အပိုင်း ၂
ရွာမှာ နေတဲ့လူတွေရဲ့ဘဝက ခက်ခဲလွန်းတာကြောင့် မင်္ဂလာပွဲကိုတောင် ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်နိုင်ကြတယ်။ သတ်မှတ်ထားတဲ့ရက် ရောက်လာတာနဲ့ သတို့သမီးကို ဝေါယဥ်နဲ့ လာကြိုလိုက်ရုံပဲ... အဲ့လိုမှ မဟုတ်ရင် နည်းနည်းပိုတတ်နိုင်တဲ့သူတွေက နွားလှည်းနဲ့ လာကြိုကြတယ်။ ပြီးရင် အိမ်နီးနားချင်းတွေအတွက် အသီးအရွက် ဟင်းတစ်ပွဲလောက်နဲ့ ဧည့်ခံပေးလိုက်ရုံပဲ။ ဆီများတဲ့အသား နည်းနည်းကို ဟင်းသီးဟင်းရွက်ဟင်းထဲ ရောထည့်နိုင်ရင် ဒါကို တော်တော် ရက်ရောနေပြီလို့ သတ်မှတ်နိုင်တယ်။
ကျွန်မက စုန့်ချွမ်ရဲ့ဒုတိယဇနီးဆိုတဲ့ အချက်ကို ထည့်မတွက်ရင်တောင် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခု ကျင်းပဖို့ဆိုတာ ဘယ်သူမှ မမျှော်လင့်ထားတဲ့အရာပဲ။
အဲ့လိုအခြေအနေမှာတောင်မှ စုန့်ချွမ်က ရိုးရာဓလေ့ထုံးစံတိုင်းကို ခြေတစ်လှမ်းမှ မကျော်သွားအောင် လိုက်နာခဲ့ပြီး ကျွန်မကို သူ့အိမ်အထိ ကောင်းကောင်းမွန်မွန် ခေါ်ဆောင်ပေးခဲ့တယ်။
အခု ကျွန်မ ခန်(အပူပေးအုတ်ကုတင်)ရဲ့အစွန်းမှာ ထိုင်နေရင်း စုန့်ချွမ်က ကျွန်မခေါင်းပေါ်မှ အနီရောင်ခေါင်းစောင်းပုဝါ ဖွင့်ပေးမှာကို စောင့်မျှော်နေခဲ့တယ်။
ခေါင်းစောင်းပုဝါကို စုန့်ချွမ်က မြို့ရဲ့အကောင်းဆုံးအထည်ဆိုင်ကနေ ဝယ်ယူခဲ့တာလေ။ ဒါလေးကို ဘရိုကိတ်သားနဲ့ လုပ်ထားပြီး အထူအပါးကလည်း သင့်တော်တာကြောင့် ဖယောင်းတိုင်မီးတောင် မဖောက်ဝင်နိုင်ဘူး။
ဒါက ကျွန်မရဲ့ဒုတိယအိမ်ထောင်လေ။ ပထမအကြိမ်တုန်းက ကျွန်မ အရမ်းငယ်သေးပြီး ဆယ့်ခြောက်နှစ်အရွယ် မိန်းမငယ်လေးဆိုတော့ မျှော်လင့်ချက်တွေ စိတ်ကူးယဥ်ခြင်းတွေ ထိတ်လန့်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့ဖူးတာပေါ့....
အခုတော့ တစ်ပါးသူရဲ့ဇနီးမယားအဖြစ် ခြောက်နှစ်နေခဲ့ပြီးပြီ၊ အဲ့ခြောက်နှစ်တာ ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ဘာကိုမှ အရမ်းကြီးမမျှော်လင့်ရဲဘဲ တည်တည်ငြိမ်ငြိမ် နေတက်ဖို့ သင်ယူထားခဲ့တာ ကြာနေပါပြီလေ....
အိမ်အပြင်ဘက်ကနေ အော်ဟစ်သံတွေ၊ သောက်ရင်းစားရင်း ရယ်မောနေတဲ့အသံတွေ၊ လက်ချောင်းခန့်မှန်းတမ်း ကစားရင် ငြင်းခုန်နေတဲ့ အသံတွေကိုလည်း ကျွန်မ ကြားနေရတယ်။
တကယ်တော့ ကျွန်မ ဗိုက်က ဟောင်းလောင်း ဖြစ်နေတာ ကြာနေပြီ၊ မနက်က ခေါက်ဆွဲတစ်ပန်းကန်ပဲ စားခဲ့တော့ အခု အရမ်း ဗိုက်ဆာနေပြီ။
ကျွန်မ စားစရာတစ်ခုခု ရှာဖို့ ခေါင်းဆောင်းပုဝါကို လှန်တင်မယ်လို့ စိတ်ကူးလိုက်ပေမယ့် ဒီလိုလုပ်တာက ကံမကောင်းဖြစ်စေတယ်လို့ တခြားလူတွေ ပြောတာကို ကျွန်မ သတိရမိတယ်။ ဒါကြောင့် ကျွန်မ အဲ့အတွေးကို စွန့်လွှတ်လိုက်တယ်။
စုန့်ချွမ်က ကျွန်မကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ ဒီကံဆိုးမှုတွေက ကျွန်မအပေါ်ကိုပဲ သက်ရောက်မှုရှိမယ် ဆိုရင် ကျွန်မ သည်းခံနိုင်တယ်။ ဒါပေမယ့် သူ့ကို ထိခိုက်စေမယ်ဆိုရင်တော့ ကျွန်မ အဲ့တာကို ဘယ်လိုလုပ်ပြီး လုပ်ရဲတော့မှာလဲ?
