Chapter 18
Viewers 216

အပိုင်း ၁၈

နှစ်ကုန်ခါနီးအချိန်ကို တဖြည်းဖြည်း ရောက်လာပြီး  အိမ်ထောင်စုတိုင်းက နှစ်သစ်အတွက် စပြင်ဆင်လာကြတယ်။ အဆင်းရဲဆုံး မိသားစုတွေတောင် သူတို့ရဲ့ကလေးတွေအတွက် ရှားရှားပါးပါး စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးဖို့ အနည်းဆုံးအနေနဲ့ အဆီပါတဲ့ဝက်သားကျင်းတစ်ဝက်လောက်တော့ ဝယ်ယူကြသေးတယ်။

စုန့်ချွမ်ကတော့ ကျွန်မတို့အိမ်အတွက် ပစ္စည်းတွေ ဝယ်ပေးရုံသာမက ကျွန်မမိဘတွေအတွက်ပါ သကြားလုံးတွေနဲ့ ကွာစေ့တွေ အပြင် ဝက်သားဆယ်ကျင်းလည်း ထပ်ဝယ်လာခဲ့သေးတယ်။

ကျွန်မ မိဘတွေရဲ့အိမ်ကို အလည်ပြန်တဲ့အချိန်မှာ ကလေးနှစ်ယောက်ကိုလည်း ကျွန်မတို့နဲ့အတူ ခေါ်သွားခဲ့တယ်။

ကျွန်မ ဒီလိုဂုဏ်စရာအပြည့်နဲ့ မိဘအိမ်ကို တစ်ခါမှ မပြန်ဖူးဘူး။ ကျွန်မ အိတ်အကြီးကြီးတွေ အိတ်သေးသေးလေးတွေ သယ်လာတာ တွေ့တော့ တွေ့တဲ့သူတိုင်းက ကျွန်မကို ချီးကျူးကြတယ်။

သူတို့က ကျွန်မက သားသမီးဝတ်ကို ကျေပွန်တယ်လို့ ချီးကျူးကြပြီး၊ ကျွန်မ နောက်အိမ်ထောင်ပြုခဲ့တာကလည်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်မ ကံကောင်းတယ်လို့ ပြောကြတယ်။

ကျွန်မ နောက်အိမ်ထောင်ပြုခဲ့တာလည်း အမှန်ပဲ။ ကျွန်မ ကံကောင်းခဲ့တာလည်း အမှန်ပါပဲ။

ဒါပေမယ့် သားသမီးဝတ္တရားနဲ့ ပတ်သက်ရင်… အဲဒါက မမှန်ဘူး။

ကျွန်မက မွေးချင်းငါးယောက်ရှိတဲ့ မိသားစုက လာခဲ့တာလေ.... ညီမလေးယောက်နဲ့ မောင်လေးတစ်ယောက်... အိမ်မှာ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်က အစ်မတွေ အတွက် အမြဲတမ်း ချန်ထားခဲ့တယ်။ နှစ်သစ်ကူးလို ပွဲတော်တွေနဲ့ အခမ်းအနား ပွဲတွေမှာ အကောင်းဆုံးအစားအစာနဲ့ အဝတ်အစားတွေကို ရနိုင်တဲ့ သူကတော့ ကျွန်မတို့ရဲ့ မောင်လေးပဲ။ ကောင်းတာတွေ အားလုံးကို သူ့အတွက် သီးသန့် ချန်ထားရပြီး ကျွန်မတို့မှာ သူ့ရဲ့စားကြွင်းစားကျန်တွေကိုတောင် ယူခွင့်မရှိခဲ့ကြဘူး။

ကျွန်မတို့ဉိအစ်မတွေ အိမ်ထောင်ပြုနိုင်တဲ့ အချိန်ရောက်လာတဲ့အခါ သတို့သားရဲ့မိသားစုက အိမ်ထောင်ရေးလက်ဆောင် ပေးနိုင်သရွေ့တော့ ကျွန်မတို့ မိဘတွေက သူတို့ ဘယ်လိုလူလဲဆိုတာ မမေးတတ်ကြဘူး။ သူတို့က ဘာမှ မတွေးဘဲ ကျွန်မတို့ကို သူများလက်ထဲ ပေါ့ပေါ့ဆဆ ထည့်ပေးလိုက်ကြတယ်။

အစ်မအကြီးဆုံးက ဓားပြနဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်ကျပြီး ဒုတိယနှစ်မှာ ဘာသတင်းမှ မကြားရဘဲ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့တယ်။

အဖေက အဲဒီဓားပြဆီက ရလာတဲ့ အိမ်ထောင်ရေးလက်ဆောင်တွေကို ကျွန်မတို့အိမ်ကို ပြုပြင်ဖို့ သုံးခဲ့ပေမယ့် အစ်မကြီးကို သွားရှာဖို့တော့ တစ်ခါမှ မပြောခဲ့ဖူးဘူး။

