Chapter 12
Viewers 241

အပိုင်း ၁၂

နွားလှည်းက ပြည့်နေပြီဆိုတော့  

မနက်ဖြန် ကျွန်မတို့ မြို့ထဲ မသွားနိုင်တော့ဘူး။

အကြွေးဆပ်ဖို့ လူတွေ တယောက်ပြီး တယောက် ရောက်လာကြတယ်။ တချို့ကလည်း သူတို့ရဲ့ အခက်အခဲတွေကို ပြောပြနေကြတယ်။ ကျွန်မ စိတ်ပျော့သွားပြီး အကြွေးမတောင်းတော့ဖို့ မျှော်လင့်နေကြတယ်ထင်ပါရဲ့။

ရယ်စရာကောင်းတာက သူတို့ရဲ့စိတ်ထဲမှာ စုန့်ချွမ်ရဲ့ပိုက်ဆံတွေက ကောင်းကင်ကနေ ကျလာတယ်လို့ ထင်နေကြပုံပဲ။

တစ်ရက်တည်းနဲ့ ငွေငါးလျန်နဲ့ ကြေးဒင်္ဂါးတစ်ရာကျော် ပြန်စုဆောင်းနိုင်ခဲ့တယ်။

ငွေငါးလျန်.... ဒါက ကျွန်မတို့မိသားစု တစ်နှစ်လုံးစာ ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်မယ့် ပမာဏ မဟုတ်ဘူးလား?

ကျန်တဲ့ အကြွေးတွေကိုတော့ ဘယ်သူက ဘယ်လောက်အကြွေးတင်နေသေးလဲဆိုတာ စာရင်းရှင်းဖို့ တာ့လန်ကို လှမ်းခေါ်လိုက်တယ်။

တွက်ချက်ပြီးတဲ့နောက်မှာ အကြွေးစာရွက် စုစုပေါင်း ဆယ့်တစ်ရွက် ကျန်နေပြီး ငွေသုံးလျန်ကျော်ကျော်လောက် ရဖို့ ကျန်နေသေးတာကို ကောင်လေးက ပြောပြခဲ့တယ်။

"အမေ၊ ကျန်တဲ့ မိသားစုတွေ အဆင်မပြေကြဘူး" တာ့လန်က ထပ်ပြောလာသေးတယ်။

“အင်း မင်း အဖေ ပြန်လာပြီး နောက်ရက်အနည်းငယ်ကြာမှ ဒီအကြောင်းကို ပြောကြမယ်။ တာ့လန် မင်းအဖေက ဘာလို့ အကြွေးမှတ်စုရေးဖို့ စိတ်ကူးရခဲ့တာလဲ?”

ဘာပဲပြောပြော  ရွာကလူတွေက စာသိပ်မဖတ်တတ်ကြဘူး။ စုန့်ချွမ်က ဂဏန်းတွေကို သိပေမယ့် ရေးတော့ မရေးနိုင်ဘူး။

"လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျွန်တော်တို့ အမေ အပြင်းဖျားခဲ့တယ်။ အဖေက အမေ့ကို မြို့ထဲခေါ်သွားပြီး ဆေးခန်းပြပေးချင်ပေမယ့် ပိုက်ဆံမလောက်ဘူး။ ရွာအရှေ့ဘက်က ဟွမ်ပေါင်တို့မိသားစုက ကျွန်တော်တို့ မိသားစုဆီကနေ ငွေငါးလျန် ချေးထားခဲ့တယ်။ အဖေက သွားပြန်တောင်းပေမယ့် သူတို့က ပြန်မပေးရုံတင်မကဘဲ တစ်ခါမှ မချေးဖူးဘူးလို့ ပြောလိုက်ကြတယ်”

"နောက်တော့ အမေ ဆုံးပါးသွားခဲ့တယ်။ နောက်ပိုင်း တစ်ယောက်ယောက်က ပိုက်ဆံလာချေးတဲ့အခါတိုင်း အဖေက စိတ်ပျော့ပြီး အမြဲ ချေးတယ်။ ဒါပေမဲ့ ပြန်မဆပ်မှာကို ကြောက်တဲ့အတွက် အကြွေးမှတ်စုတွေ ရေးခိုင်းပြီး လက်ဗွေနှိပ်ထားခိုင်းတယ်။ အဲဒီတုန်းက ကျွန်တော်က အရမ်းငယ်သေးတယ်၊ လက်ရေးက သိပ်မကောင်းဘူး..."

