အပိုင်း ၁၄
"ရှို့အာက သူတို့ တခြားကလေးတွေနဲ့ ကျောက်တုံးတွေ ပစ်ပြီး ကစားတာလို့ ပြောတယ်။ ရှို့အာက အကြိမ်ကြိမ် နိုင်နေလို့ ကျူးဇီက မကျေမနပ်ဖြစ်ပြီး သူ့ကို မြေပြင်ပေါ် တွန်းချတယ်တဲ့၊ ပြီးတာ့ ကန်ကျောက်ပြီး ကျိန်ဆဲခဲ့တယ်တဲ့"
တာ့လန်က ဒေါသကြောင့် တုန်ယင်နေပြီ၊ သူက သူရဲ့လက်သီးသေးသေးလေးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး တစ်ယောက်ယောက်ကို ထိုးဖို့ အဆင်သင့်ဖြစ်နေပုံပေါ်တယ်။
ဒါကိုကြားတော့ ကျူးဇီက သူ့အမေနောက်ကို ဝင်သွားပြီး ခေါင်းမမော့ရဲတော့ဘူး။
"ဟေ့ ကလေးတွေ... မင်းတို့ ရှို့အာနဲ့ ဆော့နေတာမဟုတ်လား၊ ငါ့ကို ပြောစမ်း၊ ဘယ်သူက အမှန်အတိုင်း ပြောနေတာလဲ? ကျူးဇီက ဘာတွေပြောခဲ့လဲ"
ကလေးတွေ အချင်းချင်း ပြန်ကြည့်ပြီး တုံ့ဆိုင်းနေကြသေးတယ်။ ခဏကြာတော့ ဘောင်းဘီတိုလေးက သိသိသာသာ တိုလွန်းနေပြီး အရပ်ရှည်ရှည် အသားညိုညို ကောင်လေးတစ်ယောက်က ရှေ့ကို တိုးလာတယ်။ ကျွန်မ သူ့ကို မမှတ်မိဘူး။
သူ့မျက်လုံးတွေက အံ့သြစရာကောင်းလောက်အောင် တောက်ပနေပေမယ့် သူ့ဖိနပ်က အပေါက်တွေ ကြီးလွန်းလို့ သူ့ခြေချောင်းတစ်ချောင်းကတောင် အပြင်ကို ထွက်ကျနေသေးတယ်။ သူ့ဆံပင်တွေကလည်း ကောက်ရိုးပုံလိုပဲ ရှုပ်ပွနေတယ်။
"သူက ရှို့အာကို အရင်တွန်းပြီး အကြိမ်ပေါင်းများစွာ ကန်ခဲ့တာ။ သူက ရှို့အာကို အ,အလေးလို့လည်း ခေါ်ခဲ့သေးတယ်။ ပြီးတော့ ဦးလေးစုန့်က အမြင်မရှိဘူးလို့လည်း ပြောခဲ့တယ်၊ ဦးလေးစုန့်က အိမ်ပြန်ပို့ခံရတဲ့ မိန်းမတစ်ယောက်နဲ့ ယူမယ့်အစား သူ့အမေကို ရွေးသင့်တယ်လို့ ပြောတယ်၊ ဦးလေးစုန့်က ကန်းနေပြီး ရှို့အာက ဝန်ထုပ်ဝန်ပိုးလို့လည်း ပြောခဲ့သေးတယ်”
ကောင်လေးက မုဆိုးမလီရဲ့ မျက်နှာမာမာကို မြင်နေပေမယ့် နောက်မဆုတ်ဘဲ ကျယ်ကျယ်လောင်လောင် ပြတ်ပြတ်သားသား ပြောပြခဲ့တယ်။
"အခု နင် ပြောစရာရှိသေးလား?"
ကျွန်မ အံကြိတ်ပြီး မုဆိုးလီကို စိုက်ကြည့်နေလိုက်တယ်။
"သူတို့ ပြောတာကို ဘယ်လို ယုံရမှာလဲ...?"
"အိုက်ယား... ဒါဆို နင့်ကျူးဇီရဲ့စကားကို ယုံရမှာလား? သေချာနားထောင်... တကယ်လို့ နင့်ကျူးဇိက နောက်တစ်ခါ ငါ့ရှို့အာကို အ,အလေး ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးလို့ ထပ်ခေါ်ရင် ငါက ရှို့အာလို ကျောက်ခဲနဲ့ပေါက်ရုံတင် လုပ်မှာ မဟုတ်ဘူး?”
"ဟဲ့... အဲ့ဒါဆို နင်က ဘာလုပ်ချင်လို့လဲ?"
