Chapter 13
Viewers 238

အပိုင်း ၁၃

ဒီနေ့က ခါတိုင်းလိုပဲ တာ့လန်က သူ့အခန်းထဲမှာ စာဖတ်ပြီး စာရေးလေ့ကျင့်နေတယ်။

ကျွန်မက အိမ်ထဲမှာ ဟင်းချက်နေတုန်း ရှို့အာက ကျွန်မတို့ စုဆောင်းထားတဲ့ မှိုတွေကို အခြောက်လှန်းပြီး ကစားဖို့ အပြင်ကို ထွက်သွားတယ်။

ဒါပေမယ့် တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံတောင် မပြည့်ခင်မှာ အပြင်ကနေ ရုန်းရင်းဆန်ခတ် အသံတွေ ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က ကျွန်မကို အော်ခေါ်နေတယ်။

ကျွန်မ လှမ်းကြည့်လိုက်တော့ ရွာက မုဆိုးမလီကို တွေ့လိုက်ရတယ်။ သူမက ကျွန်မတို့ တံခါးဝမှာ ရပ်နေပြီး ရှို့အာရဲ့အင်္ကျီလည်ပင်းစကို ဆုပ်ကိုင်ထားတယ်။

သူမ နောက်မှာတော့ သူ့သားလေး ကျူးဇီနဲ့ တခြားကလေး သုံးယောက် ရပ်နေတယ်။

ရှို့အာက နဂိုထဲက ပိန်ပိန်သေးသေးလေး ဖြစ်နေရတဲ့အထဲ မုဆိုးမလီက သူမရဲ့ လည်ဂုတ်ကနေ ဆွဲမထားတော့ သူမရဲ့ခြေထောက်တွေတောင် မြေပြင်ကို မထိနိုင်တော့ဘူး။

သူမရဲ့အဝတ်အစားတွေများလည်း ဖုန်တွေ ဖုံးနေတယ်။ ခုနက သူမ ခေါင်းမာမာပုံစံနဲ့ သူမရဲ့နှုတ်ခမ်းကို ဇွတ်ကိုက်ထားပေမယ့် ကျွန်မ အပြင်ကို လှမ်းကြည့်ပြီး သူမကို မြင်သွားတဲ့အချိန်မှာ သူမရဲ့မျက်လုံးတွေထဲကနေ မျက်ရည်တွေ ချက်ချင်း စီးကျလာတယ်။

သူမ စကားမပြောနိုင်ပေမယ့် သူမရဲ့ မကျေနပ်ချက်တွေ အားလုံးကို အဲ့မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတွေထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

ကျွန်မ ရင်ဘတ်က တင်းကျပ်လွန်းလို့ နာကျင်လာပြီး အသက်ရှုသံတွေတောင် မြန်လာခဲ့တယ်။

"ရှို့အာကို အရင် လွှတ်လိုက်။ ပြောစရာရှိရင် ပါးစပ်နဲ့ပြော"

ကျွန်မ ရှို့အာကို မုဆိုးမလီရဲ့လက်ထဲကနေ အသာအယာ ဆွဲထုတ်လိုက်ပြီး ရှို့အာရဲ့အဝတ်အစားပေါ်က ဖုန်မှုန့်တွေကို ဖယ်ထုတ်ပေးဖို့ ခေါင်းငုံလိုက်တယ်။

"နင့်ရဲ့ရှို့အာက ငါ့ရဲ့ကျူးဇီကို ဘယ်လို အနိုင်ကျင့်ခဲ့လဲဆိုတာ ကြည့်လိုက်စမ်း"

မုဆိုးမလီက သူမရဲ့သားကို ကျွန်မရှေ့အထိ ဆွဲခေါ်လာပြီး ကျွန်မကို ကြည့်ခိုင်း‌နေတယ်။

ကျူးဇီက ရှို့အာထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး ပို ထွားကြိုင်းတယ်။ ရှို့အာက သူ့ကို ဘယ်လို ရိုက်နိုင်မှာလဲ?

"ကျူးဇီရဲ့အမေ၊ ကျူးဇီက ဘယ်နေရာမှာ ထိခိုက်သွားလို့လဲ?"

"နင် ကြည့်လိုက်လေ၊ သူ့နဖူးမှာ ဒီလောက်ကြီးတဲ့ အဖုကြီး ဖြစ်သွားပြီ"

မုဆိုးမလီက ကျွန်မ ကြည့်ဖို့ ကျူးဇီရဲ့နဖူးကို ညွှန်ပြနေပြန်တယ်။

အဲ့နေရာမှာ လက်သည်း အရွယ်လောက် အဖုသေးသေးလေး ရှိနေပြီး အနီးကပ် မကြည့်ရင် သတိထားမိမှာတောင် မဟုတ်ဘူး။

"ငါ့သားလေးရဲ့ မျက်နှာက ပျက်ဆီးသွားပြီ။ နောင်မှာ သူက ဇနီး ဘယ်လိုရှာနိုင်တော့မှာလဲ?"

