Chapter 4
Viewers 231

အပိုင်း ၄

ဒီညက အရာရာကို ဖရိုဖရဲ ဖြစ်စေခဲ့တယ်။

ကျွန်မနဲ့ စုန့်ချွမ်​တို့ နှစ်ယောက်စ​လုံးက  အတွေ့အကြုံရှိတဲ့သူတွေလေ၊ ဒါပေမယ့် သူက မိန်းမ မရှိဘဲ တစ်ယောက်တည်းနေခဲ့တာ အ​တော်​ကြာ​နေပြီပြီ​။

ကျွန်မ တစ်ညလုံး မှောက်လိုက် လှန်လိုက် အလုပ်ခံနေရပြီး မိုးလင်းတဲ့ အချိန်မှ မျက်လုံးတွေကို မှိတ်ခွင့်ရခဲ့တယ်။

ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံး လုံးလုံးလျားလျား ပင်ပန်းနွမ်းနယ်နေပေမယ့် ကျွန်မရဲ့စိတ်ကတော့ လုံးဝ နိုးကြားနေတယ်။

ကျွန်မပါးကို ပူနွေးပြီး သန်မာတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်နဲ့ ဖိကပ်ထားခံရတုန်းပဲ၊ အဲဒီလူရဲ့အသက်ရှူသံကလည်း လေးလံနေသေးတယ်။

သူက အရမ်း နူးညံ့သိမ်မွေ့တယ်.... သူရဲ့စိတ်အားထက်သန်မှုထက် အဆပေါင်းများစွာ နူးညံ့သိမ်မွေ့တယ်။

ရွာကလူတွေက အသိဥာဏ်နည်းကြပြီး အမျိုးသမီးတွေကြားထဲမှာ အတင်းအဖျင်းပြောတဲ့အခါ စည်းလွတ်ဝါးလွတ် ပြောတက်ကြတယ်။

တခါတလေ သူမတို့ရဲ့ အိပ်ခန်းထဲက ကိစ္စတွေကိုတောင် ပြောဆိုတတ်ကြပြီး တချို့စုံတွဲတွေက ကောင်းကောင်းမွန်မွန် နှီးနှောကြပြီး အဲ့တာက သူတို့ဘဝရဲ့ ကြည်နူးမှုကြီးတစ်ခုလို့တောင် ပြောကြသေးတယ်။

ကျွန်မ အဲ့တာကို တစ်ခါမှ နားမလည်ခဲ့ဘူး။ ရွှီလောင်စန်း ကျွန်မကို ထိတွေ့ခဲ့တာက သူ့ကလေးကို ကလေးမွေးဖို့ သက်သက်ပဲ။ နှစ်နှစ်ကြာပြီးတဲ့အထိ ကျွန်မ ကိုယ်ဝန်မဆောင်နိုင်တဲ့နောက်မှာ သူက ကျွန်မကို ဘယ်တော့မှ ထပ်မထိတော့ဘူး။

ဒီညတော့ လိင်ကိစ္စကို ဘာလို့ ဘဝရဲ့ပျော်ရွှင်စရာလို့ ပြောလဲဆိုတာကို ကျွန်မ နောက်ဆုံးနားလည်လာခဲ့ပြီ။

ပြီးတော့ တကယ့်ယောက်ျားအစစ်မှာ ရင်ဘတ်ကျယ်ပြီး တောင့်တင်းတဲ့ ကြွက်သားတွေ ရှိတယ်ဆိုတာကိုလည်း ကျွန်မ သိလာခဲ့ရတယ်။

သူ့ခန္ဓာကိုယ်ထဲက ဖြာထွက်နေတဲ့ အပူတွေက ကျွန်မ မျက်နှာကို နီရဲစေပြီး နှလုံးခုန် မြန်စေတယ်။ သူ့ရဲ့သိမ်မွေ့တဲ့ မေးခွန်းတွေက ကျွန်မကို နူးနူးညံ့ညံ့ အရည်ပျော်သွားစေခဲ့တယ်။

ကျွန်မလည်း အရမ်း နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ ကျွန်မ ဘယ်တုန်းကမှ မသိခဲ့ဘူး။ ဒီနေ့တော့ နောက်ဆုံး ကျွန်မ အဲ့ဒါကို သဘောပေါက်သွားပြီ။

ကျွန်မ မျက်လုံး ပြန်ဖွင့်တဲ့အချိန်မှာ နေက ကောင်းကင်ရဲ့တော်တော်မြင့်မြင့်ကို ရောက်နေပြီ။ ဆောင်းဦးရာသီဖြစ်နေပေမယ့် နေရောင်က နွေးထွေးမှုအချို့ကိုတော့ သယ်ဆောင်ပေးနေသေးတယ်။

