Chapter 19
Viewers 4k

👱‍♀️Chapter 19



 

လီမော့ အိမ်ပြန်ရောက်ပြီး မကြာမီ ယန်လန်ဟွာနှင့် လီရှောင်ဖုန်းတို့ ရောက်လာကြသည်။

 

ယခင်တစ်ခေါက်က သူတို့နှစ်ယောက်က ရေမွှေးဆီ တစ်ဘူးစီယူပြီး ရောင်းခဲ့ကြသည်။ ငါးယွမ်နှင့်ရောင်းပြီး တစ်ယောက်ကို တစ်ယွမ်စီ မြတ်သည်။ များများစားစား မဟုတ်သော်လည်း အမြတ်ချည်း သီးသန့် ဖြစ်လေသည်။ သူတို့က များများစားစား လုပ်စရာမလိုပေ။ ပါးစပ်လေးလှုပ်ပြီး ရောင်းလိုက်ရုံသာ ဖြစ်၏။ ဤထက် ပို၍လွယ်သောအလုပ် ရှိနိုင်တော့မည် မဟုတ်ချေ။(ဝမ်နဲ့ယွမ်နဲ့က တူတူပဲလားမသိဘူး မရှင်းပြထားဘူး)

 

သူတို့နှစ်ယောက်လုံးက ဤစီးပွားရေး၏ အလားအလာကို မြင်လိုက်ကြသည်။ သူတို့က ချက်ချင်းပင် လီမော့ထံသို့ နောက်ထပ် ဘူးအနည်းငယ် လာယူပြီး သူတို့၏ မိသားစုဝင်များထံ သွားရောက် ကြော်ငြာရန် ဆုံးဖြတ်လိုက်ကြသည်။ ဤဘူးကြီးက ၅ ယွမ်သာ ကျသင့်ခြင်းကြောင့် သူတို့၏ မိသားစုအတွင်းက လူတော်တော်များများက ဝယ်လိုကြသည်။ ရွာထဲကလူများကလည်း ဝယ်လိုကြမည်သာ ဖြစ်သည်။(ဝမ်သုံးလိုက် ယွမ်သုံးလိုက်ဖြစ်နေလို့ ပြောင်းသုံးထားပါတယ်)

 

လီမော့က အသစ်လုပ်ထားသော ရေမွှေးဆီ ဘူးနှစ်ဘူးကို ထုတ်ပြလိုက်သည်။ တစ်ဘူးက ဂန္ဓမာရနံ့ဖြစ်သည်ကို သူတို့နှစ်ယောက်က တွေ့လိုက်ကြသည်။ သူတို့က ကောက်ကိုင်ပြီး နမ်းကြည့်သည့်အခါ အလွန်သဘောကျသွားကြသည်။ စဉ်းစားပြီးနောက်တွင် တစ်ယောက်က နှင်းဆီရနံ့ ရေမွှေးဆီနှစ်ဘူးနှင့် ဂန္ဓမာရနံ့ ရေမွှေးဆီနှစ်ဘူးကို ယူသွားကြသည်။

 

နေ့လည်ခင်းတွင်မူ လီမော့သည် ယခင်တစ်ခေါက်က မြို့ထဲမှဝယ်လာသော ဟင်းသီးဟင်းရွက် မျိုးစေ့များကို ရှာတွေ့သွားသည်။

 

သူတို့၏ အိမ်တွင် စားစရာရှားပါးသည်။ ရံဖန်ရံခါ ကျောက်မိသားစုက သူတို့၏ ခြံထဲက ဟင်းသီးဟင်းရွက်များကို ခူးပြီး သူတို့၏ မိသားစုကို ပေးလေသည်။ သူမ ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခုလုပ်ပြီး အပင်များစိုက်ရန် စိတ်ကူးနေသည်မှာ ကြာပေပြီ။ သို့သော် သူတို့ အလုပ်များနေကြခြင်းကြောင့် စိုက်ရန် အချိန်မရခဲ့ပေ။

 