မုဆိုးမလီက သူမရဲ့တင်ပါးပေါ်ကို လက်နှစ်ဖက်ထောက်ပြီး ကျယ်ကျယ်လောင်လောင် ရန်တွေနေလေရဲ့။

အခုက ဆောင်းဦးရာသီရဲ့ အနှောင်းပိုင်း ဆိုတော့ လယ်လုပ်တဲ့သူတွေက ရိတ်သိမ်းဖို့ အလုပ်ရှုပ်နေကြတယ်။ ကောင်းကင်ကြီး မှောင်စပြုလာတာတဲ့အချိန်မှာတော့ အားလုံးက ညစာစားဖို့ အိမ်ပြန်ကြတယ်။ ဒါပေမယ့် မုဆိုးလီရဲ့အော်ဟစ်သံကို ကြားလိုက်တာနဲ့ တပြိုင်နက် လူအုပ်ကြီးက ဘေးကနေကြည့်ဖို့ ချက်ချင်း ဝိုင်းအုံလာတယ်။

ပွဲမကြည့်ချင်တဲ့သူရယ်လို့ ဘယ်ရှိပါ့မလဲ?

"နင် ဘာလို့ ဘာမှ မပြောတော့တာလဲ? ငါက  မတရားပြောနေတာ မဟုတ်ဘူး။ ရှို့အာက မိခင်မရှိဘဲ ကြီးပြင်းလာတော့ မှန်ကန်တဲ့ ပြုစုပျိုးထောင်မှု ကင်းမဲ့နေတယ်ဆိုတာ ငါ နားလည်ပေးနိုင်တယ်။ ဒါပေမယ့် နင်က သူ့ရဲ့မိထွေးအသစ် မဟုတ်ဘူးလား၊ နင်က သူ့ကို ပိုကောင်းအောင် သင်ပေးသင့်တာ မဟုတ်ဘူးလား? အခု ငါ့ကျူးဇီရဲ့ မျက်နှာမှာ သူ့ကြောင့် အမာရွတ် ရှိသွားပြီ၊ နင် ဘာလုပ်ပေးဖို့ စီစဉ်ထားလဲ?"

မုဆိုးမလီက ကျွန်မကို မျက်လုံးပြူးပြူး ရန်စွယ်ငေါ့ငေါ့နဲ့ စိုက်ကြည့်နေတယ်။

"တာ့လန်၊ ထွက်လာခဲ့"

ကျွန်မ အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။

"ဘာလဲ၊ နင် အခု ရန်ဖြစ်ဖို့ ကြိုးစားနေတာလား?"

ကျွန်မကို တာ့လန်ကို ခေါ်လိုက်တာကို ကြားတာနဲ့ မုဆိုးမလီက လှောင်ရယ်လာပြန်တယ်။

"ကလေးတွေက အကြောင်းပြချက်မရှိဘဲ ရန်ဖြစ်ကြမှာ မဟုတ်ဘူး၊ ငါ့ရှို့အာက ကျူးဇီက ဘာလို့ ရိုက်ရတာလဲ? ကျူးဇီက တစ်ခုခုလုပ်လို့ တုံ့ပြန်တာလား? ဒါမှမဟုတ် ကျူးဇီက အရင် စလုပ်တာဆိုရင်ရော၊ ကျူးဇီက သူ့အဖေကို စောစောစီးစီး ဆုံးရှုံးလိုက်ရပြီး သူ့အမေရဲ့ ညံ့ဖျင်းတဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာရတယ်လို့ ပြောရမှာလား?"

ရှို့အာက စကားမပြောနိုင်ဘူး၊ အမူအရာတွေကနေ နာလည်နိုင်ပေမယ့် တစ်ပိုင်းတစလောက်ပဲ သိပြီး သေသေချာချာ နားမလည်နိုင်ဘူး။

နောက်ထပ် ကံကောင်းတာက သူမ ကြားလည်း မကြားနိုင်ဘူး။ မုဆိုးမလီက သူမမှာ အမေ မရှိလို့ သူမ ကောင်းကောင်းမွန်မွန် မကြီးပြင်းလာဘူးလို့ ပြောနေတာကို သူမ သိသွားရင် သူမ ဘယ်လောက်ထိ ဝမ်းနည်းသွားမလဲ?

