အပိုင်း ၂၀
ကျွန်မ ကြောင်တက်တက်နဲ့ ကျွန်မ မိဘတွေရဲ့ အိမ်မှာ ရှိနေသလို ဒါမှမဟုတ် ရွှီမိသားစုရဲ့အိမ်မှာ ရှိနေသလို ခံစားနေရသေးတယ်။
မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ထိုင်ရင်း စားကြွင်းစားကျန် ပန်းကန်လုံးတစ်ဝက်ကို ကိုင်ထားရင်း ရင်ထဲမှာ ခါးသီးတဲ့ခံစားချက်တစ်ခု ပေါ်လာတယ်။ ဒီလိုနေ့ရက်တွေ ဘယ်တော့မှ ကုန်ဆုံးသွားမှာလဲ?
ထွက်လမ်း မရှိသလိုလည်း ခံစားနေရသေးတယ်။
ဒါပေမယ့် တကယ်တော့ ကျွန်မရဲ့မျက်စိရှေ့မှာ မီးရောင်တွေ တောက်ပနေခဲ့တယ်။ ကလေးနှစ်ယောက်က ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ကျွန်မကို ကျကျနန ဦးညွှတ်နေကြတယ်။
ကျွန်မ သူတို့အတွက် နှစ်သစ်ကူးမုန့်ဖိုးတွေကို ပေးခဲ့ပြီး ကောင်းချီးစကားတွေကို ဝမ်းသာအားရ ပြောနေမိတယ်။
တာ့လန်က ခြံဝင်းထဲမှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်နေပြီး ရှို့အာက သူ့နောက်မှာ ပုန်းနေတယ်။ စုန့်ချွမ်က တံစက်မြိတ်အောက်မှာ ရပ်နေပြီး ပြုံးနေတဲ့ မျက်နှာနဲ့ ကျွန်မလက်ကို ဆုပ်ကိုင်ထားတယ်။
"မိန်းမ၊ ငါတို့ဘဝက ဘယ်လောက်တောင် ကောင်းနေလဲ ကြည့်စမ်းပါဦး။ ကံကောင်းထောက်မလို့ ငါ မင်းကို လက်ထပ်နိုင်ခဲ့တယ်၊ အဲဒါကြောင့် ကလေးတွေနဲ့ ငါ့မှာ တကယ့်အိမ်လေး ရှိလာခဲ့တယ်"
ကံကောင်းထောက်မစွာနဲ့ ကျွန်မလည်း သူတို့ကို တွေ့ခဲ့ရပြီး ကျွန်မမှာလည်း တကယ့် အိမ်လေး ရှိလာခဲ့တယ်။
ကံကြမ္မာက အရာခပ်သိမ်းကို ကြိုတင်သတ်မှတ်ထားတယ်လို့ ဗုဒ္ဓက ပြောခဲ့တယ်။
ကျွန်မကတော့ အရာရာတိုင်းမှာ အချိုးအကွေ့တွေ အမြဲရှိနေတယ်လို့ ယုံကြည်ထားတယ်။
ကျွန်မဘက်က စစ်မှန်တဲ့ ခံစားချက်တွေကို သွန်ချပေးနေရင်တောင် တစ်စုံတစ်ရာ ပြန်ရလာဖို့ အမြဲတမ်း အာမ မခံနိုင်ဘူး။
ဒါပေမယ့် အဲဒီလူမှာ မွေးရာပါ ဗီဇကောင်းတွေ ရှိနေရင်တော့ သူက မင်းကို အမြဲတမ်း ရိုးသားစွာ ဆက်ဆံလိမ့်မယ်။
နှစ်သစ်ကူးပြီးတော့ ကျွန်မတို့ မြို့ထဲကို ပြောင်းလာပြီး ခြံဝင်းလေးတစ်ခု ငှားနေကြတယ်။ အရှေ့ဘက်မှာ ဆိုင်ခန်းတစ်ခန်းရှိပြီး အနောက်ဘက်မှာ အခန်းသုံးခန်းနဲ့ မီးဖိုခန်းငယ်လေးတစ်ခု ရှိတယ်။
စုန့်ချွမ်က သားမွေးတွေ အရောင်းအဝယ် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက မုဆိုးဖြစ်ပြီး အဲ့အရာတွေနဲ့ အကျွမ်းတဝင် ရှိသလို တခြားမုဆိုးတွေနဲ့လည်း ခင်မင်ရင်းနှီးတယ်။ သူက မျှတတဲ့စျေးနှုန်းကို ပေးခဲ့တာကြောင့် သူ့လုပ်ငန်းက တဖြည်းဖြည်း အဆင်ပြေလာခဲ့တယ်။
