အပိုင်း (၂၈)
တင်းဖန်က မနက်ခင်းအတန်းချိန် ပြီးသောအခါ ဖေ့ယွမ်ကျဲတို့အိမ်သို့ အပြေးလာခဲ့၏။ ဤအိမ်သည် အလယ်တန်းကျောင်းနေဖက်၏ အိမ်ဖြစ်သည်။ သူနှင့် ဖေ့ယွမ်ကျဲတို့သည်လည်း ကြင်ဖက်တွေ့ခြင်းဟုသော အမည်အောက်တွင် အကြိမ်အနည်းငယ် တွေ့ဖူးကြလေသည်။ သူက လက်ဗလာဖြင့် လာရမည်ကို ရှက်ရွံ့သောကြောင့် လက်ဆောင်အနည်းငယ် ၀ယ်ခဲ့သည်။ ဖေ့ယွမ်ဝန်က လက်ဆောင်များကို ခပ်တည်တည်ဖြင့် ယူလိုက်သည်။ သူက ပျော်ရွှင်သောမျက်နှာဖြင့်
"မင်းလာတယ်ဆို ရပြီပဲကို။ ဘာလို့လက်ဆောင်တွေ ယူလာတာလဲ"
ဖုန်းဟွေ့က သူ့ကို ထိုင်ခိုင်းလိုက်ပြီး ဖေ့ယွမ်၀န်ကို ပြောသည်။
"ငါတို့တွေ မင်းအဖေကို သွားခေါ်လိုက်ကြမလား"
သူမက အပျော်လွန်နေသောကြောင့် စေ့စပ်ကြောင်းလမ်းရန် လာပါက တင်းဖန်သည် တစ်ယောက်ထဲ လာမည်မဟုတ်ဟုသော အချက်ကို မေ့သွားခဲ့သည်။ သူမသည် စေ့စပ်ပွဲကဲ့သို့သော ပွဲကြီးမျိုးတွင် သူမတို့၏ မိသားစုအကြီးအကဲ ရှိသင့်သည်ဟုသာ တွေးတောနေ၏။
ဖေ့ယွမ်၀န်က မိခင်ဖြစ်သူ၏ဦးဆောင်မှုကြောင့် များများစားစား မစဉ်းစားမိတော့ပေ။ သူက တင်းဖန်ဘက်သို့ လှည့်ကာ ပြော၏။
"ခဏစောင့်ဦး ငါ့အဖေ့ကိုခေါ်ပြီး ပြန်လာခဲ့မယ်"
"မလိုပါဘူးကွာ။ ငါ စကားနည်းနည်းလောက် ပြောပြီးရင်ပြန်မှာ"
တင်းဖန်က လက်မြှောက်ကာ သူ့ကိုတားလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ဒီအတောအတွင်းဆက်သွယ်မှုတွေအရ ကျွန်တော်နဲ့ ယွမ်ကျဲက ဆုံစည်းကြဖို့ ရေစက် ပါမလာဘူးထင်တယ်။ အဲဒါကြောင့် ကျွန်တော် သူမရဲ့ကောင်းမွန်တဲ့ အဆက်အသွယ်တွေကို မနှောင့်နှေးစေချင်ပါဘူး"
အခန်းထဲတွင်ရှိသော ဖုန်းဟွေ့နှင့် ဖေ့ယွမ်၀န်တို့သည် မှင်တက်သွားကာ သူ့ကို မယုံနိုင်သောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဖုန်းဟွေ့သည် ရေနွေးအိုးထဲမှ ရေနွေး လောင်းထည့်နေသည်ဖြစ်ရာ ရေနွေးခွက်ကို တင်းဖန်အားမပေးမီတွင် သမက်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ဖေ့ယွမ်ကျဲက ထိုစကားလုံးတို့ကို ကြားချိန်တွင် ဖြီးလိမ်းပြီးခါစပင် ရှိသေးသည်။ သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်သည်လည်း တစ်ခုခုပြောရန် ပြင်နေသကဲ့သို့ ဖြစ်နေသည်။ မကြာမီတွင် သူမကပြေးထွက်လာပြီး တင်းဖန်ကို ဖက်ကာငိုယို၍ ပြောသည်။