ကောင်လေးက ပြောပြီးတာနဲ့ ရှက်သွားပုံပြီး သူ့နှဖူးကိုသူ ကုတ်ခြစ်နေတယ်။

ကျွန်မ အကြွေးစက္ကူတွေကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ပြန်ကြည့်လိုက်တယ်။

"အမေက စာလုံးတွေကိုတောင် မမှတ်မိဘူး၊ ငယ်ငယ်လေးနဲ့ သပ်သပ်ရပ်ရပ် ရေးတတ်တာကတော့ တော်တော်ကို အထင်ကြီးလောက်စရာပဲ။ တာ့လန်... မင်း ငယ်ငယ်က စာသင်ဖူးတာလား?"

"ကျွန်တော့်အမေက ကျွန်တော့်ကို စာသင်ပေးခဲ့တယ်။ ယွိရှောင်းလျန်နဲ့ ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှုကိစ္စကို အမေ ကြားဖူးလား? ကျွန်တော့်အဖိုးက ယွိအိမ်တော်ရဲ့ အိမ်တော်ထိန်း ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ယွိရှောင်းလျန်ရဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါ်ပေါက်လာတော့ ကျွန်တော်တို့ အဖိုးက ခေါင်းဖြတ်ခံခဲ့ရတယ်။ အစပိုင်းတုန်းက ကျွန်တော့်အမေက ယွိရှောင်းလျန်ရဲ့ တတိယသမီးလေးရဲ့ အနီးကပ်အစေခံလေ၊ အဲ့တာကြောင့် အမေက ငယ်ငယ်တည်းက ယွိသခင်မလေးနဲ့အတူ စာသင်ခဲ့ရတယ်”

"ယွိအိမ်တော် ပြိုကွဲပြီးနောက်ပိုင်း ကျွန်တွေအားလုံးကို ရောင်းစားဖို့ လမ်းပေါ်ကို ခေါ်လာခဲ့ကြတယ်။ အဲ့အချိန်မှာ အဖေက မြို့ထဲမှာ သားရေတွေ သွားရောင်းနေခဲ့တာတဲ့။ အဖေက အမေ့ရဲ့သနားစရာကောင်းတဲ့ အခြေအနေကို မြင်သွားပြီး အမေကို ဝယ်ပြီး ရွာကို ခေါ်လာခဲ့တာ"

သြော်.... အဲ့လိုလား?! အဲလို အတိတ်မျိုး တကယ်ရှိခဲ့တယ်ပေါ့.....

တာ့လန်ရဲ့မိခင်ကလည်း အရမ်း သနားစရာကောင်းတယ်။

"မင်းမှာ ဒီလိုအခြေခံရှိနေတာကို မင်းအဖေက ဘာလို့ မင်းကို စာမသင်ပေးခဲ့တာလဲ?"

"ကျွန်တော်အမေက မကျန်းမာတော့ ကျွန်တော်တို့မိသားစုရဲ့ စုဆောင်းငွေတွေကို အမေဆေးဖိုးအတွက် ကုန်ဆုံးစေခဲ့တယ်။ အဲအချိန်တုန်းက ကျွန်တော်တို့ဝမ်းစာအတွက်တောင် ဝလင်အောင် မဖြည့်နိုင်ခဲ့ကြဘူး။ အမေဆုံးသွားတော့ အဖေက တစ်လခွဲလောက် နေမကောင်း ဖြစ်သွားသေးတယ်။ အဖေက ကျွန်တော်ကို ကျောင်းပို့ချင်တယ်လို့ ပြောပေခဲ့ပေမယ့် ပိုက်ဆံ ထပ်စုဖို့ လိုသေးတယ်လို့ ပြောခဲ့တယ်။ အဲ့လိုနဲ့ အခုထိ နှောင့်နှေးနေတာပါ"

တာ့လန်က ခေါင်းလေး ငိုက်ကျနေတယ်။ ကျွန်မကလည်း စကားကောင်းတွေ သိပ်မပြောတတ်ဘူး၊ အဲဒီလို ကောင်လေးတစ်ယောက်ရှေ့မှာတောင် သူ့ကို နှစ်သိမ့်ဖို့ ဘာပြောရမှန်း မသိဘူး။

သူက သူ့အမေကို ဆုံးရှုံးလိုက်ရပြီးပြီ.... သူ သက်သာရာရစေဖို့ ဘယ်လိုစကားမျိုးကို ကျွန်မ ပြောသင့်လဲ?

