Chapter 9
Viewers 240

အပိုင်း ၉

စုန့်ချွမ်နဲ့ တာ့လန်အတွက် ဂွမ်းချည်သားအင်္ကျီတွေ လုပ်ပေးဖို့ အပြာရောင်ဖျင်ထည်ကို သုံးလို့ ရနိုင်တယ်။ အခြားတစ်စကတော့  ရှို့အာအတွက် လုံလောက်လိမ့်မယ်။

အဲဒါက ကျွန်မတို့ကို ငွေကုန်နည်းနည်း သက်သာစေလိမ့်မယ်။

ကျွန်မ ခြံထဲက ကလေးနှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကို သွားတိုင်းတော့ ရှို့အာက မျက်လုံးလေးတွေ မှိတ်ကျတဲ့အထိ ပြုံးနေခဲ့တယ်။

သူမက အထည်စကို ပွေ့ဖက်ထားပြီး ထပ်ခါ ထပ်ခါ ထိကြည့်နေသေးတယ်။

"အမေ၊ ကျွန်တော့်မှာ အနွေးအင်္ကျီတစ်ထည် ရှိပြီးသားပါ၊ ကျွန်တော်အတွက် နောက်တစ်ထည် ထပ်ချုပ်ပေးဖို့ မလိုတော့ပါဘူး"

ကျွန်မ တာ့လန်က လက်တွေ ဆန့်တန်းခိုင်းပေမယ့် သူက အကြောက်အကန် ငြင်းနေသေးတယ်။

"မင်း မင်းအဖေကို တကယ်ချစ်ရင် အနွေးအင်္ကျီအသစ် ဝတ်သင့်တယ်။ မင်းတို့အဖေက အရမ်း အလုပ်ကြိုးစားနေတာလေ။ သူက မင်းနဲ့ ရှို့အာတို့ ကောင်းကောင်းနေထိုင်နိုင်ဖို့ မျှော်လင့်ပြီး ကြိုးစားနေတာ။ ရာသီဥတုက မကြာခင် အေးလာတော့မယ်။ မင်းမှာ ဝတ်ဖို့ အင်္ကျီကောင်းကောင်း တစ်ထည်တောင် မရှိရင် မင်းအဖေ ဘယ်လောက်စိတ်မကောင်းဖြစ်နေမလဲဆိုတာ သေချာစဉ်းစားကြည့်လိုက်ဦး။ မင်း သေသေချာချာ စဥ်းစားပြီးရင် အမေ့ကို လာပြော။ တကယ်လို့ မင်း မလိုချင်ဘူးဆိုရင်တော့ အမေ မင်းကို အတင်းအကြပ် ဖိအားမပေးပါဘူး၊ ဒီအတိုင်း ထားလိုက်လို့ ရတယ်"

ကျွန်မ ရှို့အာကို အိမ်ထဲ ခေါ်သွားလိုက်ပြီး ရှို့အာက အပူပေးအုတ်ကုတင်ပေါ်မှာ လှဲနေရင်း ကျွန်မ အထည်ဖြတ်တာကို ကြည့်နေတယ်။

ကျွန်မက လက်ထဲက ကတ်ကြေးနဲ့ ညှပ်လိုက်၊ ဖြတ်လိုက် လုပ်နေခဲ့တယ်။ သူမကလည်း ကျွန်မကို အတုယူပြီး သူမရဲ့လက်ချောင်းလေးတွေကို ကတ်ကြေးပုံသဏ္ဍန်လုပ်ပြီး ကျွန်မ ဖြတ်နေတဲ့ပုံစံအတိုင်း အတုယူပြီး လိုက်လုပ်နေတယ်။

သူမ မကြားနိုင်ပေမယ့် ကျွန်မ ဖြည်းဖြည်းချင်းပြောရင် ရှို့အာက ကျွန်မရဲ့နှုတ်ခမ်းတွေကို ကြည့်ပြီး တချိုတလေ နားလည်နိုင်သေးတယ်။

"ရှို့အာ နင့်အဖေ ပြန်လာရင် သားရေကောင်းကောင်းရနိုင်မလားလို့ အမေ ကြည့်လိုက်ဦးမယ်။ ပြီးတော့ နင့်အတွက် သားရေဖိနပ်လေးတစ်ရံ လုပ်မယ်။ ဒါပေမယ့် အမေ ဘယ်လိုလုပ်ရမှန်း မသိသေးလို့ အဒေါ်ကျန်းကို သင်ပေးခိုင်းရဦးမယ်”

"...."

