အပိုင်း (၂၉)
ဖေ့လီတို့မိသားစုသည် အလွန်အလုပ်များသောကြောင့် ရွာတွင် မတွေ့ရတတ်ပေ။ အိမ်ပြန်ရောက်လျှင်လည်း မီးများပိတ်ကာ စောစောအိပ်ရာ၀င်ကြသည်။
ကျိုးရှောင်မေက ၀မ်ချွေလန်နှင့် ရက်အနည်းငယ်မျှ စကားမပြောခဲ့ရပေ။ ထို့ကြောင့် သူမ စကားစလိုက်သည်နှင့် ရပ်တန့်ခြင်း မရှိတော့။
"ငါကြားတာတော့ ကောင်လေးက ထွက်ပြေးသွားတယ်ဆိုလား။ ဖုန်းဟွေ့တို့က ဘာလုပ်လိုက်မှန်းမှ မသိတာ"
ထိုနောက် ဖေ့လီကို တစ်ချက်ကြည့်ကာ ချိုသာစွာသောအပြုံးနှင့် ဆက်ပြောသည်။
"စဉ်းစားကြည့်ရင် ရွာမှာ ယွမ်ကျဲတစ်ယောက်ပဲ ယောက်ျားမရသေးတာနော်။ လီလီတို့ကတော့ ကံကောင်းတာပဲ။ အိတ်မစိုက်ရဘဲ ယောက်ျားရသွားတာ"
၀မ်ချွေလန်သည် ကျိုးရှောင်မေတစ်ယောက် သူ့တူကို ငြင်းဆန်ထားသော ဖေ့ယွမ်ကျဲကို မုန်းတီးနေသည်မှန်း သိ၏။ သူမက ဤကိစ္စတွင် သမီးဖြစ်သူကို ဆွဲမထည့်ချင်ပေ။
"သူများ ကြားကုန်ပါ့မယ်။ အပြောအဆိုသတိထားဦး"
ဖေ့လီက တိတ်တဆိတ်စွာ ရေသောက်နေသည်။
ကျိုးရှောင်မေသည် စိတ်ပျက်သွားကာ ပျော်ရွှင်ခြင်း မရှိတော့ပေ။
"ချွေလန် နင်ဘာဖြစ်နေတာလဲ။ မြို့မှာ ဆိုင်ဖွင့်လိုက်တာနဲ့ ရွာကသူငယ်ချင်းကို မေ့လိုက်လို့မရဘူးနော်"
သူတို့သည် နေ့စဉ် မနက်ငါးနာရီ မတိုင်မီထကာ ဆိုင်သို့သွားကြသည်။ ဆိုင်သို့ရောက်သည်နှင့် အလုပ်စတင်လုပ်ကြရသည်။ သူတို့ဘ၀သည် လည်နေသည့်ဂျင်များနှင့်တူ၏။ အိမ်ပြန်ရောက်လျှင် ခုတင်ပေါ်ရောက်သည်နှင့် အိပ်ချင်ကြသည်။ သူတို့တွင် နားချိန်မရှိပေ။ သို့သော် ငွေရသောကြောင့် ထိုက်တန်လှသည်။
၀မ်ချွေလန်က သူမ၏ ထေ့ငေါ့သောစကားများကို မခံနိုင်တော့သောကြောင့် သမ်းဝေပြလိုက်သည်။
"ငါအိပ်ချင်နေပြီ။ မနက်မှဆက်ပြောကြတာပေါ့"
ကျိုးရှောင်မေက တံခါးတစ်၀က်ထိ ရောက်အောင် တွန်းပို့ခံလိုက်ရသည်။ သူမက အထဲသို့ ပြန်လှည့်ကြည့်ကာ မပြန်ချင်ဘဲ ပြန်လိုက်သည်။
ဖေ့လီက ဖေ့ယွမ်ကျဲ နောက်ထပ်ဘာလုပ်မည်ကို သိချင်နေသည်။
တင်းဖန်နှင့် သူမ၏လက်ထပ်ပွဲသည် ပျက်စီးသွားပြီဖြစ်သည်။ သူတို့မောင်နှမ၏ ဆက်ဆံရေးသည်လည်း အန္တရာယ်ရှိသည့် အနေအထားပင်။ ဖေ့ယွမ်၀န်၏ အထက်စီးဆန်သော စိတ်ဓာတ်အရ သူသည် ဤကိစ္စကို စိတ်ထဲထည့်မည်မဟုတ်ပေ။
