Chapter 6
Viewers 233

အပိုင်း ၆

နောက်တော့ စုန့်ချွမ်နဲ့ တာ့လန် ပြန်ရောက်လာတယ်။

သူတို့က ဆန်နဲ့ ဂျုံမှုန့်တွေ ဝယ်ဖို့ မြို့ကို သွားခဲ့ကြတာပဲ။

စုန့်ချွမ်က မုဆိုးဖြစ်ပြီး မုဆိုးတွေက မြေပိုင်ဆိုင်မှု မရှိဘူး၊ အဲ့ဒါကြောင့် မိသားစု စားဖို့ ကောက်နှံကို ဝယ်ရတယ်။

"ဘာလို့ ငိုနေတာလဲ?"

သူက  ထိုင်ချလိုက်ပြီး ရှို့အာကို ကြည့်နေရင်း  လက်ဟန်ခြေဟန်နဲ့ မေးနေတယ်။

ရှို့အာက သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး လက်ဟန်အမူအရာတွေ ဆက်တိုက်လုပ်ပြနေတယ်။

အဖေနဲ့သမီး ပြောနေတာတွေကို ကျွန်မ နားမလည်ပေမယ့် သူတို့ အချင်းချင်းတော့ အပြန်ပြန်အလှန်လှန် ပြောဆိုဆက်ဆံနိုင်ကြပုံပဲ။

အခု သူတို့ ပြန်ရောက်လာပြီဆိုတော့ စားဖို့ အချိန် ရောက်ပြီ။

ကျွန်မ စားစာရာ ပြင်ဆင်ဖို့ မီးဖိုချောင်ကို သွားလိုက်တယ်။ အဲ့အချိန်မှာ တာ့လန်က တံစက်မြိတ်အောက်မှာ ဂျုံမှုန့်အိတ်ကို သယ်ဖို့ ရုန်းကန်နေတယ်။

သူ့မျက်လုံးတွေက စုန့်ချွမ်နဲ့တူပေမယ့် သူ့အဖေလို သန်မာတဲ့ ခန္ဓာကိုယ်တော့ မရှိသေးဘူး။

ကောင်လေးက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဖြစ်ပြီး မာကြောပြီး တောင့်တင်းနေတဲ့ အပြာရောင်အနွေးထည်အဟောင်းလေးကို ဝတ်ဆင်ထားတယ်။ အင်္ကျီက သူ့ခန္ဓာကိုယ်ပေါ်မှာ ချောင်ချောင်လေး ဖြစ်နေပြီး လျော့တိလျော့ရဲ လျောကျနေသေးတယ်။

ကျွန်မ လက်ကို ဆန့်ပြီး ဂျုံအိတ်ကို ခပ်အေးအေး လှမ်းယူလိုက်တယ်။

ကောင်လေးက ခဏလောက် မှင်သက်နေပြီးမှ  သူ့မျက်နှာက ရှက်ကိုးရှက်ကန်း အရိပ်အယောင်တွေ ဖျက်ခနဲ တောက်ပလာတယ်။

ကျွန်မ ဘာမှ မပြောတော့ပဲ ဂျုံမှုန့်တွေကို အိုးထဲကို လောင်းထည့်ပြီး ဟင်းချက်ဖို့ ပြန်သွားလိုက်တယ်။

တာ့လန်က တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ရပ်နေပြီး ရှက်နေပုံနဲ့ အဆင်မပြေ ဖြစ်နေပြန်တယ်။

တကယ်တော့ ကျွန်မ သူ့ဆီက ဒီဂျုံအိတ်ကို လှမ်းမယူခဲ့သင့်ဘူး။

ဒါပေမဲ့ ယူပြီးသွားပါပြီ။ အခုမှ နောင်တရတာက အသုံးမဝင်တော့ဘူး။

ဒီအရွယ်မှာ ယောက်ျားလေးတွေက သူတို့ရဲ့မာနကို တခြားအရာတွေထက် တန်ဖိုးထားကြတယ်။

စုန့်ချွမ်က တာ့လန်က သူ့နဲ့အတူ တောင်ပေါ်ကို တက်နိုင်နေပြီလို့ ပြောခဲ့ပေမယ့် ယခု သူ့ကို ကြည့်လိုက်တော့ ကျွန်မအတွက် ယုံရခက်နေပြီ။

ပိန်ပိန်ပါးပါး ဒီကလေးလေး.... သူ ဘယ်လိုလုပ် တောင်တွေပေါ်မှာ အမဲလိုက်ဖို့ သင့်တော်ပါဦးမလဲ?

