အပိုင်း ၁၅
နောက်တစ်နေ့ကျတော့ ရှို့အာနဲ့ ကျွန်မ မှိုတွေ ကောက်ဖို့ တောင်ပေါ်ကို တက်သွားကြတယ်။ အရင်တုန်းက အတူတူ စုဝေးပြီး ကျွန်မကို တိတ်တိတ်လေး ရှောင်နေခဲ့တဲ့ လူတွေက အခုတော့လည်း ဘာမှ မဖြစ်ဖူးသလို အမူအရာမျိုးတွေ ဖြစ်နေကြတယ်။ သူတို့က အဝေးက အပြုံးလေးတွေနဲ့ နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်၊ စကားတွေ အပြန်အလှန်ပြောပြီး တောင်ပေါ်ကို အတူတူသွားဖို့ တောင်းဆိုကြတယ်။
"တာ့လန်၊ မနေ့က မင်း အမေ့ကို ရန်မဖြစ်ဖို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ အမေ့အပေါ်ထားတဲ့ အားလုံးရဲ့ သဘောထားက လုံးဝ ပြောင်းလဲသွားပြီ၊ တွေ့လား? ဒါက ရန်ပွဲကလည်း အကျိုးရှိတယ်ဆိုတာ သက်သေပြနေတယ်"
တာ့လန်က သူ့ပန်းကန်ကို ချလိုက်ပြီး ကျွန်မကို တိတ်တဆိတ်လေး စိုက်ကြည့်နေတယ်။
ဒီကောင်လေးက မနေ့ကတည်းက တစ်ခုခုကို ပြောချင်နေပုံရတယ်။
"ဘာမှားလို့လဲ?" ကျွန်မ လည်ပင်းကို အနည်းငယ် ကျုံလိုက်ပြီး အပြစ်ရှိသလို ခံစားလိုက်ရတယ်။
"အမေ၊ ရွာက မိန်းမတိုင်းက မုဆိုးမလီကို ကြောက်ကြတယ်။ သူ့ခင်ပွန်း ဘယ်လိုသေသွားလဲဆိုတာ အမေ သိလား? မူးနေလို့ အေးခဲပြီး သေတဲ့အထိ ခြံထဲမှာ ပစ်ထားခံခဲ့ရတာ။ မုဆိုးမလီက ရက်စက်တဲ့ နှလုံးသားရှိတယ်၊ အမေက ဘယ်လိုလုပ်ပြီး သူ့ပြိုင်ဖက် ဖြစ်မှာလဲ? အမေ ဒဏ်ရာရသွားရင်..."
တာ့လန်က မျက်ခုံးတွန့်နေပြီး သူ့အမူအရာက တင်းမာနေတယ်။ ကြည့်ရတာ ကျွန်မကို ခြိမ်းခြောက်သတိပေးချင်နေတာပဲ။
"အိုး၊ ငါက ဒုက္ခကို သွားမရှာပေးမယ့် ကျုံ့ဝင်ပြီး ပုန်းနေမှတော့ မဟုတ်ဘူး။ ဟိုအရင်က အိမ်မှာ မိန်းမ မရှိဘူး။ မင်းအဖေကလည်း ယောက်ျားဆိုတော့ သူနဲ့ ပြိုင်ငြင်းနေလို့ မရဘူး။ အခု ငါ ရောက်လာပြီ၊ သူ မင်းတို့ကို လှောင်ပြောင်နေတာကို ငါက ဘယ်လို ရပ်ကြည့်နိုင်ရမှာလဲ? နောက်နောင် သူ ထပ်လာရဲရင်လည်း ငါ သူ့ကို ရိုက်မယ်။ ဒါပေမယ့် မင်းကတော့ အမေ့ရှေ့ကို ထပ်ဝင်လာလို့ မရဘူး။ ရွာထဲက လူတွေက မင်းကို အတင်းအဖျင်းတွေ ပြောကြလိမ့်မယ်၊ မင်းက စာသင်ရမှာ၊ မင်းမှာ အနာဂတ်ရှိတယ်"
"အမေ၊ ကျွန်တော်က အရွယ်ရောက်နေပြီလေ။ အမေ့နားမှာ ရပ်နေပြီး အမေနဲ့ ရှို့အာကို အကာအကွယ်မပေးဘဲ အရိုက်ခံခိုင်းလိုက်ရင် ကျွန်တော် စာကျက်နေလည်း ဘာထူးတော့မှာလဲ?"
နောက်တော့ သူက ခေါင်းငုံ့ပြီး သူ့ပန်းကန်လုံးကို ပြန်ကိုင်ပြီး ဆက်စားနေတော့တယ်။
ကျွန်မရဲ့နှလုံးသားက နွေးထွေးမှုတွေနဲ့ ပြည့်သွားလို့ ကျွန်မ မရယ်မောဘဲ မနေနိုင်တော့ဘူး။
ကျွန်မ ရယ်နေတာကို တွေ့တော့ ရှို့အာကလည်း ကျွန်မနဲ့အတူ လိုက်ရယ်နေပြန်တယ်။
သူတို့က ဘယ်လောက်တောင် ကောင်းမွန်တဲ့ ကလေးတွေလဲ?