အခုတော့ တစ်ယောက်ယောက်က တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်နေပုံ ရတယ်။ ခြေသံတွေက ပေါ့ပါးပြီး ချီတုံချတုံ ဖြစ်နေပုံရပေမယ့် နောက်ဆုံးမှာတော့ အဲဒီလူက ကျွန်မရှေ့ကို ရောက်လာသေးတယ်။
ကျွန်မ ကျွန်မရဲ့မျက်လုံးရှေ့က မြေကြီးပေါ်ကို ငုံ့ကြည့်လိုက်တော့ ကျွန်မရှေ့မှာ အနီရောင်အဝတ်စ ဖိနပ်ကို စီးထားတဲ့ ခြေဖဝါးသေးသေးလေးတစ်စုံကို တွေ့လိုက်ရတယ်၊ ဖိနပ်တွေက နည်းနည်းကြီးလွန်းနေပြီး လိုက်ဖက်မှု မရှိဘူး။
အဲဒါ ကောင်မလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့အသက်ရှုသံက ပေါ့ပါးလွန်းလို့ မကြားရသလောက်ပဲ။
ကျွန်မ သူမ စကားပြောလာမှာကို စောင့်နေခဲ့တယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ ဘာမှ မပြောလာခဲ့ဘူး။ အဲဒီအစား သူမက အေးစက်နေတဲ့ သူမရဲ့လက်သေးသေးလေးကို ဆန့်ထုတ်ပြီး အဆာပြေမုန့်တစ်ခြမ်းကို ကျွန်မရဲ့လက်ဖဝါးထဲ ထည့်ပေးပြီး ပြန်လှည့်ထွက်သွားတယ်။
"ရှို့အာ?" ကျွန်မ သူမကို ခေါ်လိုက်တယ်။
သူမက ခဏတုံ့ဆိုင်း သွားပေမယ့် ပြန်မဖြေဘဲ တံခါးကို ဖွင့်ပြီး ပြန်ထွက်သွားခဲ့တယ်။
ကျွန်မ မုန့်ကို နှုတ်ခမ်းပေါ်တင်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်တယ်။ ဘာနဲ့လုပ်ထားလဲ မသိပေမယ့် အရမ်းတော့ မွှေးတယ်။
ကျွန်မ ရယ်ချင်သလို ခံစားရပြီး ရယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရယ်နိုင်ခဲ့ပါဘူး။
ဒီလောက်ချိုတဲ့ မုန့်ကို ကျွန်မရဲ့တစ်ဘဝလုံး တစ်ခါမှ မစားခဲ့ဖူးဘူးလေ။
စုန့်ချွမ် ဝင်လာတဲ့အချိန်မှာ သူ့ဆီက သေရည်နံ့က ကျွန်မဆီကို တိုးဝင်လာတယ်။ အခန်းအပြင်ဘက်မှာ လူတစ်စုကတော့ သတို့သမီးကို တစေ့တစောင်း မြင်နိုဖို့ စုရုံးနေပြီး တက်တက်ကြွကြွနဲ့ အော်ဟစ်နေကြပြန်တယ်။
"ငါ့မိန်းမ ပင်ပန်းနေပြီ၊ ဒီနေ့အတွက် မော့လိုက်ကြတော့။ မနက်ဖြန်မှ မင်းတို့အားလုံးကို သူ(မ)နဲ့ တွေ့ခွင့်မယ်"
အဲလိုနဲ့ တံခါးကို မင်းတုန်းပိတ်ပစ်လိုက်တယ်။
ကျွန်မ နည်းနည်းတော့ အံ့သြသွားမိတယ်။ ကြင်စဦးဇနီးမောင်နှံကို စနောက်တာက ထုံးစံဖြစ်ပေမယ့် သူကတော့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တယ်။
သူ့ခြေသံတွေက လေးလံပြီး သူ့အသက်ရှုသံတွေလည်း ကြမ်းတမ်းလွန်းတယ်။ သူ ကျွန်မဘေးမှာ ထိုင်လိုက်တဲ့အချိန်ဆ်ုရင် ကျွန်မ သူ့ဆီကနေ ဖြာထွက်လာတဲ့ အပူတွေကို ခံစားနေရတယ်။
