အပိုင်း ၃
ခြံဝင်းက ကြီးကြီးမားမား မဟုတ်ပဲ တစ်ချက်ကြည့်ရုံနဲ့ အရာအားလုံးကို မြင်နိုင်တယ်။
တံစက်မြိတ်အောက်က အနီရောင်မီးအိမ်တွေက နွေးနွေးထွေးထွေး ဖြစ်လောက်အောင် တောက်ပနေသေးတယ်။ မီးဖိုချောင်ဝင်ပေါက်အနီးမှာ မိန်းမကြီးတချို့ ပန်းကန်ဆေးနေကြတယ်။
သူတို့က အလုပ်လုပ်နေရင်း စုန့်ချွမ်ကို ကျယ်ကျယ်လောင်လောင် လှမ်းစနောက်နေပြီး ရယ်မောနေကြပြန်တယ်။
မကြာခင်မှာပဲ စုန့်ချွမ်က ပန်းကန်လုံးတစ်လုံးနဲ့ တူတစ်စုံ ကိုင်ပြီး ပြန်ထွက်လာခဲ့တယ်။ သူက ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ထားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်လျှောက်လာတာကြောင့် ခြေလှမ်းအနည်းငယ်နဲ့ တံခါးဝကို ပြန်ရောက်လာတယ်။
ကျွန်မ နောက်ပြန်ဆုတ်ချင်ပေမယ့် နောက်ကျသွားပြီ။ အဲ့ဒါကြောင့် ကျွန်မက သူ့ကို တံခါး ကူဖွင့်ပေးလိုက်တယ်။
"ငါ မင်းအတွက် ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးတယ်"
သူက စကားပြောရင်းနဲ့ ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်ပြီး အနီရောင်တူတစ်စုံကို ကိုင်ထားရင်း ကျွန်မကို ကြည့်နေပြန်တယ်။
အဲဒါက ရိုးရိုးခေါက်ဆွဲတစ်ပန်းကန်ပဲ.... ဒါက ကျွန်မတို့အရပ်မှာ ကျွန်မတို့ရဲ့သမီးလေးတွေ လက်ထပ်တဲ့အခါ လုပ်ပေးလေ့ရှိတဲ့ ခေါက်ဆွဲတစ်ပန်းကန်ပဲ။
ကျွန်မ တစ်နေကုန် ဘာမှ မစားရသေးတော့ ခေါက်ဆွဲတစ်ပန်းကန်က ခဏလေး ကုန်သွားတယ်။
သူက ဘာမှ မပြောဘဲ ခန်အစွန်းမှာ ထိုင်နေရင်း ကျွန်မကို တိတ်တိတ်လေး စိုက်ကြည့်နေခဲ့တယ်။
သူ့မျက်လုံးထဲမှာ သူမ မတွေ့ဖူးတဲ့ အလင်းရောင်တွေ လင်းလက်နေသေးတယ်။
"နောက်ထပ်လိုချင်သေးလား?"
"ကျွန်မ ဗိုက်ပြည့်သွားပြီ"
"မင်းရဲ့အဝတ်အစားတွေကို အရင်လဲလိုက်တော့လေ၊ ငါ မင်းအတွက် ရေနွေးသွားယူပေးမယ်"
သူက ပန်းကန်အလွတ်ကို ကောက်ကိုင်ကာ အပြင်ကို ပြန်ထွက်သွားပြန်တယ်။
ကျွန်မ ငါးနှစ်အရွယ်တည်းက မိဘတွေ နောက်ကနေ လိုက်ပြီး လယ်ကွင်းတွေထဲမှာ အလုပ်ကူလုပ်နေရပြီ။ ရွှီလောင်စန်းနဲ့ အိမ်ထောင်ကြပြီးတဲ့နောက်မှာ ကျွန်မ လယ်ထဲတင်မကတော့ဘဲ ဝက်စာကျွေးတာ၊ ကြက်မွေးမြူတာ၊ ချက်ပြုတ်တာနဲ့ လျော်ဖွတ်ဆေးကြောတာတွေကို အဆုံးမရှိ လုပ်ခဲ့ရတယ်။ ပူပူနွေးနွေး အစားအစာတစ်ပန်းကန်ကို အေးအေးဆေးဆေး စားနိုင်ဖို့ စားပွဲမှာ တစ်ခါမှ မထိုင်ခဲ့ဖူးဘူး။
ဒါပေမယ့် စုန့်ချွမ်က ကျွန်မအတွက် ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးပြီး စားဖို့ ပြောခဲ့တယ်။ သူက ကျွန်မ ဆေးကြောဖို့ ရေနွေးဇလုံကိုတောင် ယူပေးချင်နေသေးတယ်။
ဟား! ဟား!
