Chapter 1
Viewers 223

အပိုင်း ၁

ကျွန်မ စုန့်ချွမ်ကို ပထမဆုံး စတွေ့ခဲ့တာက ကျွန်မတို့ အိမ်ရဲ့ ပင်မခန်းမထဲမှာ... အဖေနဲ့ အမေက ပင်မခန်းရဲ့ခေါင်းရင်းမှာ ထိုင်နေပြီး သူက ကျွန်မအဖေရဲ့ဘေးမှာ ထိုင်နေခဲ့တယ်။ ကျွန်မကတော့ ကျွန်မအမေရဲ့နောက်မှာ ရပ်နေခဲ့တယ်။

စုန့်ချွမ်က အရပ်ရှည်ပြီး သန်မာပေမယ့် သူအသားအရောင်က ပျားရည်ရောင်သန်းပြီး နီစပ်စပ်လည်း ဖြစ်နေသေးတယ်။

သူက သူ့ဒူးနှစ်ဘက်ပေါ်ကို သူ့လက်နှစ်ဖက်တင်ထားပြီး မတ်မတ်ထိုင်နေပေမယ့် သူ့ခေါင်းကိုတော့ နည်းနည်းငယ် ထားခဲ့သည်။ ကျွန်မအဖေက သူ့ကို မေးခွန်းတစ်ခု မေးတိုင်း သူက တစ်ခါ ပြန်ဖြေနေပေမယ့် သူ့ခေါင်းကိုတော့ တစ်ချိန်လုံး မမော့လာခဲ့ဘူး။

ကျွန်မမြင်နေရတာက အမည်းရောင် သူ့ကျောပြင်ကြီးပဲ။

"တစ်နှစ်ပတ်လုံး ဖမ်းမိတဲ့ သား‌ကောင်နဲ့ သွားမွေးတွေကနေ လျန်သုံးဆယ်ကနေ လေးဆယ်လောက်အထိ ဝင်ငွေရပါတယ်။ တာ့လန် ဒီနှစ် ဆယ်နှစ်ပဲရှိသေးတယ် ဆိုပေမယ့် သူက တစ်ခါတလေ ကျွန်တော်နဲ့အတူ တောင်တွေဆီကို လိုက်နိုင်နေပါပြီ။ ရှို့အာကလည်း ငယ်သေးပေမယ့် အိမ်မှုကိစ္စတွေကို ကူညီပေးနိုင်နေပါပြီ"

စုန့်ချွမ် ပြောပြီးတာနဲ့ အမေက ကျွန်မရဲ့လက်ဖဝါးကို တိတ်တဆိတ် ဆွဲဆိတ်နေခဲ့တယ်။ ကျွန်မ နာကျင်လွန်းလို့ အမေ ခွန်အားတွေ အတွေကြီး သုံးထားတာကို သိလိုက်ရတယ်။ အဲဒါက အမေ အရမ်းပျော်နေပြီး စိတ်လှုပ်ရှားနေလို့ ဆိုတာကိုလည်း ကျွန်မ သိတယ်။

နှစ်စဉ် ဝင်ငွေ လျန်သုံးဆယ်နဲ့ လေးဆယ်ကြားဆိုတာက ရွာက မိသားစု အတွေစု အိပ်မက်တောင် မက်နိုင်တဲ့အရာ မဟုတ်ဘူးလေ။

စုန့်ချွမ်က အရမ်းတော်တဲ့ မုဆိုးတစ်ယောက်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့် အခုတော့ ဒါက  အမှန်ဖြစ်ပုံရတယ်။

သူ အိမ်ထဲကို ဝင်လာကာစတုန်းက ကျွန်မ သူ့ကို တစ်ချက် ခိုးကြည့်ခဲ့သေးတယ်။ သူက အခုနှစ်မှာ နှစ်ဆယ့်ခုနစ်နှစ်လောက် ရှိပုံရပြီး ‌လေးထောင့်နည်းနည်းဆန်တဲ့ မျက်နှာ၊ ထင်ရှားတဲ့ မျက်ခုံးမွှေးမဲမဲနှစ်တန်းနဲ့ စူးရှတဲ့ မျက်လုံးတွေအပြင် သူရဲ့နှာခေါင်းက ဖြောင့်စင်းနေတာကြောင့် သူက တည်ကြည်လေးနက်တယ်လို့ ကျွန်မ သတ်မှတ်လိုက်တယ်။