အများဆုံး ပြုလုပ်ပေးမည်မှာ ဖေ့ယွမ်ကျဲကို စကားအချို့ဖြင့် နှစ်သိမ့်ကာ တွဲဖက်အနည်းငယ် ရှာပေးမည်ဖြစ်သည်။ သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုဦးစားပေးသော မိသားစုတွင် မွေးဖွားလာသည်ဖြစ်ရာ မိသားစု၏ပိုင်ဆိုင်မှုအားလုံးကို သူသာလျှင်ရသင့်သည်ဟု မှတ်ယူထားသည်။ ယောက်ျားတစ်ယောက် ဖြစ်သည့်အတွက် ရလာခဲ့သော အကျိုးအမြတ်များပေါ်တွင်လည်း အမှုမဲ့အမှတ်မဲ့ ကျေနပ်နေတတ်သည်။
သို့သော် ဖေ့ယွမ်ကျဲသည် အလုံးစုံဦးနှောက်ဆေးခံမည့်လူမျိုး မဟုတ်ပေ။ သူမသည် ရက်စက်ကာ ခေါင်းမာ၏။ အကြိမ်အနည်းမျှသာ တွေ့ခဲ့ရသော ကျိုးရှန်ချီကိုပင် မြင်မြင်ချင်းချစ်ခဲ့သည်။ သူမသည် ဉာဏ်ကောင်းပြီး အခြေနေအချိန်အခါကိုလည်း သိရှိသူဖြစ်သည်။ ထို့ကြောင့် ကျိုးရှန်ရှိသည် ဒုက္ခိတဖြစ်ပြီး လက်ထပ်ရန် လက်တွဲဖော်ကောင်းတစ်ယောက် မဟုတ်သည်ကိုလည်းသိ၏။ သူမက ကျိုးရှန်ချီအစား ကျိုးရှန်ချီနှင့် ဆင်တူသော တင်းဖန်အပေါ် ချစ်ကျွမ်း၀င်ခဲ့သည်။
သူတို့သည် ပန်းတိုင် မရောက်မချင်း ရပ်တန့်မည့်လူများ မဟုတ်ပေ။ သူတို့အနာဂတ် ကောင်းစားရန်အတွက် ကျားထံမှ ကျားအရေခွံကိုပင် တောင်းယူကြမည်ဖြစ်သည်။ အခြားသူတို့၏ဘ၀ကိုလည်း အန္တရာယ်ပေးမည့်လူများဖြစ်၏။
ဖေ့ယွမ်၀န်သည် ညီမဖြစ်သူကို အထင်သေးသည်။ သူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လက်တုံ့ပြန်ခံရပြီး ရေမြောင်းထဲ ပြုတ်ကျမည်ပင်။
ဖေ့လီက စွန့်စွန့်စားစားမလုပ်ချင်ပေ။ သူမသည် စိတ်ရှည်စွာဖြင့် နှစ်ရက်မျှ အခြေအနေစောင့်ကြည့်ရန် စီစဉ်လိုက်သည်။
နောက်တစ်နေ့နံနက်တွင် ၀မ်ချွေလန်သည် သတင်းစုံစမ်းရန်နှင့် ဖေ့ရုန်ရှင်း ပိုက်ဆံလာပေးမည်ကို စောင့်ရန် အိမ်တွင်နေခဲ့သည်။
လွန်ခဲ့သည့်ရက်များအတွင်း နှင်းကျခြင်း မရှိပေ။ ရာသီဥတုက ခြောက်သွေ့ကာ ချမ်းအေးသောကြောင့် အသားအရေကို အနည်းငယ်ခြောက်သွေ့စေသည်။ ဖေ့လီက သူမမျက်နှာကို ပွတ်သပ်ကြည့်လိုက်သည်။ ဝိညာဉ်စမ်းရေ၏ ကျေးဖူးကြောင့် နူးညံ့ကာ ချောမွေ့နေဆဲဖြစ်သည်။
သူတို့သည် မနက်ငါးနာရီတွင် ထကြပြီး ငါးနာရီခွဲခန့်တွင် ဆိုင်သို့ရောက်ကြသည်။ သူတို့သုံးယောက်သည် ဆိုင်ရှေ့တွင် ရပ်နေသော ပုံရိပ်တစ်ခုကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်လိုက်ကြသည်။ ဖေ့ရုန်ဖူက လက်ညှိုးညွှန်ပြကာ ပြောသည်။
"အဲ့ဒါ ဘယ်သူများလဲ"
သဲသဲကွဲကွဲမြင်ရန် ဝေးလွန်းသောကြောင့် ဖေ့လီက အလျဉ်းသင့်သလိုပြန်ဖြေလိုက်သည်။