တကယ်တော့ ရှို့အာက ဒီလောက်ရှည်လျားတဲ့ စကားတွေ နားမလည်နိုင်ဘူး။ ဒါပေမယ့်လည်း  သူမက တောက်ပစွာ ပြုံးနေပြီး ခေါင်းကို အားရပါးရ ခေါင်းညိတ်ပြနေတုန်းပဲ။

အရမ်း ချစ်စရာကောင်းလွန်းတယ်။

ကျွန်မ စိတ်မထိန်းနိုင်ဘဲ သူမရဲ့ကျဲတဲတဲ ဆံပင်လေးတွေကို လှမ်းထိလိုက်တယ်။

ထင်းရူးအကိုင်းအခက်တွေက ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ကျွန်မ ကြားခဲ့ဖူးတယ်။ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မ ရှို့အာရဲ့ဆံပင်ကို လျှော်ပေးဖို့ ထင်းရူးကိုင်းတွေကို ရေနဲ့ ပြုတ်ခဲ့သေးတယ်။ ဒီလို လှပတဲ့ မိန်းကလေးက သူမနဲ့လိုက်ဖက်တဲ့ အနက်ရောင်ဆံပင်ထူထူလေးတွေ ရှိသင့်တာ မဟုတ်ဘူးလား?

ကျွန်မက တစ်ခါမှ ကလေး မမွေးဖူးတဲ့အတွက် ကလေးတွေကို ပြုစုပျိုးထောင်ရတဲ့ အခက်အခဲတွေကို မသိဘူး။ ဒါပေမယ့် ကလေးအားလုံးက ရှို့အာနဲ့ တာ့လန်တို့လို ကြီးပြင်းလာရင်တော့ ကလေးနည်းနည်းလောက် ထပ်ရှိလာတာက အရေးမကြီးဘူး။

မနက်​ဖြန် ​မနက်​ကျရင်​ မြို့ထဲကို သွားမယ့် နွားလှည်းတစ်​စီး ရှိ​တော့ ရှို့အာနဲ့ တာ့လန်ကို မြို့ထဲခေါ်သွားဖို့ စီစဉ်ထား​တယ်​။

နွားလှည်းက လူတစ်ယောက်ကို ကြေးဒင်္ဂါးငါးပြား ပေးရတယ်။ ဒါပေမယ့် လူတစ်ယောက်အတွက် ကြေးနှစ်ဒင်္ဂါးပြား(နှစ်ဝမ်)ကို အရင် ကြိုပေးထားဖို့ လိုသေးတယ်။ ကျန်တဲ့သုံးဝမ်ကိုတော့ မနက်ဖြန် နံနက် ရွာထိပ်မှာ လှည်းပေါ်တက်မှ ပေးရလိမ့်မယ်။

ကျွန်မ ငွေကြိုပေးဖို့ ရှို့အာကို စုန့်ချွမ်ရဲ့ဦးလေးအိမ် ခေါ်သွားခဲ့တယ်။ ကျွန်မ အိမ်ထောင်ကျတာ မကြာသေးဘူးဆိုတော့ ရွာသားတွေနဲ့ သိပ်မရင်းနှီးသေးဘူး။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ တခြားလူတွေက ကျွန်မနဲ့ စကားစမြည်ပြောဖို့ နည်းလမ်းရှာကြလိမ့်မယ်။

ရွာမှာက ဒီလိုပါပဲ... တစ်နှစ်ပတ်လုံး ဒီလူတွေပဲ အချင်းချင်း တွေ့နေရပြီး ပျင်းရိငြီးငွေ့နေတက်ပကြတယ်။ အဲ့တော့ သူတို့က အဟောင်းတွေကို တူးဖော်ပြီး အတင်းအဖျင်းပြောတက် ကြတယ်။ တခါတလေ လူသစ်တွေ ရောက်လာတဲ့အခါ ဒါမှမဟုတ် ဖြစ်ရပ်အသစ်တစ်ခုနဲ့ ကြုံလာသောအခါ လူတိုင်းက နည်းလမ်းအမျိုးမျိုးနဲ့ စပ်စုပြီး အတင်းအဖျင်းပြောဖို့ အကြောင်းအရာ ရှာကြပြန်တယ်။

ကျွန်မရဲ့ အိမ်ထောင်ကွဲတဲ့ သတင်းကလည်း ရွာရှစ်ရွာနဲ့ ဆယ်လီကျော်အထိ ပျံ့နှံ့နေခဲ့တယ်လေ။ နောက်တစ်ခုက ရွာကလူက သူတို့ရဲ့မိန်းမတွေကို လွယ်လွယ်နဲ့ ကွာရှင်းလေ့မရှိကြဘူး။