စုန့်ချွမ် ပြန်ရောက်တဲ့နေ့က မိုးရွာနေတယ်။ ရှို့အာနဲ့ ကျွန်မ တောင်ပေါ်ကို မတက်နိုင်လို့ လက်မှုပစ္စည်းတစ်ချို့လုပ်ရင်း အိမ်မှာပဲ နေ,နေခဲ့ကြတယ်။
အဲ့တာက ဖိနပ်ဆိုင်အတွက် ဖိနပ်အောက်ခံတွေ ချုပ်တာလေ။ ဖိနပ်အောက်ခံအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဖိနပ်ဆိုင်က ထောက်ပံ့ပေးပြီး လက်ခအနေနဲ့ ဖိနပ်တစ်ရံကို ခုနစ်ဝမ် ရတယ်။
ဒါတောင်မှ ရင်းနှီးတဲ့ ချိတ်ဆက်မှုတွေရှိမှ ဒီအလုပ်မျိုးကို ရရှိတာနော်။
ရွှီလောင်စန်းမှာ ဖိနပ်ဆိုင်မှာ ပန်းထိုးသမအဖြစ် အလုပ်လုပ်နေတဲ့ သွေးဝေးဆွေမျိုးတစ်ယောက်ရှိတယ်။ ကျွန်မက ပန်းမထိုးတတ်တော့ ဖိနပ်အောက်ခံချုပ်တဲ့အလုပ်အတွက် မိတ်ဆက်ပေးခံခဲ့ရတယ်။
ကျွန်မ မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် သင်ယူနိုင်ခဲ့ပြီး အလုပ်ကြိုးစားခဲ့တာကြောင့် ဒီအလုပ်ကို အခုအချိန်အထိ လုပ်နိုင်ခဲ့တယ်။
ရှို့အာက ကျွန်မဘေးမှာ အိပ်ပျော်နေတယ်။ ရှို့အာလည်း မကြာသေးခင်က ကိုယ်အလေးချိန် အနည်းငယ် တက်လာပြီး သူမ အိပ်နေတဲ့အချိန်မှာ သူမရဲ့ပါးပြင်တွေမှာ နှင်းဆီရောင်လေးတွေ ရှိလာပြီ။ သူမက ကောင်းကောင်းမွန်မွန် မအိပ်တတ်သေးတဲ့ အရွယ်မှာ ရှိနေသေးတယ်။ သိပ်မကြာခင်မှာ သူမရဲ့ လက်နဲ့ ခြေတွေကို စောင်ထဲက ဆန့်ထုတ်လိုက်တယ်။
ကျွန်မ သူမရဲ့အနားကို တိုးသွားပြီး စောင်ပြန်ခြုံပေးလိုက်တယ်။
အထူးသဖြင့် မိုးရွာတဲ့နေတွေမှာ ရာသီဥတုက အရမ်းအေးတယ်။
တာ့လန်က သူ့စာအုပ်တွေကို နေ့တိုင်းလေ့လာနေတော့ သူ့အခန်းထဲမှာ မီးဖိုတစ်ခု ထည့်ပေးထားလိုက်တယ်။
သူက ဘာမှ မပြောပေမယ့် မီးဖိုကို ကျွန်မတို့အခန်းထဲ တိတ်တိတ်လေး ပြန်ရွှေ့ထားတတ်တယ်။
ရှို့အာနဲ့ ကျွန်မက ပြတင်းပေါက်နားမှာ ထိုင်နေပြီး တာ့လန်က လေးထောင့်စားပွဲမှာ စာထိုင်ဖတ်တယ်။
ခန်ရဲ့ အစွန်းမှာ မီးလင်းဖိုလေး ရှိတယ်။
ကောင်လေးက သူရဲ့နောက်ကျောကို ဖြောင့်တန်းထားပြီး သူ စာဖတ်တဲ့အချိန်တိုင်း ခေါင်းကို ငုံ့လိုက်တာက ကြော့ရှင်းသန့်စင်ပြီး ကျက်သရေ ရှိတယ်။
သူက အမှန်တကယ် စာသင်သားဖြစ်ဖို့ မွေးဖွားလာတာပဲ။
ဘယ်သူက သူ့ကို ရွာက ကလေးလို့ ထင်မှာလဲ?
အဲ့အချိန်မှာ ခြံတံခါးကို တွန်းဖွင့်ခံလိုက်ရတယ်။
တာ့လန်က ထိုင်ခုံပေါ်ကနေ ဆင်းသွားပြီး သူ ဟန်လုပ်ထားတဲ့ ငြိမ်သက်မှုကို ပျောက်ဆုံးသွားပြီ။
အမှန်တော့ သူက အမှန်တကယ် အသက်အရွယ်အရ ရှစ်နှစ်ပဲရှိသေးတယ်။ သူက ကလေးပဲ ရှိသေးတယ်။
ကျွန်မလည်း ခန်ပေါ်ကနေ ဆင်းလိုက်တယ်။
စုန့်ချွမ်က တံခါးခုံအပြင်ဘက်မှာ ရပ်နေပြီး သူ့မျက်နှာကို ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အမှိုက်တွေ ဖုံးနေတယ်။
သူ့သွားဖြူဖြူတွေကို တစေ့တစောင်း မြင်နေရတာကြောင့်သာ မဟုတ်ရင် သူက လူပုံတောင် မပေါက်တော့ဘူး။
ကျွန်မ သူ့ကို ကြည့်နေရင်း ပြုံးနေခဲ့ပေမယ့် ကျွန်မရဲ့နှလုံးသားထဲမှာတော့ ခါးသီးမှုတွေ အပြည့်ပဲ။
✨✨✨