"မနက်စာ လာစားတဲ့လူ ဖြစ်လောက်တယ်"
ဆိုင်းအနီးသို့ ရောက်သောအခါ မည်သူဖြစ်သည်ကို သိသွားသည်။ ဖေ့လီက လည်စည်းပ၀ါကို ဆွဲချကာ မေးသည်။
"ဘာလို့ အစောကြီးရောက်နေတာလဲ"
ကောင်းဖုန်းရှီက လက်မောင်းများကြားတွင် စက္ကူအိတ်ကို ပွေ့ထားသည်။ သူမက လက်များကို ပွတ်သပ်ကာ ပြန်ဖြေသည်။
"ကူလုပ်ပေးရအောင်လို့ပါ"
ယမန်နေ့က ဆိုင်၏ဆက်ဆံပုံကို သူမမိသားစုကို ပြန်ပြောပြခဲ့သည်။ သူမမိဘများက ကောင်းကောင်းမွန်မွန် လုပ်ဆောင်ရန် မှာကြား၏။ ထို့ပြင် ကောင်းဖုန်းရှီသည်လည်း ဖေ့လီထံမှ အကောင်းမြင်ခံချင်သည်။
ဖေ့လီက အနည်းငယ် အံ့ဩသွားကာ သော့ထုတ်၍ တံခါးဖွင့်လိုက်သည်။
"အထဲ၀င်လာခဲ့ အပြင်မှာအေးတယ်"
ကောင်းဖုန်းရှီက ဖေ့ရုန်ဖူကို ပြုံးပြကာ နှုတ်ဆက်သည်။
"မင်္ဂလာပါ ဦးလေး"
ဖေ့ရုန်ဖူက သွားများပေါ်အောင်ရယ်လျက် ပြန်နှုတ်ဆက်သည်။
"မင်္ဂလာ နံနက်ခင်းပါ"
ကောင်းဖုန်းရှီက ဆိုင်ထဲလိုက်လာခဲ့ပြီး စာရွက်စာတမ်းများကို စစ်ဆေးရန် ဖေ့လီအား ပေးလိုက်သည်။
"ညီမရဲ့ အလယ်တန်း ပညာရေးမှတ်တမ်းနဲ့ ဆုတွေရော ပါပါတယ်"
ဖေ့လီက အိတ်ကိုယူကာ ဖွင့်ကြည့်သည်။ သူမက မှတ်ပုံတင်အချက်အလက်များကို အရင် စစ်ဆေးလိုက်သည်။ ထို့နောက် ပညာရေးမှတ်တမ်းကို လှန်လှောကြည့်သည်။ ကောင်းဖုန်းရှီ၏ အဆင့်များသည် ကောင်းမွန်၏။ ပညာဆက်သင်ခွင့်မရသည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ ဖေ့လီက ညင်ညင်သာသာ ပြောလိုက်သည်။
"လက်မှတ်ထိုးရအောင် စာချုပ်မူကြမ်းရေးထားတယ်။ ဒီနေ့တော့ အလုပ်နဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် သင်ယူပေါ့။ အမှာစာရင်းကောက်တာတို့ ဟင်းပွဲတည်ခင်းပေးတာတို့မှာ ကူညီပေးလို့ရတယ်။ လုပ်အားခကို ဒီနေ့ကစပြီး တွက်ကြတာပေါ့"
ကောင်းဖုန်းရှီက ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
ဖေ့လီက ပြတင်းပေါက်ခုံဆီသွားကာ ကျိုးရှန်ချီ၏စာအုပ်များကြားမှ ကြိုရေးထားသောစာချုပ်ကို ယူလိုက်သည်။
သူမက ကောင်းဖုန်းရှီအတွက် ရေတစ်ခွက် ငှဲ့ပေးကာပြောသည်။
"အရင်ကြည့် ကြည့်လိုက်ဦး။ ဘာပြဿနာမှာမရှိရင် အစ်မတို့လက်မှတ်ထိုးကြတာပေါ့"
