အပိုင်း ၂၆
Viewers 476

အပိုင်း (၂၆) မြူမှုန်များကို ဖယ်ရှားခြင်း 

"ဖေ့ရွှိုက်ရွှိုက်တို့မိသားစုက မြစ်နဲ့အနီးဆုံးမှာ ရှိတယ်။ သူ့ဇနီးလီယန်လင်းရဲ့ပြောပြချက်အရ အဲ့နေ့က မင်းနဲ့ ဖေ့ရှီး မြစ်ဘေးမှာ စကားပြောနေကြတာကို မြင်လိုက်တယ်တဲ့။ ဒါပေမဲ့ ဖေ့ရှီး ထွက်သွားပြီးတဲ့နောက် မင်းက မြစ်ဘေးမှာ ရှိနေတုန်းပဲတဲ့"

ကျောက်ရှုံကျစ်က ဆက်ပြောသည်။

"ထပ်ပြောရရင် ဖေ့ရွှိုက်ရွှိုက်တို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာနေတဲ့ ဖေ့ဝေ့တို့မိသားစုကိုလည်း မေးကြည့်ပြီးပြီ။ အဲ့နေ့က အရမ်းအေးတာကြောင့်မို့ သူတို့ အပြင်မသွားကြဘူးတဲ့။ ဒါပေမဲ့ ဖေ့ယွမ်ကျဲနဲ့ ဖေ့ယွမ်၀န်တို့ သူတို့အိမ်ရှေ့ကဖြတ်ပြီး မြစ်ဘေးသွားတာကိုတော့ တွေ့လိုက်တယ်တဲ့"

"ကျွန်တော်တို့ ဒီနေ့လယ်တုန်းက ဖေ့ယွမ်ကျဲတို့ မောင်နှမဆီကိုလည်း သွားမေးပြီးပါပြီ။ ဖေ့ယွမ်ကျဲက မင်းနဲ့တွေ့ခဲ့တယ်လို့ ပြောပါတယ်"

ထိုစကားကိုပြောပြီးနောက် ကျောက်ရှုံကျစ်က အနည်းငယ်ရှက်ရွှံ့ဟန်ဖြင့် ချောင်းဟန့်လိုက်သည်။ 

"မင်းက မင်္ဂလာဦးညမှာ သတို့သားဆီက ကန်ချခံရကြောင်း ပြောပြခဲ့တယ်တဲ့။ ရှေ့လျှောက် ယောက်ျားဖြစ်သူကို ကောင်းကောင်းမဆက်ဆံဘဲ ဒုက္ခပေးမယ်လို့လည်း ပြောတယ်တဲ့။ ဖေ့ယွမ်ကျဲက အဲ့ဒီလိုလုပ်တာ မကောင်းဘူးဆိုပြီး မင်းကိုဖျောင်းဖျခဲ့ပေမဲ့ မင်းက လက်မခံလို့ နှစ်ယောက်သား အငြင်းပွားကြပြီး တွန်းလား၊ ဆွဲလား လုပ်ခဲ့ကြသေးတယ်တဲ့"

ဖေ့ယွမ်ကျဲက အတော်လေးဉာဏ်ကောင်းသည့်လူပင်။ 

ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် မူလပိုင်ရှင်က မြစ်ထဲသို့ကျသွားနိုင်မှုသည် ပုံမှန်ပင်ဖြစ်၏။ သို့သော် သူမ၏သက်သေပြချက်ဖြင့် အရာအားလုံးကို ဖြေရှင်းသွားသည်။

သူမ ပြောဆိုသောစကားများသည် မူလပိုင်ရှင် ပြုလုပ်နိုင်သည့် အရာများဖြစ်၏။ ဖေ့လီက သူမကိုယ်သူမ အပြစ်တင်ကာ တောင်းပန်လိုက်၏။

"အဲ့အချိန်တုန်းက ငယ်ရွယ်ပြီး မသိတတ်တော့ ထောင်လွှားခဲ့မိတာပါ"

ဖေ့လီက လျင်မြန်စွာ ပြန်မေးသည်။

"ဖေ့ယွမ်၀န်ကရော၊ သူက မြစ်ဘေးကို ဘာလို့လာတာတဲ့လဲ"