"အဲဒီလို မဖြစ်နိုင်ဘူး"
တင်းဖန်က သူမကြောင့် ထိတ်လန့်သွားသည်။ သူ့ဘက်မှ တုံ့ပြန်သောအချိန်တွင် ဖေ့ယွမ်ကျဲက သူ၏ခါးကို ဖက်ပြီးဖြစ်၏။ သူက လွတ်မြောက်ရန် ရုန်းလိုက်ကာ ပြောသည်။
"ယွမ်ကျဲ စိတ်အေးအေးထားပါဦး။ ဒါက ယဉ်ကျေးမှုမရှိဘူး"
ဖေ့ယွမ်ကျဲက သူ့ကိုတင်းကြပ်စွာ ဖက်ထားသည်။
သူတို့သည် လက်မထပ်ရသေးသူများ ဖြစ်ကြရာ ဤမြင်ကွင်းကို တစ်ယောက်ယောက် မြင်သွားပါက ရှင်းပြရခက်မည် ဖြစ်သည်။ တင်းဖန်က လက်ဝှေ့ယမ်းကာ ဖေ့ယွမ်၀န်ကို ခေါ်လိုက်သည်။
"ယွမ်၀န် ယွန်၀န်"
လက်ထပ်ပွဲ ပျက်ပါက ဖေ့ယွမ်ကျဲတစ်ယောက် ရူးသွားလိမ့်မည်ပင်။
ဖေ့ယွမ်၀န်သည်လည်း စိတ်အနှောင့်အယှက် ဖြစ်နေပြီး ရှေ့သို့မသွားမီ တုံ့ဆိုင်းနေသည်။ ဖုန်းဟွေ့သည် ရပ်မနေနိုင်တော့ဘဲ သမီးဖြစ်သူကို ဆွဲခေါ်လေသည်။ ဖေ့ယွမ်ကျဲက အသည်းအသန် ဖက်တွယ်ထားကာ လွှတ်မပေးချေ။ သူမ၏ပါးပေါ်တွင် မျက်ရည်များလည်း စီးဆင်းနေသည်။
"တင်းဖန် ရှင်ကျွန်မကို ကြိုက်တယ်တယ်မလား။ ကျွန်မရှင့်အတွက် အများကြီး လုပ်ပေးခဲ့တာ။ ဖေ့လီကိုတောင်...."
'ဒီအရူးမကတော့'
ဖေ့ယွမ်၀န်က ဖေ့လီ၏အမည်ကို ကြားသောအခါ တစ်ခုခုလွဲနေပြီမှန်း ခံစားသောကြောင့် သူမ၏ ပါးစပ်ကိုပိတ်ကာ ဆွဲခေါ်လေသည်။
"ဘာတွေလျှောက်ပြောနေတာလဲ"
ဖုန်းဟွေ့က ဖေ့ယွမ်ကျဲ၏ လက်ချောင်းများကို ဆွဲထုတ်ကာ ဖြည်းဖြည်းချင်းဖြေယူ၏။ ဖေ့ယွမ်၀န်သည်လည်း အတင်းအကြပ်ဆွဲခေါ်သည်။ အမေနှင့် သားဖြစ်သူတို့သည် ဖေ့ယွမ်ကျဲကို အတူတကွ ဆွဲထုတ်ကြသည်။
တင်းဖန်နှင့် ဖေ့ယွမ်ကျဲတို့ တွေ့ဆုံချိန်များတွင် လမ်းလျှောက်လျှင်ပင် တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခု ထားကြသည်။ ဖေ့ယွမ်ကျဲသည် ညင်သာစွာ ပြောဆိုတတ်ပြီး ဣန္ဒြေရှိကာ ယဉ်ကျေး၏။ တင်းဖန်သည်လည်း သူမအပေါ်ခံစားချက်အချို့ရှိခဲ့သည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် စကားပြောရာတွင် အလွန်အခက်အခဲသည်မှာ နှမြောစရာကောင်း၏။ ဖေ့ယွမ်ကျဲသည် တင်းဖန်ပြောသမျှကို ထောက်ခံလေသည်။
