အပိုင်း ၁၁
"ဘယ်တုန်းက ချေးခဲ့တာလဲ...?"
"စုန့်ချွမ်က ရိုးသားပြီး ကြင်နာတတ်ပေမယ့် သူက လူနုံလူအတော့ မဟုတ်ဘူး။ မိသားစုတိုင်းက ချေးထားတဲ့ အကြွေးတွေကို စာရေးပြီး ကျွန်မတို့အိမ်က သစ်သားသေတ္တာလေးထဲမှာ သိမ်းထားတယ်၊ အဒေါ်ရဲ့ လက်ဗွေရာတောင် အဲပေါ်မှာ ရှိနေသေးတယ်။ တတိယအဒေါ်... အဒေါ် ဝန်ခံဖို့ ငြင်းရင် ကျွန်မ အဲဒါကို အာဏာပိုင်တွေဆီ သွားပို့ပြီး အရာရှိမင်းတွေကို စိစစ်ခိုင်းလိုက်မယ်”
"စုန့်ချွမ်က မိသားစုဆက်ဆံရေးကို ထည့်စဉ်းစားပြီး အားနာလို့ အကြွေးတွေ လာမတောင်းဘူးလေ၊ ဒါပေမယ့် ကျွန်မကတော့ ဘာမှ ထည့်ထွက်စရာ မရှိဘူး။ ဒါနဲ့ တတိယအဒေါ်က ပိုက်ဆံ ပြန်ပေးမှာလား? ဒါမှမဟုတ် ကျွန်မ မနက်ဖြန် ရုံးတော်ကို အကြွေးစာရွက်တွေ ယူသွားလိုက်ရမလား?"
တတိယအဒေါ်က မတ်တပ်ထရပ်ပြီး ကျွန်မကို လက်ညှိုးတထိုးထိုး ဖြစ်နေတယ်။ ဒါပေမယ့် သူမက အရပ်ပုပုလေး ဆိုတော့ ကြောက်စရာကောင်းတဲ့ အမူအရာမျိုး ဖြစ်မနေခဲ့ဘူး။
ကျွန်မ ကျောကို တည့်တည့်မတ်မတ်ထားပြီး ရင်ဘတ်ကို ကော့ထားလိုက်တယ်။
"တတိယအဒေါ်၊ ကျွန်မ အရင်က လူတစ်ယောက်ရဲ့ဆံပင်တွေကို ပြောင်အောင်ရိတ်ဖို့ ဝက်သတ်တဲ့ဓားကို သုံးခဲ့ဖူးတယ်ဆိုတာ မကြားဖူးဘူးလား?"
သူမ ချက်ချင်း နောက်ပြန်ဆုတ်ပြီး အထဲကို ဝင်ပြေးသွားတယ်။
သိပ်မကြာခင်မှာပဲ သူမ ပြန်ထွက်လာပြီး ပြန့်ကျဲနေတဲ့ ငွေတုံးအပိုင်းအစလေးတွေကို သူမရဲ့လက်ချောင်းတွေနဲ့ ဆုပ်ကိုင်လာပြီး မကျေမနပ်နဲ့ ကျွန်မကို လှမ်းပေးလာတယ်။
"ဝူလန်က အသက်ရှင်နေတဲ့ နတ်ဆိုးတစ်ကောင်ကို လက်ထပ်လိုက်ပြီ..."
နောက်တော့ သူမဘာသာသူမ ရေရွတ်နေပြန်တယ်။
"ကျွန်မ ဒီငွေကို သွားပြန်ချိန်ကြည့်မယ်။ မလုံလောက်ရင် ပြန်လာခဲ့မယ်။ တတိယအဒေါ်၊ ကျွန်မတို့မိသားစုကို ပိုက်ဆံပေးစရာရှိတဲ့သူတိုင်း အကြွေးလာဆပ်ရမယ်လို့ သတင်းဖြန့်ပေး။ တကယ် ဆင်းရဲရင် ကိစ္စမရှိဘူး။ ဒါပေမယ့် အိမ်မှာ ငွေရှိနေရက်နဲ့ ပြန်မဆပ်ရင် ကျွန်မကို အပြစ်တင်မနေနဲ့၊ နှစ်သစ်ကူးပြီးရင် တာ့လန်ကို ကျောင်းပို့ရမယ်၊ ကျွန်မတို့ မိသားစုကနေ ငွေယူထားတဲ့သူတိုင်း အပြည့် ပြန်ဆပ်ရမယ်"
ပြောချင်တာ အကုန်ပြောပြီးတာနဲ့ ကျွန်မ ရှို့အာရဲ့လက်ကို ဆွဲရင်း ပြန်ထွက်လာခဲ့တယ်။
"စာသင်ဖို့လား? စိတ်ကူးယဥ်မနေနဲ့! သူတို့ တတ်နိုင်မယ်လို့ ထင်နေတာလား? တစ်နှစ်မှာ ကျောင်းစရိတ် ဘယ်လောက်ပေးရမှန်းတောင် သိလို့လား? မိထွေးပီပီ ဟန်ဆောင်ပန်ဆောင်တွေ လုပ်ပြနေတာပါဟယ်…"
ကျွန်မ တတိယအဒေါ်ရဲ့ကျိန်ဆဲသံတွေကို နောက်မှာ ချန်ထားခဲ့တယ်။
တကယ်တော့ သူမရဲ့မြေးတစ်ယောက်က မြို့ထဲမှာ ကျောင်းတက်နေတယ်။ ဒါကြောင့် သူ့ကလေးတွေ စာသင်နိုင်ရင် ကျွန်မကလေးက ဘာလို့ စာမသင်နိုင်ရမှာလဲ?