စုန့်တရှန်က ပုဆိန်တစ်လက်ယူပြီး ဝါးတောထဲသွားကာ ဝါးများအများကြီး ခုတ်ယူလာခဲ့သည်။ ထို့နောက် အိမ်အနောက်ဘက်တွင် ဝါးလုံးများကို မြေထဲစိုက်လိုက်ပြီးနောက် ဝါးများကို လျှော်ကြိုးနှင့် ပတ်စည်း၍ စက်ဝိုင်းပုံဖြစ်အောင် လုပ်လိုက်သည်။ ဤကဲ့သို့ဖြင့် ခြံတစ်ခု ဖြစ်လာလေသည်။ ထို့နောက် အပြင်ဘက်တွင် ဆူးပင်များနှင့် ကာရံထားလိုက်သည့်အခါ သာမန်လူများ၊ တိရစ္ဆာန်များ ဝင်၍ မရတော့ပေ။ ထို့ကြောင့် ဟင်းသီးဟင်းရွက် စိုက်ခင်းက အဆင်ပြေသွားပေမည် ။

 

စုန့်တရှန်က ဟင်းသီးဟင်းရွက်စိုက်ခင်းမြေကွက်ကို အကွက်ငယ်လေးများ အများကြီး ပိုင်းလိုက်ပြီး အကွက်များကြားတွင် လူသွားလမ်းလေး ချန်ထားခဲ့သည်။ အခြားနေရာများကို ပေါက်ပြားနှင့် တူးဆွပြီး သဘာဝမြေဩဇာများ လုံလောက်သည်အထိ လောင်းထည့်လိုက်သည်။ ထိုမှသာ မြေဩဇာကောင်းပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များ စိုက်ပြီးသည့်အခါ လျင်မြန်စွာကြီးထွားမည် ဖြစ်သည်။

 

လီမော့နှင့် စုန့်တရှန်တို့က ဟင်းသီးဟင်းရွက်စိုက်ခင်းမြေကွက်များ ပြင်ဆင်မှုတွင် ရက်အနည်းငယ်ကြာခဲ့ပြီး ဝယ်လာသော မျိုးစေ့များအားလုံးကို စိုက်ပျိုးလိုက်ကြသည်။ သူမက မျိုးစေ့များ အပင်ပေါက်လာရန် စောင့်နေခဲ့သည်။

 

သူမ ကိုယ်တိုင် ဖန်တီးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းကို ကြည့်ရင်း လီမော့သည် သူမ၏ မိသားစုဘဝ စည်ပင်လာသကဲ့သို့ ခံစားလိုက်ရသည်။

 

ထိုအချိန်တွင် စုန့်တရှန်ထံမှ ဘုရားပွဲအကြောင်းကို မတော်တဆ ကြားလိုက်ရသည်။ နောက်ရက်အနည်းငယ်ကြာလျှင် ဤနေရာတွင် နှစ်စဉ်ကျင်းပသော အကြီးဆုံးဘုရားပွဲ ရှိလေ၏။

 

ဤဒေသမှလူများက နှစ်တိုင်း ဧပြီလ ၄ ရက်နေ့တွင် ဘုရားပွဲ ကျင်းပကြသည်။ ဘုရားပွဲ ကျင်းပသောနေရာက ဖာဟွာတောင်ပေါ်တွင် ဖြစ်သည်။ လူအများစုသည် ဘုရားပွဲကျင်းပသော သုံးရက်အတွင်း ဖာဟွာဘုရားကျောင်းကို သွားပြီး အမွှေးတိုင်ပူဇော် ဆုတောင်းကြသည်။

 

လီမော့ ဤဘုရားပွဲကို လက်လွှတ်မခံချင်ပေ။

 

သူမ ဤဘုရားပွဲကို လက်လွှတ်မခံချင်သော အကြောင်းရင်းက ဆုတောင်းရန်၊ အမွှေးတိုင်ပူဇော်ရန် မဟုတ်ပေ။ ဤအခွင့်အရေးကို အသုံးချပြီး အမြတ်ကောင်းကောင်း ရလို၍သာ ဖြစ်သည်။

 

ဘုရားပွဲကို သုံးရက်ကျင်းပသည်။ ဤသုံးရက်အတွင်းတွင် သာမန်လူများ သွားပြီး ဆုတောင်းကြရုံသာမက စီးပွားရေးလုပ်နေသော ဈေးသည်များကလည်း မျှော်လင့်စောင့်စားနေကြသည်။ ဤသုံးရက်တွင် တောင်တက်လမ်းများနှင့် လမ်းဘေးတစ်လျှောက်တွင် ဈေးဆိုင်တန်းများ ရှိကြသည်။ ဤသုံးရက်က ဈေးသည်များအတွက် ပိုက်ဆံရှာရန် အချိန်ကောင်းသာ ဖြစ်သည်။ ဈေးနှုန်းများက ပုံမှန်ထက် ပိုမြင့်ရုံသာမက ရောင်းအားလည်း အလွန်ကောင်းသည်။ မည်သူမျှ ဤအခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။