ဖေ့ရုန်ဖူသည် မီးဖိုခန်းထဲတွင် အလုပ်များနေပြီဖြစ်ရာ ဖေ့လီက အမြန်၀င်ကူညီလိုက်သည်။ ကောင်းဖုန်းရှီက တစ်လုံးချင်းစီကို လေးလေးနက်နက်ဖတ်ပြီး သူမနာမည်ကို ဂရုတစိုက် ရေးထိုးလိုက်သည်။ သူမက စာချုပ်ကိုကောက်၍ ဖေ့လီကို ပေးမည်ပြုလိုက်သည်။ မီးဖိုခန်းသို့ ခိုးကြည့်လိုက်သောအခါ လူတိုင်းအလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။ သူမကို ဂရုစိုက်ရန် အချိန်မရှိကြပေ။
သူမက ကျိုးရှန်ချီကို လှည့်ကြည့်လိုက်ပြီး သူ့ထံသို့ ဂရုတစိုက်သွားလိုက်သည်။
"ဒါကို အစ်ကို့ဆီပေးလို့ရလား"
ကျိုးရှန်ချီက သူမလက်မှတ် ထိုးထားသောနေရောကို ကြည့်လိုက်သည်။ ပြဿနာတစ်စုံတစ်ရာရှိ၊ မရှိ စစ်ဆေးပြီးနောက် ခေါင်းညိတ်ပြကာ စာချုပ်ကိုလက်ခံလိုက်သည်။
ကောင်းဖုန်းရှီက ပြန်ထိုင်လိုက်သည်။ သူမက ကျိုးရှန်ချီကို အနည်းငယ်ခိုးကြည့်ပြီးနောက် လျင်မြန်စွာ ခေါင်းပြန်ငုံလိုက်တော့သည်။
ကျိုးရှန်ချီသည် ကျယ်ပြန့်သောပခုံးများ၊ ဖြောင့်မတ်သည့်ခါး၊ အေးစက်သောမျက်လုံးတို့ဖြင့် အမိန့်အာဏာရှိသည့် သွင်ပြင်ရှိ၏။ ငြိမ်သက်စွာ ထိုင်နေလျှင်ပင် လူတို့၏စိတ်ကို ဖောက်ထွင်းမြင်နိုင်သည့်ပုံ ပေါ်နေ၏။
ကောင်းဖုန်းရှီသည် အလွန်အမင်း ဂနာမငြိမ်ဖြစ်နေလျက် ထိုင်ခုံပေါ်ထိုင်နေ၏။ သူမက ကောင်းကင်ဘုံမှ ကောင်းချီးပေးသည်နှင့်တူသော ဖေ့လီ လာခေါ်မည်ကိုစောင့်နေသည်။
ယခုအကြိမ်သည် ကောင်းဖုန်းရှီအတွက် အပြင်တွင် အလုပ်လုပ်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဖေ့လီက မီးမွှေးရန် ခေါ်လိုက်သည်။ ဖေ့လီက ပေါက်စီများအစာသွပ်နေစဉ် ကြိုတင်ကာကွယ်မှုအချို့ကို ပြောပြလိုက်သည်။
"စားသုံးသူတွေနဲ့ ဆက်ဆံတဲ့အခါ သည်းခံပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်။ သူတို့မှာတာတွေ မှတ်ပြီးရင် မီးဖိုခန်းထဲလာပြီး ဗန်းကို အရင်ယူဖို့မမေ့နဲ့နော်"
ကောင်းဖုန်းရှီက လေးနက်သည့်အမူအရာဖြင့် အာရုံစိုက်နားထောင်ကာ ထင်းအချို့ ထပ်ထည့်လိုက်သည်။
ပထမဆုံးစားသုံးသူများကို တည့်ခင်းသည့်ချိန်သည် မိုးစင်စင်ပင် မလင်းသေးချေ။ ဖေ့လီက ကောင်းဖုန်းရှီကို သူမနှင့်အတူခေါ်သွားကာ အကြိမ်အနည်းငယ်သင်ပေး၏။ ထို့နောက်တွင်မှ သူမဘာသာလုပ်စေသည်။
ကောင်းဖုန်းရှီသည် သွက်သွက်လက်လက်ရှိကာ မှတ်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် အနှောင့်အယှက် မပေးသည့် အလုပ်သမားတစ်ယောက် ဖြစ်၏။ ဖေ့လီက အလွန်ကျေနပ်သွားသည်။