"တာ့လန်၊ မင်းအဖေနဲ့ ရှို့အာကို စားဖို့ ခေါ်လိုက်တော့"

ကောင်လေးက တံစက်မြိတ်အောက်မှာ ရပ်နေတုန်းပဲ။ ကျွန်မ ပြောတာကို ကြားတော့ ခေါင်းညိတ်ပြလာတယ်။

တစ်မိသားစုလုံး တံစက်မြိတ်အောက်မှာ ထိုင်စားကြတယ်။

ရွာမှာကတော့ ဒီလိုပဲ။ ပင်မခန်းအတွင်းမှာ ထိုင်ပြီး စားသောက်ဖို့ ခက်ခက်ခဲခဲတွေ လုပ်မနေကြဘူး။

လူတိုင်းက တံစက်မြိတ်အောက်မှာ ဒါမှမဟုတ် ခြံဝင်းထဲမှာ ထိုင်ပြီး စားစရာတွေကို မြန်မြန် စားပစ်လိုက်ကြတယ်။

"မိန်းမ၊ မင်းလည်း များများ စားသင့်တယ်! မင်း ဒီနေ့ အလုပ်ကြိုးစားခဲ့ရတယ်။ အစက ငါ စောစောပြန်လာဖို့ စီစဉ်ထားပေမယ့် နွားလှည်းက လမ်းတစ်ဝက်မှာ ပျက်သွားလို့ နောက်ကျသွားတယ်"

ကျွန်မ ပန်းကန်ကို ကိုင်ထားပြီး တူကို မရွေ့သေးတာ  မြင်တော့ စုန့်ချွမ်က တိုးတိုးလေး ပြောလာတယ်။ သူ ရှက်နေတာ ဟုတ် မဟုတ် မသဲကွဲပေမယ့်  သူ ကျွန်မကို စကားပြောတိုင်း သူ ခေါင်းငုံ့ထားပုံရတယ်။

ရယ်စရာကောင်းလိုက်တာ.... အရွယ်ရောက်ပြီးတဲ့လူက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှက်တတ်ရတာလဲ? သေချာတာကတော့ မနေ့ညက အိပ်ယာထဲမှာတော့ သူ ဒီလို မဟုတ်ခဲ့ဘူးလေ။

"ရပါတယ်၊ ကျွန်မ ဒီအလုပ်တွေကို အသားကျနေပါပြီ။ ပြီးတော့ ရှို့အာကလည်း ကျွန်မကို ကူညီပေးခဲ့တယ်!"

“စားပြီးရင် မင်း အနားယူလိုက်တော့နော်၊ ငါ ပန်းကန်တွေ ဆေးပေးပါ့မယ်"

စုန့်ချွမ်က သူ့ထမင်းပန်းကန်ကို မြန်မြန် လက်စသတ်ပြီး ထမင်း ထပ်ထည့်ဖို့ မီးဖိုချောင်ထဲကို ဝင်သွားတယ်။

ပန်းကန်ဆေးမှာလား? အခုရော သူ့ဘာသာသူ ထမင်းသွား ခူးတာလား?

ပန်းကန်ဆေးဖို့ မပြောနဲ့ ထမင်းသွားခပ်ဖို့ မီးဖိုချောင်ထဲကို ဝင်တဲ့ ယောက်ျားတောင် တော်တော် ရှားတယ်။

မိန်းမတွေကတော့ နွေဦး၊ နွေ၊ ဆောင်းဦး ဒါမှမဟုတ် ဆောင်းရာသီတွေမှာ အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ် အားလပ်နေတာပဲဖြစ်ဖြစ်၊ တကယ်လို့ ယောကျာ်းနောက်ကနေ အလုပ်လိုက်လုပ်ရတယ်ဆိုရင်တောင် အိမ်မှုကိစ္စကိုတော့ လုံးဝ လျစ်လျူရှုထားလို့ မရဘူး။