ဘာမှ မပြောနိုင်ဘူး။ ဘယ်စကားကမှ သူ့အမေကို ပြန်ခေါ်ပေးနိုင်တော့မှာ မဟုတ်ဘူး။

အချိန်ကပဲ ကုစားပေးနိုင်လိမ့်မယ်။ တစ်နေ့ပြီးတစ်နေ့ ရက်တွေ ကုန်ဆုံးသွားရင်တော့ ဝမ်းနည်းမှုတွေလည်း ဖြည်းဖြည်းချင်း ပြေပျောက်သွားနိုင်မှာပါ...

နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မတို့ အနီးနားရွာက နွားလှည်းနဲ့ မြို့ထဲကို သွားကြတယ်။ မြို့ထဲရောက်တာနဲ့ လိုအပ်တာမှန်သမျှ ဝယ်ကြတော့တာပဲ။

ကျွန်မ ကလေးနှစ်ယောက်ကို ဝမ်ဟွာကျောင်းတော်ဆီ ခေါ်သွားလိုက်တယ်။ အဲ့နေရာက မြို့ရဲ့အကောင်းဆုံး စာသင်ကျောင်းလို့ ပြောနိုင်တယ်။

စာသင်စာရိတ်က တစ်နှစ်ကို ငွေဆယ်လျန်၊ အစားအသောက်နဲ့ တည်းခိုစရိတ်တွေ ထပ်ပေါင်းရင် နောက်ထပ် ငါးလျန် ထပ်ကုန်ကျလိမ့်မယ်။ အဲ့ဒါတွေအပြင် ပွဲတော်ကာလအတွင်းမှာ ဆရာတွေအတွက် လက်ဆောင် ပေးတာတွေ၊ မှင်၊ စုတ်တံ၊ စက္ကူနဲ့ မှင်ကျောက်တွေ ဝယ်ရမှာလည်း ရှိသေးတယ်။ ခြုံပြောရရင်တော့ တစ်နှစ်ကို အနည်းဆုံး လျန်သုံးဆယ်ကနေ လေးဆယ်လောက်အထိ ကုန်ကျမှာပေါ့လေ။

စုန့်ချွမ်က ကျွန်မကို ငွေလျန်ငါးဆယ် ပေးထားခဲ့ပြီး မကြာသေးမီက အကြွေးတွေ ပြန်ရလာတဲ့ ငွေတွေနဲ့ ကျွန်မတို့ သုံးစွဲလိုက်တာတွေနဲ့ အကုန်တွက်လိုက်တော့ ငွေငါးဆယ်ငါးလျန် ကျန်နေသေးတယ်။

"အမေ၊ တစ်နှစ်ကို လျန်သုံးဆယ်ကျော်က အရမ်းဈေးကြီးတယ်..."

စာသင်ကျောင်းထဲကနေ ထွက်လာတဲ့အချိန်မှာ တာ့လန်က သူ့ခေါင်းကို ငုံ့ထားပြီး ကုန်ကျစရိတ်က သူ့ကိုယ်ပေါ်ကို ဖိလိုက်သလိုမျိုး သူ့ကျောကိုတောင် မမတ်နိုင်ရှာတော့ဘူး။

"မင်း စိတ်မပူပါနဲ့ မင်းအဖေနဲ့ ငါ တတ်နိုင်သေးတယ်"

ကျွန်မက ကောင်လေးရဲ့ ပခုံးကို ပုတ်ပေးလိုက်ပြီး မတ်မတ်ရပ်ဖို့ ပြောလိုက်တယ်။

 လူတိုင်း ဘဝရဲ့ပန်းတိုင်ရှိရမယ်။ သူမှာ သူ့အဖေနဲ့ကျွန်မမှာ ရှိနေသေးတယ်။ သူ့လို ကောင်ကလေးက ဘယ်လိုလွယ်လွယ်နဲ့ စိတ်ဓာတ်ကျနေရတာလဲ?