နွေးထွေးတဲ့ နေရောင်က ကန့်လန့်ကာတွေကနေတဆင့် ကျွန်မ မျက်နှာပေါ်ကို ဖြာကျနေတာကြောင့် ကျွန်မကို သက်တောင့်သက်သာရှိစေတယ်။

တခါတလေ ခြံဝင်းထဲက ငှက်အော်သံတွေကို ကြားရပေမယ့် အရာအားလုံးက  တိတ်ဆိတ်နေတယ်။

ကျွန်မ ချက်ပြုတ်မှာကို စေင့်နေတဲ့လူ မရှိသလို ကျွန်မကို သန့်ရှင်းရေးလုပ်ဖို့ အော်ဟစ်နေတဲ့လူလည်း မရှိဘူး။ ကျွန်မ အစာကျွေးမှာကို စောင့်နေတဲ့ ကြက်တွေ ဝက်တွေလည်း မရှိဘူး။

ကျွန်မ အချိန်ကုန်တဲ့အထိ ဒီအတိုင်းအိပ်နေရင်တောင် ဘယ်သူမှ ကျွန်မကို ဆူပူကြိမ်းမောင်းရိုက်နှက်မှာ မဟုတ်ဘူး။

မထင်မှတ်ပဲ အရာအားလုံးက ပိုကောင်းလာခဲ့တယ်။

ကျွန်မ ထထိုင်ပြီး အဝတ်အစားတွေကို ဖြည်းဖြည်းချင်း ဝတ်လိုက်တယ်။ နောက်တော့ တံခါးကို တွန်းဖွင့်လိုက်တယ်။ နေရောင်ခြည်က ကျွန်မပေါ်ကို ဖြာကျလာတယ်။

ခြံဝင်းက လုံးဝ ရှင်းလင်းနေပြီး တံစက်မြိတ်အောက်မှာ မီးပုံးနီတွေ ချိတ်ဆွဲထားတုန်းပဲ။

ခြံဝင်းထဲမှာ အိမ်ခန်းအနည်းငယ်ပဲ ရှိတယ်။ ရေတွင်းအစွန်းမှာ သစ်သားအင်တုံကြီးတွေ ချထားပြီး အထဲမှာ ဆေးကြောထားတဲ့ ပန်းကန်တွေနဲ့ တူတွေ ပြည့်နေတယ်။ ထင်းတွေကို နံရံမှာ သေသေသပ်သပ် စီထားတယ်။ အိမ်နောက်ဖေးမှာ အမျိုးမျိုးသော ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေပေမယ့် စနစ်တကျ စီစဉ်ထားတယ်။ မီးဖိုချောင်ရဲ့ တံစက်မြိတ်အောက်မှာတော့ စားပွဲခုံတွေနဲ့ ကုလားထိုင်တွေ အများကြီး ရှိနေပြီး အခုထိ သန့်ရှင်းရေး မလုပ်ရသေးဘူး။

ဒီအိမ်မှာ မိန်းမတစ်ယောက် မရှိခဲ့တာ နှစ်အတော်ကြာနေပြီ၊ ဒါပေမယ့် အရာအားလုံးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်သေးတယ်။ စုန့်ချွမ်က လုံ့လဝီရိယရှိပြီး စေ့စေ့စပ်စပ်ရှိတဲ့သူဆိုတာ ထင်ရှားနေတယ်။

ခြံဝင်းရဲ့တံတိုင်းက နိမ့်ပြီး မျက်စိကောင်းရင် အဝေးက စိမ်းလန်းတဲ့ တောင်တန်းတွေကိုတောင် မြင်နိုင်တယ်။

 နံရံရဲ့အပြင်ဘက်မှာ ပေါ်ပလာပင်တစ်ပင်ရှိပြီး အရွက်တွေကြွေကျနေပြီ။ အကိုင်းအခက်တွေပေါ်မှာ တွဲလောင်းကျန်နေသေးတဲ့ အရွက်တွေကလည်း ရွှေရောင်ပြောင်းနေပြီ။

ခြံဝင်းနံရံမှာ နားနေတဲ့ စာငှက်အနည်းငယ်ကတော့ တက်တက်ကြွကြွနဲ့ ဆူညံနေအောင် အော်ဟစ်နေကြတယ်။

ခြံတံခါးက ပွင့်နေပြီး တံခါးခုံမှာ ကောင်မလေးတစ်ယောက် ထိုင်နေတယ်။

ကောင်မလေးက အနီရောင်ချည်ဂွမ်းသားအင်္ကျီကို ၀တ်ထားပြီး ဆံပင်ကို ဆံထုံးသေးသေးလေး ထုံးထားတယ်။

ကောင်မလေးရဲ့ကျောပြင်က ပိန်းလွန်းနေတာ သိသာနေပြီး ဆံပင်တွေကလည်း ကျိုးတို့ကျဲတဲနဲ့ အဝါရောင်သန်းနေသေးတယ်။

