Chapter 21
Viewers 224

အပိုင်း ၂၁

နွေဦးရာသီက ပူနွေးနေပြီး ကျွန်မတို့က ဖြည်းဖြည်းချင်း ခရီးဆက်နေတာကြောင့် ပင်ပန်းတယ်လို့ လုံးဝ မခံစားရဘူး။

"အဲဒီတုန်းက ငါ တစ်ယောက်တည်း ကုန်ပစ္စည်းသယ်လာတဲ့အချိန် ဒီလမ်းက အမြဲတမ်း အဆုံးမရှိသလို ခံစားခဲ့ရတယ်။ ဒါပေမယ့် အခု ပြန်လာတော့ ငါတောင် သတိမထားမိခင် ပြန်ရောက်တော့လုနီးနီးပဲ"

စုန့်ချွမ်ရဲ့ ဆံပင်တွေ ဖြူလာခဲ့ပြီ၊ သူ့နောက်ကျောက ကိုင်းလာသလို အသက်အရွယ်ကြောင့် လူကလည်း ပိန်ပါးလာခဲ့ပြီ။ သူမှာ မုတ်ဆိတ်မွေးတွေ  ရှိနေတာကြောင့် တခြားအဘိုးကြီးတွေနဲ့ ဘာမှ မကွာခြားဘူး။

"အဖိုး၊ အဲ့တုန်းက သမီးတို့နဲ့အတူ ရှိမနေလို့လား? အခု အဖိုးက အထီးကျန်မနေတော့ဘူးလေ၊ ဒါကြောင့် ခရီးက ပိုတိုတယ်လို့ ထင်နေတာ"

ကျွန်မတို့ရဲ့မြေးမလေးက သူ့အမေရဲ့ရင်ခွင်ထဲမှာ ခိုအောင်းနေပြီး နူးညံ့သိမ်မွေ့ပြီး ကလေးဆန်တဲ့အသံလေးနဲ့ လှမ်းပြောနေတယ်။

"မော့အာ ပြောတာမှန်တယ်။ အခု ငါ တစ်ယောက်တည်း မဟုတ်တဲ့အတွက် လမ်းက ပိုတိုသလို ခံစားရတယ်"

စုန့်ချွမ်က ကြင်နာတတ်ပြီး နူးညံ့တော့ အိမ်မှာရှိတဲ့ ကလေးတွေက  သူ့ကို လုံးဝ မကြောက်ကြဘူး။

"အဲ့တုန်းက မင်းတို့အဖိုးရဲ့ နှလုံးသားထဲမှာ စိုးရိမ်မှုတွေ ရှိနေခဲ့တာ။ သူက မင်းတို့ရဲ့အဖွား၊ မင်းတို့အဖေနဲ့ မင်းတို့အဒေါ်အကြောင်းကို တွေးနေခဲ့တာလေ၊ သူ အိမ်မှာ မရှိရင် အိမ်ကလူတွေ အနိုင်ကျင့်ခံရမလား? နေမှကောင်းပါ့မလား? အဲ့လိုတွေ တွေးပြီး သူ အမြဲစိုးရိမ်နေခဲ့တာလေ။ သူ့စိတ်ထဲမှာ ပူပန်မှုတွေ ရှိနေတော့ လမ်းက ရှည်လျားပြီး အိပ်မက်တွေကတောင် မငြိမ်မသက် ဖြစ်နေခဲ့တာပေါ"

တကယ်တော့ ကျွန်မလည်း အသက်ကြီးပြီ။  ကျွန်မရဲ့နားထင်က ဆံစတွေတောင် ဖြူနေပြီလေ၊ ကျွန်မရဲ့နောက်ကျောလည်း ကိုင်းသွားခဲ့ပြီ၊ ဒါပေမယ့် သူ့နဲ့မတူတာက ကျွန်မက ပိုဝလာခဲ့တယ်။

