Chapter 19
Viewers 218

အပိုင်း ၁၉

ကျွန်မက မိဘအပေါ် သိတတ်ပြီး သားသမီးဝတ္တရားကို ကျေပွန်တယ်တဲ့လား?

ဟင့်အင်း.... ကျွန်မ ကျွန်မရဲ့မိဘတွေကို မုန်းတီးခဲ့တယ်။ ကျွန်မတို့အားလုံးက သူတို့ရဲ့ သားသမီးတွေ ဆိုပေမယ့် ဘာလို့ သမီးတွေ အရေးမပါဘဲ သူတို့ရဲ့သားကမှ ဘာကြောင့် အဲ့လောက်အဖိုးတန် နေရတာလဲ?

မိဘတွေက သားသမီးတွေရဲ့ ဘဝ အကောင်းဆုံးဖြစ်ဖို့ နှလုံးသွင်းသင့်တာ မဟုတ်ဘူးလား?

သူတို့ကတော့ သမီးတွေကို ပိုက်ဆံနဲ့ရောင်းစားဖို့ မွေးခဲ့ကြတာလား?

သူတို့က ကျွန်မကို ပြုစုပျိုးထောင်ပေးရုံနဲ့ ကျွန်မ အလုပ်လုပ်နိုင်တဲ့အခါ ကြင်နာမှုအားလုံး ပြန်ပေးရမှာလား?

ကျွန်မ ပြန်လာဖို့ စိတ်ကူး မရှိပေမယ့် စုန့်ချွမ်က အခိုင်အမာ ပြောခဲ့တယ်။

“အနည်းဆုံးတော့ မင်း ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တယ်။ နောင်မှာ မင်း မပြန်ချင်ဘူးဆိုရင် နောက်တစ်ခါ ထပ်မလာတော့ဘူး”

“နောင်မှာ ကျွန်မတို့ ကောင်းကောင်း နေနိုင်ရင် သူတို့က ကျွန်မတို့ကို ဒုက္ခပေးမှာ သေချာတယ်”

"စိတ်မပူပါနဲ့... ငါ ရှိတယ်"

အဲ့လိုနဲ့ ကျွန်မတို့ ပြန်လာခဲ့ကြတယ်။

စုန့်ချွမ်နဲ့ ကျွန်မအဖေက ပင်မခန်းမမှာ ထိုင်နေပြီး ကျွန်မက ကလေးနှစ်ယောက်နဲ့ မီးလင်းဖို ရှိတဲ့အခန်းမှာ သီးခြား စကားပြောနေခဲ့ကြတယ်။

အအေးက လွန်ကဲနေပြီး မီးဖိုဘေးမှာ ထိုင်နေတာတောင် နွေးထွေးမှု သိပ်မရှိဘူး။

"သားမက်စုန့်က တော်တော် အရည်အချင်း ရှိတယ်။ ဒီဆောင်းဦးရာသီမှာ ကောင်းတဲ့အရာတွေ အများကြီး အမဲလိုက်နိုင်ခဲ့တယ်မလား?"

ကျွန်မ အမေက ကျွန်မကို မေးလာခဲ့တယ်။

မောင်လေးရဲ့မိန်းမက ကျွန်မကို စိတ်အားထက်သန်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။

ရိုးရိုးသားသားပြောရရင် ကျွန်မတို့မိသားစုက ဆင်းရဲတာမဟုတ်ပေမယ့် အမေက ပိုက်ဆံသုံးဖို့ အရမ်းတွန့်တိုလွန်းတာကြောင့် သူတို့တွေ ဒုက္ခရောက်နေပုံရတယ်။

သူမကို ဘာကြောင့် ငွေစုထားလဲလို့ မေးရင် အိမ်ဆောက်ပြီး သူ့မြေးတွေ လက်ထပ်ဖို့ စီစဉ်နေတာလို့ ပြောလိမ့်မယ်။

"အမေ အတွေးလွန်နေတာပါ"

"နင်က နင့်အမေ့ကိုတောင် အမှန်အတိုင်း မပြောချင်ဘူးလား?"