အနီရောင်တုတ်ချောင်းလေးက ကျွန်မရဲ့သတို့သမီး ခေါင်းဆောင်းပုဝါကို ညင်ညင်သာသာ ပင့်တင်လာခဲ့တယ်။ ဖယောင်းတိုင်မီးတွေ တဖျပ်ဖျပ် ခတ်နေတာကြောင့် ကျွန်မ ကျွန်မရဲ့မျက်လုံးတွေကို ကာထားဖို့ အလိုလို လက်မြှောက်လိုက်မိတယ်။
"မင်း မျက်လုံးကျိန်းသွားလို့လား?" သူက မေးလာခဲ့တယ်။ အရက်ကြောင့် သူ့အသံက နည်းနည်း အက်ရှနေတယ်ဆိုပေမယ့် နားထောင်လို့ ကောင်းနေတုန်းပဲ။
ကျွန်မ လက်ကို ပြန်ချပြီး ခေါင်းယမ်းပြလိုက်တယ်။
စုန့်ချွမ်ကလည်း အနီရောင်၀တ်စုံကို ၀တ်ဆင်ထားတယ်။ သူက ထွားကြိုင်းပြီး မည်းမှောင်နေတဲ့ ယောကျာ်းကြီးဆိုတော့ တောက်ပတဲ့အနီရောင်က သူနဲ့ တခြားစီ ဖြစ်နေပြန်တယ်။
ရိုးရိုးသားသားပြောရရင် ဒီအနီရောင်က သူ့နဲ့ မလိုက်ဖက်ဘူး။ အဲ့အနီရောင်က နဂိုမှောင်နေတဲ့ သူ့မျက်နှာကို ပိုပြီး မည်းမှောင်စေတယ်။
ဒါပေမယ့် သူ အလွန်အကျွံ မူးနေတာကြောင့်လည်း ဖြစ်နိုင်သလို သူ့မျက်လုံးတွေက စိုစွတ်နေပြီး အလင်းရောင်အောက်မှာ တလက်လက် တောက်ပနေတာကြောင့် သူ့မျက်လုံးထောင့်တွေလည်း နီရဲနေခဲ့တယ်။ အခုမှ ကျွန်မ သတိပြုမိတာက သူ့မှာ အရမ်းလှပတဲ့ မက်မွန်ပွင့်ပုံမျက်လုံးတစ်စုံ ရှိနေတာပဲ။ သူ့မျက်ဆံလေးတွေက မည်းနက်ပြီး ကြည်လင်တောက်ပနေတယ်။
အသက်သုံးဆယ်နီးနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့အကြည့်က အဲ့လောက် ကြည်လင်ပြတ်သားနေသေးတာလား?
အဲ့အတွေးက ကျွန်မကို ရယ်မောစေခဲ့ပြီး ကျွန်မ တကယ် ရယ်မောလိုက်မိတယ်။
သူက ကျွန်မ ဘာကို ရယ်နေမှန်းကို မသိပေမယ့် သူ ခေါင်းကို ကုတ်နေပြီး ကျွန်မနဲ့အတူ လိုက်ရယ်မောနေခဲ့တယ်။
တောက်ပပြီး ရိုးသားတဲ့လူ.... ဘယ်လောက်ကောင်းတဲ့လူလဲ?
"မင်း တစ်နေလုံး ဘာမှ မစားရသေးဘူး၊ ဗိုက်ဆာ နေပြီလား? ဒီမှာ ခဏစောင့်ဦး၊ မီးဖိုချောင်ထဲမှာ စားစရာ ကျန်သေးလားလို့ ငါ သွားကြည့်ပေးမယ်"
သူက အပြင်မထွက်ခင် တံခါးနားကို နားနဲ့ကပ်ပြီး အပြင်က အသံတွေကို နားစွင့်နေသေးတယ်။
ကျွန်မလည်း အချုပ်အနှောင်ကနေ လွတ်မြောက်သွားတာကြောင့် မတ်တပ်ရပ်ပြီး လမ်းလျှောက်လိုက်တယ်။ အကြာကြီး ထိုင်နေရတာကြောင့် မြီးညှောင်းရိုးတွေတောင် နာနေပြီး ခြေသလုံးတွေလည်း ထုံကျင်နေပြီ။
သူက တံခါးကို တိတ်တဆိတ် ဖွင့်လိုက်တယ်။
. 🌟🌟🌟🌟🌟