ကျွန်မရဲ့ ဒုတိယအစ်မက အရမ်းချောမောလှပတော့ အသက်ခြောက်ဆယ်ကျော် မြေပိုင်ရှင်လူအိုကြီးရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်လိုက်ရတယ်။

အိမ်ထောင်ကျပြီး နှစ်နှစ်လောက်အကြာမှာ အဲ့မြေပိုင်ရှင် လူအိုကြီးက နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ ကျွန်မရဲ့ဒုတိယအစ်မကတော့ သူမရဲ့သားကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရပြီး အဲ့အိမ်မှာ ဆက်နေဖို့ ရုန်းကန်နေခဲ့ရတယ်။ ဝမ်းနည်းစရာကောင်းတာက သူက ကျွန်မတို့မိသားစုကို ဘယ်တော့မှ မဆက်သွယ်တော့ဘူး။ ဒုတိယအစ်မကလည်း မိဘ‌တွေကို နားကြည်းသွားတယ် ထင်ပါရဲ့။

အဖေက ဒုတိယအစ်မကို ရောင်းပြီး လယ်မူနှစ်ဆယ် ဝယ်ခဲ့ပေမယ့် ဒုတိယအစ်မ အဆင်ပြေရဲလားလို့ တစ်ခါမှ မမေးဖူးဘူး။

ကျွန်မရဲ့ တတိယအစ်မကတော့ နည်းနည်းလေး ပိုကောင်းတယ်။ သူမက ကျွန်မတို့ရွာက မိဘမဲ့တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ကျွန်မရဲ့တတိယခဲအိုက  ဆင်းရဲပေမယ့် သန်မာပြီး အလုပ်ကြိုးစားတယ်။ သူက ရိုးသားတော့ သူတို့လင်မယားနှစ်ယောက် သူတို့ရဲ့ မြုံနေတဲ့ မြေမူ အနည်းငယ်ကို ထိန်းသိမ်းရင်း သူတို့ရဲ့နေ့ရက်တွေကို ကုန်ဆုံးစေတယ်။ အဲ့ဒါအပြင် သူတို့က ကျွန်မတို့ရဲ့မိဘတွေအတွက် နှစ်တိုင်း မမောမပန်း အလုပ်လုပ်ပေးကြရတယ်။

မိဘတွေကို ဝိုင်းမကူပေးရင် လယ်ထွန်ဖို့ မိသားစုရဲ့နွားတွေကို မငှားပေးဘူးဆိုတဲ့ စကားကြောင့် သူတို့က ကျွန်မတို့ မိဘတွေ အတွက် သေလုနီပါး အလုပ်လုပ်ပေးကြရတယ်။

ဒါတောင်မှ ကျွန်မရဲ့မိဘတွေ၊ မောင်ငယ်လေးနဲ့ ယောင်းမက သူတို့ လင်မယားကို တစ်ခါမှ ကြင်ကြင်နာနာ မဆက်ဆံပေးဖူးဘူး။

ရွှီလောင်စန်းနဲ့ အိမ်ထောင်ကျတဲ့နှစ်မှာ ကျွန်မလည်း အသက်ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်။

ရွှီလောင်စန်းရဲ့ဖခင်က မြို့တွင်းက ငွေဆိုင်တစ်ဆိုင်မှာ စာရင်းကိုင်တစ်ဦးလေ။ သူက ငွေအနည်းငယ် စုဆောင်းပြီး နောက်ဆုံးတော့ ကျေးလက်ကို ပြန်လာခဲ့တယ်။ သူ့ အလုပ်ကိုတော့ သားဖြစ်သူဆီကို လွှဲပြောင်းပေးခဲ့တယ်။

ဒါပေမယ့် သူ့သားက လောင်းကစား လုပ်ဖို့နဲ့ ပြည့်တန်ဆာတွေ ဆီသွားဖို့ ဆိုင်ပိုင်ရှင်ဆီကနေ ငွေတွေ ခိုးယူတယ်။ စာရင်းအတုတွေတောင် လုပ်ခဲ့သေးတယ်။ ဆိုင်ပိုင်ရှင်က သိသွားပြီး သက်ဆိုင်ရာကို သတင်းပို့မယ်လို့ ခြိမ်းခြောက်တော့ ဖခင်ဖြစ်သူက တောင်းပန်ပြီး ငွေတွေကို ပြန်လျော်ပေးလိုက်ရတယ်။

တခြားရွေးချယ်စရာမရှိပဲ သူလည်း သူ့အဖေနဲ့အတူ ရွာကို ပြန်‌ရောက်လာခဲ့တယ်။ မကြာခင်မှာ သူ့အဖေက ဖျားနာပြီး ဘယ်တော့မှ ပြန်မသက်သာလာတော့ဘူး။ နှစ်လအတွင်းမှာပဲ ဆုံးပါးသွားခဲ့တယ်။