ကျောက်ရှုံကျစ်က ပြန်ဖြေသည်။

"သူပြောတာတော့ သူနဲ့သူ့ညီမက တာ့နျိုရွာက အဘွားအိမ်ကို သွားကြတာတဲ့။ လမ်းမှာ မင်းနဲ့ဆုံမိကြပြီး မင်းက ဖေ့ယွမ်ကျဲကို စကားခဏလောက် ပြောကြဖို့တောင်းဆိုခဲ့တာတဲ့။ စကားပြောပြီးတော့ သူတို့က မြစ်ဘေးကနေ ထွက်လာခဲ့ကြတာတဲ့။ အဲ့ဒါကြောင့် မင်းပြုတ်ကျတာက သူတို့နဲ့ပတ်သက်မှု မရှိဘူး။ သူတို့ ဘေးရွာကို သွားမသွားဆိုတာကတော့ စုံစမ်းဆဲရှိပါသေးတယ်"

စုံစမ်းစရာမလိုပေ။ သူတို့မောင်နှမသည် အခြေအနေကို ဖြေရှင်းရန် စဉ်းစားပြီးလောက်လေပြီ။ တစ်စုံတစ်ခုသည် အခြားတစ်စုံတစ်ခုကို ဦးတည်သွားကာ သူတို့သည်လည်း တစ်ယောက်ထက် တစ်ယောက် ဉာဏ်ပိုကောင်းသည့်လူများဖြစ်သည်။ ပြီးပြည့်စုံသည့် ကွင်းဆက်တစ်ခုပင်။

ဖေ့လီသည် အခြားနည်းလမ်းတစ်ခုကိုသာ ရှာဖွေရတော့မည်ဖြစ်သည်။ သူမက ကျောက်ရှုံကျစ်ကို ကျေးဇူးတင်လိုက်ပြီး ၀မ်ချွေလန်နှင့်အတူ အိမ်ပြန်လာခဲ့သည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ၀မ်ချွေလန်က လူသတ်သမားကို မသိရသောကြောင့် စိတ်ရှုပ်နေ၏။

"အမေတို့ ဘယ်လိုလုပ်ကြမလဲ"

ဤမတိုင်မီက ဖေ့လီသည် ဖေ့ယွမ်ကျဲက ကျိုးရှန်ချီကို ကြိုက်ရုံဖြင့် ရေထဲတွန်းချခဲ့ခြင်းသည် လုံလောက်သည့် အကြောင်းပြချက် မဟုတ်ဟု ခံစားခဲ့ရသည်။ သို့သော် ထိုအချိန်က အခြားအကြောင်းရင်းများကို မစဉ်းစားနိုင်ခဲ့ပေ။ သူမတို့ ပြောခဲ့သောစကားများအရ အခြားလူတစ်ယောက်နှင့် သက်ဆိုင်နေသည်ဟု ဦးတည်နေသည်။

ဖေ့ယွမ်၀န်ပင်။

ဖေ့လီက မူလပိုင်ရှင်သည် ဖေ့ယွမ်၀န်ကို ကြိုက်ခဲ့ကြောင်းကို ရုတ်တရက် သတိရသွားသည်။ သို့သော် ဖေ့ယွမ်၀န်က အေးစက်စက်သာ တုံ့ပြန်ခဲ့သည်။

ဖေ့ယွမ်၀န်သည် ငယ်စဉ်ကတည်းက အသားဖွေးဖွေး ပိန်ပိန်သွယ်သွယ် မိန်းမငယ်လေးများကိုသာ သဘောကျ၏။ သူသည် ဖေ့ရှီးနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသည်။ မူလပိုင်ရှင်သည် မနာလိုသောကြောင့် ဖေ့ရှီးနှင့် အမြဲလိုလို သဘောကွဲလွဲနေခဲ့ခြင်း ဖြစ်သည်။

'သူမ ဘယ်အချက်ကို ကျော်သွားမိတာလဲ'

ဖေ့လီက အကျင့်စရိုက်များအကြောင်းကို ထပ်မံတွေးတောလိုက်သည်။ လတ်တလောက ဖေ့ရှီးနှင့် တွေ့ဆုံခဲ့သည်ကိုလည်း ထပ်ခါထပ်ခါ ပြန်စဉ်းစားသည်။ ဖေ့ရှီးကို နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်က ဖေ့ရှီးသည် သူမ၏၀မ်းဗိုက်ကို ထိနေခဲ့သည်။