ကျွန်မ အရင်က တာ့လန်ရဲ့အခန်းထဲကို တစ်ခါမှ မဝင်ခဲ့ဖူးဘူး။ တကယ်တော့ သူက လူငယ်လေးတောင် ဖြစ်နေပြီဆိုတော့ ကျွန်မ သူ့အခန်းထဲဝင်ဖို့က မသင့်တော်တော့ဘူးလေ။
သူကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေး နေတတ်တယ်။ အိမ်မှုကိစ္စအချို့ ကူလုပ်ပေးရုံက လွဲရင် သူက သူ့အခန်းထဲမှာပဲ အမြဲရှိနေတတ်တယ်။ ပထမတော့ သူ အခန်းထဲမှာ ဘာတွေလုပ်နေမှန်း ကျွန်မလည်း မသိခဲ့ဘူး။
ဒါပေမယ့် မနေ့က ရာသီဥတုသာယာတော့ ရှို့အာက အခန်းတွေ လေဝင်လေထွက်ကောင်းဖို့ တာ့လန်ရဲ့အခန်းက ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာ သူ့စားပွဲပေါ်မှာ စာအုပ်နှစ်အုပ်ရှိနေတာကို ကျွန်မ တွေ့လိုက်တယ်။ ကျွန်မက စာမဖတ်တတ်တော့ ဘယ်လိုစာအုပ်တွေလဲဆိုတာ မသိဘူး။ ဒါပေမယ့် စာအုပ်တွေက ကိုင်မရနိုင်လောက်အောင် ဟောင်းနွမ်းနေပြီဆိုတော့ တာ့လန်က အဲ့စာအုပ်တွေကို မကြာခဏ လှန်ကြည့်နေတာ သိသာတယ်။
ဒီကလေးက တောင်တွေပေါ်မှာ အမဲလိုက်ဖို့ မသင့်တော်ဘူးလို့ ကျွန်မ အမြဲတွေးထားပေမယ့် သူ စာဖတ်ရတာကို ကြိုက်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
သူ စာဖတ်ရတာ ကြိုက်မှတော့ သူ စာသင်ပါစေ။
တကယ်တော့ လူတစ်ယောက်မှာ ဘဝအတွက် ပန်းတိုင်ရှိရမယ်။
ဒါပေမယ့် နောက်ထပ် မမျှော်လင့်ထားတာ တစ်ခုက တတိယအဒေါ်ရဲ့ ခြံဝင်းနံရံအပြင်မှာ တာ့လန် ရပ်နေတာကို တွေ့လိုက်ရတာပဲ။ ကောင်လေးက အရပ်ရှည်ပေမယ့် ပိန်လွန်းတာကြောင့် သူ့အဝတ်တွေက သူ့ကိုယ်ပေါ်မှာ ချိတ်ဆွဲထားသလို ဖြစ်နေပြီး ကြည့်ရဆိုးလွန်းတယ်။
ရှို့အာနဲ့ ကျွန်မ ထွက်လာတာကို မြင်တော့ သူက တစ်ခုခုပြောချင်နဲ့ သူ့နှုတ်ခမ်းကို လှုပ်လိုက်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောခဲ့ဘူး။
ကျွန်မက ရှို့အာရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ရှေ့က လျှောက်သွားလိုက်တယ်။ သူကလည်း နောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာခဲ့တယ်။
ရွာမှာ အိမ်တံတိုင်းတွေက နိမ့်ပြီး တတိယအဒေါ်ရဲ့အသံကလည်း အရမ်း ကျယ်လောင်တော့ အိမ်နီးချင်းတွေအားလုံးက သူမ ပြောတာကို ကြားနေရမှာပဲ။ တာ့လန်လည်း ကြားမှာပေါ့။
"အမေ၊ ကျွန်တော် အမေ့ကို ရှာဖို့ လာခဲ့..."
