Chapter 8
Viewers 237

အပိုင်း ၈

အိပ်ယာပေါ်ရှိ သေတ္တာနဲ့ အိုးတွေကို ငေးကြည့်ရင်း ကျွန်မ တော်တော်နဲ့ အသိပြန်မဝင်နိုင်သေးဘူး။

အိုးက အကြီးကြီးမဟုတ်ပေမယ့် တောက်ပတဲ့ ရွှေရောင် ကြေးနီဒင်္ဂါးတွေ ပြည့်နှက်နေတယ်။

သေတ္တာထဲမှတော့ တစ်တုံးကို ငွေဆယ်လျန် တန်ဖိုးရှိတဲ့ ငွေတုံးငါးတုံးနဲ့ ဇီးသီးပွင့်ပုံသဏ္ဍာန် ဆံထိုးတစ်ခု ရှိနေတယ်။ ဆံထိုးရဲ့ထိပ်ပိုင်းကို အနီရောင် ကျောက်မျက်သေးသေးလေးတွေနဲ့ တန်ဆာဆင်ထားတယ်။

"ဒါတွေက ငါ နှစ်တွေကြာအောင် စုဆောင်းထားသမျှ အကုန်ပဲ။ ငွေဆံထိုးကတော့ ဒီနေ့ အသစ်ဝယ်လာခဲ့တာ၊ ဒါက မျက်နှာလိမ်းတဲ့အဆီတဲ့ အဲ့တာကိုလည်း ဝယ်ခဲ့သေးတယ်၊  မြို့ထဲက အမျိုးသမီးတွေက မျက်နှာနဲ့ လက်တွေ လိမ်းဖို့ သုံးတဲ့ အရာလို့ ဆိုင်ရှင်က ပြောတယ်"

သူက ကျွန်မလက်ထဲကို မျက်နှာလိမ်းဆီပုလင်းလေး ထည့်ပေးလာတယ်။ ပုလင်းခွံကို စိမ်းလဲ့လဲ့ကြွေသားနဲ့ လုပ်ထားပြီး အထိအတွေ့က အေးမြနေစေတယ်။

ကျွန်မအတွက်တော့ ဒါ ကျွန်မဘဝမှာ ငွေတွေ ဒီလောက်အများကြီး မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ အရင်က မျက်နှာလိမ်းအဆီပုလင်းဆိုတာ ကိုင်တောင် မကိုင်ကြည့်ဖူးဘူး။ ကျောက်မျက်ရတနာနဲ့ လုပ်ထားတဲ့ ဆံထိုးကို ပိုင်ဆိုင်ဖို့ကတော့ အိမ်မက်တောင် မမက်ရဲဘူး။

ဒါက အိမ်မက်လား?

အိပ်မက်ထဲမှာတောင် ဒီလိုအံ့သြစရာကောင်းတဲ့ အရာတစ်ခုကို တစ်ခါမှ မမက်ခဲ့ဖူးဘူး။

"ငါ ဒီဆယ်ရက်လောက်အတွင်း တောင်ပေါ်ကို ထပ်တက်ရမယ်။ ကံကောင်းရင် ငါ သားကောင် ကောင်းကောင်းတွေ ဖမ်းမိနိုင်လိမ့်မယ်။ သားမွေးတွေ ရောင်းလိုက်ရင် ငါတို့နှစ်သစ်အထိ သုံးစွဲဖို့ လုံလောက်သွားလိမ့်မယ်။ ပြီးရင် မင်းနဲ့ကလေးတွေကို အနွေးအင်္ကျီအသစ်တစ်ထည်စီ ချုပ်ပေးမယ်။ ဒါမှမဟုတ် မင်း အင်္ကျီနဲ့ စကတ်ကို ပိုကြိုက်လား?၊ တခြားရော ဘာလို ချင်သေးလဲ?"

သူက ကျွန်မပါးကို ကိုင်ထားပြီး လေးလေးနက်နက် မေးနေတယ်။

ကျွန်မ နောက်ထပ် ဘာလိုချင်သေးလဲ? ကျွန်မ ဘာကို ထပ်ပြီး တောင်းဆိုရဦးမှာလဲ?