၀မ်ချွေလန်က မိုးသောက်ချိန်ထိ အိပ်လေသည်။ ထို့ကြောင့် သူမက နံနက်နှင့် နေ့လယ်စာကို မြန်မြန်ဆန်ဆန်စားလိုက်ပြီး ကျိုးရှောင်မေ၏အိမ်တွင် ခဏထိုင်သည်။ နေ့လယ်သို့ ရောက်သောအခါ ကျိုးရှောင်မေကိုခေါ်ကာ ရွာထဲသို့ အလည်သွား၏။ ဖေ့တာ့ဖေး၏ အိမ်ရှေ့သို့ရောက်သောအခါ ခြေလှမ်းများကို တမင်သက်သက် နှေးလိုက်သည်။
"နင်ပြောကြည့် ယွမ်ကျဲရဲ့အမေက ပိုကောင်းတဲ့တွဲဖက် သေချာပေါက်ရှာပေးမှာရယ် ဟုတ်တယ်မလား"
ကျိုးရှောင်မေက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး အထင်မြင်သေးစွာ ပြောသည်။
"ရွာမှာနေပြီး ဆင်းရဲတော့ရော ဘာဖြစ်လဲ။ နင်သူ့အခြေအနေကို မတွေ့ဘူးလား"
"အခုခေတ်လူငယ်တွေက ငါတို့တုန်းကနဲ့ မတူကြတော့ဘူး"
၀မ်ချွေလန်က ပြုံး၍ပြောလိုက်သည်။ ကျိုးရှောင်မေက ပြန်ပြောမည်အပြုတွင် ဖေ့တာ့ဖေးအိမ်ဘက်မှ ဆူညံသံ တစ်သီတစ်တန်းကြီးကို ကြားလိုက်ရသည်။ သူမက ပျော်စရာကောင်းသည့် အကြောင်းအရာကိုကြည့်ချင်သောကြောင့် ၀မ်ချွေလန်ကို အမြန်ဆွဲခေါ်ကာ ထောင့်တစ်နေရာတွင် ပုန်းကွယ်လိုက်သည်။
"ဘာတွေဖြစ်နေလဲနားထောင်ရအောင်"
၀မ်ချွေလန်က နားစွင့်လိုက်သည်။
ခြံ၀င်းထဲတွင် ဖေ့တာ့ဖေးက ဖေ့ယွမ်ကျဲကို အော်ငေါက်နေသည်။
"နင်ကိုက ကြေးများလွန်နေတာ။ ဒီနှစ်ကုန်ရင် ၂၄နှစ်ပြည့်ပြီ။ ရွာထဲ ရှာကြည့်လိုက် နင့်လို အသက်အရွယ်နဲ့ လက်မထပ်ရသေးတဲ့ မိန်းကလေးရှိလားလို့"
ဖုန်းဟွေ့က ဘေးတွင်ရပ်နေ၏။ သူမ စိတ်သောကဖြစ်နေကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေ၏။ သူမသည် ယောက်ျားဖြစ်သူကိုလည်း ကြောက်သောကြောင့် ရှေ့သို့်မသွားရဲပေ။ သို့သော် ငိုထားသောကြောင့် ဖေ့ယွမ်ကျဲ၏ မျက်လုံးများ ရောင်နေခြင်းသည် သူမကိုစိတ်ဆင်းရဲစေ၏။ သူမက တိုးတိုးပြောလိုက်သည်။
"နည်းနည်းလောက် ထပ်စောင့်ရအောင်ပါ။ ပြီးတော့ ယွမ်ကျဲက လက်ထပ်ဖူးတာ မဟုတ်ဘူးလေ။ ရှင် ဘယ်လိုလုပ် မိန်းမသေသွားတဲ့ မုဆိုးဖိုနဲ့ ပေးစားနိုင်ရတာလဲ"
ဖေ့တာ့ဖေးက သူမဘက်သို့ လှည့်ကာ စတင်ဆူပူတော့သည်။
"အရင်နှစ်တွေတုန်းက ငါနင့်ကို သူ့တွက် လက်တွဲဖော် မြန်မြန်ရှာဖို့ပြောခဲ့တယ်။ ဒါပေမဲ့ နင်က အရွေးလွန်နေပြီး ရှာဖို့ဆန္ဒမရှိခဲ့ဘူးလေ။ ဒါနဲ့ပဲ ခုချိန်ထိ မပြီးဆုံးတော့ဘူး။ သူခုလိုဖြစ်တာ နင့်ကြောင့်နေမှာပဲ"