"ကျွန်မ အမှန်အတိုင်း ပြောတာပါ"

"နင်ရဲ့ ခေါင်းမာတဲ့ စရိုက်ကို ကြည့်လိုက်စမ်း။ နင် အဲ့အကျင့်ကို မြန်မြန်ပြင်ရင် ပိုကောင်းလိမ့်မယ်။ သားမက်စုန့်က နင့်ကို ငြီးငွေ့လာလို့ နင့်ကို ပြန်ပို့လိုက်ရင် ငါ့တို့ မိသားစုက တကယ့်ကို လူရယ်စရာ ဖြစ်လာလိမ့်မယ်။ နင့်ရဲ့တူနှစ်ယောက်တောင်မှ နောင်မှာ ဇနီးရှာဖို့ ခက်ခဲလိမ့်မယ်"

ကျွန်မရဲ့အမေက ကျွန်မရဲ့နဖူးကို ခေါက်ဖို့ လက်လှမ်းလိုက်ပေမယ့် တာ့လန်က သူမကို တားဆီးဖို့ သူ့လက်ကို မြှောက်လိုက်တယ်။

"အဖွား၊ အဖွား မှားနေပြီ။ အမေက အိမ်မှာ အလုပ်ကြိုးစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပေးတယ်။ အမေက ကျွန်တော်နဲ့ ရှို့အာကို သူ့ကလေးအရင်းတွေလို သဘောထားတယ်၊ အစားအသောက် ဒါမှမဟုတ် အဝတ်အစား ဘယ်တော့မှ မပြတ်လပ်ရဘူး။ အဖေကိုလည်း လေးလေးနက်နက် ပြောဆိုဆက်ဆံပြီး သစ္စာရှိတယ်။ အမေ ကျွန်တော်တို့အိမ်ကို ရောက်လာပြီးကတည်းက ကျွန်တော်တို့ရဲ့ အုတ်ကုတင်က အမြဲတမ်း နွေးနေတာ၊ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေ နူးညံ့ပြီး ကျွန်တော်တို့ရဲ့ အစားအသောက်တွေကလည်း အမြဲတမ်း မွှေးကြိုင်နေတာပဲ။ အမေက ကျွန်တော်တို့ကို ချစ်ပေးပြီး မိသားစုကို ကာကွယ်ပေးတယ်။ အဖေက ဘာလို့ အမေနဲ့ ကွာရှင်းချင်ရတာမှာလဲ?”

တာ့လန်ရဲ့ စကားတွေက ကျွန်မ အမေ့ကို စကားမပြောနိုင် ဖြစ်သွားစေခဲ့တယ်။

ကျွန်မရဲ့နှုတ်ခမ်းထောင့်က ဆွဲချမရအောင် ပင့်တက်သွားပြီး ကျွန်မရဲ့ရင်ဘတ်တစ်ခုလုံး နွေးထွေးမှုတွေ ပြည့်လာတယ်။

ကျွန်မ အမေပြောသမျှကို ကျွန်မ ဂရုမစိုက်တော့ဘူး။

သူမ ဘာပဲပြောပြော ကျွန်မကို မနာကျင်စေတော့ဘူး။ အခု ကျွန်မမှာ ကိုယ်ပိုင်မိသားစုရှိတယ်။ ကျွန်မကို ချစ်ပြီး ကာကွယ်ပေးမယ့်သူတွေ ရှိနေပြီ။

ကျွန်မကို ဂရုမစိုက်တဲ့လူတွေက ကျွန်မရဲ့ဝမ်းနည်းမှုနဲ့ မထိုက်တန်ဘူး။

ကျွန်မတို့ အဲ့နေရာမှာ ထမင်းစားဖို့တောင် မနေကြတော့ဘူး။ ကျွန်မတို့ ထွက်လာတဲ့အချိန်မှာ ကျွန်မတို့ ယူလာသမျှကို အကုန်ပြန်ယူလာခဲ့တယ်။

ကျွန်မ ဘာလို့ သူတို့အတွက် တစ်ခုခု ချန်ထားပေးခဲ့ရမှာလဲ?