ရာသီတိုင်းမှာ သူက သားမွေးတွေကို မြို့တော်အထိ သူကိုယ်တိုင် သွားပို့ပြီး မြို့တော်ကနေ အထည်တွေနဲ့ အဝတ်အစားပုံစံအသစ်တွေကို ပြန်ယူဆောင်လာတတ်တယ်။
ကျွန်မလည်း စာဖတ်တတ်လာခဲ့ပြီး သူ အဝေးကို ခရီးထွက်နေတဲ့အချိန်မှာ ရှို့အာနဲ့အတူ ဆိုင်ကို သွားကြည့်ပေးခဲ့တယ်။
နောက်ဆုံးတော့ စီးပွားရေးလုပ်တာက ကျွန်မတို့ စိတ်ကူးထားသလောက် မရိုးရှင်းဘူး။ ဒေသခံအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကောင်းဖို့၊ ဒေသခံအာဏာပိုင်တွေနဲ့ ပေါင်းတက် သင်းတက်ရတယ်။ ဒီနယ်ပယ်ကနေ ကိုယ့်ကို တွန်းထုတ်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်တွေနဲ့ ဆက်ဆံရတယ်။ တခါတရံ ကုန်စည်သယ်ယူတဲ့အခါမှာ ဓားပြတွေနဲ့ ကြုံရရင်တော့ ဘာမှမတတ်နိုင်ဘဲ အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရသေးတယ်။
နှစ်ကုန်ရင် ကျွန်မတို့ရဲ့အိတ်ကပ်ထဲမှာ ကျန်ခဲ့တဲ့ ပိုက်ဆံတွေက အများကြီး မဟုတ်ပေမယ့် လုံခြုံပြီး ကျန်းကျန်းမာမာ ပျော်ရွှင်နေနိုင်သရွေ့ ဘဝက အမြဲတမ်း ကောင်းမွန်နေတာပါပဲ။
စုန့်ချွမ်နဲ့ ကျွန်မ အိမ်ထောင်ကျတာ ဆယ်နှစ်ကျော်နေပြီ၊ ကလေး မရသေးဘူး။ သမားတော်တွေ အများကြီးနဲ့ တွေ့ခဲ့ပြီး မရေမတွက်နိုင်အောင် ဆေးတွေ သောက်ခဲ့ရတယ်။
နှစ်နှစ်ကြာ ကုသမှုခံယူပြီးတဲ့နောက်မှာ စုန့်ချွမ်က ကျွန်မကို နောက်ထပ် ဆေးမသောက်တော့ဖို့ တားမြစ်လာခဲ့တယ်။
"မိန်းမ၊ စိတ်မကောင်းမဖြစ်ပါနဲ့၊ တာ့လန်နဲ့ ရှို့အာက မင်းကို သူတို့ရဲ့ အမေအရင်းလို ချစ်ပြီး လေးစားနေတာပါ... သူတို့က မင်းရဲ့သားသမီးတွေပါပဲ"
ကျွန်မက သူ စိတ်ပျက်ကို ကြောက်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူက ကျွန်မ စိတ်မကောင်းဖြစ်မှာကို ကြောက်နေခဲ့တယ်။
"ဒီဆေးခါးကြီးတွေ ကျွန်မအတွက် လုံလောက်နေပြီ၊ ကျွန်မ ရှင် ပြောတာကို နားထောင်မယ်"
အဲဒီကတည်းက ကျွန်မတို့ ကလေးယူဖို့ မပြောဖြစ်ကြတော့ဘူး။
တာ့လန်က ရည်မှန်းချက် ကြီးတယ်။ သူ အသက်နှစ်ဆယ့်နှစ်နှစ်မှာ သူက တော်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီး ဟန်လင်းကျောင်းတော်ကို ဝင်ရောက်နိုင်ခဲ့တယ်။
စုန့်ချွမ်နဲ့ ကျွန်မကတော့ အားအင်တွေအပြည့်နဲ့ မြို့တော်မှာရှိတဲ့ ခြံဝင်းလေးကို ချက်ချင်း ဝယ်လိုက်ကြတယ်။