တင်းဖန်သည် ယောက်ျားတစ်ယောက်အပေါ် ဗဟိုပြုထားသော မိန်းကလေးမျိုးကို မလိုချင်ပေ။
သို့သော် သူသည် ဖေ့ယွမ်ကျဲတစ်ယောက် ဤမျှ အစွန်းရောက်မည်ဟု ထင်မထားပေ။ တင်းဖန်က ရှုပ်ပွနေသော သူ့အ၀တ်အစားများကို ဆွဲဆန့်ကာ စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ သူသည် ဖေ့အိမ်တွင် ဆက်မနေသင့်တော့ဟု တွေးမိလိုက်သည်။
"ယွမ်၀န် ငါပြန်နှင့်တော့မယ်။ ရှေ့လျှောက် ကျောင်းသားဟောင်း တွေ့ဆုံပွဲတွေမှာ တွေ့ကြတာပေါ့ကွာ"
ထိုသို့ပြောပြီးနောက် သူက လျင်မြန်စွာ ထွက်သွားသည်။
ဖေ့ယွမ်၀န်က သူ၏ဒေါသကို ထိန်းချုပ်ထားရသည်။ သူ၏ သည်းခံမှုသည်လည်း ကုန်ဆုံးတော့မည် ဖြစ်၏။ သူက ဖုန်းဟွေ့ကို ပြောလိုက်သည်။
"အမေ သူထွက်မပြေးအောင် အပြင်ကနေ စောင့်ကြည့်နေဦး။ ကျွန်တော်သူနဲ့ နှစ်ယောက်တည်း ပြောချင်တယ်"
သူသည် ဖေ့ယွမ်ကျဲက တင်းဖန်နောက်ကို ပြေးလိုက်ကာ အထိန်းအကွပ်မဲ့ စကားများပြောမည်ကို စိုးရိမ်၏။ ထို့သိုပြုလုပ်လိုက်လျှင် မကြာမီ ရဲများ ရောက်လာပြီး သူ့ကိုဖမ်းကြမည်ပင်။
"ဒါဆို သား ညီမကို ဖျောင်းဖျလိုက်ဦး။ မဟုတ်တာတွေ လျှောက်မလုပ်စေနဲ့"
ဖုန်းဟွေ့က သမီးဖြစ်သူနှင့် သားဖြစ်သူကို တစ်လှည့်စီကြည့်ကာ သက်ပြင်းများကို အကြိမ်ကြိမ်ချ၏။ ထို့နောက် သူမသည် နာခံစွာ ထွက်သွားသည်။
မိခင်ဖြစ်သူ ထွက်သွားသောအခါ သူက ဖေ့ယွမ်ကျဲကို လွှတ်ပေးလိုက်သည်။ ဖေ့ယွမ်၀န်၏အသံသည် ချိုသာနေ၏။
"၀မ်းနည်းမနေပါနဲ့။ ဒီတစ်ယောက်ကို မရတော့လည်း နောက်ထပ်ပိုကောင်းတဲ့တစ်ယောက်ကို ရှာပေးမှာပေါ့"
ဖေ့ယွမ်ကျဲက တွေဝေနေသည့်လူကဲ့သို့ မြေပြင်ပေါ်သို့ထိုင်ချလိုက်သည်။
'တင်းဖန်သာ မရှိတော့ပါက သူမ မည်သူ့ကို အားကိုးရမည်နည်း'
သူမသည် ပတ်၀န်းကျင်ရှိ သက်တူရွယ်တူယောက်ျားလေး အားလုံးနီးပါကို ရှာဖွေကြည့်ခဲ့ပါသော်လည်း သူတို့တွင် ကောင်းမွန်သည့်အခြေအနေမျိုး မရှိပေ။ ရုပ်ရည်လည်း ချောမောပြေပြစ်ခြင်း မရှိကြ။ တင်းဖန်သာလျှင် ရုပ်ရည်ချောမောပြီး အစိုးရလခစား ဆရာတစ်ယောက်ဖြစ်သည်။ သူ့မိဘများသည်လည်း မြို့တော်တွင် ကောက်ပဲသီးနှံပွဲရုံတစ်ခု ဖွင့်ထား၏။ သူမသည် စတွေ့ကတည်းက သူမဘ၀ကို သူ့အတွက်သာ ပုံအပ်ပေးနိုင်မည်ဟု ခံစားခဲ့ရသည်။