ကျွန်မ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဘယ်လောက်တောင် သနားစရာကောင်းခဲ့တယ်ဆိုတာကို ကောင်းကင်က မြင်နိုင်ခဲ့ပြီလား? ဒါမှမဟုတ် သူတို့က ကျွန်မရဲ့ဆန္ဒတွေကို ကြားနေရပြီး ကျွန်မကြောင့် နားပူလွန်းလို့ သည်းမခံနိုင်တော့ဘဲ နောက်ဆုံးမှာ ကျွန်မကို ဒီလိုလူကောင်းတစ်ယောက် ပေးခဲ့တာ ဖြစ်နိုင်လား?
သူ့လိုလူတစ်ယောက်က သူ့မိန်းမ ထွက်သွားပြီးတာ နှစ်အတော်ကြာတဲ့အထိ ဘာကြောင့် နောက်အိမ်ထောင်မပြုခဲ့တာလဲ? သူက ဘာလို့ ကျွန်မကို လက်ထပ်ခဲ့တာလဲ?
စိတ်ထဲမှာ တွေးစရာတွေ အများကြီး ရှိနေပေမယ့် ဒီညက ကျွန်မတို့ရဲ့ မင်္ဂလာဦးညပဲ။ အဲဒီလို အတွေးတွေ တွေးနေရမယ့် အချိန် မဟုတ်သေးဘူး။
ကျွန်မရဲ့ ခန်းဝင်ပစ္စည်းက အနီရောင်သစ်စေး သုတ်ထားတဲ့ သစ်သားသေတ္တာ နှစ်လုံးပဲ ရှိတယ်၊ သေတ္တာတစ်လုံးထဲမှာ ကျွန်မရဲ့အဝတ်အစားတွေ ပြည့်နေပြီး နောက်တစ်လုံးထဲမှာတော့ စောင်နှစ်ထည် ရှိတယ်။
ကျွန်မ သေတ္တာကို ဖွင့်လိုက်ပြီး အထဲက ချည်သားအောက်ခံအဝတ် နှစ်စုံကို ထုတ်ယူပြီး ကျွန်မအတွက် တစ်စုံကို အမြန် လဲဝတ်လိုက်တယ်။ စုန့်ချွမ်အတွက် တစ်စုံကိုတော့ ခန်အစွန်းမှာ သေသေသပ်သပ် တင်ထားလိုက်တယ်။
တကယ်တော့ ကျွန်မတို့လို မိသားစုတွေက အတွင်းခံအတွက် ချည်ထည်ကောင်းကောင်း ဝယ်ဖို့ မတတ်နိုင်ဘူးလေ။ ဘဝက ခက်ခဲလွန်းတယ်.... တစ်ခါတစ်ရံမှာ ဝမ်းဗိုက်ပြည့်ဖို့တောင် ရုန်းကန်နေရတာဆိုတော့ ဘယ်သူက အ၀တ်အစားကောင်းတွေ ဝတ်ပြီး အိပ်ယာထဲမှာ ဇိမ်ခံနေနိုင်မှာလဲ?
ပင်ပန်းလွန်းလို့ စောင်ကို ဆွဲချုံလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်နိုင်တာကို တခြားအရာတွေကို အာရုံစိုက်စရာ လိုပါ့မလား?