အဲဒီအစား၊ ကျွန်မရဲ့တတိယအစ်မ အိမ်ကို သွားပြီးတော့ အဲ့ပစ္စည်းတွေကို ပေးထားခဲ့တယ်။

"မိန်းမ၊ မင်းက နည်းနည်းတော့ ကြမ်းတမ်းနေသလိုပဲနော်"

စုန့်ချွမ်က ကျွန်မကို နောက်ပြောင်နေသေးတယ်။

"ကျွန်မက ဘယ်မှာ ကြမ်းတမ်းလို့လဲ? ဘပဲဖြစ်ဖြစ် ကျွန်မက ကျွန်မရဲ့ပစ္စည်းတွေကို ထိုက်တန်တဲ့ သူတွေကိုပဲ ပေးမှာ"

စုန့်ချွမ်က ဘာမှ ပြန်မပြောဘဲ ခပ်ပြုံးပြုံးလုပ်နေပြီး ကျွန်မရဲ့လက်ဖဝါးကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်တယ်။

သူ့လက်တွေက ကြီးမားပြီး နွေးထွေးတယ်။ ချမ်းအေးလှတဲ့ ဆောင်းရာသီမှာတောင် အအေးဒဏ်ကို မခံစားခဲ့ရတော့ဘူး။

‘တစ်ယောက်ယောက်က မင်းကို ချစ်တဲ့အခါ မင်း ဘာမှ ပြောစရာမလိုဘဲ မင်း လိုအပ်တာကို သိတယ်၊ ဒါပေမယ့် သူတို့က မင်းကို မချစ်တဲ့အခါ မင်း လက်လှမ်း နေရင်တောင် သူတို့က နားမလည်ချင်ယောင်ဆောင်နေလိမ့်မယ်’ တဲ့...  ဒါက အပြောများတဲ့ စကားဆိုပေမယ့် လက်တွေ့ကျကျ မှန်ကန်တယ်လေ....

ဒီနှစ်သစ်က ကျွန်မ နှစ်ပေါင်းတွေစွာ ကြုံဖူးသမျှ နှစ်သစ်တွေထဲမှာ သက်တောင့်သက်သာ အရှိဆုံးနှစ်ဖြစ်ခဲ့တယ်။

ပထမဆုံးအကြိမ်အဖြစ် ကြေးနီဒင်္ဂါးပြားတွေကို ကြိုးနဲ့ချည်နှောင်ထားတဲ့ ကြေးနီဒင်္ဂါးကြိုးတစ်ချောင်း ကိုရရှိခဲ့တယ်။ အဲ့တာက ကြေးနီဒင်္ဂါးပြား ကိုးပြားပဲ ရှိပေမယ့်ပေါ့လေ...

စုန့်ချွမ်က ဒါက ကျွန်မအတွက် နှစ်သစ်ကူးပိုက်ဆံလို့ ပြောတယ်။

တာ့လန်ကတော့ 'ကိုး'က  'ကြာရှည်' ဆိုတဲ့ စကားလုံးနဲ့ တူတယ်လို့ ပြောပြနေသေးတယ်။ 'ကိုး'က သေးငယ်တဲ့ ကိန်းဂဏာန်းဖြစ်ပေမယ့် နည်းတယ်လို့ မတွေးပါနဲ့တဲ့။ အတိုးချူံးပြောရရင် ငါ့မှာ ဘာဆန္ဒမှ မရှိပါဘူး၊ ပိုကြာကြာ နေနိုင်မယ်လို့ မျှော်လင့်တဲ့ အဓိပ္ပါယ်လို့ ရှင်းပြနေသေးတယ်။

စုန့်ချွမ်ကတော့ ရှက်ပြုံးကြီး ပြုံးနေပြီး ဒင်္ဂါးပြားတွေကို လှမ်းပေးနေတယ်။

ဒါက သူ ကျွန်မကို ပြောဖူးသမျှထဲက အရှင်းဆုံးစကား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဟုတ်တယ်!

အသက်ကြီးတဲ့အထိ တစ်သက်လုံး အတူနေနိုင်ရင် အဲဒါထက် ဘာကများ ပိုကောင်းလာနိုင်ဦးမှာလဲ?

E tran Note : ကိုး(九)' နဲ့ 'ကြာရှည်” (久)' အတွက် တရုတ်စာလုံး နှစ်မျိုးလုံးကို 'jiu' လို့ အသံထွက်ပါတယ်။

🌟🌟🌟🌟🌟