ထိုစဉ်က ဖေ့လီသည် ကိုယ်၀န်လွယ်ထားသည်ကို ကြွားလုံးထုတ်သည်ထင်ပြီး အလေးအနက် မတွေးခဲ့ပေ။ သို့သော် အခြားရှုထောင့်က တွေးပါက ထိုအပြုအမှုသည် ကာကွယ်နေခြင်း ဖြစ်၏။ ထို့ပြင် ကြောက်ရွံ့နေခြင်း။

'သူမက ဘာကိုကြောက်ရွံ့နေတာလဲ။ကလေးဆုံးရှူံးလိုက်ရမှာကိုလား'

ထိုအကြောင်းပြချက်သည်လည်း အဓိပ္ပာယ်ရှိ၏။

ဖေ့လီက အလေးအနက် တွေးတောလိုက်သည်။ ရုတ်တရက် သူမတွင် အကြံတစ်ခု ပေါ်လာကာ ရဲတင်းသည့်ခန့်မှန်းချက်တစ်ခု ရှိလာသည်။ သူမက ဘေးဘက်ကိုလှည့်၍ မေးလိုက်သည်။

"အမေ ဖေ့ရှီးလက်ထပ်တာ ဘယ်လောက်ကြာပြီလဲ"

၀မ်ချွေလန်က ဘာကြောင့်မေးမှန်း မသိပေ။ ထို့ကြောင့် သူမက တစ်ခဏမျှစဉ်းစားကာ ဖြေလိုက်၏။

"အမေ တွက်ကြည့်လိုက်ဦးမယ် သုံးနှစ်လောက်တော့ ရှိပြီထင်တယ်။ အခုမှ ကိုယ်၀န်ရတာလေ အဲဒါကြောင့် အဆင်ပြေပြေဖြစ်နေတာ"

ဤခေတ်တွင် မိသားစုစီမံကိန်း မရှိသေးပေ။ ကလေးတစ်ယောက် တိုးလာပါက လုပ်သားအင်အား တိုးပွားလာသည်ဟု မှတ်ယူကြသည်။ ယောက်ျားနှင့်မိန်းမ လက်ထပ်ပြီးပါက သန္ဓေတားခြင်းကို အသုံးမပြုကြပေ။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ကလေးမွေးဖွားကြသည်။ သုံးနှစ်လျှင် ကလေးနှစ်ယောက် မွေးဖွားသည်မှာ ပုံမှန်ဖြစ်သည်။

ဖေ့ရှီး လက်ထပ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း ကလေးမရှိခဲ့ပေ။ သို့သော် ဤနှစ်တွင် ကိုယ်၀န် ရခဲ့သောကြောင့် ပြဿနာတစ်စုံတစ်ရာရှိနေသည်မှာ သူမ၏ယောက်ျား ဖြစ်ပုံပေါ်၏။

ဖောက်ပြားခြင်းသည်ပင် ပြင်းထန်သည့်လုပ်ရပ် ဖြစ်နေပြီဖြစ်သည်။ မိန်းမတစ်ယောက်သည် ဖောက်ပြန်သူနှင့် ကိုယ်၀န်ရှိနေပါက ထိုကိစ္စသည် သေရေးရှင်ရေးကိစ္စ ဖြစ်သွားပြီပင်။

၀မ်ချွေလန်က ဖေ့လီငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သူမကိုယ်သူမ ပြောလိုက်၏။

"ပြောရမယ်ဆိုရင် သူ့ကိုယ်၀န်က အချိန်ကိုက်ကိုရောက်လာတာပဲ။ သူတို့လင်မယား ကွာရှင်းဖို့ တာဆူနေကြပြီဆိုပဲ။ ကောင်လေးဘက်က သူ့ကို ဥ မဥနိုင်တဲ့ကြက်မလို့ ခေါ်ကြသတဲ့လေ”

ဖေ့လီက စိတ်ထဲမှ ရယ်လိုက်မိသည်။ ကောင်လေး၏ မိသားစုသည်လည်း လူကောင်းများ ဖြစ်မည့်ပုံမပေါ်ပေ။  

