အပိုင်း ၁၇
"မိန်းမ၊ တကယ်တော့ ငါ မင်းကို မပြောရဲခဲ့တဲ့ကိစ္စတစ်ခု ရှိသေးတယ်၊ ဒါပေမယ့် ဒီနေ့တော့ ပြောနိုင်ပြီ၊ ငါ တာ့လန်ကို စာဖတ်ခိုင်းမယ်လို့ ကတိပေးခဲ့တယ်။ အခု ငါတို့မှာ ငွေရှိပြီဆိုတော့ နှစ်သစ်ကူးပြီးရင် သူ့ကို ကျောင်းပို့ပေးချင်တယ်”
"ဒါပေမယ့် ကျောင်းစာရိတ်က မသက်သာဘူး၊ နှစ်သစ်ကူးမှာလည်း ဆရာတွေကို လက်ဆောင်တွေ ပေးရတယ်။ တာ့လန်က စာကောင်းကောင်း သင်နိုင်ရင် နောင်မှာ ဒီထက် ပိုကောင်းတဲ့ ကျောင်းကို ပို့ရလိမ့်မယ်။ သူက စာမေးပွဲအောင်နိုင်တဲ့အထိ ကံကောင်းခဲ့ရင် နောက်ထပ် အဆက်အသွယ်တွေ ရှာဖို့ လိုလာလိမ့်မယ်။ အဲ့အချိန်ကြရင် ဒီလျန်သုံးထောင်က မလောက်မှာကို ငါ ကြောက်တယ်"
အစပိုင်းမှာတော့ သူက ကျွန်မကို လှမ်းကြည့်နေပေမယ့် စကားပြောရင်းနဲ့ သူ့ခေါင်းက ပိုပိုပြီး ငုံကျသွားတယ်။
"ဒါပေမယ့် မင်း စိတ်မပူပါနဲ့၊ ငါက ငယ်ပါသေးတယ်။ အနာဂတ်မှာ ငါ တောင်ပေါ်ကို ထပ်သွားပြီး ဝက်ဝံကို အမဲလိုက်ဖို့ အခွင့်အရေး ထပ်ရှာပါ့မယ်၊ မင်းကို ဒုက္ခ မခံခိုင်းပါဘူး”
ဒီတော့ သူက ဒီလိုတွေ တွေးထားခဲ့တာပေါ့။
နောက်ဆုံးတော့ သူက သူ့ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လာပြီး ကျွန်မကို ကြည့်နေပြန်တယ်။ မီးဖိုထဲက မီးရောင်က သူ့မျက်လုံးတွေကို ရောင်ပြန်ဟပ်ပြီး သူ့မျက်လုံးတွေက တောက်ပနေခဲ့တယ်။
သူက ဒီလိုမျိုးအထိ ကောင်းမွန်တဲ့ လူကောင်းတစ်ယောက်ပဲ။
ကျွန်မ သူ့ရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။
"ကျွန်မ အခုလက်ရှိ နေထိုင်ရတဲ့ဘဝက ကျွန်မ စိတ်ကူးယဉ်ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်နေပါပြီ။ ဒီတစ်ခေါက် ရှင် ဝက်ဝံကို ရှာနိုင်ခဲ့တာက ကံကောင်းလို့ပါ။ ရှင်က ပေါ့ပေါ့ပါးပါး ပြောနေပေမယ့် လက်တွေ့မှာ ရှင် ပြောနေတာတွေထက် အန္တရာယ်က အဆတစ်ရာ အဆတစ်ထောင် ဖြစ်နေမှာ သေချာတယ်”
"စုန့်ချွမ်၊ ကျွန်မ စည်းစိမ်တွေနဲ့ ဇိမ်ခံနေရမယ့် ဘဝမျိုးကို မမျှော်လင့်ထားဘူး။ အခု ကျွန်မ ရှင့်ကို လက်ထပ်ပြီးပြီ၊ ကျွန်မက ရှင်နဲ့တစ်သားတည်း ဖြစ်သွားပြီ။ ကျွန်မရဲ့ဘဝကို နေ့တိုင်း စားလိုက်၊ သောက်လိုက်၊ လှဲအိပ်လိုက်နဲ့ ကုန်ဆုံးနေလို့ မရဘူး။ ကျွန်မတို့ရဲ့နေ့ရက်တွေ ပိုကောင်းအောင်လုပ်ဖို့ ကျွန်မ ရှင်နဲ့အတူ အလုပ်လုပ်နိုင်တယ်”
"တာ့လန်က ထက်မြက်ပြီး ကြိုးစားချင်စိတ်ရှိတယ်။ သူ စာသင်ချင်နေမှတော့ သူ့မိဘတွေအနေနဲ့ ကျွန်မတို့က သူ့ကို ဘယ်လိုတားဆီးနိုင်မှာလဲ?"