"နင်က နင့်ကလေးကို ကောင်းကောင်း မသင်ပေးနိုင်ရင် နင့်အစား ငါ သင်ပေးမယ်။ စကားမစပ် နင့် ပါးစပ်ပေါက်ကို ပိတ်ထားလည်း ငါ သင်ပေးနိုင်တယ်"
"နင်က မိန်းယုတ်မပဲ!"
မုဆိုးမလီက ကျွန်မဆံပင်တွေကို ဆွဲဖို့ သူမရဲ့လက်ကို ဆန့်လိုက်ပေမယ့် ကျွန်မ ရှောင်တမ်းဖို့ အချိန်မီ နောက်ပြန်ဆုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မ သူမရဲ့ဗိုက်ကို ကန်ထုတ်လိုက်တယ်။
"အိုက်ယား၊ လူသတ်နေတယ်၊ တစ်စုံတစ်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်!"
မုဆိုးမလီက မြေကြီးပေါ် ချက်ချင်းပင် လှဲချပြီး ရင်ဘတ်စည်တီး ငိုကြွေးနေတယ်။
ကျွန်မရဲ့ ယောက္ခမဟောင်းကလည်း ဒီလိုမျိုးတွေ လုပ်ဖူးတယ်လေ။ ကျွန်မ ဒါမျိုးတွေကို မြင်ဖူးနေပြီးသား။
ကျွန်မ ကျွန်မရဲ့လက်ကို ဆန့်လိုက်ပြီး ကျွန်မရဲ့ဆံပင်တွေကို ကျွန်မဘာသ ပြန်ဆွဲပြီး ရှုပ်ပွအောင် လုပ်လိုက်တယ်။ ပြီးတော့ မြေကြီးပေါ် ထိုင်ချလိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ငိုလိုက်တယ်။
"ဒါက တကယ်ကို မတရားဘူး၊ တကယ်ကို ဒေါသထွက်စရာပဲ၊ ငါ့ယောက်ျားကို စိတ်ကူးယဉ်နေတဲ့ မုဆိုးမတစ်ယောက်က ငါ့ကလေးကို ရိုက်ဖို့ သူ့သားကို သင်ပေးခဲ့တဲ့အပြင် အခု ဇာတ်လမ်းတွေ ခင်းဖို့ ငါ့အိမ်ဝအထိ ရောက်လာသေးတယ်၊ ဒီကမ္ဘာမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား...?"
ဟွန့်... ဘယ်သူက ဟန်မဆောင်တတ်လိုလဲ?
"မိန်းမယုတ်၊ ယောက်ျားက နှင်ထုတ်လိုက်တဲ့ မိန်းမကများ... နင် စုန့်ချွမ်ကို ဘယ်လို သွေးဆောင်ခဲ့တာလဲ?”
"သူ နင့်ကို မရွေးခဲ့တာ သူ့မျက်လုံးတွေ ကောင်းနေသေးလို့လေ!"
မုဆိုးမလီက ကျွန်မ ဆံပင်ကို ဆွဲဖို့ ရှေ့ကို ထပ်တိုးလာတဲ့အချိန်မှာ တာ့လန်နဲ့ ရှို့အာက ကျွန်မကို ကာကွယ်ဖို့ အပြေးရောက်လာခဲ့တယ်။ သူမက တာ့လန်ရဲ့မျက်နှာကို ဆိုးဆိုးရွားရွား ကုတ်ခြစ်လိုက်ပြီး အစင်းကြောင်းအကြီးကြီး ဖြစ်သွားစေခဲ့တယ်။
ဘေးက ကြည့်နေတဲ့သူတွေက သူမကို ဆွဲဖို့ ကြိုးစားကြပေမယ့် သူမက အရူးတစ်ယောက်လို ဖြစ်နေပြီး အနားကို ကပ်လာတဲ့သူတိုင်းကို ရန်လုပ်နေတယ်။
"နင်က ငါ့သားရဲ့မျက်နှာကို ကုတ်ရဲတယ်လား? ငါ နင့်ကို သေတဲ့အထိ ရိုက်ပစ်မယ်"
ကျွန်မ သူမကို ဆဲဆိုလိုက်ပြီး အဲဒီ့နေရာမှာပဲ ဝင်လုံးလိုက်တော့တယ်။ တာ့လန်က ကျွန်မ နာကျင်သွားမှာကို ကြောက်နေပြီး ကျွန်မကို ကာကွယ်ပေးချင်နေတယ်။ ရှီအာကလည်း အရမ်းစိုးရိမ်နေပြီး မျက်ရည်တွေ ကျနေတယ်။
"တာ့လန်၊ ရှို့အာကို အိမ်ထဲ ပြန်ခေါ်သွား။ အဲ့ကနေ စောင့်ကြည့်နေလိုက်၊ ဒီနေ့ ဒင်းရဲ့ညစ်ညမ်းတဲ့ ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်၊ အဲ့တာမှ ဒင်းက ရှို့အာမှာ အမေ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဲ့စကားကို ဘယ်တော့မှ မပြောရဲတော့မှာ!"