ကိုယ်၀န်ဆောင်ရသည့်ကိစ္စသည် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ သို့သော် ကိုယ်၀န်မဆောင်နိုင်ပါက မိန်းကလေးများထံ၌သာ အပြစ်ပုံချကြသည်။ သူမငယ်စဉ်က ဤရွာကဲ့သို့ပင် မိသားစုတစ်ခုရှိခဲ့သည်။ ကောင်လေး၏ မိခင်က ချွေးမဖြစ်သူကို ကလေးမမွေးနိုင်သည့်အတွက် သဘောမကျပေ။ သူမသည် သားဖြစ်သူကို ကွာရှင်းစေချင်ပြီး အခြားမိန်းကလေးတစ်ယောက်နှင့် လက်ထပ်စေလိုသည်။

ရလဒ်အနေဖြင့် ၂နှစ်အကြာ၌ ကောင်မလေးသည် နောက်တစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး လက်ထပ်ပြီးနှစ်မှာပင် ကလေးအမြွှာမွေးဖွားခဲ့သည်။ ကောင်လေး၏ မိခင်ထံတွင်တော့ မြေးတစ်ယောက်မျှ ရမလာပေ။ သွား၍စစ်ဆေးသောအခါ သားဖြစ်သူသည် အမြုံဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအချက်သည် သူမကို ပါးရိုက်လိုက်သလိုပင်။

အဓိပ္ပာယ်မရှိသောလုပ်ရပ် ဖြစ်နေပါသော်လည်း တူညီသည့်ကိစ္စများက ထပ်ကာထပ်ကာ ဖြစ်ပျက်နေ၏။

မူလပိုင်ရှင်သည် ဖေ့ရှီးနှင့် ဖေ့ယွမ်၀န်တို့၏ ဖောက်ပြန်မှုကို မတော်တဆ တွေ့သွားပုံပင်။ ဖေ့ယွမ်၀န်သည်လည်း ညီမဖြစ်သူအတွက် အကျိုးအမြတ်အချို့ ပေးရန် ကတိတစ်ခု ပေးခဲ့လောက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ပေါင်း၍ မူလပိုင်ရှင်ကို သတ်ခဲ့ခြင်းဖြစ်မည်။

ထိုအကျိုးအမြတ်သည် အဓိကအချက်ဖြစ်သည်။ အကျိုးအမြတ်သာ မရှိပါက သူတို့နှစ်ယောက်၏ ပူးပေါင်းမှုကြားတွင် အက်ကြောင်း ပေါ်လာမည် ဖြစ်သည်။

ယခုအချိန်၌ ဖေ့ယွမ်ကျဲ လိုချင်နေသောအရာသည် တစ်ချိန်က မူလပိုင်ရှင် လိုချင်ခဲ့သည့် ပြီးပြည့်စုံသော လက်ထပ်ခြင်းပင်။

ဖေ့လီက နှင်းများကို ကန်လိုက်ပြီး ၀မ်ချွေလန်ကို တိုးတိတ်စွာ မေးလိုက်သည်။

"ခုတလော ဖေ့ယွမ်ကျဲနဲ့ တွေ့နေတဲ့လူက ဘယ်သူတဲ့လဲ"

"မြို့ကလူတဲ့။ အမေကြားတာတော့ ကောင်လေးမိဘက တော်တော်ချမ်းသာတယ်တဲ့။ ကောင်လေးကလည်း ကျောင်းဆရာတဲ့"

၀မ်ချွေလန်က ဒေါသတကြီး ပြောသည်။

"သူတို့က သေချာကိုလျှို့ဝှက်ထားကြတာ။ ခဏခဏတော့ တွေ့ပြီးကြပြီဆိုပဲ။ သူတို့မိသားစုကို မေးရင်တော့ ဘာမှကို မဖြေကြဘူး"

"အမေ တိုးတိုးတိတ်တိတ် စုံစမ်းကြည့်ပေးပါဦး"

ဖေ့လီက ၀မ်ချွေလန်၏ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည်။ 

"ဘယ်သူလဲဆိုတာ သိရရင်ကို အဆင်ပြေပါပြီ"

ရွာ၏ သတင်းအချက်အလက် ကွန်ရက်သည် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားခြင်း မဟုတ်ပေ။ တစ်စုံတစ်ခုကို သိချင်ပါက ရှာဖွေ၍မရခြင်းဟူသည်မှာ မရှိပေ။ ၀မ်ချွေလန်က ချက်ချင်း သဘောတူလိုက်သည်။