ဖေ့ယွမ်၀န်က ခြံ၀င်းထဲတွင် ရပ်ကြည့်နေကာ ၀င်ရောက်ဖျန်ဖြေခြင်းမရှိပေ။ သူသည် ဖခင်ဖြစ်သူက ညီမဖြစ်သူကို သင်ခန်းစာတစ်ခုပေးခြင်းသည် ကောင်းသည်ဟု ထင်မြင်၏။ သို့မှသာ သူမက စောစော လက်ထပ်မည်ဖြစ်ပြီး သူသည်လည်း ချိန်ကိုက်ဗုံးတစ်လုံးကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကျိုးရှောင်မေက နားထောင်နေ၏။ သူမက မရယ်မီ သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
"အဲဒါနဲ့ပဲ တန်တယ်"
၀မ်ချွေလန်သည် သမီးတစ်ယောက်သာ ရှိ၏။ သူမက ဖေ့တာ့ဖေး၏ အပြုအမူများကို နားမလည်ပေ။ ထို့ကြောင့် တုံ့ပြန်ခြင်းမရှိဘဲ ဆက်နားထောင်လိုက်သည်။
ဖေ့ယွမ်ကျဲ၏ မျက်ရည်များသည် တစ်ည ကုန်လွန်သွားပြီဖြစ်သောကြောင့် ခြောက်လုနီးပါဖြစ်နေ၏။ သူမက ခြံ၀င်းထဲရှိ မိသားစု၀င်တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် မုန်းတီးမှုတို့ ပြည့်နှက်နေသည်။ ဖေ့ယွမ်ကျဲသည် သူမ၏ သူရဲဘောကြောင်သည့်အမေ၊ မျက်နှာလိုက်သည့်အဖေနှင့် တစ်ကိုယ်ကောင်းဆန်သည့်အစ်ကို အပါအ၀င် ဤမိသားစု၏ အရာအားလုံးကို မုန်းသည်။
သူမက အံကြိတ်ကာ၊ လက်သီးများဆုပ်လိုက်ပြီး သွေးများထွက်သည်အထိ နှုတ်ခမ်းတို့ကို ကိုက်လိုက်သည်။
'ဘာလို့လဲ'
သူမတို့သည် မိခင်တစ်ယောက်တည်းက မွေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူမက မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် အစားအသောက် အနေအထိုင်မှအစ နောက်ဆုံးတွင်ရှိခဲ့သည်။ သူမသည် သုံးတန်းအောင်ပြီးနောက် ကျောင်းဆက်တက်ခွင့် မရှိတော့ဘဲ မည်သည့်ထင်မြင်ချက်ယူဆကိုမျှလည်း ပြောခွင့်မရပေ။သူမ၏ လက်ထပ်ပွဲကိုပင် မိခင်ဖြစ်သူက ထိန်းချုပ်ထားပြီး သူမ၏တန်ဖိုးကို မြှင့်တင်ရန် သတို့သမီးကြေးလည်း ပေးရဦးမည်ဖြစ်သည်။
သို့သော် ဖေ့လီဆိုသည့် အရူးမသည် ငယ်ငယ်ကတည်းက မိဘများ အလိုလိုက်ခြင်းကို ခံခဲ့ရသည်။ သူမလိုချင်သမျှ ရခဲ့သည်။ သူမ၏အဆင့်များက မကောင်းသော်လည်း မိသားစု၀င်များက အဆက်အသွယ်များ၊ ငွေများသုံးကာ အထက်တန်းထိ ကျောင်းထားပေးခဲ့ကြသည်။ သူမက ကောင်းကောင်းစား၊ ကောင်းကောင်း၀တ်ကာ ရုပ်ရည်ချောမောသည့် ယောက်ျားတစ်ယောက်ကို အလကား ရထားသေးသည်။
ဖေ့တာ့ဖေးက ဆဲဆိုနေဆဲဖြစ်၏။ ခေါင်းငုံထားသော ဖေ့ယွမ်ကျဲက ရက်စက်ယုတ်မာသည့် အပြုံးတစ်ခုကို ရုတ်တရက် ပြုံးလိုက်သည်။