အဲ့ကောင်မလေးက စုန့်ချွမ်ရဲ့သမီးလေ။ သူမကို ရှို့အာလို့ ခေါ်တယ်။

မနေ့ညက သူမက ကျွန်မ စားဖို့ မုန့်အချိုတွေ ပေးခဲ့သေးတယ်။

နောက်ဆုံးတော့ ကျွန်မက  အိပ်ယာထနောက်ကျပြီး ကလေးကတောင် ကျွန်မထက် စောစောနိုးနေသေးတယ်။ ကျွန်မ နည်းနည်းလေး အပြစ်ရှိသလို ခံစားရပြီး ရေဇလုံတစ်လုံးကို ကောက်ကိုင်ရင်း သူမကို လှမ်းခေါ်လိုက်တယ်။

"ရှို့အာ"

သူမက ကျွန်မ လှည့်မကြည့်သလို ပြန်လည်း မထူးဘူး။

ကျွန်မ သူမကို ထပ်ခေါ်ပေမယ့် သူမက လုံးဝ ပြန်မထူးဘူး။

သူမ ကျွန်မကို စိတ်ဆိုးနေတာ ဖြစ်နိုင်မလား လို့တောင် ကျွန်မ တွေးနေမိပြီ။ သူမက သူမရဲ့အဖေကို နောက်အိမ်ထောင်မပြုစေချင်ဘူးလား? ဒါမှမဟုတ် ကျွန်မ အရမ်းနောက်ကျတဲ့အထိ အိပ်လို့ သူမ ‌ဒေါသထွက်နေတာလား?

တကယ်တော့ ဒီကမ္ဘာကြီးမှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မိထွေးနဲ့ လင်ပါကလေးရယ်လို့ မများကြီး မရှိပါဘူး။

ဒါပေမယ့် စုန့်ချွမ်က လူကောင်းတစ်ယောက်မို့ ကျွန်မ သူ့သားသမီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးချင်တယ်။

ကျွန်မ ကလေးမလေးရဲ့ ကျောပြင်ပိန်ပိန်လေးကို လက်နဲ့ ဖွဖွလေး ပုတ်လိုက်တယ်။ သူမက နောက်ကို ပြန်လှည့်လာပြီး နက်မှောင်နေတဲ့ မျက်လုံးကြီးတွေနဲ့ ကျွန်မကို ပြန်ကြည့်လာတယ်။

ရွာတွေက မိန်းကလေးတွေမှာ ချောမောပြီး သိမ်မွေ့တဲ့ အသွင်အပြင်မျိုး မရှိသလောက် ရှားတယ်။ ရှို့အာကတော့ အမှန်တကယ်ကို လှတယ်။ ဒါပေမယ့် သူမက ပိန်လွန်းတယ်။ သူမရဲ့ပါးပြင်တွေက အသားအစအနတောင် လုံးဝ မရှိဘူး။

သူမက စကားမပြောဘဲ ကျွန်မကို တိတ်တဆိတ် စိုက်ကြည့်နေတယ်။

ကျွန်မလည်း ရှက်ရှက်နဲ့ ပြုံးပြလိုက်ပြီး "ငါ အိပ်ယာထနောက်ကျ သွားတယ်"

ကလေးမလေးက နှုတ်ခမ်းဖြူဖျော့ဖျော့လေးကို ဖိထားပြီး ပြန်ပြုံးပြလာတယ်။

သူမက မတ်တပ်ထရပ်ပြီး ကျွန်တမလက်ထဲက ရေဇလုံကို လက်ညှိုးထိုးပြပြီး မီးဖိုချောင်ကို ထပ်ညွှန်နေပြန်တယ်။ ပြီးတော့ ကျွန်မ နားမလည်နိုင်တဲ့ အမူအရာတစ်ခု လုပ်ပြတယ်။

ကျွန်မ ခဏလောက် ထိန်လန့်နေမိတယ်။

ရှို့အာက စကားမပြောနိုင်ဘူးလို့ ဘယ်သူမှ ကျွန်မကို မပြောခဲ့ကြဘူး။

အောင်သွယ်က ဘာမှ မပြောသလို ကျွန်မ မိဘတွေရောပဲ။ စုန့်ချွမ်ကလည်း ဘာမှ မပြောဘူး။

ဒီကလေးမလေး... သူမက စကားမပြောနိုင်ဘူးလား?

ကျွန်မ အံ့သြတကြီး ရပ်နေတာကို မြင်တော့ ကလေးမလေးရဲ့မျက်နှာမှာလည်း ကြောက်ရွံ့ထိတ်လန့်မှုတွေ ပေါ်လာတယ်။

သူမက ငယ်ရွယ်သေးပြီး ခံစားချက်တွေကို ဖုံးကွယ်ဘယ်လို ဖုံးကွယ်ရမှန်း မသိတာကြောင့် ပြန်လှည့်ပြေးထွက်သွားတော့တယ်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