သူမတို့သားမိသည် အပြုံးများ ဆင်မြန်းကာ အိမ်ပြန်လာကြသည်။

အခြားဘက်၌ ဖေ့မောင်နှမနှစ်ယောက်သည် အမှန်တရား ပေါ်ပေါက်သွားသည်ကို မသိသောကြောင့် သူတို့ကိုယ်သူတို့ ဘ၀င်ခိုက်နေကြသည်။ ဖေ့ယွမ်၀န်က မျက်လုံးများကို မှေးကျဉ်း၍ ခုတင်ပေါ်တွင် ဘေးတိုက်လှဲလိုက်သည်။ ထို့နောက် အပြုံးတစ်ခုဖြင့် ဆူလိုက်သည်။

"ငါပြောပါတယ် နင်က တုံးလွန်းတယ်လို့။ အမှုဖြစ်တာက ကြာလှနေပြီ။ နင်နဲ့ ငါသာ ဘာမှထုတ်မပြောရင် ရဲတွေလည်း ဘာမှရှာတွေ့မှာမဟုတ်ဘူး"

ဖေ့ယွမ်ကျဲသည် ရွာထဲသို့ရဲများ ရောက်လာသောအခါ အလွန်ထိတ်လန့်သွားသည်။ သူမက အစ်ကိုဖြစ်သူဆီ အမြန်သွားကာ ပြောပြခဲ့သည်။ ထို့နောက် ဖေ့ယွမ်၀န်က သူမကို ဆွဲခေါ်ကာ သင်ကြားပေးခဲ့သည်။ သူမတို့သည် ပြီးပြည့်စုံစွာ လိမ်လည်ပြောဆိုခဲ့ကြသည်။

အကျိုးရလဒ်သည် အံ့အားသင့်စရာကောင်း၏။ ရဲများသည် သူမတို့၏ ထွက်ဆိုချက်ကို ယုံကြည်သွားကြသည်။ ဤအချိန်၌ သူမသည် ပြုံးရယ်နိုင်သွား၏။ အစ်ကိုဖြစ်သူကိုလည်း အလွန်ပင်ကျေးဇူးတင်နေ၏။

"အစ်ကို ဒီတစ်ခါ အစ်ကို့ကိုပဲ ကျေးဇူးတင်ရတော့မယ်"

ဖေ့ယွမ်၀န်က လျှာဖြင့် နှုတ်ခမ်းကို နှစ်ကြိမ်သပ်လိုက်သည်။ 

"နင် တင်းဖန်ရဲ့မိသားစုနဲ့ လွယ်လွယ်ကူကူ လက်ထပ်နိုင်သွားတာပေါ့။ ချမ်းသာသွားရင် အစ်ကိုတစ်ယောက်ဖြစ်တဲ့ ငါ့ကို ကျေးဇူးတင်ဖို့မမေ့နဲ့နော်"

သူမ လက်တွဲဖော်၏အမည်ကို ကြားသောအခါ ဖေ့ယွမ်ကျဲထံတွင် မိန်းကလေးသဘာ၀ ရှက်ရွံ့မှုတို့ ပေါ်ပေါက်လာသည်။

"မမေ့ပါဘူး"

သူမသည် မူလတန်းသာ တတ်ဖူး၏။ သို့သော် အလယ်တန်းပြဆရာတစ်ယောက်နှင့် လက်ထပ်ရမည်မှာ အမှန်ပင် ကံကောင်း၏။ ဖေ့ယွမ်၀န်သာ မိတ်ဆက်ပေးခြင်း မရှိပါက ထိုလူနှင့် လက်ထပ်နိုင်မည် မဟုတ်ပေ။

"နင့်မှာ အသိစိတ်တော့ ရှိသေးသားပဲ"

ဖေ့ယွမ်ကျဲက ဖရဲစေ့များ စားနေကာ စိုးရိမ်တကြီးဖြင့် သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူမ ထွက်သွားသောအခါ စောင်အောက်မှ ဦးခေါင်းတစ်ခု ဖြည်းညင်းစွာ ပေါ်လာ၏။ ဖေ့ရှီးက စောင်ထဲပုန်းနေခြင်း ဖြစ်သည်။ သူမ မျက်နှာသည် နီမြန်းနေပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ကိစ္စတွေအားလုံး ဖြေရှင်းပြီးပြီလား"

