Chapter 16
Viewers 219

အပိုင်း ၁၆

“မိန်းမ၊ ငါ ဘာကို အမဲလိုက်နိုင်ခဲ့လဲလို့ မင်း မှန်းဆကြည့်နိုင်လား?”

ကျွန်မကို တွေ့တာနဲ့ သူက ပြုံးပြီး မေးလာတယ်။

ကျွန်မ ခေါင်းခါလိုက်တယ်။

"ဝက်ဝံ၊ နောက်ဆုံးတော့ ငါတို့ရဲ့ တာလန် ကျောင်းတက်နိုင်ပြီ"

သူက ခေါင်းငုံ့ပြီး ကျွန်မနားကို တိုးတိုးလေး ကပ်ပြောပြလာတယ်။

ပြီးတော့ တာ့လန်ရဲ့ဆံပင်တွေကို ပွတ်သပ်နေပြီး ပျော်ရွှင်မှုအပြည့်နဲ့ ပြုံးနေပြန်တယ်။

ဒီတော့  သူက တာ့လန်ကို ကျောင်းပို့ပေးဖို့ အမြဲတမ်း တွေးနေခဲ့တယ်ပေါ့။

"အင်း"

ကျွန်မ သူ့အတွက် ခေါက်ဆွဲပြုတ်ပူပူတစ်အိုး ချက်ပေးလိုက်ပြီး သူက တစ်ခါတည်းနဲ့ ပန်းကန်လုံးလေးလုံးစာလောက် စားပစ်လိုက်တယ်။

ရှို့အာနဲ့ တာ့လန်က သူ့ဘေးနားမှာ ထိုင်နေပြီး သူက သမင်နဲ့ ယုန်တွေကို ဘယ်လို အမဲလိုက်ခဲ့ကြောင်း ပြောပြနေတယ်။ ကျွန်မလည်း  မီးဖိုပေါ်မှာ ရေနွေးကျိုးထားရင်း ခန်အစွန်းမှာ ထိုင်နားထောင်နေခဲ့တယ်။

သူက အဲ့အကြောင်းတွေကို ဘာမှ မဟုတ်သလို ပေါ့ပေါ့ပါးပါး ပြောပြနေခဲ့တယ်။

ဒါပေမယ့် ကျွန်မ သူ့ဆံပင်တွေကို ရေလျှော်ပေးပြီး သူ့ခန္ဓာကိုယ်ကို ရေပတ်ဝတ်နဲ့ သုတ်ပေးတဲ့ အချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာမရှိတဲ့ အရေပြားဆိုတာ လက်တဝါးစာတောင် မရှိဘူး။

ပွန်းပဲ့ရာတွေ ခြစ်ရာတွေ... အပြည့်ပဲ။

ကျွန်မ သူ့မုတ်ဆိတ်မွေးတွေကို ရိတ်ပေးနေတုန်းမှာ သူက ပင်ပန်းလွန်းလို့ မျက်လုံးတွေ မှိတ်ကျပြီး အိပ်ပျော်နေပြီ။

ဒီလူကတော့...

စုန့်ချွမ်က တစ်ရက်နဲ့ နောက်တစ်ညလုံး အိပ်နေခဲ့တယ်။ သုံးရက်မြောက်တဲ့နေ့မှ သူက ပြန်လည် လန်းဆန်းလာပြီး ခွန်အားအပြည့် ပြန်ဖြစ်သွားပြီ။

အဲ့တတိယမြောက်နေ့ရဲ့ နံနက်စောစောမှာ သူက မြို့ကို ထပ်သွားခဲ့ပြီး အဲ့နေမှာပဲ  အိမ်ကို ပြန်ရောက်လာခဲ့တယ်။

ကျွန်မ သူ့အတွက် ချက်ပြုတ်ပေးနေတုန်း သူက မီးဖိုဘေးမှာ ထိုင်ရင်း ထင်းမီးကို ကြည့်ပေးနေတယ်။

"မိန်းမ၊ ငါ အဲဒီဝက်ဝံကို မြို့ပေါ်အထိ သွားရောင်းလိုက်ပြီ"

"ဟင်?"

