အပိုင်း ၁၀
“တတိယအဒေါ်၊ ကျွန်မ မနက်ဖြန်ကျရင် ကလေးနှစ်ယောက်ကို မြို့ထဲ ခေါ်သွားမယ်။ ဒါက ကြိုတင်ငွေပါ”
ကျွန်မ ငွေလွှဲပေးလိုက်တယ်။ သူမက ငွေကို ယူပြီး သူမရဲ့လက်ဖဝါးပေါ် ချိန်ဆပြီးမှ စားပွဲပေါ်ကို တင်လိုက်တယ်။
ဒါက ကြေးဒင်္ဂါးအနည်းငယ်ပဲလေ။ အဲဒါတွေက ငွေရောင် သန်းနေတာလည်း မဟုတ်ဘူး၊ သူတို့ရဲ့ အလေးချိန်ကို စစ်ဆေးဖို့ လိုအပ်လို့လား?
"ဝူလန်က သူ့ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ သူ့မိဘတွေက သူ ငယ်ငယ်ကတည်းက ဆုံးပါးသွားပြီး အားကိုးစရာ ညီအစ်ကို မောင်နှမရင်းချာလည်း မရှိဘူး။ နောက်ဆုံး အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ပြီးတော့လည်း ခန္ဓာကိုယ်ကို အားနည်းတဲ့ ဇနီးမယားနဲ့ အိမ်ထောင်ကျခဲ့တယ်။ သူ့မိန်းမက ဆေးတွေ အဆက်မပြတ် သောက်နေရတော့ မွေးလာတဲ့ ကလေးနှစ်ယောက်တောင် အားနည်းကြတယ်။ ဝူလန် ခက်ခက်ခဲခဲ ရှာလို့ရလာတဲ့ ငွေတွေက အောက်ခြေမရှိတဲ့ တွင်းထဲကို လောင်းထည့်လိုက်ရသလိုပဲ၊ နောက်ဆုံးတော့လည်း သူ့မိန်းမကို မဆွဲထားနိုင်ခဲ့ဘူး၊ ဝူလန်က နောက်တကြိမ် အိမ်ထောင်မပြုတော့ဘူးလို့ ငါတို့ ထင်ထားခဲ့ပေမယ့် သူက ရုတ်တရတ် မယားအသစ်ယူလိုက်ပြန်တယ်”
“တတိယအဒေါ်က စကားတွေ အများကြီး ပြောတတ်လို့ အပြစ်မတင်နဲ့နော်၊ ချွေတာတတ်ဖို့က အရေးကြီးတယ်လေ။ ငါတို့ စုန့်မိသားစုရွာက မိန်းမတွေကို ကြည့်လိုက်၊ အများစုက တစ်နှစ်မှ တစ်ခါလောက်ပဲ မြို့ကို သွားကြတာ။ မြို့ထဲမှာ ပစ္စည်းတွေက ဈေးကြီးတယ်။ နင် ဝူလန်နဲ့ အိမ်ထောင်ကျတာ ဘယ်နှစ်ရက် ရှိသေးလို့လဲ? ခက်ပါတယ်အေ…”
“တတိယအဒေါ်က တကယ်ပဲ အများကြီး လျောက်ပြောနေတာ မဟုတ်ဘူးလား?”