"အသေးအမွှားတွေပါကွာ။ ကိုယ်က ဘယ်သူမို့လဲ အစ်ကို၀န်လေ"

ဖေ့ယွမ်၀န်က စောင်ထဲ တိုး၀င်လိုက်ပြီး သူ့ကိုယ်သူ အားရကျေနပ်မှုတို့ဖြင့် ဖေ့ရှီး၏ ပန်းရောင်သမ်းနေသောပါးပြင်ကို ဆွဲဆိတ်လိုက်သည်။ သူသည် သူမကို ဖက်ထားလျက် နမ်းရန် ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သူ၏လှု ပ်ရှားမှုများသည် တစ်စတစ်စနှင့် ပြန်းထန်လာသည်။ ဖေ့ရှီးက သူမ၏ကိုယ်၀န်ကို ကာကွယ်ရန် ရုန်းကန်လိုက်သည်။

"ပြဿနာမရှာနဲ့ အခုက အချိန်မကျသေးဘူး။ ဗိုက်ထဲမှာ အစ်ကို့ကလေးရှိနေတယ်လေ"

ဖေ့ယွမ်၀န်က ပိုမိုပျော်ရွှင်လာပြီး သူမကို ဆွဲဆိတ်ကာ ထပ်နမ်းလိုက်သည်။

ဖေ့ရှီးသည် လက်ထပ်ထားသည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း ကိုယ်၀န်မဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် ရွေးချယ်စရာ မရှိတော့ဘဲ ရည်းစားဟောင်းကိုသာ သွားရှာခဲ့ရသည်။ ထို့နောက် သူမတွင် ကိုယ်၀န်ရှိခဲ့သည်။ သူမမိဘများနှင့် ယောက်ျားဖြစ်သူ၏ မိသားစု၀င်များသည် ဤကလေးကို အလွန်စိုးရိမ်နေကြ၏။ သူမက ဖေ့ယွမ်၀န်၏ လက်ထဲမှထွက်ကာ ခုတင်ပေါ်မှ ဆင်းလိုက်သည်။

"ပြဿနာမရှာနဲ့လို့ ပြောနေတယ်လေ။ မှောင်နေပြီ အိမ်ပြန်ပို့ပေးတော့"

ဖေ့ယွမ်၀န်က မကျေမနပ်ဖြင့် ထထိုင်လိုက်ပြီး ခေါင်းကုတ်နေ၏။

"ရှီးအာ ဒီကလေးမွေးပြီးရင် နောက်တစ်ယောက် ထပ်ယူကြရအောင်"

ဖေ့ရှီးက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဖေ့လီ၏ ခန့်မှန်းချက်နှင့်ပင် ထိုကိစ္စသည် ကြီးမားနေပြီဖြစ်သည်။ ဖေ့လီက သူမမိဘများ၌ မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်မည်ကိုစိုးရိမ်သောကြောင့် ပြောမပြဝံ့ပေ။ သူမသည် ပုံမှန်အတိုင်း မနက်စောစောထကာ မြို့သို့သွားသည်။

၀မ်ချွေလန်သည် သတင်းအချက်အလက် ရှာဖွေသည့်တာ၀န်ကို ထပ်မံထမ်းဆောင်လိုက်သည်။ သူမသည် ဖေ့လီတို့နှင့် လိုက်မသွားဘဲ နေ့လယ်အထိ ရွာတွင်နေခဲ့သည်။

အကူတစ်ယောက် လျော့သွားသောကြောင့် ဖေ့လီသည် ပို၍ကြီးမားသည့်တာ၀န်ကို ယူနေရသည်။ ဆိုင်သို့ရောက်ကတည်းက သူမသည် အလုပ်များလျက် ရှိသည်။ သူမသည် ပေါက်စီများကို အစာသွပ်ခြင်းနှင့် ပေါင်းခြင်းကို တစ်ပြိုင်နက်တည်းပြုလုပ်လိုက်သည်။ နောက်ဆုံးတွင် ပေါက်စီအလုံးရှစ်ဆယ်ကို အစာသွပ်ပြီးသွား၏။ ထို့နောက် ဒုတိယနေ့၏လုပ်ငန်းများကို ချောမွေ့စွာ စတင်၏။ သူမသည် ဆိုင်ကို ၆:၃၀၌ တရာ၀င်ဖွင့်လှစ်လိုက်သည်။