သူမသည် ယခုကဲ့သို့ ခက်ခဲသည့်ဘ၀ကိုနေထိုင်ရသည်မှာ ပင်ပန်းနေပြီဖြစ်၏။ ဤရွာငယ်လေးတွင်လည်း ဆက်၍မနေချင်ပေ။ သို့သော် သူမနှင့်လက်ထပ်မည့်အမျိုးသားသည် သူမကို စွန့်ခွာသွားပြီဖြစ်၏။ ဖေ့တာ့ဖေးသည် သူမ ယခုချိန်ထိ လက်မထပ်နိုင်သေးဘဲ အိမ်တွင် ကျွေးမွေးထားရသည်ကို ရှက်စရာကောင်းသည်ဟု ထင်သည်။ ထို့ကြောင့် ယခုကိစ္စကိုသာ သိသွားပါက သူမကို ရိုက်နှက်ဆူပူလိမ့်မည်ပင်။
ဖေ့လီပင် လက်ထပ်ပြီးပြီဖြစ်ရာ ဖင်းနန်ရွာတွင် သူမတစ်ယောက်သာ လက်မထပ်ရသေးဘဲ ဖြစ်နေသည်။ ရှေ့လျှောက် မည်မျှ လှောင်ပြောင်ခံရမည်မှန်း မသိပေ။
ဖေ့ယွမ်ကျဲသည် မည်သူ့ကို အပြစ်တင်ရမည်မှန်းမသိ ဖြစ်နေသည်။ သူမ၏လက်ထပ်ပွဲက ပျက်စီးသွားပြီး သူမသည်လည်း လူသတ်မှုတွင် ပါ၀င်နေ၏။ သူမ၏စိတ်ဓာတ်များ ယိုယွင်းသွားကာ မိတ်ဆက်ပေးသည့် ဖေ့ယွမ်၀န်ထံသို့ အမုန်းများအဖြစ် ပြောင်းလဲသွားသည်။
မှန်ပေသည်။ သူနှင့်ဖေ့ ရှီ မဖောက်ပြန်ခဲ့ပါက အိမ်အလည်လာသော ဖေ့လီလည်း မတော်တဆ တွေ့သွားမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူမသည်လည်း ပြုစားခံရမည် မဟုတ်သကဲ့သို့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ဖေ့လီကို ရေထဲတွန်းချစရာမလိုပေ။
ဖေ့ယွမ်၀န်က သူမအကြည့်ကြောင့် ထိတ်လန့်သွားပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
"ငါနင့်ကို အစတည်းက ပြောတယ်လေ။ တင်းဖန်က ရည်မှန်းချက်ကြီးပါတယ်လို့ နင်ပဲ မရမက တောင်းဆိုနေပြီး။ သူနဲ့ ငါသာ ထိုင်ခုံဖော်တွေ မဖြစ်ခဲ့ဘူးဆိုရင် နင့်မှာ တွေ့ဖို့အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"
ထိုစကားသည် သူမကို ဒေါသပိုထွက်စေကာ ဖေ့ယွမ်၀န်ကို ထရိုက်နှက်လေသည်။
"အကုန်လုံး နင့်ကြောင့်ဖြစ်တာ။ ဘာကိစ္စ ငါက အပြစ်ခံယူရမှာလဲ။ ငါတစ်ယောက်ထဲတော့ အသေမခံနိုင်ဘူး။ နင်နဲ့အဲ့ကောင်မကိုပါ အတူသေဖို့ ခေါ်သွားမှာ"