ကျွန်မလည်း အဲဒီလို တွေးခဲ့ဖူးတာပေါ့။
ရွှီလောင်စန်းက ကျွန်မကို အမြဲလှောင်ပြောင်လေ့ရှိပြီး စီရင်စုမြို့မှာ ရှိတဲ့ ပြည့်တန်ဆာအိမ်က မိန်းကလေးတွေတောင် အဝတ်ဗလာနဲ့ မအိပ်ကြဘူးလို့ ပြောခဲ့ဖူးတယ်။ သူ ပြောတာက ကျွန်မက အရှက်မရှိဘူးတဲ့။ အဲဒီ့နောက်မှာတော့ ကျွန်မက ကျွန်မရဲ့အ၀တ်ဟောင်းတွေကို ညဘက်ဝတ်ဖို့ အတွင်းခံအဖြစ် ပြန်ချုပ်ခဲ့ရတယ်။
ကျွန်မ အဲဒါကို ကျင့်သားရသွားတာ ဖြစ်နိုင်တယ် ဒါက ပါးလွှာတဲ့အဝတ်အစားတစ်ခုပဲဆိုရင်တောင် ကျွန်မကို အရှက်လုံစေတယ်။
ဒီတစ်ခါတော့ အမေက တော်တော်လေး ရက်ရောပြီး ကျွန်မကို အထည်တွေ ရွေးခိုင်းခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မ ချည်သားကောင်းကောင်းလေး ရွေးပြီး စုန့်ချွမ်နဲ့ ကျွန်မအတွက် အတွင်းခံအ၀တ်နှစ်စုံ ချုပ်လိုက်တယ်။
"မင်းက တကယ်ကို ခြွေတာရမှန်း မသိဘူးပဲ၊ ဒီလို ချည်သားကောင်းက တာရှည်ခံတာ မဟုတ်ဘူး၊ အင်္ကျီတစ်ထည်အတွက် ချုပ်ဖို့ တောင်မှ မတန်ဘူး..."
သူမ အထည်ရွေးနေတာကို မြင်တော့ အမေက အဆုံးမသတ်နိုင်အောင် ဆူပူခဲ့သေးတယ်။
နောက်ပိုင်းကျတော့ သူမ အတွင်းဝတ်တွေ ချုပ်နေတာကို အမေ မသိအောင် ခိုးချုပ်ခဲ့ရတယ်။
ကျွန်မ ဒီချည်သားအကောင်းတွေ သုံးပြီး အတွင်းဝတ်တွေ ချုပ်နေတာကို အမေ မြင်သွားခဲ့ရင် ကျွန်မရဲ့အမေ အဲ့နေရာမှာတင် မေ့လဲသွားနိုင်တယ်။
ချည်ချောတစ်စအတွက် ငွေလျန်တစ်ဝက်လေ... ဘယ်သူက အဲ့ချည်ချောနဲ့ အတွင်းဝတ်တွေလုပ်ဖို့ သတ္တိရှိမှာလဲ။
စုန့်ချွမ်က ရေနွေးဇလုံ ကိုင်ရင်း ပြန်ရောက်လာပြန်တယ်။ အတွင်းဝတ်ကိုပဲ ဝတ်ထားပြီး ခန်အစွန်းမှာ ထိုင်နေတဲ့ ကျွန်မကို တွေ့သွားတော့ သူက ကျွန်မကို ကြောင်တက်တက်နဲ့ စိုက်ကြည့်နေပြီး ရှေ့ကို တိုးလာခဲ့တယ်။
နောက်တော့ သူက ကျွန်မအနားကို ရောက်လာပြီး ခန်ပေါ်က အဝတ်တစ်စုံကို ထိကြည့်နေပြန်တယ်။ ပြီးတော့ သူက ကျွန်မကို လှည့်ကြည့်ပြီး ရုတ်တရက် ပြုံးပြလာခဲ့တယ်။
ကျွန်မတို့ အရမ်းကပ်နေတော့ သူ့နားရွက်တွေ နီနေတာကို ကျွန်မ မြင်လိုက်ရတယ်။
"ငါ့လက်တွေ ကြမ်းတမ်းလွန်းတယ်၊ ဒါတွေ ပျက်စီးသွားမှာ ကြောက်လို့ ဆေးကြောပြီးမှပဲ လဲဝတ်တော့မယ်"
သူက နောက်ပြန်လှည့်ပြီး အပြေးတစ်ပိုင်း ထွက်သွားတာကြောင့် ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့ရပြန်တယ်။
ကျွန်မ ခေါင်းလေးပဲ ပြန်ညိတ်ပြတာကို သူ့မျက်နှာက ချက်ချင်း နီရဲသွားပြန်တယ်။
သူ ဘာတွေ တွေးနေတာလဲ?
🌟🌟🌟🌟🌟