ဤခေတ်တွင် ကြော်ငြာခြင်းများ မရှိသေးပေ။ ကြော်ငြာအစီအစဉ်သည် လူတစ်ယောက်နှင့် တစ်ယောက် အကြံပေးခြင်းပေါ်၌သာ မှီခိုရသည်။ ပထမနေ့၏ အုတ်မြစ်ချမှုကြောင့် ဆိုင်ဖွင့်ပြီး ဆယ်မိနစ်အတွင်း၌ ပထမဆုံးစားသုံးသူ ရောက်လာသည်။

ဤအချိန်တွင် အလုပ်သွားရန် ထွက်လာသူအများစုသည် အလုပ်များကြသောကြောင့် စားသောက်ရန် အလျင်လိုကြသည်။ ထို့ကြောင့် သူတို့သည် အစားအသောက်များကို လျင်မြန်စွာစားသောက်ပြီး ငွေပေးချေကာ ထွက်သွားကြသည်။

၈နာရီထိုးပြီးနောက် ရောက်လာသူများသည် အေးအေးဆေးဆေး ရှိကြသူများဖြစ်သည်။ ဟင်းပွဲများကို တည်ခင်းပြီးနောက် ဖေ့လီက အခြားအရာများကို တွေးတောရန် အချိန်ရှိလာသည်။ ဥပမာ ဖေ့ယွမ်ကျဲတို့ မောင်နှမကို မည်ကဲ့သို့ ဖြေရှင်းရမည်ဟူသော ကိစ္စမျိုးဖြစ်သည်။ ထိုမောင်နှမကို သူတို့ကိုယ်တိုင် ပေါက်ကွဲလာအောင် လုပ်ရမည်ပင်။

ကံကောင်းစွာဖြင့် ၀မ်ချွေလန်က သူမကိုကြာကြာ စောင့်မနေစေပေ။ ဖေ့ယွမ်ကျဲ၏ ကောင်လေးအကြောင်းကို သိသည်နှင့် သူမက အပြေးအလွှား ရောက်လာခဲ့သည်။ ဆိုင်တွင် အလုပ်များလျက် ရှိသည်။ သူမက ဖေ့လီ၏ နေ့လယ်စာစားချိန်ကို အခွင့်ကောင်းယူကာ တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။

"အမေ သိခဲ့ရပြီ။ ကောင်လေးနာမည်က တင်းဖန်တဲ့ မင်ဟွာအလယ်တန်းကျောင်းမှာ သင်္ချာသင်တာတဲ့"

ယွမ်ရှောက်သည်လည်း မင်ဟွာအလယ်တန်းကျောင်းက ဆရာဖြစ်သည်။ ထိုကျောင်းသည် ယခင်က သူမတို့ဆိုင်တန်းခင်းခဲ့သော နေရာတွင် တည်ရှိသည်။ ဖေ့လီတို့ဆိုင်နှင့် တစ်လမ်းတည်းဖြစ်ကာ သိပ်မဝေးပေ။

ဖေ့လီက တင်းဖန်သည် မည်ကဲ့သို့သောလူမျိုးဖြစ်ကြောင်း မသိပေ။ ထို့ကြောင့် အရင်ဆုံးလေ့လာရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ရှောက် အလုပ်မှပြန်လာသည်ကိုစောင့်ကာ ထိုလူကို သိ၊ မသိမေးရမည်။ ထို့နောက်တွင်မှ အစီအစဉ်ချရမည်ဖြစ်သည်။

အလယ်တန်းကျောင်းသည် ညနေ၆နာရီတွင် အလုပ်ဆင်း၏။ သို့သော် ကျောင်းသားများ၏ ပညာရေးသည် အားနည်းသောကြောင့် ယွမ်ရှောက်က သူတို့၏မေးခွန်းများကို ဖြေရန် နာရီ၀က်မျှ ပိုနေလေ့ရှိသည်။ ယွမ်ရှောက်သည် ပစ္စည်းများကိုသိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ သူ မတ်တတ်ရပ်လိုက်ချိန်၌ ဆရာတစ်ယောက်သည် အပြုံးတစ်ခုကို ချိတ်ဆွဲ၍ ရောက်လာသည်။