"နင် ရူးနေပြီ။ နင်လည်းမသေနဲ့ ငါတို့ကိုလည်းဆွဲခေါ်မသွားနဲ့။ ဘယ်သူမှသေစရာအကြောင်းမရှိဘူး”
ဖေ့ယွမ်၀န်သည် ရိုက်နှက်မှုများကြောင့် နာကျင်မှုကို သည်းခံနေရသည်။ ထို့နောက် သူက လက်တစ်ဖက်တည်းဖြင့် သူမကို မြေပေါ်သို့တွန်းပစ်ကာ ဆဲရေးလိုက်သည်။
"နင် ယောက်ျား မရတော့တာမှ မဟုတ်တာ ဘာတွေအလျင်လိုနေတာလဲ။ နောက်ကျ ပိုကောင်းတဲ့လူကိုရှာပေးမယ်"
ထို့သို့ပြောပြီးနောက် သူက ဖေ့ယွမ်ကျဲကိုလှည့်ကြည့်ကာ တံခါးပိတ်၍ သော့ခတ်လိုက်သည်။
ဤသို့ဖြင့် ဖေ့ယွမ်ကျဲသည် အခန်းထဲပိတ်ခံလိုက်ရသည်။ သူမက သူမ၏ဆံပင်များကို ကုတ်ဖွာနေဆဲ ဖြစ်သည်။ ကျစ်ဆံမြီးနှစ်ဖက်သည် ဖြေချထားသောကြောင့် ဖားလျား ဖြစ်နေတော့သည်။ သူမက ကြောက်လန့်ဖွယ်ကောင်းသောအမူအရာဖြင့် ထိုင်ခုံလက်တန်းကို ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင် ရွှမ်းလီစားသောက်ဆိုင်သည် အလုပ်များသည့် နေ့လယ်ခင်း ပြီးသွားသောကြောင့် နားချိန်အချို့ ရနေကြသည်။ ၀မ်ချွေလန်က ဖေ့ရုန်ဖူကိုခေါ်ကာ ဈေး၀ယ်ထွက်သွားသည်။ ဖေ့လီက စားပွဲတွင်ထိုင်ကာ နောက်တစ်နေ့အတွက် ၀ယ်ရမည့်စာရင်းများကို ရေးနေ၏။ ထိုအချိန်တွင် မီးခိုရောင် ဖိနပ်တစ်စုံသည် စားပွဲဘေးတွင် ရုတ်တရက်ပေါ်လာ၏။ မဝံ့အရဲ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီမှာ အလုပ်သမားခေါ်သေးလားရှင့်။ ကျွန်မဦးလေးက ဒီမှာ ဆိုင်အကူ လိုနေတယ်ပြောလို့ပါ"
ဖေ့လီက မော့ကြည့်လိုက်ပြီး ပျော်ရွှင်သွားသည်။ သူမက အလျင်အမြန်ထရပ်ကာ ထိုင်ခိုင်းလိုက်သည်။
"ထိုင်ပါဦး"
ထိုမိန်းကလေးက ဖေ့လီနှင့်မျက်နှာချင်းဆိုင်တွင် အနေရခက်စွာ ထိုင်လိုက်ပြီး ဘေးပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်နေသည်။
ဤအချိန်တွင် ဖေ့လီကလည်း သူမကို သေချာကြည့်လိုက်သည်။ သူမရှေ့ရှိမိန်းကလေးသည် ၁.၆မီတာမျှ အရပ်ရှည်ကာ အလွန်ပိန်ပါးသည်။ ငယ်ရွယ်သည့်ပုံပေါ်နေပြီး ရိုးရှင်းသည့် အရောင်ဖျော့ဖျော့ အနွေးထည်ကို ၀တ်ထားသည်။
ဖေ့လီက ရေနွေးတစ်ခွက်ငှဲ့ထည့်ပေးကာ
"နွေးနွေးထွေးထွေး ဖြစ်သွားအောင် သောက်လိုက်ဦး"