သူ့မျက်နှာကို ကြည့်ရတာတော့ သူက ယုတ်မာတဲ့သူ ဖြစ်ပုံမရဘူး။ ပြီးတော့  သူ့ရဲ့မိသားစုကလည်း အရမ်းရိုးရှင်းတယ်၊ သူနဲ့ သူရဲ့ကလေးနှစ်ယောက်ပဲ ရှိတယ်။ ဒီအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်မ အရမ်းကျေနပ်နေမိတယ်။

တကယ်တော့ အိမ်ထောင်ပျက်ပြီး မိဘအိမ်ကို ပြန်ပို့ခံခဲ့ရတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူကမှ လက်မခံချင်ကြဘူး။  ကျွန်မရဲ့မိဘတွေနဲ့ မောင်လေးတောင် ကျွန်မကို မနှစ်မြို့တဲ့ အမူအရာတွေ ပြနေပြီး ရက်အနည်းငယ်ကြာလာရင် သူတို့က ကျွန်မကို ရောင်းထုတ်ဖို့ တစ်စုံတစ်ယောက်ကို သွားရှာကြတော့မှာ သေချာတယ်။

အဖေက ဒီအိမ်ထောင်ရေးကို သဘောတူလိုက်ပြီး စုန့်ချွမ်ကို အရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။

သေရည်က ပြင်းတော့ အဖေနဲ့ မောင်လေး အလှည့်ကျ သောက်တယ်။ စုန့်ချွမ် ကျွန်မတို့အိမ်ကနေ ပြန်ထွက်သွားတဲ့အချိန်မှာ သူ့မျက်နှာက နီရဲနေပြီး သူ့ခြေလှမ်းတွေက မတည်မငြိမ် ဖြစ်နေပြီ။

သူတို့ သောက်ရင်းနဲ့ စားနိုင်ဖို့ အရံဟင်းလျာတွေကိုတောင် ကျွန်မ ချက်ပြုတ်ပေးခဲ့ရသေးတယ်။ အဖေက ကျွန်မကို အဆီများတဲ့ ဝက်သားနှစ်ကျင် လှီးဖြတ်ခိုင်းတဲ့အပြင် အိမ်မှာ မွေးမြူထားတဲ့ ကြက်အိုမကြီးကိုလည်း သတ်ခိုင်းခဲ့သေးတယ်။

ကျွန်မရဲ့ မိဘတွေက တစ်ခုခုကို သုံးစွဲဖို့ အမြဲတွန့်ဆုတ်နေတတ်ပြီး နှစ်သစ်ကူး ဒါမှမဟုတ် တခြားပွဲတော်တွေ ရှိမှသာ ဒီလိုအစားအစာတွေကို စားလေ့ရှိတယ်။ အဲဒါကြောင့် ကျွန်မရဲ့တူနှစ်ယောက်ဆိုရင် အသားလို့ အသံကြားရုံနဲ့ တံခါးအပြင်ဘက်ကနေ ‌ချောင်းကြည့်နေပြီး သရေယိုနေကြပြီ။

ကျွန်မရဲ့ယောင်းမက သူတို့ကို ဆူပူကြိမ်းမောင်းပေမယ့် ကလေးနှစ်ယောက် ပြန်မဆွဲခေါ်နိုင်ဘူး။

စုန့်ချွမ်က သူတို့ကို သတိပြုမိသွားပြီး လက်လှမ်းပြလိုက်တာကို ကျွန်မ မြင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ တူလေးနှစ်ယောက်က အသားတစ်ပန်းကန်နဲ့အတူ ပြုံးဖြီးဖြီး ပြန်ရောက်လာကြတယ်။

“အမေ၊ အစ်မက အရမ်းကံကောင်းတာပဲ…”

ကျွန်မရဲ့ယောင်းမကလည်း ကလေးနှစ်ယောက် အသားတွေ ကိုက်စားနေတာကို ကြည့်နေရင်း ကျွန်မရဲ့အမေကို လှမ်းပြောလိုက်တယ်။

အမေက ခေါင်းညိတ်ပြီး ကျွန်မကို ပြုံးပြုံးကြီး ကြည့်နေပြန်တယ်။

နောက်ဆုံးတော့ ကျွန်မ စုန့်ချွမ်ကို တံခါးအပြင်ဘက်အထိ ကျွန်မကိုယ်တိုင် ပြန်လိုက်ပို့ပေးခဲ့တယ်။

ကျွန်မက ကွာရှင်းထားတဲ့သူဆိုတော့ လိုက်နာရမယ့် စည်းကမ်းတွေ အများကြီး မရှိဘူးလေ။

"ကျွန်မရဲ့နာမည်က မကောင်းဘူး"