ဒီအိမ်မက်က ဘယ်တော့မှ မပြီးဆုံးသွားဖို့ပဲ ကျွန်မ လိုချင်တော့တယ်။

"မိန်းမ၊ အခုမှစပြီး မင်း ငါတို့အိမ်ကို တာဝန်ယူရတော့မယ်။ ငါတို့ရဲ့ နေ့ရက်တွေကို ကောင်းကောင်းကြီး ဖြတ်သန်းကြရအောင်! ရှို့အာက စကားမပြောနိုင်ပေမယ့် ပါးနပ်လိမ္မာပါတယ်။ မင်း သူ့ကို မကြိုက်တာမျိုး မရှိပါနဲ့။ တာ့လန်က စကားအများကြီး ပြောလေ့မရှိပေမယ့် သူက ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ပါ။ သူတို့က မင်းကို လေးစားမှာ သေချာပါတယ်။ နောင်တစ်ချိန် ငါတို့ သားသမီးတွေ ရလာရင်လည်း သူတို့က ငါတို့သားသမီးတွေကို ကောင်းကောင်းဆက်ဆံမှာပါ....”

သူ့အသံက တဖြည်းဖြည်း တိုးသွားပြီး သူ့မျက်ခုံးတွေက လျော့တိလျော့ရဲ ဖြစ်သွားခဲ့တယ်။ တကယ်ဆို ခပ်တင်းတင်းနဲ့ အမိန့်ပေးနိုင်တဲ့ စကားမျိုးကို သူက တောင်းပန်သံတစ်ခုနဲ့ ပြောနေတယ်။

သူက အဲ့လို လူပဲ။

သားသမီးတွေအတွက် သူ့ကိုယ်သူ နှိမ့်ချဖို့တောင် ဝန်မလေးဘူး။

"စုန့်ချွမ်၊ ဒီအိမ်က ကျွန်မအိမ်၊ ရှင်က ကျွန်မခင်ပွန်း။ ရှင့်ရဲ့သားသမီးတွေက ကျွန်မရဲ့သားသမီးတွေပဲ၊ ရှင် ဒီလို ဖြစ်နေစရာ မလိုပါဘူး"

သူက ကျွန်မကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှ ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

"သားသမီးကြောင့်မဟုတ်ဘဲ မင်းကို ကောင်းပေးချင်တယ်"

ကျွန်မလည်း သူ့အပေါ် ကောင်းပေးချင်တယ်။

သူ အဲဒါကို သိနေလားလို့တောင် ကျွန်မ တွေးမိတယ်။

ဆယ်ရက်ကျော်ကြာပြီးတဲ့နောက်မှာ စုန့်ချွမ်က ရွာက တခြားမုဆိုးအနည်းငယ်နဲ့အတူ တောင်ပေါ်ကို တက်သွားခဲ့တယ်။ ကျွန်မ သူ့အတွက် ရိက္ခာခြောက်နဲ့ ခရီးဆောင်အိတ်ကို ပြင်ပေးလိုက်တယ်၊ သူ တောင်ပေါ်တက်သွားရင် တစ်ရက် နှစ်ရက်အတွင်း ပြန်လာမှာ မဟုတ်ဘူးလေ။

တကယ်တော့ သူက တာ့လန်ကို သူနဲ့အတူ ခေါ်သွားဖို့ စီစဉ်ခဲ့ပေမယ့်  ကျွန်မ တာ့လန်ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သူ့ကို မခေါ်သွားဖို့ စုန့်ချွမ်ကို တောင်းဆိုခဲ့တယ်။

ဒီကလေးက ဘာလို့ တောင်တွေပေါ်မှာ အမဲလိုက်တာကို သင်ယူရမှာလဲ?

ကျွန်မတို့ စုန့်ချွမ်ကို ရွာဝင်ပေါက်အထိ လိုက်ပို့ပေးကြတယ်။ ဘယ်လောက်ပဲ တွန့်ဆုတ်မှုတွေ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေပါစေ  နောက်ဆုံးတော့ သူ သွားရဦးမှာပဲလေ။

သူက ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်ပြီး ဒီမိသားစုရဲ့ အားကိုရာပဲ... အဲ့တော့ သူက မိသားစုကို ထောက်ပံ့ဖို့ ငွေရှာရမယ်။

ပြီးတော့ ကျွန်မက ဒီမိသားစုရဲ့အိမ်ထောင်ရှင်မ..... သူ မရှိရင် အိမ်ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မ အလှည့်ဖြစ်သွားပြီ။