 

လီမော့ကလည်း စဉ်းစားမိသည်။ ဤတစ်ခေါက် သူမက ရေမွှေးဆီများ ပို၍လုပ်ပြီး ရောင်းမည်။ ထိုအချိန်ကျလျှင် အမျိုးသမီးများ အများကြီးလည်း လာကြမည်ဖြစ်သဖြင့် သူတို့ကိုရောင်းလျှင် သေချာပေါက် ရောင်းကောင်းမည်သာ ဖြစ်၏။ အခြား အလှကုန်ရောင်းသူများက ရေမွှေးဆီ ရောင်းလျှင်ပင် သူမ၏ ပစ္စည်းနှင့် ယှဉ်လျှင် ဈေးမပေါနိုင်ပေ။ သူမ၏ စီးပွားရေးက သေချာပေါက် မဆိုးနိုင်ကြောင်း ယုံကြည်သည်။

 

သူမ စဉ်းစားပြီးရက်တွက်လိုက်သည့်အခါ ရက်အနည်းငယ်သာ လိုပေတော့သည်။ အိမ်တွင်လည်း ဆယ်ဘူးကျော်လောက်သာ လက်ကျန်ရှိတော့သည်။ လုံးဝ မလုံလောက်နိုင်‌ပေ။ ထို့ကြောင့် ဘုရားပွဲမတိုင်မီ အမြန်ဆုံး ရေမွှေးဆီများကို ပိုလုပ်ရပေမည်။

 

ပထမဆုံးအနေနှင့် သစ်သားဘူးများ ပိုမှာရမည်။

 

သူမက ဘုရားပွဲသွားမည့် အစီအစဉ်ကို စုန့်တရှန်ကို ပြောပြလိုက်သည်။ စုန့်တရှန်က နှုတ်ခမ်းစေ့ပြီး အနည်းငယ် စိုးရိမ်သွားမိသည်။ 


"ဒီဘုရားပွဲက ဖာဟွာတောင်ပေါ်မှာ… ကိုယ်တို့ဆီကနေ ဆယ်မိုင်ကျော်လောက် ဝေးတယ်… ဈေးသည်အများစုက လှည်းနဲ့သွားကြတာ… ဒါပေမယ့် ကိုယ်တို့မှာ လှည်းမရှိဘူး… ဘယ်အချိန် သွားလို့ရမလဲ မသိဘူး…"

 

လီမော့က ဖာဟွာတောင်က ရွာနှင့် ဤမျှ ဝေးမည်ဟု မထင်ထားခဲ့ပေ။ လမ်းလျှောက်သွားလျှင် သူတို့ရောက်သည့်အချိန်တွင် ဈေးဆိုင်များ ပိတ်လောက်ပြီ ဖြစ်သည်။ နောက်ကျသွားလျှင် စီးပွားရေး လုပ်လို့ရမည် မဟုတ်ချေ။

 

သူမက ယခင်က ရေမွှေးဆီများကို ရောင်းရန်ကိုသာ စဉ်းစားမိပြီး နေရာ၏ အကွာအဝေးကို ထည့်မတွက်မိချေ။

 

"အစ်ကို တရှန်… ကျွန်မတို့ရွာက လူတွေက ဘုရားပွဲကို ဘယ်လိုသွားကြလဲ…"

လီမော့က မေးလိုက်သည်။

 

စုန့်တရှန်က ပြန်ဖြေသည်။ 

"အဲဒီရက်တွေမှာ လောင်ကျူးမိသားစုက မြည်းလှည်းမောင်းပြီး ရွာသားတွေကို အသွားအပြန် ပို့ပေးလိမ့်မယ်… ဒါပေမယ့် အမွှေးတိုင်ပူဇော်ဖို့ ဘုရားပွဲသွားတာလောက်ပဲ အဆင်ပြေတယ်… စီးပွားရေးလုပ်မယ်ဆိုရင်တော့ လူတွေမရောက်ခင် စောစောသွားရမယ်… ဈေးဆိုင်ခင်းရမယ်… ဈေးဆိုင် စောစောခင်းနိုင်လေ ကောင်းလေပဲ…"