အရင်က သူတို့မိသားစုမှာ အစေခံမိန်းကလေး နှစ်ယောက်ရှိခဲ့ဖူးပေမယ့် ရွှီလောင်စန်း ဆိုတဲ့ အဲဒီဘေးဆိုးကြောင့် ဖခင်ဖြစ်သူက ဆိုင်ပိုင်ရှင်ကို လျော်ကြေးငွေ ပေးခဲ့ရတဲ့အပြင် ဆေးဝါးကုသဖို့လည်း ငွေတွေ ကုန်ခဲ့တယ်။ သူတို့က အစေခံတွေကို ဆက်ထားဖို့ မတတ်နိုင်တော့တာကြောင့် သူ့အမေက အစေခံတွေကို ရောင်းထုတ်လိုက်တယ်။ နောက်တော့ အဲ့အစေခံမိန်းကလေးတွေကို ရောင်းစားရာကနေ ရလာတဲ့ ငွေနဲ့ ရွှီလောင်စန်းကို အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့တယ်။

ရွှီမိသားစုက ငွေများများ ပေးနိုင်တာကြောင့် ကျွန်မ အဖေက ကျွန်မကို ရောင်းထုတ်လိုက်ပြန်တယ်။

အဲ့တုန်းက ရွှီမိသားစုက ဇနီးတစ်ယောက်လိုချင်ခဲ့တာ မဟုတ်ဘူး။ သူတို့အတွက် ကလေးမွေးနိုင်မည့် မိန်းကလေးတစ်ယောက် လိုအပ်ခဲ့တာ။

ရွှီအိမ်မှာ ကျွန်မက အိမ်မှုကိစ္စနဲ့ လယ်ယာလုပ်ငန်း အားလုံးကို လုပ်ရတဲ့သူ ဖြစ်လာခဲ့တယ်။ တစုံတရာ မကျေနပ်ရင် ကျွန်မကို ပြန်ဖယ်ထုတ်ကြလိမ့်မယ်။

အဲဒီတုန်းက ကျွန်မက ငယ်သေးတော့ ခေါင်းမာပြီး အမြဲတမ်း ပြန်ပြောတတ်ခဲ့တယ်။ ရွှီလောင်စန်းရဲ့အမေက အကြောင်းပြချက်မျိုးစုံနဲ့ ကျွန်မကို အပြစ်ပေးပြီး နှိပ်စက်ခဲ့တယ်။

သူမရဲ့သားက ကျွန်မ ရှာထားတဲ့ငွေတွေကို ပြည့်တန်ဆာတွေဆီမှာ သုံးဖြုန်းဖို့ ယူသွားခဲ့ပေမယ့် သူမကတော့ ကျွန်မကို  ခင်ပွန်းကို မထိန်းသိမ်းနိုင်တဲ့ ဥမဖောက်နိုင်တဲ့ မိန်းမဆိုပြီး အပြစ်တင်ခဲ့တယ်။

ကျွန်မ မိဘတွေက ကျွန်မကို ဒုက္ခရောက်နေမှန်းသိတယ်။ ဒါပေမယ့် သည်းခံဖို့ပဲ ပြောခဲ့တယ်။

ရွှီလောင်စန်းက ကျွန်မကို ပိုက်ဆံတောင်းတော့ ကျွန်မက မရှိဘူးလို့ ပြောလိုက်တယ်။ ဒါနဲ့ သူက မိသားစုရဲ့ မြေသြဇာကောင်းတဲ့ မြေဆယ်မူကို ရောင်းစားလိုက်တယ်။

ကျွန်မ သူနဲ့ ရန်ဖြစ်ခဲ့ပြီး သူက ကျွန်မကို ရိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီဒုက္ခကို နှစ်ရှည်လများ သည်းခံခဲ့ရတဲ့ ကျွန်မက နောက်ဆုံးမှာ တုတ်တစ်ချောင်း ကိုင်ပြီး ပြန်ခုခံခဲ့တယ်။ သူက အရက်၊ လောင်းကစားနဲ့ အမျိုးသမီးတွေ အပေါ် သူ့အင်အားတွေကို အလဟသ ဖြုန်းတီးနေတာ ကြာပြီလေ၊ ကျွန်မ တစ်ချက်ပဲ ရိုက်ရသေးတယ်၊ သူက သတိလစ်သွားပြီ။

သူ ပြန်နိုးလာတော့ ကွာရှင်းစာတစ်စောင်ရေးခဲ့တယ်။

အဲ့စာကို လက်ခံရတဲ့နေ့မှပဲ သူရဲ့ ပြည့်တန်ဆာအိမ်က အငယ်အနှောင်းမှာ

သူ့ကလေးက ရှိနေတာကို သိလိုက်ရတယ်။  နောက်ဆုံးတော့ သူက ကျွန်မကို ကွာရှင်းဖို့ အကြောင်းပြချက်ရှာခဲ့တာတဲ့လေ။

 🌟🌟🌟🌟🌟