တကယ်တော့ တာ့လန်ရဲ့အသက်အရွယ် ဆိုရင် ကျောင်းက တက်ချင်တိုင်း သွားတက်လို့ မရတော့ဘူး။ သူက ဝင်ခွင့်အတွက် အကဲဖြတ်စစ်ဆေးမှုကို ပါဝင်ရလိမ့်မယ်။

သူတို့ ဘာတွေ စမ်းသပ်မယ်ဆိုတာ ကျွန်မ မသိပေမယ့် တာ့လန်ကတော့ နည်းနည်းပါးပါး မေးမြန်းခဲ့သေးတယ်။ အဲ့အတွက် လိုအပ်ချက်တွေအပေါ်မူတည်ပြီး တာ့လန်က စုတ်တံတွေ၊ စက္ကူနဲ့ မှင်ကျောက်တစ်လုံးအပြင် စာအုပ်အနည်းငယ်လည်း ဝယ်ခဲ့သေးတယ်။ တစ်ကြိမ်တည်းမှာ ငွေနှစ်လျန်လောက် ကုန်ကျသွားတယ်။

စာလေ့လာတာက အမှန်တကယ်ကို ဘယ်သူမဆို လုပ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။ တကယ်ကို ငွေကြန်ကြေးကျများတယ်။

ကုန်ကျစရိတ်ကြောင့် ကျွန်မရဲ့နှလုံးသား နာကျင်ခဲ့ရတယ်။

ဒါပေမယ့် ကျွန်မ စိတ်မကောင်း ဖြစ်ရင်တောင် ဒီငွေတွေအတွက်နဲ့ ကလေးရဲ့ အနာဂတ်တစ်ခုလုံးကို မထိခိုက်စေချင်ဘူး။ ဈေးကြီးရင်‌တောင် ကလေးရဲ့ဘဝရှေ့ရေး အတွက် ထိုက်တန်နေတုန်းပဲ။

စုန့်ချွမ် ထွက်သွားတာ ခုနစ်ရက်ကြာနေပြီ။ အခုထိ ပြန်မလာသေးဘူး။ သူ့ဆီကနေ သတင်းရဖို့လည်း နည်းလမ်း မရှိဘူး။ ဘယ်ကို လိုက်မေးရမှန်းလည်း မသိဘူး။

တာ့လန်က အရင်တုန်းက သူ့အဖေက တစ်ခါတလေ ဆယ်ရက်ကျော်လောက် ကြာတတ်တဲ့အတွက် စိတ်မပူဖို့ ပြောခဲ့တယ်။

ဒါပေမယ့်လည်း ကျွန်မ စိတ်ပူနေတုန်းပဲ။

ကျွန်မ မြို့ထဲသွားတုန်းက စားသောက်ဆိုင်တွေဆီကို ကုန်ပစ္စည်းအခြောက်တွေ လာပို့တဲ့လူတွေနဲ့ တွေ့ခဲ့သေးတယ်။ မှိုခြောက်တစ်ကျင်းကို ဝမ်နှစ်ဆယ်နဲ့ ရောင်းနိုင်တာကို သိခဲ့ရတယ်။

ဝမ်နှစ်ဆယ်လည်း ပိုက်ဆံပဲ!

  နေ့ခင်းဘက် ဘာအလုပ်မှ မရှိရင် ကျွန်မ ရှို့အာကို ခေါ်ပြီး တောင်ပေါ်တက်ကြတယ်။ တောနက်ထဲ မသွားရဲတော့ အနီးနားက မှိုတွေ၊ ဒါမှမဟုတ် ကျွန်မ မှတ်မိတဲ့ တောရိုင်းဟင်းသီးဟင်းရွက်တချို့နဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေကို လိုက်ရှာကြတယ်။

ကျွန်မ ခြင်းတောင်းထဲမှာရှိတဲ့ အရာအားလုံးက ပိုက်ဆံပဲ။

✨✨✨