သူမ အဖြေရှာတွေ့သွားပြီဖြစ်၏။ ဘာကြောင့် ဖေ့လီက အလိုလိုက်ခံနေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူမက တစ်ဦးတည်သောသမီးဖြစ်သောကြောင့်။
သူမက ဖေ့ယွမ်၀န်သေလျှင် မိခင်ဖြစ်သူသည်လည်း သွေးဆုံးပြီဖြစ်သောကြောင့် နောက်တစ်ယောက် မွေးနိုင်မည်မဟုတ်ဘဲ မိသားစုထဲတွင် သူမတစ်ယောက်သာ ကျန်ခဲ့တော့မည်ကို မတွေးဘဲမနေနိုင်ပေ။ မိန်းကလေးဖြစ်နေလျှင်ပင် ပြဿနာမရှိပေ။ မိန်းကလေးဘက်ကို လိုက်နေမည့် ယောက်ျားတစ်ယောက်ကိုပင် ရှာနိုင်မည် ဖြစ်သည်။ သူမသည် လူတစ်ယောက်ကို သတ်ပြီးပြီ ဖြစ်သောကြောင့် နောက်ထပ်လူတစ်ယောက်၏ အသက်ကို ဂရုမစိုက်တော့ပေ။
ဖေ့ယွမ်ကျဲက အဖြေရှာပြီးနောက် စိတ်အေးအေးထားလိုက်သည်။ သူမက မျက်ရည်ထွက်ရန် သူမကိုယ်သူမ ခပ်ပြင်းပြင်း ဆိတ်လိုက်သည်။ နာခံသည့် အမူအရာဖြင့် ဖေ့တာ့ဖေးကို ထပ်မံရင်ဆိုင်လိုက်သည်။
"သမီး သူ့ကိုသွားတွေ့မယ်။ သူ့ကိုသွားတွေ့လို့တော့ ရတယ်မလား"
ဖေ့တာ့ဖေးက ဆူပူခြင်းကို ရပ်တန့်ကာ အိမ်ထဲ၀င်သွားသည်။
ဖုန်းဟွေ့က အမြန်ပြေးလာပြီး သူမကိုပွေ့ဖက်သည်။
"ကိစ္စမရှိဘူး။ လက်ထပ်တဲ့အခါကျ အမေ သတို့သမီးကြေး များများပြင်ပေးမယ်"
ဖေ့ယွမ်၀န်ကလည်း လက်ပိုက်ကာလျှောက်လာသည်။
"အဲဒါကောင်းတယ်"
ဖေ့ယွမ်ကျဲက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ထိုစကားသည် သူမတို့နှစ်ယောက်ကြားရှိ မောင်နှမဆက်ဆံရေးကို အဆုံးသတ်ပေး၏။ သူမက နာခံသည့်ဟန် ပြုမူကာ အိမ်ထဲပြန်၀င်ခဲ့သည်။
ခြံ၀င်းထဲရှိ ပြဇာတ်သည် ဤတွင်ပြီးဆုံးသွားသည်။
၀မ်ချွေလန်က ခံစားချက်များ ရှုပ်ထွေးနေ၏။ ဖေ့တာ့ဖေးက ရက်စက်သည်ဟူသောအတွေးဖြင့် ကျိုးရှောင်မေကိုပါ ဆွဲခေါ်လာသည်။ ကျိုးရှောင်မေက မသွားချင်သေးပေ။ သို့သော် အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည်လည်း သက်ပြင်းမချဘဲမနေနိုင်ပေ။
"သူ့သမီးကို မုဆိုးဖိုနဲ့ပေးစားမလို့ပေါ့လေ။ တော်တော့်ကို ရက်စက်တာပဲ"
သူတို့နှစ်ယောက်သည် အဝေးသို့လျှောက်သွားကြတော့သည်။
ဖေ့ယွမ်ကျဲက မျက်နှာသစ်ပြီးနောက် လုံးလုံးလျားလျားစိတ်ငြိမ်သွား၏။ သူမက ဖေ့လီကို ဖြေရှင်းရန် သုံးခဲ့သောနည်းလမ်းသည် အလွန်အဆင့်နိမ့်သည်ဟု ထင်၏။ သူမသည် ဉာဏ်ကောင်းကာ ဓားငှား၍ သတ်တတ်သော လူဆိုးကောင် ဖေ့ယွမ်၀န်နှင့် မယှဉ်နိုင်ပေ။