ကျွန်မ နည်းနည်းတော့ အံ့သြသွားတယ်။ သူ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရောင်းနိုင်ခဲ့တာလဲ? ရွာကိုလည်း ပြန်ယူလာတာ မတွေ့မိဘူးလေ။

"တကယ်တော့ ငါ သားမွေးဆိုင်နဲ့ အရင်ထဲက ညှိုနှိုင်းထားတာ။ ပစ္စည်းကောင်းကောင်းရရင် ရွာကို ရှောင်ပြီး မြို့ကို သွားတဲ့လမ်းကနေ ဆိုင်ကို သွားပြောလို့ရတယ်၊ သူတို့က ဝိုင်းကူသယ်ဖို့ လူတွေ လွှတ်ပေးတယ်"

"ဘာလို့လဲ?"

"ဝက်ဝံတစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းနိုင်လဲဆိုတာ မင်း သိလား?"

ကျွန်မ ခေါင်းပဲ ခါပြနိုင်တယ်။ ကျွန်မ တကယ် မသိဘူး။

"သားမွေးဆိုင်က ငါ့ကို လျန်သုံးထောင်ပေးတယ်"

ကျွန်မလက်ထဲက ဇွန်းကြီး အိုးထဲ ပြုတ်ကျသွားတဲ့အထိ ကျွန်မ ထိတ်လန့်သွားရတယ်။

လျန်သုံးထောင်?

အဲဒါက ကျွန်မ အိပ်မက်တောင် မမက်ဖူးတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။

"မင်း ကြည့်လေ၊ မင်းတောင် ဒီလို တုံ့ပြန်တာ၊ တခြားသူတွေ သိသွားရင် ဘာတွေဖြစ်လာမယ်လို့ ထင်လဲ? ဒီဝက်ဝံကို ရွာကို ပြန်ဆွဲလာရင် ဘယ်သူတွေ ဘယ်လောက်တောင် မနာလိုဘဲ ရန်စကြမယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ?"

“ငါတို့တွေ အတူသွားကြပေမယ့် တောင်ပေါ်ကို ရောက်တော့ လမ်းခွဲလိုက်ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက တောင်ပေါ်မှာ သားကောင်တွေ ရှားပါးလာပြီလေ၊ အများအားဖြင့် သမင်နဲ့ ယုန်တွေတောင် ရှားပါးလာပြီ။ ဝက်ဝံရှိမယ်လို့ ဘယ်သူက ထင်မှာလဲ? ဒါပေမယ့် ငါ နောက်ဆုံးအကြိမ် တောင်ပေါ်တက်တုန်းက ဝတ်ဝံရဲ့နေရာကို ရှာတွေ့ခဲ့တယ်၊ အဲ့တာကြောင့် ဒီတစ်ခေါက် တောထဲမဝင်ခင် အပြည့်ပြင်ဆင်သွားခဲ့တာ။ ဒီဝက်ဝံကို ငါ တစ်ယောက်တည်း လိုက်ရှာခဲ့ပြီး တခြားဘယ်သူမှ ဒီဝက်ဝံအကြောင်း လုံးဝ မသိကြဘူး”

“ငါ ငါ အမဲလိုက်လို့ ရတဲ့ သမင်နဲ့ ယုန်တွေအပေါ်မှာ အိပ်ဆေးထည့်ပြီး အဲ့ဝက်ဝံ အစာရှာတဲ့လမ်းမှာ ပစ်ချထားလိုက်တယ်။ သူ အဲ့တာတွေကို စားတာမြင်တာနဲ့ ခပ်ဝေးဝေးကနေ လိုက်သွားလိုက်တယ်”

“ငါ အရင်က အိပ်ဆေးတွေကို တစ်ခါမှ မသုံးဖူးတော့ အလုပ်ဖြစ် မဖြစ်လည်း မသိဘူး။ သူ အစာဝတော့ အိပ်ဖို့ သူ့ရဲ့သားရဲတွင်းကို ပြန်ဝင်သွားတယ်။ နောက်တော့ ငါလည်း အဝင်ပေါက်မှာ ထောင်ချောက်တစ်ခု အရင်တူးထားပြီး သားရဲတွင်းထဲကို ခိုးဝင်သွားလိုက်တယ်၊ သူ အိပ်နေတာ တွေ့တာနဲ့ သူ့နှလုံးကို ဓားနဲ့ ထိုးလိုက်တယ်”