မိန်းကလေးက လက်ဖက်ရည်ခွက်ကို ခေါင်းငုံကာ ဂရုတစိုက်ယူသည်။ သူမသည် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် သတိဝီရိယရှိမှုနှင့် ကြောက်ရွံ့မှုတို့ပေါ်လွင်နေ၏။ နေ့လယ်စာစားချိန် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ဆိုင်ထဲတွင် လူအနည်းငယ်သာ ရှိသည်။ ဖေ့လီက အင်တာဗျူးကို ချက်ချင်း စတင်လိုက်သည်။
"ညီမနာမည်က ဘယ်လိုခေါ်လဲ။ အသက်ကရော ဘယ်လောက်ရှိပြီလဲ။ ဘယ်မှာနေတာလဲ"
သူမသည် အသက်မပြည့်သေးပုံပင်။
"ကျွန်မနာမည်က ကောင်းဖုန်းရှီပါ။ အသက်က ၁၆နှစ်ပြည့်ပြီးပါပြီ။ ကျွန်မအိမ်က မြို့ထဲမှာပဲရှိပါတယ်"
"၁၆နှစ်ပဲရှိသေးတာကို ဘာလို့ကျောင်းဆက်မတတ်တာလဲ"
သူမသည် အထက်တန်း တက်သင့်သည့်အရွယ် ဖြစ်ပြီး ကျောင်းထွက်ကာ အလုပ်လုပ်ရန် မသင့်တော်ပေ။
"ကျွန်မတို့မိသားစုမှာ ပိုက်ဆံမရှိတော့ ကျောင်းဆက်မထားနိုင်လို့ပါ"
ကောင်းဖုန်းရှီက ရှက်ရွံ့စွာပြုံးလိုက်သည်။ လက်ဖက်ရည်၏ အပူသည် ခွက်နံရံကိုဖြတ်ကာ သူမလက်များဆီသို့ ရောက်လာသည်။ သူမသည် အလုပ်ရှာရာတွင် ကျွမ်းကျင်မှုများ ပြသရန် လိုအပ်သည်ကို သိရှိထားသည်။ ဖေ့လီဘက်မှ သူမကိုမလိုချင်မည်ကိုလည်း စိုးရိမ်လေ၏။ ထို့ကြောင့် သူမက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ ပြောလိုက်သည်။
"သူဌေး ကျွန်မက တကယ်အလုပ်လုပ်တာ တော်တာပါ။ အိမ်မှာဆို အချက်အပြုတ် အလျှော်အဖွတ် ကျွန်မပဲလုပ်တာပါ။ မောင်လေး၊ ညီမလေးတွေကို စောင့်ရှောက်တဲ့နေရာမှာလည်း တော်ပါတယ်။ စာလည်းဖတ်တတ်ပြီး အတွက်အချက်လ ည်းရပါတယ်”
ဤအချက်များသည် သူမတန်ဖိုးထားသော ကျွမ်းကျင်မှုများဖြစ်သည်။
ဖေ့လီက အနည်းငယ် တုံ့ဆိုင်းနေသည်။ သို့သော် ဤအရာသည် လောကဓမ္မတာပင်ဖြစ်၏။ သူမလက်မခံလျှင်ပင် ကောင်းဖုန်းရှီက ကျောင်းပြန်တတ်မည်မဟုတ်ဘဲ နောက်အလုပ်တစ်ခုကိုသာ ရှာမည်ဖြစ်သည်။
ဖေ့လီ အကျပ်ရိုက်နေသည်ကိုတွေ့သောအခါ ကောင်းဖုန်းရှီက အလျင်အမြန် ထပ်ပြောလိုက်သည်။
"ကျွန်မအိမ်က ဒီနဲ့မဝေးပါဘူး။ ဆယ်မိနစ်လောက်လမ်းလျှောက်ရင် ရောက်ပါတယ်"