 

"ရွာထဲက မြည်းလှည်းနောက် လိုက်သွားလို့တော့ မဖြစ်နိုင်ဘူး…" 


လီမော့ကလည်း ဤအမှန်တရားကို သိသည်။ ဤရွာက မြည်းလှည်းစီးခြင်းကို မရွေးချယ်သင့်ပေ။ 


ဒါဆို တကယ်ပဲ ခြေကျင်လျှောက်သွားရမှာလား…

 

ဤပြဿနာကို လတ်တလော ဖြေရှင်း၍ မရနိုင်သေးပေ။ လီမော့က ၎င်းကို ခေတ္တဘေးဖယ်ထားပြီး စုန့်တရှန်ကို ပြောလိုက်သည်။


"အစ်ကို တရှန်… လှည်းကိစ္စကို ကျွန်မတို့ ဖြည်းဖြည်းချင်း စဉ်းစားကြမယ်… အစ်ကို အရင်ဆုံး ဦးလေးကျန်းအိမ်ကို သွားပြီး ဘူးအလုံး နှစ်ရာ မှာလိုက်ပါ… ကျွန်မတို့ ရေမွှေးဆီ မြန်မြန်လုပ်ရမယ်… ဘူးတွေက အများကြီးဆိုတော့ ဦးလေးကျန်းကို မြန်မြန်လုပ်ပေးဖို့ ပြောပေးပါ… သုံးရက်အတွင်း ရရင် ပိုကောင်းတယ်… ဦးလေးကျန်းကို ပိုက်ဆံ ပိုပေးလိုက်လို့ရတယ်…"

 

စုန့်တရှန်က ချက်ချင်း ခေါင်းညိတ်ပြီး ဦးလေးကျန်း၏ အိမ်ကို ချက်ချင်း သွားလိုက်သည်။

 

ဘူးပြဿနာက ဖြေရှင်းပြီးသွားပေပြီ။ နောက်တစ်ခုကမူ ပန်းပြဿနာသာ ဖြစ်သည်။ ရေမွှေးအဆီ ဘူးအလုံးနှစ်ရာ လုပ်ရမည်။ ထို့ကြောင့် ပန်းလိုအပ်ချက်ကလည်း များပြားသည်။ လူနှစ်ယောက်တည်းနှင့် နှစ်ရက်လောက် ခူးရုံမျှဖြင့် မလုံလောက်ပေ။ သူတို့က ဘူးထဲကို ထည့်ရဦးမည် ဖြစ်သည်။ သူတို့ထံတွင် အချိန်မရှိပေ။ သူမနှင့် စုန့်တရှန် နှစ်ယောက်တည်းနှင့် မလုံလောက်ပေ။ သူတို့ကို ကူညီရန် တစ်စုံတစ်ယောက်ကို ရှာရပေမည်။

 

ရေမွှေးဆီ လုပ်သောနည်းလမ်းကို သူမနှင့် စုန့်တရှန်သာ သိထားသည်။ တစ်စုံတစ်ယောက်ကို အကူအညီတောင်းလျှင် ရေမွှေးဆီလုပ်သော နည်းလမ်းများနှင့် ကုန်ကြမ်းများက မလွဲမသွေ ပေါ်သွားလိမ့်မည်။ ထိုအခါ သူမ၏ ပိုက်ဆံရှာနည်း ပေါ်သွားပြီး နောက်ပိုင်းတွင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

 

စဉ်းစားပြီးနောက် လီမော့က သူတို့ကို ကူညီရန် တစ်စုံတစ်ယောက်ကို ရှာရန် စိတ်မဆုံးဖြတ်နိုင်သေးပေ။

 

ကျောက်မိသားစုကို ရှာရန် မစဉ်းစားမိခြင်း မဟုတ်ပေ။ သို့သော် သူတို့က တစ်ရွာတည်းတွင် နေကြပြီး ကျောက်မိသားစု၏ ချွေးမနှစ်ယောက်ကလည်း ပစ္စည်းယူပြီး ရောင်းနေတုန်းပင် ဖြစ်သည်။ သူတို့၏ မိသားစုက လုပ်နည်းသိသွားလျှင် မည်သူကမှ ကိုယ်တိုင်မလုပ်ဘဲ၊ နောက်ထပ် လေးဝမ်ကို ပိုမရှာဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။ 