သူမက ဖေ့ယွမ်၀န်၏ အခန်းထဲသို့ တိတ်တဆိတ်သွားသည်။ အခန်းထဲတွင် သူရေးထားသော စာတစ်စောင်ကို တွေ့ရ၏။ သူမသည် စာအနည်းငယ် သင်ဖူးသောကြောင့် ရိုးရှင်းသောစကားလုံးအချို့ကို သိသည်။ ထပ်ပြောရလျှင် ဖေ့ယွန်၀န်၏ လက်ရေးသည် စုတ်ပြတ်လွန်းသည်။ အကြိမ်တော်တော်များများ အတုခိုးပြီးနောက် သူ့လက်ရေးနှင့် ၈၀ရာခိုင်နှုန်းတူသော စာတစ်စောင်ကို ရေးလိုက်သည်။
[ည၉နာရီ ရွာအရှေ့စွန်က ကောက်ရိုးပုံမှာ လာတွေ့ပါ]
ဆောင်းညများသည် လျင်မြန်စွာ ရောက်လာသည်။ ညစာမစားမီ ဖေ့ယွမ်ကျဲက ထင်းကောက်သွားမည်ဟု အကြောင်းပြလိုက်သည်။ သူမက အ၀တ်ဟောင်းများ လဲ၀တ်ကာ ဝေးလံခေါင်ဖျားကာ လူသူကင်းဝေးသော လမ်းအတိုင်းကို လျှောက်လာသည်။ မကြာမီ ဖေ့ရှီ၏အိမ်ကို တွေ့ရ၏။ သူမက ထောင့်ဘက်ရှိ မြက်ခြောက်များကို ဘေးသို့ တွန်းလိုက်သောအခါ အပေါက်ငယ်တစ်ခုကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သည် ဤအပေါက်ငယ်လေးမှ တစ်ဆင့် လျှို့ဝှက်စွာ အဆက်အသွယ်လုပ်ကြ၏။
ဖေ့ယွမ်၀န်သည် ယခင်ကသူမအား စာတစ်ကြိမ် ပို့ခိုင်းခဲ့ဖူးသည်။ စာထားပြီးပါက ဖေ့ရှီသည် ညစဉ် ညစာစားပြီးနောက် လာယူကြည့်မည်ကိုလည်း သိရှိ၏။
ဖေ့ယွမ်ကျဲ ကိုင်ကြည့်လိုက်သောအခါ ဖေ့ရှီပြန်ပေးရန် စီစဉ်ထားသည့်ပစ္စည်းကို တွေ့လိုက်ရသည်။ သစ်သားသေတ္တာတစ်ခုပင်။
သူမက ထိုပစ္စည်းကို ယူလိုက်ပြီး စာအတုကို ဆီစိမ်စက္ကူဖြင့် ကျွမ်းကျင်စွာပတ်၍ ထိုးထည့်လိုက်သည်။ အပေါက်တစ်ခုလုံးကို မြက်ခြောက်များ ဖုံးပြီးနောက် အိမ်ပြန်ခဲ့၏။ သစ်သားသေတ္တာကို ဖွင့်ကြည့်သောအခါ ခြေအိတ်ငယ်တစ်စုံကိုတွေ့လိုက်ရသည်။
မွေးလာမည့်ကလေးငယ်အတွက် ဖြစ်ပုံရ၏။
ဖေ့ယွမ်ကျဲက ဆို့နင်သွားသည်။ သူမက ဖေ့ယွမ်၀န်ကို အကြောင်းကြားရန် အိမ်ထဲ၀င်လိုက်သည်။
"ဒါက အစ်ကို့အတွက်။ အစ်မရှောင်ရှီက ဒီည ၉နာရီ ရွာအရှေ့စွန်က ကောက်ရိုးပုံမှာ လာတွေ့ဖို့ပြော လိုက်တယ်"
ဤရက်များတွင် ဖေ့ရှီက ချည်ထိုးသင်ရန် အကြောင်းပြ၍ လာလေ့ရှိသည်။ ဖေ့ယွမ်၀န်က နည်းနည်းမျှ သံသယမ၀င်ဘဲ ပြုံး၍ ယူလိုက်သည်။
"ကောက်ရိုးပုံကိုသွားရတော့မယ်။ တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ"
'အရူး အဲဒါ စိတ်လှုပ်ရှားစရာ မဟုတ်ဘူး။ ငါက နင်တို့ကို အဲ့နေရာမှာ သတ်မှာ'
ဖေ့ယွမ်ကျဲက ပစ္စည်းများကို ချကာ အလွန်ကြင်နာသောအပြုံးဖြင့် ပြုံးပြလိုက်သည်။
...