ရာသီဥတု နည်းနည်း ပူနွေးနေတာကို အခွင့်ကောင်းယူပြီး ကျွန်မ တာ့လန်နဲ့ ရှို့အာရဲ့အခန်းထဲက အိပ်ယာခင်းတွေကို ခွဲပြီး ရေလျော်လိုက်တယ်။

အချိန်အကြာကြီး အသုံးပြုထားတဲ့ အိပ်ယာခင်းတွေ ဖြစ်နေတာကြောင့် အတွင်းက ဝါဂွမ်းတွေက တော်တော်လေး မာကျောနေပြီ။ ဒါတွေကို နူးညံ့သွားအောင် လုပ်ဖို့ လိုအပ်ပြီး သုံးမရအောင် ဟောင်းနွမ်းသွားတဲ့ အရာတွေကို အစားထိုးဖို့ နောက်ထပ် အသစ်တွေလည်း ထပ်ဝယ်ရဦးမယ်။

ကလေးနှစ်ယောက်လုံးမှာ သူတို့နဲ့ သင့်တော်တဲ့အဝတ်အစားတွေ မရှိကြသလို စုန့်ချွမ်မှာလည်း ဆောင်းတွင်းဝတ်ထူထူတစ်ထည်တောင် မရှိဘူး။

အိမ်နောက်ဖေးက မြေကြီးကိုလည်း လှန်ထားပြီးပြီ၊ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ဝယ်ဖို့ လိုတယ်။

နောက်ဆုံးတော့ ကုန်ကျစရိတ်တွေကို အသေးစိတ် တွက်ချက်ဖို့တောင် ကျွန်မ ကြောက်လာပြီ၊ ကျွန်မအတွက် နေရာတိုင်းက ပိုက်ဆံလိုနေပြီ။

မနေ့ညက စုန့်ချွမ်က ကျွန်မကို လိုအပ်တဲ့နေရာမှာ ငွေသုံးဖို့ ပြောခဲ့တယ်။ သူပြောတာကတော့ ငွေကို သင့်တော်သလို သုံးသင့်ပြီး ငွေတွေက စုဆောင်းထားလည်း တိုးပွားလာမှာ မဟုတ်ဘူးတဲ့။

ဒါပေမဲ့ သူအတွက်တော့ ဝါဂွမ်းအင်္ကျီထူထူတစ်ထည်တောင် မလိုအပ်ဘူးတဲ့။ သူက ဆောင်းရာသီမှာ သိပ်အပြင်မထွက်ဘဲ သူ အပြင်ထွက်ရင်လည်း သူ့ရဲ့သားရေအင်္ကျီအဟောင်းကြီးက လုံလောက်တယ်လို့ သူ ထပ်ပြောခဲ့သေးတယ်။

သူ အဲ့လို ပြောပြီးတဲ့နောက်မှာ ကျွန်မ ပို စိတ်မသက်မသာ ဖြစ်သွားပြီး ပိုက်ဆံတွေကို ပိုတောင် မသုံးရက်တော့ဘူး။

ဒါပေမယ့် ကလေးတွေကို တစ်သက်လုံး ဒုက္ခခံခိုင်းဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။

နောက်ဆုံးတော့ ကျွန်မ ကျွန်မရဲ့ခန်းဝင်ပစ္စည်း သေတ္တာကို မျက်စောင်းထိုးလိုက်မိတယ်။ သေတ္တာကို ဖြဲရှာပြီးတဲ့နောက်မှာ ချည်ထည်နှစ်စ ထုတ်လာနိုင်ခဲ့တယ်။

တစ်စက အပြာရောင်ဖြစ်ပြီး နောက်တစ်စကတော့ အဖြူရောင်ပန်းပွင့်တွေပါတဲ့ အနီရောင်....

စုန့်ချွမ် ကျွန်မတို့ အိမ်ကို လာတုန်းက သူ အထည်ခြောက်စ ခုနစ်စလောက် ယူလာခဲ့ပေမယ့် ကျွန်မရဲ့မိဘတွေကတော့ ဒီနှစ်ခုကိုပဲ ခန်းဝင်ပစ္စည်းအဖြစ် ပြန်ထည့်ပေးလိုက်တယ်။

တခြားသူတွေ အတင်းအဖျင်းပြောမှာကို မကြောက်ရင် ဒီနှစ်စကိုတောင် ထည့်ပေးလိုက်ကြမှာ မဟုတ်ဘူး။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