စုန့်ချွမ်က အရှေ့က လျှောက်နေပြီး ကျွန်မက သူ့ရဲ့နောက်က ခြေတစ်လှမ်း အကွာကနေ လိုက်လျောက်နေရင်း သူ့ကို ပြောပြလိုက်တယ်။

သူ့မှာ ကျယ်ပြန့်တဲ့ ပခုံးတွေ ရှိသလို သူ့ရဲ့ခြေလှမ်းတစ်လှမ်းစီတိုင်းက တော်တော် ကျဲတယ်။ အစပိုင်းမှာ ကျွန်မ သူ့ကို လိုက်မီဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်တော့ သူက သတိထားမိပုံနဲ့ သူ့အရှိန်ကို တဖြည်းဖြည်း လျော့ချလိုက်တယ်။

"ငါ သိတယ်"

"ဒါဆို ရှင် ဘာလို့ ကျွန်မတို့အိမ်ကို လာကမ်းလှမ်းခဲ့တာလဲ?"

"ဘာပဲဖြစ်ဖြစ် ရွှီလောင်စန်း[1] က လူကောင်း မဟုတ်ဘူး။ အဲ့ဒါက မင်းအပြစ် မဟုတ်ဘူး"

သူက အဲ့စကားကို ပြောနေပေမယ့် ကျွန်မကိုတော့ လုံးဝ ပြန်လှည့်မကြည့်ဘူး။ ဒါပေမယ့် ဘာကြောင့်မှန်မသိ အဲ့စကားတွေက သူ့နှလုံးသားကနေ လာတယ်လို့ ကျွန်မ ခံစားနေရတယ်။

ကျွန်မရဲ့လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့လာသလို ကျွန်မ ခံစားလိုက်ရတယ်။ ဒါ ကျွန်မ အိမ်ထောင်ကွဲပြီးကတည်းက ကျွန်မရဲ့အမှား မဟုတ်ဘူးလို့ တစ်ယောက်ယောက်က ပထမဆုံး ပြောလာတာပဲ။

သူများတွေ ဘာပြောပြော အဆင်ပြေပေမယ့် မိသားစုဝင်တွေဆီနေ နာကျင်စရာ အကောင်းဆုံးစကားတွေ အမြဲထွက်နေတာကတော့ ကျွန်မကို အရမ်းနာကျင်စေခဲ့တယ်။

လူတိုင်းက "သည်းခံပါ" လို့ အမြဲပြောပြီး သည်းခံလိုက်ရင် အရာအားလုံး ပြီးသွားမှာပါလို့ ပြောခဲ့ကြတယ်။

ဒီကမ္ဘာမှာ ခင်ပွန်းသည်တွေက နတ်ဘုရားတွေ ဖြစ်ပြီး မင်း သည်းခံရင် အရာအားလုံး အဆင်ပြေ သွားမှာပါတဲ့....

ရွှီလောင်စန်းက လွဲပြီး အခြားဘယ်သူကမှ ကျွန်မကို လိုချင်တော့မှာ မဟုတ်ဘူးလို့ သူတို့ ပြောခဲ့ကြတယ်။

သားသမီးတွေ ကြီးပြင်းလာတဲ့အခါ ကျွန်မ ခံစားနေရတဲ့ ဒုက္ခတွေအားလုံး ကုန်ဆုံးသွားလိမ့်မယ်လို့ သူတို့အားလုံး ဝိုင်းပြောလေ့ရှိကြတယ်။

ဒါပေမယ့် အဲဒါက တစ်သက်လုံး ဖြစ်နေတော့မှာလေ... ဒီရှုပ်ထွေးတဲ့ ပြသနာတွေက ဘယ်တော့ အဆုံးသတ်နိုင်မှာမို့လို့လဲ?

"နေ့ကောင်းတစ်နေ့ ရွေးပြီး အိမ်ထောင်ပြုကြမယ်!"

နောက်ဆုံးတော့ ကျွန်မ စိတ်အေးလက်အေး ပြောနိုင်ခဲ့ပြီ။

E-Tran Note:

[1] "ရွှီလောင်စန်း ဆိုတာက နာမည်အရင်း မဟုတ်ပါဘူး။ ရွှီမိသားစုရဲ့ တတိယသားလို့ ပြောချင်တာပါ။ ဒါပေမယ့် သူ့ရဲ့နာမည်အရင်းကို ဇာတ်လမ်းထဲမှာ ဘယ်တုန်းကမှ မဖော်ပြထားတဲ့အတွက် ရွှီလောင်စန်းလို့ပဲ ဆက်သုံးသွားပါ့မယ်” 

. 🌟🌟🌟🌟🌟