မိန်းမတစ်ယောက်ရှာပြီး အိမ်ထောင်ပြုရတာက ငွေကုန်ကြေးကျများတယ်။ မိန်းမတစ်ယောက်ကို ကွာရှင်းဖို့ လွယ်ပေမယ့် နောက်တစ်ယောက် ထပ်ရှာဖို့က ခက်ခဲတယ်လေ။

ဒါကြောင့် ရွှီလောင်စန်းက ကျွန်မကို ကွာရှင်းလိုက်တဲ့အခါ လူတွေက ကျွန်မ သူ့အပေါ် ဆိုးရွားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ယူဆကြတယ်။ အထူးသဖြင့် ကျွန်မကလည်း ကျွန်မ အဲ့အိမ်ကနေထွက်လာတဲ့နေမှာ ယောက္ခမကို ဝက်သတ်ဖို့ သုံးတဲ့ ဓားနဲ့ ခေါင်းပြောင်အောင် ရိတ်ပစ်ခဲ့သေးတယ်လေ။

ကျင်းတစ်ရာကျော် အလေးချိန်ရှိအောင် ကျွန်မ မွေးမြူထားခဲ့တဲ့ အဲ့ဝက်ကိုလည်း ကျွန်မကိုယ်တိုင် သတ်ခံသေးတယ်။ သံရောင်လက်နေတဲ့ ဓားက ဝက်ရဲ့ကိုယ်ထဲကို ဝင်သွားပြီး ဓားကို ပြန်ဆွဲထုတ်လိုက်တဲ့ အချိန်မှာ ဝက်ရဲ့သွေးတွေ ကျွန်မကိုယ်ပေါ်မှာ ဖျန်းခနဲပဲ။

အဲဒီနောက် သေနေတဲ့ဝက်ကို သန့်ရှင်းအောင် လုပ်ပြီး တစ်ဝက်ကို ဘေးက အပျော်လာကြည့်တဲ့သူတွေနဲ့ ပြဿနာရှာတဲ့ ရွှီမိသားစုဝင်တွေဆီ ပေးခဲ့ပြီး ကျန်တဲ့တစ်ဝက်ကို ကျွန်မမိဘတွေဆီ ပြန်သယ်လာခဲ့တယ်။

အဲဒီနေ့က ကျွန်မ ဘယ်လောက်ထိ ကြောက်စရာကောင်းနေမလဲဆိုတာ တွေးသာ ကြည့်လိုက်ကြတော့။

နောက်တော့ တစ်ဆင့်စကား တဆင့်နားနဲ့ ဇာတ်လမ်းက ပိုလို့တောင် ကြောက်စရာကောင်းတဲ့ အရာတစ်ခုအဖြစ်ကို ပြောင်းသွားခဲ့တယ်။ ဒါကြောင့် ဒီရွာက လူတွေက ကျွန်မအကြောင်း သိချင်နေကြတာ မဆန်းတော့ဘူး။

"ဝူလန်ရဲ့ဇနီး၊ နောက်ဆုံးတော့ နင် ဒီနေ့ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဝူလန်က ဘာလို့ ဒီရက်ပိုင်း အိမ်ကနေ ဘယ်ကိုမှ မထွက်တော့တာလဲ သိချင်နေတာ၊ သူက သူ့မိန်းမ အသစ်ကို ဘယ်သူမှ မကြည့်အောင် ဖွက်ထားခဲ့တာပဲ! နင်က အရမ်းနေတတ်ထိုင်တတ်သားပဲ"

(ဝူလန်ဆိုတာက စုချွမ်က သူတို့ မျိုးဆက်မှာ ငါးယောက်မြောက်ကလေးမို့ ခေါ်တဲ့ နာမယ်ပါ)

အဲ့စကားကို ပြောလိုက်တာက စုန့်ချွမ်ရဲ့တတိယအဒေါ်လေ။ သူမက  လှည်းခ ကြိုတင် လက်ခံနေတာ။

ကျွန်မ ရှက်ဟန်ဆောင်ပြီး ခေါင်းငုံ့လိုက်တယ်။ နောက်ဆုံးတော့ ကျွန်မမှာ ရည်မွန်တဲ့ မျက်နှာရှိပေမယ့် အိမ်မှာ ဖွက်ထားရလောက်တဲ့အထိတော့ မဟုတ်ဘူး။

သူမရဲ့စကားတွေထဲမှာ ဝှက်ထားတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေသေးတယ်။ ကျွန်မက လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း စုန့်ချွမ် အိမ်မှာနအောင် သွေးဆောင်ထားခဲ့တယ်လို့ ပြောချင်နေတာလေ။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