"မင်း မနက်ဖြန် အမေတို့နဲ့ မြို့ထဲကို မသွားဘူးလို့ ပြောချင်တာလား? နွားလှည်းမှာ မင်းနေရာအတွက် ပိုက်ဆံပေးစရာ မလိုတော့ဘူးလား?"
"မဟုတ်ဘူး၊ ကျွန်တော် အမေနဲ့လိုက်ချင်တယ်လို့ ပြောမလို့ပါ..."
"မင်း အခုသွားချင်တယ်ဆိုရင်တောင် မနက်ဖြန် မသွားနိုင်တော့ဘူး။ အမေ မင်းရဲ့တတိယအဖွားကို ရန်တွေ့လာခဲ့ပြီ"
....။.....။......
တခဏတာအတွင်းမှာ အားလုံး တိတ်ဆိတ်သွားပြန်တယ်။
အချိန်နဲအမျှ ကောင်းကင်ကလည်း အလျင်အမြန် မှောင်လာခဲ့တယ်။
စုန့်ချွမ် မရှိတော့ ကျွန်မ ရှို့အာကို ခေါ်ထားပြီး သူမနဲ့အတူတူ အိပ်တယ်။
သူမက ခန်ပေါ်မှာ လဲလျောင်းနေပြီး ကျွန်မ သူမရဲ့ ဆံပင်တွေကို လျှော်ပေးဖို့ ရေဇလုံကို ကုလားထိုင်ပေါ် တင်ထားလိုက်တယ်။
သူမက သူမရဲ့မျက်လုံးတွေကို ပြူးထားပြီး ကျွန်မကို လိုက်ကြည့်နေခဲ့တယ်။ ခဏအကြာမှာတော့ သူမက သူမရဲ့လက်ချောင်းသေးသေးလေးတွေကို အသုံးပြုပြီး ကျွန်မလက်ကို ချိတ်ဆွဲလိုက်တယ်။ နောက်တော့ သူမက ကျွန်မရဲ့လက်ချောင်းလေးတွေကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်ထားရင်း ပြုံးနေပြန်တယ်။
သူမမှာ အဝတ်စအဖြူရောင်နဲ့ ချုပ်ထားတဲ့ အရုပ်လေး တစ်ရုပ် ရှိတယ်၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ အနက်ရောင်ဆံပင်တွေကို အပ်ချည်နဲ့ ချုပ်ပြီး ပုံပေါ်ထားတယ်။ သူမ အိပ်ယာဝင်ရင် ညတိုင်း အဲ့အရုပ်ကို ပွေ့ဖက်ထားတတ်တယ်။
ရှို့အာက စကားမပြောနိုင်ပေမယ့် သူမရဲ့အမေက အဲဒီအရုပ်ကို သူမအတွက် ချုပ်ပေးခဲ့တာ ကျွန်မ သိတယ်။
အရုပ်က သူ့အမေရဲ့ရနံ့ကို သယ်ဆောင်နေတုန်းပဲလို့ ရှို့အာက ထင်နေပုံရတယ်။
ဒီလိုကလေးမျိုးကို ဘယ်သူက မသနားပဲ နေနိုင်မှာလဲ?
အဲ့အချိန်မှာ တံခါးခေါက်သံ ထွက်ပေါ်လာတယ်။
တံခါးဖွင့်လိုက်တော့ တာ့လန်က အပြင်မှာ ရပ်နေခဲ့တယ်။
"အမေ၊ အမေက ကျွန်တော်ကို စာသင်ခိုင်းဖို့ တကယ်တွေးနေတာလား?"