ဒါပေမယ့် တာ့လန်က ဘယ်လိုမှ မထွက်သွားခဲ့ဘူး။ သူက ကျွန်မကို ကာကွယ်ဖို့ ရှေ့ကို တိုးလာပြန်တယ်။
လူအုပ်ကြီးက ရန်ပွဲ ဘယ်လောက် ပြင်းထန်လာတယ်ဆိုတာ မြင်သွားပြီး ကျွန်မတို့ကို ခွဲဖို့ အမြန်ပြေးလာကြပေမယ့် လူသုံးလေးယောက်လောက်က ကျွန်မတို့ကို မခွဲနိုင်သေးဘူး။
နောက်ဆုံးတော့ ကျွန်မ မုဆိုးမလီကို အသာစီးရခဲ့တယ်။ ကျွန်မရဲ့လည်ပင်းကို ကုတ်ခြစ်ခံလိုက်ရပြီး အကြိမ်အနည်းငယ်လောက် အကန်ခံလိုက်ရပေမယ့် သူမကတော့ ကျွန်မထက် အခြေအနေ အများကြီး ပိုဆိုးတယ်။
"နင် နောက်တစ်ခါ ငါ့အိမ်ကို ထပ်လာပြီး ပြသနာရှာရဲရင် ငါ နင့်ကို ဓားနဲ့ စောင့်နေမယ်။ နင် မယုံရင် ငါ့ကို လာစမ်းကြည့်လှည့်"
"နင်... နင်... စောင့်နေ..."
ခြိမ်းခြောက်သံတွေ ဖလှယ်ပြီးတဲ့နောက်မှာ ကောင်းကင်ကြီးက လုံးဝကို မှောင်မိုက်သွားပြီ။ ကျွန်မတို့ရဲ့ဗိုက်တွေလည်း ဆာလောင်မွတ်သိပ်နေပြီ။ ရန်ပွဲကို ကြည့်ဖို့ စုဝေးနေကြတဲ့ ပရိသတ်ကတော့ လက်ထဲမှာ ပန်းကန်လုံးတွေ ကိုင်ထားရင်း တံခါးဝမှာ ထိုင်စားနေကြတယ်။ သူတို့ကတော့ အေးအေဆေးဆေး ပွဲကြည့်နေကြတာပေါ့လေ။
ကျွန်မ ဆက်ရန်မဖြစ်နိုင်လောက်အောင် ပင်ပန်းလွန်းလို့ အိမ်ထဲကိုပဲ ပြန်ဝင်လာခဲ့လိုက်တယ်။
နောက်ဆုံးတော့ အိုးထဲက ယာဂုတွေက တူးခြစ်နေပြီး ကျွန်မတို့သုံးယောက် တံစက်မြိတ်အောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြတယ်။
တာ့လန်ရဲ့အင်္ကျီလက်က ပြုတ်ထွက်သွားပြီး သူ့ဆံပင်တွေကလည်း ရှုပ်ပွနေတယ်။
"သူက တကယ်ကို တစ်ခုခုပဲ၊ ငါတို့ သုံးယောက်ကိုတောင် ဆိုးဆိုးရွားရွားဖြစ်အောင် ပြန်ရိုက်နိုင်သေးတယ်"
ကျွန်မ ရယ်ရယ်မောမောနဲ့ ညည်းတွားလိုက်မိတယ်။
"အမ်!" တာ့လန်ကလည်း ခေါင်းညိတ်ထောက်ခံပြီး ကျွန်မနဲ့အတူ လိုက်ရယ်နေတယ်။
"ဒီအကြောင်းကို မင်းတို့အဖေ မသိစေနဲ့..."
"ဟုတ်..."
"တာ့လန်၊ မုန့်ပေါင်းကို အပူပေးလိုက်။ ဂျုံယာဂုက ပျက်သွားပြီ၊ ဒါကြောင့် အမေ မုန်ပေါင်းနဲ့စားဖို့ အသီးအရွက်ချဉ်တွေ လုပ်ရတော့မယ်"
"ဟုတ်!"
✨✨✨