွားလိုက်သည်။
ငွေရှင်းမည့်သူ မရှိလျှင် ကျိုးရှန်ချီက အင်္ဂလိပ်စာအုပ်ကို ဘာသာပြန်နေလေ့ ရှိ၏။ ဖေ့လီလာနေသည်ကို မြင်သောအခါ ဘောပင်ကိုချ၍ မေးလိုက်သည်။
"ပင်ပန်းနေပြီလား"
ဝိညာဉ်စမ်းရေသည် ကောင်းသော်လည်း ဖေ့လီက အလွန်အကျွံ မသုံးစွဲချင်ပေ။ တစ်နေ့တွင် စွမ်းအင်များ ပျောက်သွားမည်ကိုစိုးရိမ်၏။ သူမက လိမ်ညာခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
"နည်းနည်းပင်ပန်းတယ်"
ကျိုးရှန်ချီက ခပ်တိုးတိုး မေးလိုက်သည်။
"ကိုယ် နှိပ်ပေးရမလား"
ရုတ်တရက် ဖြစ်ပေါ်လာသော ရင်းနှီးမှုကြောင့် ဖေ့လီ၏ ကမောက်ကမ ဖြစ်နေသော အာရုံကြောများ ကြည်လင်လာသည်။ သူမက တံတွေးမျိုချကာ ပြန်ပြောသည်။
"ရပါတယ်။ အိမ်ပြန်နားလိုက်ရင် အဆင်ပြေသွားမှာပါ"
ကျိုးရှန်ချီကို နှိပ်ခိုင်းမည့်အစား ဝိညာဉ်စမ်းရေကိုသာ ပိုသောက်လိုက်မည်ဖြစ်သည်။
ပေါက်စီနှင့် စွပ်ပြုတ်သည် လျင်မြန်စွာ စားသောက်နိုင်သည် အစားအသောက်များ မဟုတ်ပေ။ နာရီ၀က်မျှ ကြာအခါတွင်မှ စားပွဲလေးခုလုံး လူရှင်းသွားသည်။ ဖေ့ရုန်ဖူက သန့်ရှင်းရေး သွားလုပ်လိုက်သည်။ ၀မ်ချွေလန်နှင့် ဖေ့လီတို့က ညစာချက်ပြုတ်ကြသည်။ ရိုးရှင်းသောညစာကို စားပြီးနောက် ဖေ့လီက ထိုင်၍ ပိုက်ဆံရေတွက်လိုက်သည်။
အမှန်တကယ်တွင် ကျိုးရှန်ချီ ရေတွက်ထားသောကြောင့် သူမ ရေတွက်စရာမလိုပေ။ ဖေ့လီသည် ပိုက်ဆံတို့၏ ထူထပ်မှုကို ခံစားရသောအခါ ယုံကြည်မှုတို့ပြည့်လာသည်။ သို့သော် ရေတွက်ပြီးသောအခါ ပို၍အံ့ဩသွားသည်။
"အားလုံးပေါင်း ၄၅ယွမ် ရတယ်"
သူတို့အားလုံး ၀မ်းသာသွားကြသည်။ ဖေ့ရုန်ဖူနှင့် ၀မ်ချွေလန်တို့၏ အငြင်းပွားမှုသည်ပင် ပြေလျော့သွားကြသည်။
အမျိုးမျိုးသော ကုန်ကျငွေများကို နုတ်ယူပြီးနောက် သူမတို့၏လုပ်အားခ မပါဘဲ အမြတ်ငွေ ယွမ်၃၀ ကျန်၏။ သို့သော် ဤငွေသည် ဖေ့လီကို ပျော်ရွှင်စေ၏။ သူတို့သည် ဆိုင်ပိတ်ကာ အိမ်ပြန်ကြသည်။
ရွာအ၀င် ရောက်သောအခါ အဝေးမှ ကင်းလှည့်နေကြသော ဖေ့ဝေ့တို့သားအဖကို မြင်လိုက်ကြသည်။ သူတို့သားအဖသည် ဖေ့လီတို့မိသားစုကို မြင်သောအခါ ဖေ့လီတို့ဆီသို့ လျှောက်လာကြသည်။ ဖေ့ဝေ့က စကားစပြောလိုက်သည်။