သူတို့ ကိုယ်တိုင် တောင့်ခံနိုင်ရင်တောင် သူတို့ရဲ့ မွေးမိသားစုအတွက်ကရော… 


လူတိုင်းက ဤကဲ့သို့လုပ်နိုင်မည် မဟုတ်ပေ။

 

လီမော့က ဤကိစ္စကို သေချာမကိုင်တွယ်နိုင်လျှင် မိသားစုနှစ်စုကြား မသင့်မြတ်မှုများ ဖြစ်လာနိုင်သည်ဟု ခံစားလိုက်ရ၏။

 

လူများ၏ စိတ်က ကြိုတင်ခန့်မှန်း၍မရပေ။ သူမ လူ့သဘာဝကို လောင်းကြေးမထပ်နိုင်သလို မိသားစုနှစ်စု၏ နှစ်ပေါင်းများစွာ ခင်မင်မှုကိုလည်း လောင်းကြေးမထပ်နိုင်ပေ။

 

လီမော့၏ စိုးရိမ်မှုများကို သိသည့်အခါ စုန့်တရှန်က ခဏစဉ်းစားပြီး သူ၏စိတ်ထဲက သင့်တော်မည့်သူကို ပြောလိုက်သည်။ 


"လီမော့… ကိုယ့်ညီမနဲ့ ယောက်ဖကို ဘယ်လိုသဘောရလဲ… မေ့ကျီက ငယ်ငယ်ကတည်းက ရိုးသားပြီး ကြင်နာတတ်တယ်… သူများပစ္စည်းကို လောဘမတက်ဖူးဘူး… ကိုယ့်အပေါ်လည်း ကောင်းတယ်… ကိုယ့်ညီမက ရိုးသားတယ်… ကိုယ်တို့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး… ကိုယ့်ယောက်ဖက ပိုလို့တောင် ရိုးသားဖြောင့်မတ်တယ်… ယုတ်မာတဲ့အလုပ်တွေ လုပ်မှာမဟုတ်ဘူး…"

 

စုန့်တရှန်သာ မေ့ကျီအကြောင်း မပြောလျှင် လီမော့က အမှန်တကယ်ပင် မေ့ကျီနှင့် ထျဲကျီကို သတိရမိမည် မဟုတ်ချေ။ ထိုနှစ်ယောက်က အမှန်တကယ်ပင် သင့်တော်လှသည်။


ထို့ကြောင့် လီမော့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ… ဒါဆို ကျွန်မ မေ့ကျီနဲ့ ထျဲကျီကို နောက်မှ အကူအညီတောင်းလိုက်မယ်… သူတို့မိသားစုကို မနက်ဖြန် ဒီကိုလာဖို့ ပြောလိုက်… ပြီးတော့ ဒီမှာ ရက်အနည်းငယ်နေဖို့ပေါ့… ဘုရားပွဲမှာလည်း ကျွန်မတို့ကို ကူညီဖို့ လူလိုလိမ့်မယ်… ဘုရားပွဲပြီးတဲ့အထိပေါ့… အဲဒီနောက်မှ မေ့ကျီနဲ့ ထျဲကျီ ပြန်လို့ရမယ်…"

 

စုန့်တရှန်က သဘောတူပြီး ပြောသည်။

"ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်… မင်း အရင်တစ်ခေါက်က တစ်ခါပဲ သွားဖူးတော့ မေ့ကျီတို့အိမ် လမ်းမသိဘူး…"

 

လီမော့ ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

 

သူတို့နှစ်ယောက်က အပြင်တွင် ဆော့နေသော ရှောင်ပေါင်ကို ပြန်ခေါ်၊ တံခါးသော့ခတ်ပြီး ရှောင်ပေါင်နှင့်အတူ မေ့ကျီတို့အိမ်ကို အမြန်သွားလိုက်ကြသည်။

 