“တကယ်တော့ ကျွန်မ တွေးထားပြီးသားပါ။ ကျွန်မတို့လို မုဆိုးမိသားစုတွေက လယ်မြေ မရှိဘူး။ တာ့လန်က ကျောင်းတက်တော့မယ်ဆိုရင် စာသင်ကျောင်းမှာ သွားနေရမယ်၊ အဲ့လို သွားနေရင် အစားအသောက်နဲ့ တည်းခိုစရိတ်ကို နောက်ထပ် ထပ်ပေးရလိမ့်မယ်”
"ကျွန်မ ရှင့်ကို အကြံပေးချင်တာက နှစ်သစ်ကူးပြီးရင် ရှင် မြို့ပေါ်မှာ အလုပ်တစ်ခု ရှာဖို့ပဲ၊ ကျွန်မရဲ့အကြံအစည်က အဲဒီ့မှာ အိမ်ငှားလို့ ရနိုင်ရင် တာ့လန်ကို အနီးနားကနေ စောင့်ရှောက်ပေးနိုင်လိမ့်မယ်၊ ရှင်လည်း အသက်အန္တရာယ်များတဲ့ အလုပ်ကို မလုပ်ရတော့ဘူး"
"မိန်းမ၊ မင်း ငါ့ကို အရင်စဉ်းစားခွင့်ပေးလို့ ရမလား?"
"အင်း...ရတယ်လေ"
အချိန်တွေက ကုန်တာမြန်လွန်းပြီး ဆောင်းရာသီမရောက်မီမှာ စုန့်ချွမ်က တောထဲကို ထပ်သွားခဲ့ပေမယ့် ယုန်အနည်းငယ်ကိုပဲ အမဲလိုက်နိုင်ခဲ့တယ်။
နောက်နှစ် ဆောင်းဦးပေါက်လာတဲ့အချိန်အထိ တောထဲကို ဝင်ဖို့ ခက်ခက်ခဲခဲ ပြန်စောင့်ရလိမ့်မယ်။
နွေဦးနဲ့ နွေရာသီမှာ အမဲလိုက်တာကို တားမြစ်ထားပြီး ဆောင်းရာသီကလည်း နှင်းတွေ အရမ်းထူထပ်တယ်။
မုဆိုးတစ်ယောက်အတွက် အကောင်းဆုံးနေ့ရက်တွေက ရာသီတစ်ခုစာပဲ ကြာမြင့်တယ်။
မကြာခင်မှာပဲ ဆောင်းရာသီရဲ့ပထမဆုံး နှင်းတွေ ကျလာခဲ့တယ်။
ပထမအကြိမ်ဖြစ်နေတာတောင် နှင်းတွေ စောင်တစ်တည်ခင်းလိုက်သလို ထူထူထပ်ထပ် ကျဆင်းလာသေးတယ်။
ကျွန်မ အလုပ်လုပ်ဖို့ နောက်ထပ် ဖိနပ်အောက်ခံတွေ ထပ်ယူပြီး အိမ်ကို ပြန်လာခဲ့တယ်၊ စုန့်ချွမ်ကတော့ အလုပ်မရှိဘဲ အားလပ်နေခဲ့တယ်။ သူက နေ့တိုင်း တာ့လန် စာဖတ်တာကို စောင့်ကြည့်ပေးနေခဲ့တယ်။ တာ့လန် ဖတ်နေတဲ့ စကားလုံးတွေကို သူ နားမလည်ပေမယ့် သူက မယုံနိုင်လောက်အောင် စိတ်ရှည်တယ်။ တာ့လန် ထိုင်နေသရွေ့ သူလည်း အတူထိုင်နေပေးတယ်။
ကျွန်မလည်း ရှို့အာရဲ့ လက်ဟန်ဘာသာစကား အများစုကို နားလည်ဖို့ တဖြည်းဖြည်း သင်ယူနိုင်ခဲ့တယ်၊ အဲ့တာကြောင့် ကျွန်မ ရှို့အာရဲ့လက်ဟန်တွေကို မကြာခဏ လှမ်းကြည့်နေခဲ့တယ်။