စုန့်ချွမ်က ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးနေဆဲဖြစ်ပေမယ့် ကျွန်မတို့ရဲ့အိမ်ကတော့ အခု မြို့တော်ကို ရောက်သွားခဲ့ပြီ။
ယုံဟယ်နန်းသက်နှစ်ဆယ့်ခုနစ်နှစ်မှာ ကျွန်မရဲ့သား တာ့လန်က မြို့တော်မှာ ပဉ္စမအဆင့်အရာရှိတစ်ဦးဖြစ်နေပြီ။
ကျွန်မတို့လည်း အသက်ကြီးလာပြီဆိုတော့ စုန့်ချွမ်က ကျွန်မတို့ရဲ့ ဘိုးဘေးတွေကို ဂါရဝပြုဖို့အတွက် မွေးရပ်မြေကို ပြန်သွားချင်နေခဲ့တယ်။
တာ့လန်က သားသမီးဝတ်ကျေပွန်လွန်းပြီး ကျွန်မတို့ သွားဖို့ ချက်ချင်း စီစဥ်ပေးခဲ့တယ်။ ရှို့အာကလည်း ကျွန်မတို့နဲ့အတူ လိုက်ပါလာခဲ့တယ်။
ရှို့အာအတွက် ကျွန်မတို့နဲ့ အတူနေမယ့် သားမက်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။
သူ့နာမည်က ယင်ရွှမ်း... မိသားစု မရှိသလို မျိုးရိုးနာမည်တောင် မရှိဘူး။
(t/n: ယင်ရွှမ်း- ငွေရောင်ဆီးနှင်း)
သူ့နာမည်က ထူးဆန်းသလို သူ့ဘဝကလည်း ဆန်းကြယ်တယ်။
ဒါပေမယ့် သူက ရှို့အာအပေါ် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားပြီး ရှို့အာကို ကောင်းကောင်းဆက်ဆံတယ်။ အဲဒါက ကျွန်မတို့အတွက် လုံလောက်တာထက် ပိုနေပြီ။
အခုလည်း သူက မိသားစုရဲ့စီးပွားရေးကို စီမံခန့်ခွဲနေပြီး ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တောင် မွေးထားပြီးနေပြီ။
တာ့လန်ရဲ့ဇနီးကတော့ ဟန်လင်းကျောင်းတော်က ပညာရှင်ချန်ရဲ့အကြီးဆုံးသမီးဖြစ်တဲ့ စစ်ချောင်တဲ့။ အဲဒီတုန်းက သူမက တာ့လန်ကို စွဲလမ်းခဲ့ပြီး သူ့နောက်ကနေ လိုက်ခဲ့တယ်။ နောက်ဆုံးတော့ သူမရဲ့ မဆုတ်မနစ် ဇွဲလုံ့လကြောင့် တာ့လန်ဆိုတဲ့ ကျောက်တုံးကြီး အရည်ပျော်သွားခဲ့တယ်။
စစ်ချောင်က ပွင့်လင်းတဲ့သူ ဖြစ်ပြီး ကျွန်မရဲ့စရိုက်နဲ့ အရမ်းဆင်တူတယ်။
အခုအခိုက်အတန့်မှာတော့ တာ့လန်နဲ့ ယင်ရွှမ်းတို့လို လူငယ်တွေက မြင်းစီးရင်း ကောင်လေးတွေနဲ့အတူ အရှေ့ကနေ ဦးဆောင်နေတယ်။ စစ်ချောင်နဲ့ ရှို့အာတို့ကတော့ ကျွန်မတို့ရဲ့ မြေးမလေးနှစ်ယောက်နဲ့အတူ ရထားလုံးပေါ်မှာ ထိုင်နေကြတယ်။
Note;
ဟန်လင်းကျောင်းတော် (翰林院) ဆိုတာက ဧကရာဇ်မင်းမြတ်အတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ထိပ်တန်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေက တော်ဝင်မျိုးနွယ်နဲ့ အထက်တန်းစားမိသားစုတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတော်ပါ။
🌟🌟🌟🌟🌟