ကျွန်မက သူမကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်တယ်။
ပထမတော့ ကျွန်မ လျှာကို ကိုက်ထားပြီး သည်းခံလိုက်ဖို့ တွေးထားခဲ့တာပဲ။
ဒါပေမယ့် ရှို့အာရဲ့အမေနဲ့ ကလေးနှစ်ယောက်အကြောင်း သူမ ပြောနေတဲ့ ပုံစံနဲ့ ပြောနေတဲ့လေသံက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
ရွာမှာ တတိယအဒေါ်လို ဖွံ့ထွားပြီး သန်မာတဲ့ မိန်းမတစ်ယောက်ကို တွေ့ရဖို့က ခက်ခဲလွန်းတယ်။ အဓိကကတော့ မိသားစုအများစုက ဗိုက်ပြည့်အောင်တောင် စားဖို့ မတတ်နိုင်ကြလို့ပဲ။
ဒါပေမယ့် တတိယအဒေါ်ကတော့ မတူဘူး။ သူမက သားငါးယောက် မွေးထားတယ်။ သားအကြီးဆုံးနဲ့ ဒုတိယသားက မြို့ထဲက ဈေးဆိုင်တွေမှာ အလုပ်လုပ်ကြပြီး တတိယသားက နွားလှည်းမောင်းတယ်။ စတုတ္ထသားနဲ့ ပဉ္စမသားက အိမ်မှာ ကျန်နေတဲ့ ချွေးမငါးယောက်ကို ဦးဆောင်ပြီး မြေးတွေနဲ့အတူ လယ်မြေတွေကို စိုက်ပျိုးကြတယ်။
သူမရဲ့သားအကြီးတွေ ရလာသမျှငွေနဲ့ မြေယာထွက်သီးနှံတွေကနေ ရတဲ့ငွေတွေက သူမ လက်ထဲကို အကုန်ရောက်တယ်လို့ ပြောလို့ရတယ်။ သူမအတွက်ကတော့ ဘယ်အလုပ်ကိုမဆို သူများကို လက်ညှိုးထိုးခိုင်းနိုင်ပြီး သူမရဲ့နေ့ရက်တွေကို စားတာ၊ သောက်တာ၊ အိပ်တာနနဲ့ ငွေရေတွက်ခြင်းအတွက်ပဲ သုံးစွဲနေတာလေ။
သူမက ပုပုဝဝနဲ့ နက်မှောင်တဲ့ အသွင်အပြင်ရှိတယ်၊။ သူမ ကုလားထိုင်ပေါ် ထိုင်လိုက်ရင် သူမက ရေစည်ရဲ့တစ်ဝက်စာလောက် ဖြစ်နေပြီ။
နဂိုထဲက မည်းမှောင်နေတဲ့ သူမမျက်နှာက ကျွန်မရဲ့စကားကြားတွေကြောင့် ပိုလို့တောင် မည်းမှောင်သွားသေးတယ်။ သူမရဲ့စကားပြောဖို့ ပြင်လိုက်ပြီး သူမရဲ့မေးစေ့ပေါ်က အသားကြီးတွေ တုန်လာတာကို တွေ့တာနဲ့ ကျွန်မ သူမကို အရင် စကားဖြတ်ပြောလိုက်တယ်။
“စုန့်ချွမ်က တာ့လန်ရဲ့အမေကို စိတ်နှလုံးအကြွင်းမဲ့ ဆေးကုပေးတာ ဘာမှားနေလို့လဲ? ဒါက သူက ကြင်နာတတ်ပြီး ဖြောင့်မတ်တဲ့လူဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား? ကျွန်မရဲ့ကလေးနှစ်ယောက်ကရာ ဘာလို့ ကျန်းမာရေးမကောင်းရမှာလဲ? ဘယ်နေရာမှာ ဘာဖြစ်နေလို့လဲ? ရှို့အာက လိမ္မာပါးနပ်ပြီး တာ့လန်က ဉာဏ်ရည်ထက်မြက်တယ်။ သူ့အဖေကိုလည်း ရိုသေတယ်။ သူ့တို့အဖေ ရှာတဲ့ငွေကို သူ့တို့အတွက် မသုံးလို့ ဘယ်သူ့ကို သွားပေးရမှာလဲ?”