သူတို့ မေ့ကျီတို့အိမ်ရောက်သည့်အခါ မေ့ကျီနှင့် ထျဲကျီကို အကူအညီတောင်းကြသည်။ မေ့ကျီက ဘာမျှမပြောဘဲ သဘောတူလိုက်ပြီး နောက်နေ့တွင် အီနာဟာရာရွာကို အမြန်လာရန် ချိန်းဆိုလိုက်ကြသည်။

 

စုန့်တရှန်တို့ မိသားစုသုံးယောက်က အိမ်ကို အမြန်ပြန်လာခဲ့ကြသည်။


**


နောက်နေ့ မိုးလင်းသည့်အခါ မေ့ကျီနှင့် ထျဲကျီတို့က အလွန်စိတ်လှုပ်ရှားနေသော ရှောင်ရှုနှင့်အတူ ရောက်လာကြသည်။ ရှောင်ရှုက အိမ်ရောက်သည်နှင့် ချက်ချင်း ရှောင်ပေါင်ထံ ပြေးသွားလေသည်။ ကလေးနှစ်ယောက်က ပြန်တွေ့ရသဖြင့် စိတ်လှုပ်ရှားနေကြသည်။

 

မေ့ကျီက ကလေးနှစ်ယောက်ကို ကြည့်ပြီး ရယ်မောလိုက်၏။

"ဒီမနက် သူ့ကို နှိုးတာ… သူက မထချင်ဘူး… သူ့ဦးလေးအိမ် ရှောင်ပေါင်ဆီ ခေါ်သွားမယ်လို့ ပြောလိုက်မှ ချက်ချင်း မျက်လုံးဖွင့်တော့တာ…"

 

လီမော့က နားထောင်ရင်း ရယ်လိုက်သည်။ ကလေးများက တစ်ခါတစ်ရံ အလွန်ရယ်ရသည်။

 

လီမော့က ဆန်ပြုတ်နည်းနည်းနှင့် ပေါက်စီအနည်းငယ်ကို ပြင်ဆင်လိုက်သည်။ မိသားစုများက အတူတူ မနက်စာ စားကြသည်။ စားပြီးသည့်အခါ ကလေးနှစ်ယောက်နှင့်အတူ သူတို့က တောင်းကိုယ်စီလွယ်ပြီး ပန်းများအများကြီး ပေါက်သော တောင်ကုန်းအနောက်ဘက်ကို သွားလိုက်ကြသည်။

 

သူတို့က ကလေးနှစ်ယောက်ကို သူတို့ဘာသာ ဆော့ခိုင်းထားပြီး လူကြီးလေးယောက်က တောင်းအတွင်းသို့ ပန်းများခူးထည့်ကြသည်။ မေ့ကျီနှင့် ထျဲကျီတို့က သင်ယူရမြန်ပြီး ရိုးသားဖြောင့်မတ်‌သောသူများ ဖြစ်ခြင်းကြောင့် လီမော့နှင့် စုန့်တရှန်တို့ထက် အလုပ်လုပ်ခြင်းက မနှေးလှပေ။ လူလေးယောက် အတူတူရှိနေသည့်အခါ စွမ်းဆောင်ရည်က ပိုမြင့်သည်။ ခဏလေးအတွင်းမှာပင် တောင်းကြီးလေးလုံးက ပန်းများနှင့် ပြည့်သွားတော့သည်။ 


စုန့်တရှန်က ပန်းများအပေါ်တွင် သက်ငယ်တစ်လွှာ ဖြန့်ခင်းပြီး ထျဲကျီနှင့်အတူ တောင်းလေးလုံးကို အိမ်ပြန်ပို့လိုက်သည်။ လီမော့နှင့် မေ့ကျီကမူ သူတို့ပြန်လာသည်ကို စောင့်ရင်း ပန်းများ ဆက်ခူးနေကြသည်။

 

ဤသို့ဖြင့် လူလေးယောက်က မနက်မှ ညအထိ အလုပ်များနေကြသည်။ နေ့လည်စာကို အခြောက်အခြမ်းစားစရာနှင့် ရေသောက်ပြီး ပန်းများ တောင်းပေါင်း ဒါဇင်နှင့်ချီ ခူးခဲ့ကြသည်။ ဘူးအလုံး နှစ်ရာခန့် လုပ်လို့ရမည်ဟု ခန့်မှန်းမိကာမှ လီမော့က လူတိုင်းကို ရပ်ခိုင်းပြီး အိမ်ပြန်ကြသည်။