အိမ်နှင့်နီးသည်ဟုသော အဓိပ္ပာယ်သည် မီးမွှေးရန်၊ အသီးအရွက်ဆေးရန် အစရှိသောကိစ္စတို့ကို ပြင်ဆင်ရန် စောစောလာနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ဖေ့လီက ထိုအချက်ကို တကယ်ပင် သဘောကျသွားသည်။ သူမက ခေါင်းညိတ်ပြကာ
"ကောင်းပြီ။ ဒါဆို လစာနဲ့ အလုပ်ချိန်ကို ပြောပြမယ်"
ကောင်းဖုန်းရှီက လေးလေးနက်နက်နားထောင်နေသည်။
"ဟုတ်ကဲ့။ ပြောပါရှင်"
"အလုပ်ချိန်က မနက်၆နာရီကနေ ည၈နာရီထိလုပ်ရမယ်။ နေ့လယ်စာနဲ့ ညစာကို ဆိုင်ကကျွေးမှာပါ။ ပြီးတော့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရတာက တော်တော်လေး ထူးခြားတယ်။ နှစ်သစ်ကူးပိတ်ရက်က လွဲရင် အားလပ်ရက်မရှိဘူး။ လစာကတော့ တစ်လ၂၅ယွမ်ပါ။ လေးလတစ်ကြိမ် အပိုဆုကြေးလည်း ပေးဦးမှာပါ"
ဖေ့လီက ဆက်ပြောသည်။
"နားချိန်အတွက်ကတော့ နောက်တစ်ယောက် ထပ်ငှားပြီး မင်းတို့တွက်ပိတ်ရက်စီစဉ်ပေးမယ်။ အဲ့လိုဆို မင်းအတွက် တစ်လမှာ ပိတ်ရက်၄ရက်ရမယ်။
လုပ်ရမဲ့အလုပ်တွေကတော့ အစားအသောက် တည်ခင်းပေးတာနဲ့ မီးဖိုခန်းထဲက လိုအပ်တဲ့ အလုပ်တချို့ကို လုပ်ပေးရမယ်"
သူမသည် တစ်လလျှင်၂၅ယွမ်ရပါက လေးလတွင် ယွမ်၁၀၀ရမည် ဖြစ်သည်။ သူမမိသားစု၏ တစ်နှစ်၀င်ငွေသည်ပင် ထိုမျှမရှိပေ။ ထို့ပြင် လေးလတစ်ကြိမ် အပိုဆုကြေးရှိသေးသည်။ ကောင်းဖုန်းရှီသည် မူလက အလုပ်ချိန်သည် စောလွန်းသည်ဟု တွေးခဲ့သည်။ သို့သော် လစာကို ကြားသောအခါ သူမ၏မျက်လုံးများ တောက်ပလာပြီး ချက်ချင်းသဘောတူလိုက်သည်။ သူမက အလွန်ပျော်ရွှင်စွာဖြင့်
"ကျွန်မလုပ်မယ်။ ကျွန်မလုပ်မယ်”
သူမ၏အသံသည် အလွန်ကျယ်သောကြောင့် ကောင်တာတွင် စာအုပ်ထိုင်ဖတ်နေသော ကျိုးရှန်ချီသည်ပင် လန့်သွား၏။ သူက တည်ငြိမ်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ တည်ငြိမ်မှုသည် ခြိမ်းခြောက်သည့်ဟန် ပေါ်နေသည်။
ကောင်းဖုန်းရှီသည် တွန့်ဆုတ်သွားသည်။
"တောင်းပန်ပါတယ်။ ကျွန်မ အပျော်လွန်သွားလို့ပါ"
ဖေ့လီက ပြုံးကာ
"ကိစ္စမရှိပါဘူး။ ညီမမှာ မေးစရာ ရှိသေးလား"
ကောင်းဖုန်းရှီက တစ်ခဏမျှတွေးကာ ဂရုတစိုက်မေးသည်။
"ဒီလောက် လစာမြင့်နေတာက လိမ်နေတာတော့ မဟုတ်ပါဘူးနော်"
"ညီမအလုပ်လာလုပ်ပြီဆိုရင် အစ်မတို့စာချုပ်ချုပ်ကြမယ်။ လစာလည်း မနှောင့်နှေးစေရဘူး"