သူက အထဲကို မဝင်ဘဲ တံခါးခုံအပြင်ဘက်မှာ ရပ်နေရင်း ကျွန်မကို မော့ကြည့်နေတယ်။
အခန်းထဲက အလင်းရောင်က ကောင်လေးပေါ်ကို ဖြာကျနေပြီး သူ့မျက်လုံးတွေက ကြယ်တွေလို တောက်ပနေတယ်။ ဒီအခိုက်အတန့်မှာ သူက အရင်ကနဲ့ မတူဘဲ သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ယောက်ျားလေးတွေရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ အားမာန်တွေ ပြည့်နေပုံရတယ်။
သူက သူ့အဖေရဲ့သားပဲ။ သူတို့ကို ကြည့်ရတာ အရမ်းတူတာပဲလို့ ကျွန်မ တွေးနေမိတယ်။
"ဟုတ်တယ်၊ အဲ့ဒါအမှန်ပဲ"
"ဘာလို့လဲ?"
"မင်း စာဖတ်ရတာကို မကြိုက်ဘူးလား?"
"အမေ၊ စာသင်ဖို့ ဘယ်လောက်ကုန်လဲဆိုတာ သိလား?"
"အမေ မသိဘူး၊ ဒါပေမယ့် အဲ့ဒါက မင်းစိုးရိမ်ရမယ့်ကိစ္စလို့တော့ အမေ မထင်ဘူး"
"အမေ..."
"မင်း အမေရဲ့ရည်ရွယ်ချက်တွေကို သံသယဖြစ်နေစရာ မလိုဘူး၊ ကျေးဇူးလည်းတင်နေစရာ မလိုဘူး။ မင်း စာကို ကောင်းကောင်းလေ့လာပြီး အနာဂတ်မှာ တရားဝင်ရာထူးတစ်ခုရလာရင် စုန့်မိသားစုက အဆင့်အတန်းသစ်တစ်ခု ရလာနိုင်တယ်။ နောင်လာနောင်သားတွေလည်း မုဆိုးဖြစ်နေစရာ မလိုတော့ဘူး၊ အစ်ကိုကြီးက အရာရှိတစ်ယောက် ဖြစ်လာရင် အငယ်တွေလည်း ပညာသင်ခွင့်လည်း ရလာလိမ့်မယ်။ ညီမလေးလည်း မိသားစုကောင်းနဲ့ တွေ့ပြီး ကောင်းကောင်းမွန်မွန် လက်ထပ်နိုင် လိမ့်မယ်"
"ကျွန်တော် စာကောင်းကောင်း မလေ့လာနိုင်ရင်ရော ဘယ်လိုလုပ်မလဲ?"
"အနည်းဆုံးတော့ မင်း ဆရာ ဖြစ်လာနိုင်သေးတယ်။ မင်း အရာရှိမဖြစ်ရင် ရွာမှာ ကျောင်းဖွင့်ပြီး ကလေးတွေကို စာပေအခြေခံ သင်ပေးနိုင်လိမ့်မယ်။ ကျောင်းစရိတ်က ငွေတွေအများကြီးရတယ်လို့ မင်း မပြောခဲ့ဘူးလား? ဒါဆို မင်းအဖေ၊ အမေနဲ့ ရှို့အာကို ထောက်ပံ့ဖို့က မင်း အလှည့်ဖြစ်လာလိမ့်မယ်"
ကောင်လေးက တုံ့ဆိုင်းနေပြီး ရှည်လျားထူထပ်တဲ့ မျက်တောင်လေးတွေက လှုပ်စိလှုပ်စိ ဖြစ်နေတယ်။ ကြည့်ရတာ သူ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ အတွေးတွေ ရှိနေပုံပဲ။
"ထားပါတော့၊ မင်း စာမဖတ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ နောက်ဆိုရင် မင်းအဖေနဲ့ တောင်ပေါ်ကိုလိုက်သွားပြီး သားကောင်ရှာပေါ့၊ အဲဒါက အမေတို့ကို ငွေတွေအများကြီး ရစေပြီး ပိုသက်တောင့်သက်သာရှိတဲ့ဘဝနဲ့ ဖြတ်သန်းနိုင်လိမ့်မယ်။ တာ့လန်၊ အမေက မိထွေးတစ်ယောက်နော်၊ စိတ်မရှည်ဘူး။ မင်း အမေ့ကို ပြန်မဖြေခင် သေချာစဉ်းစားနော်"
ကျွန်မ တံခါးကို ပြန်ပိတ်ဖို့ ပြင်လိုက်ပေမယ့် ကောင်လေးက သူ့လက်ကို ဆန့်ပြီး တံခါးကို ပြန်ဆွဲထားတယ်။
"အမေ၊ ကျွန်တော် စာသင်ချင်တယ်"
ကောင်လေးက ပိန်ပိန်ပါးပါးပေမယ့် သူ့အကြည့်တွေကတော့ ခိုင်မာတယ်။
"ကောင်းပြီ!"
✨✨✨