 

သူတို့ အိမ်ပြန်ရောက်သည့်အခါ မှောင်နေပေပြီ။ လီမော့က မြို့ကဝယ်လာသော ဖယောင်းတိုင်နှစ်တိုင်ကို ထုတ်ပြီး မီးထွန်းလိုက်သည်။ သူမက မီးဖိုချောင်အတွင်းရှိ ဂျုံမှုန့်အနည်းငယ်နှင့် ခေါက်ဆွဲပြုတ်လိုက်သည်။ လူကြီးလေးယောက်နှင့် ကလေးနှစ်ယောက်က စားပွဲဝိုင်းတွင် ညစာစားကြသည်။

 

လူတိုင်းက ယနေ့အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်နေကြသဖြင့် စားပြီးသည်နှင့် ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီး အိပ်လိုက်ကြလေသည်။

 

နောက်နေ့တွင် လူကြီးလေးယောက်က အတူတကွ ပန်းများဆေး၊ မီးမွှေး၊ မွှေ၊ အအေးခံ စသော အလုပ်များကို တစ်နေကုန် မနားတမ်း လုပ်ကိုင်နေကြသည်။ နောက်ဆုံးတွင် သူတို့ခူးလာသော ပန်းများအားလုံးက ရေမွှေးဆီ ဖြစ်သွားပြီး ထည့်စရာဘူးက မရှိသေးပေ။ သူတို့က သန့်ရှင်းသော ဇလုံကြီးတစ်လုံးအတွင်း၌ နှင်းဆီပန်းနှင့် တစ်လုံး၊ ဂန္ဓမာပန်းနှင့် တစ်လုံး ထည့်ထားလိုက်သည်။ နောက်နေ့ ဘူးများရလာပြီး ထည့်ရန်သာ စောင့်နေရလေတော့သည်။

 

သူတို့လေးယောက် ရက်အတော်ကြာ အလုပ်များပြီး နောက်ဆုံးတွင် ဘုရားပွဲမတိုင်ခင် ရေမွှေးဆီ ဘူးအလုံး နှစ်ရာ လုပ်ပြီးသွားလေပြီ။ ထိုအချိန်တွင် ယခင်က မဖြေရှင်းနိုင်သေးသော လှည်းပြဿနာကလည်း အဖြေထွက်လာပြီ ဖြစ်သည်။

 

စုန့်တရှန်က အိမ်နီးချင်းရွာက ပုံမှန် သကြားလောင်းထားသောအသီးချောင်းကိုရောင်းသည့် လူတစ်ယောက်၏ အိမ်ကို သွားလိုက်သည်။ သူတို့၏ အိမ်တွင် နွားလှည်းတစ်စီးရှိပြီး သူက ပုံမှန်အားဖြင့် နွားလှည်းမောင်းပြီး စီးပွားရေးလုပ်သည်။ ဤတစ်ခေါက် သူက ဘုရားပွဲသွားမည်ဖြစ်ပြီး နွားလှည်းမောင်းသွားရန် စီစဉ်ထားသည်။ သကြားလောင်းထားသောအသီးချောင်းများက နေရာအများကြီး မယူသောကြောင့် သူတို့၏ မိသားစုကို ခေါ်သွားရန် အဆင်ပြေသွားသည်။ ထို့ကြောင့် စုန့်တရှန်က သူတို့နှင့် ဆွေးနွေးပြီး ထိုမိသားစုကို တစ်ရက် ၁၀ ဝမ် ပေးမည်ဟု ပြောလိုက်သည်။ သူတို့က စီးပွားရေးလုပ်ရန် သုံးရက်ကြာမည် ဖြစ်ပြီး သူတို့၏ မိသားစုကို အတူခေါ်သွားရန် ဖြစ်သည်။ ထိုမိသားစုကည်း မဆိုင်းမတွ သဘောတူလိုက်လေသည်။


 

သယ်ယူပို့ဆောင်ရေး ပြဿနာကလည်း ဖြေရှင်းပြီးသွားပြီဆိုသည်ကို သိလိုက်ရသည့်အခါ လီမော့က လုံးဝ စိတ်အေးသွားပြီး ရေမွှေးဆီများ ရောင်းရန်ကိုသာ စောင့်နေလိုက်တော့သည်။



👱‍♀️👱‍♀️