"ဘယ်ချိန်စလုပ်ရမလဲ အစ်မ"
"မနက်ဖြန်ကျရင် ညီမရဲ့မှတ်ပုံတင်နဲ့ အလယ်တန်းအောင်လက်မှတ် ယူလာခဲ့ပေး။ အစ်မစစ်ကြည့်ပြီး ဘာပြဿနာမှ မရှိဘူးဆိုရင် လက်မှတ်ထိုးကြတာပေါ့။ အလုပ်ကတော့ သဘက်ခါမှလာလို့ရတယ်"
မှတ်ပုံတင်ကတ်သည် လူလိမ်များရန်မှကာကွယ်ရန် တောင်းရခြင်းဖြစ်သည်။
ကောင်းဖုန်းရှီက ငြင်းဆိုခြင်းမရှိပေ။
"ဟုတ်ကဲ့ ညီမ မနက်ဖြန် ယူလာခဲ့ပါ့မယ်"
ဖေ့လီက သူမကိုပြန်ပို့ပြီးနောက် ကောင်တာကိုမှီ၍ လက်များတင်ထားလိုက်ပြီး ကျိုးရှန်ချီကို မေးလိုက်သည်။
"ရှင် ကောင်းဖုန်းရှီကို ဘယ်လိုမြင်လဲ"
ကျိုးရှန်ချီက ညင်သာစွာ ပြန်ဖြေသည်။
"ဉာဏ်နည်းနည်းကောင်းတယ်။ အဓိကကတော့ အန္တရာယ်ပေးမဲ့သူ မဟုတ်တာပဲ"
အနာဂတ်သူဌေးလောင်း၏ သဘောတူညီချက်ကြောင့် ဖေ့လီက စိတ်သက်သာရာရသွားကာ ၀ယ်ရမည့်စာရင်းကို ပြန်သွားရေးလိုက်သည်။
ဆိုင်၏ ဂုဏ်သတင်းသည် ပျံ့နှံ့နေသောကြောင့် စားသုံသူများအ၀င်အထွက်များလှသည်။ သူတို့သည် စောစော ရောင်းကုန်သွားသောကြောင့် ဆိုက်စောစောပိတ်ကြသည်။ ဆိုင်တွင် ရိုးရှင်းသော ညစာကို စားပြီးနောက် အိမ်ပြန်လာကြ၏။ သူတို့သည် နွေးနွေးထွေးထွေးရှိစေရန် အိမ်၏ မီးဖိုချောင်ထဲသို့ ၀င်လိုက်ကြသည်။မကြာမီတွင် အိမ်နီးချင်းဖြစ်သူ ကျိုးရှောင်မေ ရောက်လာသည်။ သူမသည် လက်နှစ်ဖက်ကို အင်္ကျီအိတ်ထောင်ထဲထည့်ကာ စိတ်လှုပ်ရှားစွာ တံခါးခေါက်သည်။
"သတင်းကြီးဟေ့ သတင်းကြီး"
သူမ၏အသံအရ အတင်းအဖျင်းကြီးအချို့ရှိပုံပင်။
၀မ်ချွေလန်က ထ၍တံခါးဖွင့်ပေးလိုက်သည်။
"ဘာသတင်းလဲ"
ကျိုးရှောင်မေက ပြဇာတ်ကောင်းတစ်ပုဒ် ကြည့်ခဲ့ရသကဲ့သို့ ပြုံးကာ အလိုလိုက်ထားသော ကလေးငယ်ကဲ့သို့ စတင်ပြောဆိုသည်။
"ယွမ်ကျဲရဲ့ကောင်လေးက လက်ထပ်ပွဲ ဖျက်သွားတာလေ။ ဖေ့တာဖေးတစ်ယောက် အိမ်ပြန်ရောက်လာတော့ ဒေါသတွေကိုထွက်လို့တဲ့။ ရန်ပါ ဖြစ်ကြတယ်ဆိုလားပဲ။ သနားစရာပါပဲ သူတို့မိသားစုက ဘယ်သူ့မှမပြောဘဲ လျှို့ဝှက်ထားကြတာကို အခုတော့ တစ်ရွာလုံး သိကုန်ကြပြီ"
ထိုစကားကိုကြားသောအခါ ဖေ့လီ၏နှုတ်ခမ်းတို့က တိတ်တဆိတ်ကွေးသွားကြသည်။
...