တတိယအချိန်မှ အိပ်ရပြီး စတုတ္ထအချိန်ရောက်ရင် အိပ်ယာထရတယ်။ ယောက်ျားက စိတ်ဆိုးရင် မိန်းမကို ရိုက်တာ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းတာတွေကို လုပ်နိုင်သေးတယ်။

(T/n: တတိယအချိန် (ည ၁၁ မှ မနက် ၁နာရီ)/ စတုတ္ထအချိန် (မနက် ၁နာရီမှ မနက် ၂ နာရီ)

ရွှီလောင်စန်းနဲ့ အတူနေတုန်းက ကျွန်မလည်း ဒီလိုမျိုး နေခဲ့ရတာပဲလေ။ ယောက်ျားတစ်ယောက်ရဲ့ ဒေါသကို သည်းခံပြီး ယောက္ခမရဲ့ နှိပ်စက်ညှဉ်းပန်းမှုအောက်မှာ ခံစားနေခဲ့ရတဲ့ ဘဝမျိုးပေါ့။

ကျွန်မတို့ မိသားစု တိတ်တိတ်ဆိတ်ဆိတ် စားသောက်ခဲ့ကြတယ်။ ရှို့အာက စကားမပြောနိုင်သလို တာ့လန်ကလည်း တိတ်ဆိတ်ပြီး သီးသန့်နေတတ်တဲ့ ကောင်လေးဆိုတာ သိသာနေတယ်။ စုန့်ချွမ်နဲ့ ကျွန်မလည်း ကလေးတွေရှေ့မှာ ဘာမှ သိပ်ပြောစရာမရှိတာကြောင့် တိတ်ဆိတ်နေတာက ပုံမှန်ပါပဲ။

ထမင်းစားပြီးတဲ့နောက်မှာ စုန့်ချွမ်က ပန်းကန်ဆေးဖို့ မီးဖိုချောင်ထဲကို တကယ် ဝင်သွားခဲ့တယ်။ သူက ရှို့အာနဲ့ တာ့လန်ကို သွားအိပ်ခိုင်းခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တာ့လန်လည်း သူ့ကို ကူညီပေးနေရပြီး ကောင်းကောင်း မအိပ်ရဘူးလို့ သူက ပြောသေးတယ်။ ကလေးတွေက ကြီးထွားနေဆဲဆိုတော့ အလုံအလောက် အနားမယူနိုင်တာက သူ့တို့ကို ကြီးထွားလာစေမှာ မဟုတ်ဘူး။

"မိန်းမ၊ မင်းလည်း အနားယူသင့်တယ်။ ငါ ညနေစာ ချက်ပြီး အဆင်သင့်ဖြစ်မှ မင်းကို လာနှိုးမယ်"

ကျွန်မ လုံးဝ မယုံနိုင်ဘူး။ အိပ်မက်မက်နေသလို ခံစားနေရတယ်။

ဒီလို ကြမ်းတမ်းပြီး ထွားကြိုင်းတဲ့ လူသန်ကြီးက ဘယ်လိုဖြစ်ပြီး နူးညံ့သိမ်မွေ့တဲ့ သဘောထားရှိနိုင်ရတာလဲ? သူက ဘယ်လိုလုပ်ပြီး ဒီလိုတွေ တွေးခေါ်နိုင်ရတာလဲ?

သူက သားသမီးတွေကို ပြုစုစောင့်ရှောက်နိုင်သလို မိန်းမကိုလည်း ဂရုစိုက်ပေးတယ်။

သူလိုလူကို ကျွန်မ ဘယ်လို တွေ့ဆုံခွင့်ရခဲ့တာလဲ?

သူ့လို ယောက်ျားတစ်ယောက်က ဘာလို့ ဇနီးမရှိဘဲ နှစ်တွေ ဒီလောက်ကြာအောင် နေခဲ့ရတာလဲ?

သေချာတာကတော့ သူ့ကိုလက်ထပ်ချင်တဲ့ မိန်းမတွေ အများကြီး ရှိနေမှာပဲ။

ဒါဆို သူက ဘာလို့ ကျွန်မကို ရွေးခဲ့တာလဲ?

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

အပိုင္း ၆