"မင်းငှားထားတဲ့ဆိုင်က ပေါက်စီနဲ့ စွပ်ပြုတ်က စားလို့ကောင်းတယ်တဲ့။ ငါ့ကို စားကြည့်ဖို့ ခေါ်သွားရင်ရင်ရော ဘယ်လိုလဲ"

"ကောင်းပြီလေ"

ထိုဆရာသည် ယွမ်ရှောက်နှင့် ၂နှစ်မျှ အလုပ်တွဲလုပ်ခဲ့သော တင်းဖန်ဖြစ်သည်။ ယွမ်ရှောက်က အိတ်ကိုယူကာ တံခါးပိတ်လိုက်သည်။

"ငါ မနေ့က မင်းကိုခေါ်သွားမလို့ပဲ။ မင်းက မရှိလို့"

"ငါလည်း မတတ်နိုင်ဘူး။ ငါ့အိမ်က လက်တွဲဖော်ရှာဖို့ပဲ သွားခိုင်းနေတာ"

တင်းဖန်က အကူအညီမဲ့စွာပြုံးလိုက်သည်။

"အရင်တစ်ခါ တွေ့တဲ့ရှောင်လီက အတော်လေး အဆင်ပြေတယ်ဆို။ မင်းတို့တွေ အဆက်အသွယ် မရှိကြဘူးလား”

"မရှိပါဘူးကွာ။ နှစ်ရက်လောက်နေရင် ငြင်းလိုက်မလို့ စီစဉ်ထားတာ"

တင်းဖန်က ခေါင်းယမ်းလိုက်သည်။ 

"ငါက ငါနဲ့စိတ်တူကိုယ်တူလူမျိုးကိုပဲ ရှာချင်တာ"

ယွမ်ရှောက်က ရယ်လိုက်သည်။

"ဒါဆိုရင်တော့ ရှာဖို့ခက်ခဲတော့မှာပဲ"

"အဆင်ပြေပါတယ် ငါလည်းအလျင်မလိုပါဘူး"

သူတို့သည် ရယ်ကြမောကြဖြင့် ရွှမ်းလီသို့ ရောက်လာကြသည်။ ယွမ်ရှောက်က သူမြို့တော်သို့ သွားလျှင် တင်းဖန်သည် ဖေ့လီ၏လုပ်ငန်းကို စောင့်ရှောက်ပေးနိုင်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် ဖေ့လီ မမေးမီ ယမန်နေ့ညကအတိုင်း  မိတ်ဆက်ပေးလိုက်သည်။

"ဒါက တင်းဖန်ပါ။ ကျွန်တော်တို့ကျောင်းက သင်္ချာဆရာလေ"

အားထုတ်စရာမလိုဘဲ အကျိုးအမြတ်ရလိုက်သောကြောင့် ဖေ့လီ၏မျက်လုံးတို့ ၀င်းလက်သွားသည်။ သူမဘက်က စ၍ လက်ဆန့်ထုတ်ပေးကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကျွန်မက ရွှမ်းလီရဲ့ပိုင်ရှင် ဖေ့လီပါ"

တင်းဖန်က ယဉ်ယဉ်ကျေးကျေးဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ချီးကျူးသည်။

"ရွှမ်းလီ တကယ့်ကို နာမည်ကောင်းပဲ"

ဖေ့လီက လက်ဆွဲနှုတ်ဆက်သည်ကို အခွင့်ကောင်ယူ၍ ထိုလူကိုကြည့်လိုက်သည်။ သူမရှေ့ရှိလူသည် အလွန်ချောမောကာ ပိန်ပါး၍ အရပ်ရှည်သည်။ ပညာတတ်တစ်ယောက်၏ အကျင့်စရိုက်တို့နှင့် ပြည့်စုံနေပြီး ဖေ့ယွမ်ကျဲ၏ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။

အရေးကြီးသည့်အချက်သည် တင်းဖန်၏ မျက်လုံးသည် ကျိုးရှန်ချီ၏ မျက်လုံးတို့နှင့် ဆင်တူ၏။ တူညီသည့် ဖီးနစ်မျက်လုံးများပင်။

  

...