“နောက်ပြီး စုန့်ချွမ် နောက်အိမ်ထောင်မပြုရင် ဒီကလေးနှစ်ယောက်ကို ဘယ်သူက စောင့်ရှောက်မှာလဲ? ဒီနှစ်တွေမှာ သူ တောင်ပေါ်တက်တိုင်း သူ့သားသမီးတွေကို သူ့မိသားစုဝင်တွေဆီမှာ အပ်ခဲ့တယ်လို့ စုန့်ချွမ်ပြောတာကို ကျွန်မ ကြားဖူးတယ်။ ဒါပေမဲ့ သူတို့ကို ပြုစုစောင့်ရှောက်ပေးတာက အလကားတော့ မဟုတ်ဘူး၊ သူက အကြိမ်တိုင်း ငွေပေးခဲ့တယ်”
"အခု ဒီကလေးနှစ်ယောက်ကို ကြည့်လိုက်... တစ်ယောက်က ဆံပင်တွေ ခြောက်ပြီး အဝါရောင်လေးတောင် ဖြစ်နေပြီ၊ နောက်တစ်ယောက်က ပိန်လွန်းလို့ အဝတ်တွေက ချောင်ချောင်ချိချိ ဖြစ်နေတယ်။ မိသားစုထဲက အဒေါ်နဲ့ ယောင်းမတွေက သူတိုအတွက် အဝတ်တွေ ကူချုပ်ပေးထားတာကိုလည်း ကျွန်မ သိပြီးပြီ။ တတိယအဒေါ်... ယောင်းမတွေ အကုန်လုံးကို သွားခေါ်ပြီး စာရင်းတွေ တွက်ကြည့်ကြမလား”
“စုန့်ချွမ်က သူ့သားသမီးတွေအတွက် ပေးခဲ့တဲ့ ငွေတွေအထိ ရေတွက်ကြည့်ကြရအောင်။ အဲ့ငွေက ခလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ လုံလောက်လား မလောက်ဘူးလား သိရလိမ့်မယ်။ တတိယအဒေါ် ကျွန်မရဲ့အကြောင်းကို ကြားဖူးတယ်မလာ? ဒါကြောင့် ဒီနေ့ ကျွန်မ ပြောတဲ့စကားတွေကို အဒေါ် ပြန်ဖြန့်လို့ရတယ်။ ဒီနှစ်တွေအတွင်းမှာ တတိယအဒေါ် စုန့်ချွမ်ဆီကနေ ငွေဘယ်လောက်ယူခဲ့ကြောင်းနဲ့ သူရဲ့ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာကိုပါ လူတိုင်း သိအောင် ထည့်ပြောပေး၊ တတိယအဒေါ် အဲ့ဒီလို လုပ်ပေးရင် ကျွန်မ ဘာမှ ထပ်မပြောတော့ဘူး”
"အခုချိန်ကစပြီး ဒီကလေးနှစ်ယောက်မှာ အမေ ရှိတယ်။ တစ်ယောက်ယောက်က ကျွန်မတို့ မိသားစုအကြောင်း အတင်းအဖျင်းပြောချင်နေတာတို့ ကျွန်မတို့အပေါ် အခွင့်ကောင်းယူချင်နေတာတို့ ဆိုရင်တော့ အခုကစပြီး မဖြစ်နိုင်တော့ဘူး"
ကျွန်မ မတ်တပ်ထရပ်ပြီး စားပွဲပေါ်မှ ကြေးဒင်္ဂါးပြားတွေကို ပြန်ယူလိုက်တယ်။
သူတို့ နွားလှည်းကိုလည်း စီးစရာ မလိုတော့ဘူး။
“နင်… အရှက်မဲ့တဲ့ မိန်းမ၊ နင်က ဘာလို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ…”
တတိယအဒေါ်က ထိတ်လန့်နေပုံရပေမယ့် တိုးတိုးလေး ထပ်ပြောလာသေးတယ်။
"အိုက်ယား.... ကျွန်မ မေ့လုနီးပါး ဖြစ်သွားတာပဲ။ မနှစ်တုန်းက အဒေါ်တို့မိသားစုက သားအငယ်ဆုံး သူ့မိန်းမနဲ့လက်ထပ်တုန်းက သူ့ဆီက ငွေသုံးလျန် ချေးခဲ့တယ်လို့ စုန့်ချွမ်က ပြောခဲ့သေးတယ်၊ အဒေါ်တို့ မိသားစုက ကျွန်မတို့ထက် ပိုကောင်းနေတာကို ကျွန်မ မြင်နေရတယ်၊ ဒါကြောင့် ဒီနေ့ ဘာလို့ ငွေပြန်မဆပ်တာလဲ?"
ကျွန်မ ပြောနေရင်းနဲ့ သူမရှေ့ကို လက်ဝါးဖြန့်ပြလိုက်တယ်။
✨✨✨