"လီလီ ရဲတွေရောက်နေတယ်။ မင်းပြန်လာမှာကို ရွာလူကြီးအိမ်ကနေ စောင့်နေကြတာ”
ဖေ့လီသည် အလုပ်များနေသောကြောင့် နှစ်ရက်နေလျှင် စုံစမ်းမှုများ ပြုလုပ်ရန် ရဲများလာကြမည်ကို မေ့နေသည်။ ဖေ့လီက သူ့ကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် ဖေ့ရုန်ဖူကို ကျိုးရှန်ချီနှင့်အတူ အိမ်ပြန်နှင့်စေသည်။ သူမနှင့် ၀မ်ချွေလန်သည် ဖေ့ခွင်း၏ အိမ်သို့ သွားကြသည်။ သူမတို့သည် တံခါးကို လျင်မြန်စွာ ခေါက်လိုက်သည်။ ရွာလူကြီး၏ဇနီးက တံခါးလာဖွင့်ပေးသည်။
"မြန်မြန်၀င်ကြ ငါတို့တွေ မင်းကိုစောင့်နေကြတာ"
ဖေ့လီက ခေါင်းညိတ်ပြကာ ၀င်လိုက်သည်။ ဖေ့ခွင်း၏အိမ်သည် အုတ်ဖြင့်တည်ဆောက်ထားသည်။ အိမ်ထဲတွင် ကျောက်မီးသွေးမီးဖိုက တောက်လောင်နေသောကြောင့် နွေးထွေးနေသည်။ ရဲနှစ်ယောက်သည် စားပွဲတွင်ထိုင်ကာ ဖေ့ခွင်းနှင့် စကားပြောနေကြသည်။ ဖေ့လီက လျှောက်သွားလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"အရာရှိရွှီ"
သူမအနီးတွင် ထိုင်နေသော ရဲ၀န်ထမ်းသည် သူမခေါ်လိုက်သော ရဲ၀န်ထမ်းဖြစ်သည်။
ရွှီမင်က ပြုံးကာ ရဲမှူးနှင့် မိတ်ဆက်ပေးသည်။
"ဒါက ငါတို့ရဲမှူး ကျောက်ရှုံကျစ်ပါ"
ဖေ့လီက လက်ဆန့်ထုတ်ကာ
"မင်္ဂလာပါ ရဲမှူးကျောက်"
ကျောက်ရှုံကျစ်သည် ထူထပ်သောမျက်ခုံးမွှေးများနှင့် ကြီးမားသည့် မျက်လုံးများ ရှိသည်။ သူ့မျက်နှာတွင် တရားနည်းလမ်းကျမှုများ ပေါ်လွင်နေသည်။ သူက ဖေ့လီကို ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ထိုင်ပါ"
ဖေ့လီနှင့် ၀မ်ချွေလန်က သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။ ကျောက်ရှုံကျစ်က ဖေ့လီကို ကြည့်ကာ တည်ငြိမ်စွာပြော၏။
"ဒီနေ့ ကျွန်တော်တို့တွေ အမှုဖြစ်ပွားတဲ့နေရာကို သွားပြီးကြပါပြီ။ ရွာသားတွေရဲ ပြောပြချက်တွေအရ အချို့သတင်းအချက်အလက်တွေကိုလည်း ရပြီးပါပြီ။ မင်းရဲ့ ထွက်ဆိုချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် အမှုရဲ့ယေဘုယျသဘောကို နားလည်သွားပါပြီ။
ပထမဆုံးအနေနဲ့ စိတ်မပူဖို့ပြောချင်တယ်။ ကျွန်တော်တို့က လူသတ်သမားကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ပါဘူး"
...