"နင်က ဘာလို့ ဒီလိုတွေ ပြောနေတာလဲ?"

မုဆိုးမလီက သူမရဲ့ရင်ဘတ်ကို ဖွင့်ထုတ်ပြီး ရှေ့ကို တိုးလာတဲ့အပြင် ကျွန်မရှေ့ကို လာပိတ်ရပ်လိုက်သေးတယ်။

ရွာက လူတိုင်းက နေ့တိုင်းစားဖို့တောင် အနိုင်နိုင်လေ... ဘယ်မှာ ပြည့်လျှံနေတဲ့ ရင်သားတွေ ရှိမှာလဲ?

‘လာစမ်း... ငါတို့နှစ်ယောက်စလုံးမှာ မရှိတာခြင်း တူနေမှတော့ ယှဥ်ကြည့်ကြတာပေါ့....’

 ကျွန်မ ရှို့အာကို ကာကွယ်ပေးဖို့ ကျွန်မ နောက်ကို ဆွဲသွင်းလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့လက်တွေကို ကျွန်မ တင်ပါးပေါ်တင်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးရင်း ကျွန်မရဲ့ရင်ဘတ်ကို ရှေ့ကို ကော့ထုတ်လိုက်တယ်။

ရယ်စရာကောင်းလိုက်တာ.... ကျွန်မကတောင် သူမထက် ဦးခေါင်းတစ်ဝက်စာလောက် ပိုမြင့်နေသေးတယ်။

"ငါက အဲ့စကားကို နင့်ဆီကနေ သင်လိုက်တာလေ!"

"ဟေ့! နင့်ရဲ့ရှို့အာက ငါ့ကျူးဇီကို ရိုက်ခဲ့တယ်၊ အခု နင့်က ငါ့ကို ရိုက်ချင်နေတာလား?"

"ရှို့အာက သူ့ကို ဘာလို့ ရိုက်လဲဆိုတာ ကျူးဇီကို ရှင်းအောင်မေးလိုက်!"

ကျွန်မ သူ့အမေနဲ့ပြိုင်ပြီး ရန်ဖြစ်တော့မှာကို မြင်တာနဲ့ ကောင်လေးက  တုန်လှုပ်သွားပြီး နောက်ပြန် ဆုတ်သွားတယ်။

"အဲ့ဒါ...အဲ့ဒါက  ကျွန်တော်က သူကို မတော်တဆ တွန်းမိလို့ သူ လဲသွားတာကို... သူက ကျွန်တော့်ကို ကျောက်တုံးနဲ့ ပစ်ပေါက်လိုက်တယ်..."

ကျူးဇီက ကျွန်မကို မကြည့်ရဲလို့ ခေါင်းငုံထားပြီး ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေတယ်။

“နင် ကြားလိုက်တယ်မလား?”

“အဲ့ဒါက နင့်ကျူးဇီပြောတာလေ၊ ငါ့ရှို့အာက မပြောရသေးဘူး”

နောက်ဆုံးတော့ တာ့လန် ထွက်လာတယ်။ သူက ပိန်လှီပေမယ့် အရပ်ရှည်တော့ ခြေလှမ်းအနည်းငယ်နဲ့ အပြင်ကို ရောက်လာတယ်။ ကျွန်မက  ကျွန်မတင်ပါးပေါ် လက်နှစ်ဖက်ထောက် ရပ်ပြီး ရန်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေတာကို သူ မြင်သွားတော့ သူ့ရဲ့လက်ပိန်ပိန်လေး‌တွေကို ဆန့်ထုတ်ပြီး ကျွန်မကို နောက်ကနေ ခပ်သာသာ လှမ်းဆွဲလိုက်တယ်။

ကျွန်မရဲ့နှလုံးသားက နွေးထွေးမှုတွေနဲ့ ပြည့်လာပြီး ကျွန်မရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်လာလုနီးနီးပဲ။

ဘာကြောင့်မှန်းမသိ ကျွန်မ အရင်ကထက် ပိုပြီး ယုံကြည်မှု ရှိသွားသလို ခံစားလိုက်ရပြီး မုဆိုးမလီက ကျွန်မအတွက် သေချာပေါက် ပြိုင်ဘက် မဟုတ်ဘူးလို့တောင် ခံစားလိုက်ရတယ်။

"တာ့လန်၊ ရှို့အာက ဘာဖြစ်ခဲ့လဲလို့ မေးလိုက်"

အဲ့စကားကို ပြောပြီးတာနဲ့ ကျွန်မ တာ့လန်ကိုပါ ကျွန်မနောက်ကို ဆွဲသွင်းထားလိုက်တယ်။

✨✨✨