ကျွန်မတို့ ဘဝက သာမန်လေး ဆိုပေမယ့် အခုအချိန်မှာတော့ ဘယ်အရာကမှ အဲ့သာမာန်ဆိုတဲ့ ဘဝထက် ပိုတန်ဖိုးမရှိတော့သလို ခံစားရစေတယ်။
ကျွန်မရဲ့တစ်ခုတည်းသော စိတ်ပူစရာက ရှို့အာရဲ့ဆံပင်တွေ သိပ်မပေါက်လာသေးတာပဲ။ အဲ့တာကတော့ ကျွန်မကို စိတ်ပူစေတယ်။ ဒါနဲ့ ကျွန်မ စုန့်ချွမ်နဲ့အတူ မြို့ထဲသွားရင်း ရှို့အာကို ဆေးခန်းပြဖို့ ခေါ်သွားလိုက်တယ်။
"ကလေးရဲ့ ဦးခေါင်းကို ရိတ်ပေးပြီး ဒီဆေးညွှန်းအတိုင်း အသုံးပြုပါ။ ဆေးသုံးကြိမ်သောက်ပြီးရင် ရလဒ်ကို မြင်ရလိမ့်မယ်"
သမားတော်ကတော့ အဲ့ဒီလို ပြောတာပဲ။
ရှို့အာက မကြားရပေမယ့် သူ့အဖေက ခေါင်းရိတ်ရမယ်လို့ ရှင်းပြလိုက်တဲ့အခါ စောင်အောက်မှာ ပုန်းပြီး တစ်နေ့လုံး အိပ်နေခဲ့တယ်။
ညဦးမှ ထလာပြီး သင်တုန်းဓားကို ကိုင်ရင်း ကျွန်မဆီကို ရောက်လာတယ်။ ဒါတောင်မှ သူမရဲ့မျက်လုံးလေးတွေက နီရဲနေသေးတယ်။
"ဘာမှ မဖြစ်ပါဘူး။ ရှို့အာရဲ့ဆံပင်တွေက မကြာခင် ပြန်ပေါက်လာတော့မှာ။ ဆံပင်အသစ်တွေ ထွက်လာရင် ထူထဲပြီး တောက်ပြောင်လိမ့်မယ်၊ ပြီးရင် ဆံပင်စည်းဖို့ ဖဲကြိုးအသစ်လေးကို သုံးရတော့မှာမလား?"
စုန့်ချွမ်က သူ ပြောချင်တာတွေကို လက်ဟန်နဲ့ ပြောပြနေတယ်။ ရှို့အာက သူမရဲ့ခေါင်းလေးကို ကျွန်မရင်ခွင်ထဲမှာ ဖွက်ထားတယ်။ အချိန်အတော်ကြာပြီးနောက်မှ သူမက ခေါင်းညိတ်ပြလာတယ်။
ခေါင်းရိတ်ပြီးတော့ ရှို့အာက အပြင်ထွက်ဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်မ သူမအတွက် ချုပ်ပေးထားတဲ့ ဦးထုပ်လေးကို သေသေချာချာ ဆောင်းထားပြီး ဘယ်တော့မှ မချွတ်ဘူး။ အိပ်နေရင်တောင်မှ မချွတ်ဘူး။
ကျွန်မ စုန့်ချွမ်ကို တိုးတိုးလေး ပြောလိုက်တယ်။
"ကလေးတွေက မာနမရှိဘူး ဒါမှမဟုတ် သူတို့ရဲ့ရုပ်ရည်ကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောလဲ?"
စုန့်ချွမ်က ကျွန်မကို လှည့်ကြည့်ပြီး ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ပြီးတော့ တိုးတိုးလေးလည်း ပြောလိုက်သေးတယ်။
"အဲ့ဒါက မင်းနဲ့တူတယ်"
ကျွန်မနဲ့တူတာလား?
🌟🌟🌟🌟🌟