"ပထမ ဓားချက်က လွဲသွားတယ်၊ အိပ်ဆေးကလည်း အလုံအလောက် အသုံးမဝင်ဘူး။ အဲ့ဝက်ဝံက နာကျင်မှုကြောင့် ပြန်နိုးလာပုံပဲ။ ငါ အမြန်မရှောင်လိုက်နိုင်ရင် သူက ငါ့နောက်ကျောကို ရိုက်တော့မှာ သေချာတယ်။ အဲ့တာဆိုရင်တော့ ငါ ဘယ်လိုမှ အသက်ရှင်လျှက် ပြန်လာနိုင်မှာ မဟုတ်ဘူး”

"နောက်တော့ အဲ့ဝက်ဝံကြီး နာလွန်းလို့ ဂမူးရူးထိုးနဲ့ ဝင်ပေါက်ကနေ ပြေးထွက်သွားတယ်။ အပြင်ဘက်မှာ ငါ  တူးထားခဲ့တဲ့ ထောင်ချောက် ရှိတော့ သူ ချက်ခြင်း ပြုတ်ကျပြီး အောက်က စူးချွန်တွေနဲ့ ထိုးဖောက်ခံလိုက်ရတယ်”

“ငါ အဲဒါကြောင့် အဲ့ဝက်ဝံကို အလွယ်တကူ သတ်နိုင်ခဲ့တာ။ ပုံမှန်အတိုင်းသာဆိုရင် လူနှစ်ဆယ်ရှိရင်တောင်မှ အဲ့အကောင်ကြီးကို ဖမ်းနိုင်မှာ မဟုတ်ဘူး၊ ငါတို့ ဝိုင်းဖမ်းနိုင်ရင်တောင် ပိုက်ဆံကို ခွဲဝေယူပြီး ငါ့အတွက် အများကြီး ကျန်မှာ မဟုတ်ဘူး”

“ဒါကြောင့် ဝက်ဝံကို ထောင်ချောက်ဆင်ခဲ့တာ။ နောက်တော့ အဲ့ဝက်ဝံကို ထောင်ချောက်ထဲမှာပဲ ထားခဲ့လိုက်တယ်။ တောနက်ထဲကို ဘယ်သူမှ မသွားရဲတော့ စိတ်ပူစရာလည်း မလိုဘူးလေ”

 “တခြားသူတွေနဲ့ မတွေ့ခင်မှာ သမင်တစ်ကောင် ထပ်ရှာခဲ့သေးတယ်။ နှစ်ရက်လောက်ကြာတော့ အားလုံးကို သံသယမဖြစ်အောင် အဲ့သမင်ကို မြို့ထဲ ယူသွားလိုက်တယ်”

"ငွေတွေကိုတောင် အိမ်မပြန်ယူလာရဲလို့ မြို့ထဲက သားမွေးဆိုင်မှာပဲ သိမ်းထားခဲ့တာ"

သူက အဲ့စကားကို ပြောပြီး ရှက်ရွံ့နေသလိုပုံစံနဲ့ သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်နေပြန်တယ်။

သူက အရမ်းကို ရိုးရှင်းပြီး ရိုးသားလွန်းတယ်လို့ ကျွန်မ အမြဲထင်နေခဲ့တာ၊ ဒါပေမယ့် အခုသိလိုက်ရတာက သူက လူတွေရဲ့သဘောသဘာဝကို သိလွန်းပြီး တကယ်ကို လိမ္မာပါးနပ်လွန်းတယ်။ တကယ်တော့ သူက အသေးအမွှားကိစ္စတွေကို အာရုံမစိုက်ချင်လို့ လျစ်လျူရှုထားခဲ့တာပဲ။

"မိန်းမ၊ ငါက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ မင်း ထင်လား?"

"စုန့်ချွမ်၊ ပညာရှိတွေက ပြောကြတယ် 'လူတွေက မိမိကိုယ်မိမိ ဂရုမစိုက်ရင် ကောင်းကင်နဲ့မြေကြီးရဲ့ အဆုံးအမကို ခံရလိမ့်မယ်'တဲ့။ ရှင် ဒီလိုလုပ်တာက ရှင်က လူ ပီသတယ်ဆိုတာကို သက်သေပြလိုက်တာပဲ၊ ရှင်က သတ္တိရှိသလို ဥာဏ်လည်းကောင်းတယ်၊ လောကရဲ့လမ်းစဉ်တွေကိုလည်း နားလည်တယ်၊ အဲ့ဒါက ကျွန်မအတွက် ပျော်စရာကိစ္စလေ”

 🌟🌟🌟🌟🌟