"ဟုတ်တယ်! တစ်ယောက်ယောက်က ပြဿနာရှာလာမှာကို ငါ အမြဲစိုးရိမ်နေခဲ့ရတယ်။ မင်း ဒေါသမထိန်းနိုင်ဘဲ ပြန်ရန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ? သူတို့က မင်းကို ရိုက်ရင် ဘယ်လိုလုပ်မလဲ? ဆံပင်တွေ ဆွဲပြီး မျက်နှာတွေကို ကုတ်ဖဲ့ ရန်ဖြစ်ကြရင် မင်း သူတို့နဲ့ ရန်ဖြစ်နိုင်ပါ့မလား? ငါ မထွက်သွားခင် မင်းကို သတိပေးခဲ့ပေမယ့် မင်းက ငါ့စကားကို နားမထောင်ခဲ့ဘူး။ သူတို့က မင်းဆီကနေ ငွေညှစ်ချင်ပေမယ့် မင်းက သူတိ့ကို ပိုက်ဆံမပေးရဘူးဆိုတာလည်း ငါ သိတယ်။ တာ့လန်က ကျောင်းတက်နေတယ်။ ရှို့အာကလည်း ဘာမှ အသုံးမဝင်လောက်ဘူး၊  ငါ မရှိရင် မင်းကို ကာကွယ်ပေးဖို့ လူတစ်ယောက်လောက် ငှားရင်ကောင်းမလား?”

"ငါ ဒီအကြောင်းတွေကို နေ့တိုင်းတွေးပြီး နေ့ရက်တွေက ဘာကြောင့် ဒီလောက်ကြာနေရတာလဲလို့တောင် တွေးမိဖူးတယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာ ငါတို့ ဒီလောက်အသက်ကြီးလာမယ်လို့ မတွေးခဲ့မိဘူး"

"မျက်စိတစ်မှိတ်အတွင်းမှာ တကယ်ပဲ အသက်တွေ ကြီးလာပြီ"

ဒါပေမယ့် ကျွန်မ သူနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေက မလုံလောက်သေးဘူးလို့ ခံစားနေရတုန်းပဲ။

သူနဲ့ အိမ်ထောင်ကျပြီးမှ ကျွန်မမှာ ခင်ပွန်း၊ သားသမီးနဲ့ အိမ်တစ်လုံး ရှိလာခဲ့တယ်။

ဒီနှစ်တွေ တစ်လျှောက်လုံး သူ ကျွန်မကို ချစ်ပေးပြီး အကာအကွယ် ပေးခဲ့တယ်၊ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေပဲဖြစ်ဖြစ် ကျွန်မကို နည်းနည်းလေးတောင် နာကျင်မှုတွေ ဘယ်တော့မှ မခံစားခိုင်းခဲ့ဘူး။

ဒီလောက်နှစ်တွေ ကြာလာတာတောင် ကျွန်မ အခုထိ နားမလည်နိုင်တာ တစ်ခု ရှိနေသေးတယ်။

သူ ဘာကြောင့် ကျွန်မကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာလဲ?

ကျွန်မတို့ ရွာကို ပြန်‌ရောက်တဲ့အချိန်မှာ ကျွန်မနဲ့ သိကျွမ်းဖူးတဲ့ ရွာက သက်ကြီးရွယ်အို အများစု ဆုံးပါးသွားခဲ့ပြီ၊ ကျွန်မနဲ့ ရန်ဖြစ်ခဲ့ဖူးတဲ့ မုဆိုးမလီတောင် ဆုံးပါးသွားခဲ့ပြီ။

ရွာက အရင်က ရွာလေး ဖြစ်နေပေမယ့် လူတွေကတော့ မတူတော့ဘူး။

ကျွန်မတို့ ကျန်နေသေးတဲ့ လူကြီးအချို့နဲ့ စကားစမြည် ပြောတဲ့အချိန်မှာ ရွှီလောင်စန်းအကြောင်း ပြောဖြစ်ခဲ့သေးတယ်။ ကျွန်မ သူ့ကို အရမ်းမုန်းခဲ့ဖူးပေမယ့် စုန့်ချွမ်ကို လက်ထပ်ပြီး သူနဲ့ နှစ်အနည်းငယ်ကြာအောင် ပေါင်းသင်းပြီးတဲ့နောက်မှာ ကျွန်မ ရွှီလောင်စန်းကို လုံးဝ မေ့သွားခဲ့တယ်။

သူက မြို့ထဲမှာ လောင်းကစားလုပ်ပြီး အများကြီး ရှုံးခဲ့တယ်ဆိုတာတော့ ကြားခဲ့ဖူးတယ်။ သူ့အကြွေးတွေကို ပြန်ဆပ်ဖို့ ပိုက်ဆံမရှိတာကြောင့် လောင်းကစားအိမ်ပိုင်ရှင်က ရွှီမိသားစုရဲ့ မြေဧက အနည်းငယ်ကို သိမ်းယူသွားတယ်တဲ့။ နောက်တော့ သူ့မိန်းမနဲ့ သားကိုပါ သိမ်းယူသွားပြီး ရောင်းစားလိုက်တယ်တဲ့။

နောက်ဆုံးတော့ သူ့ခြေထောက်တစ်ဖက်ကိုတောင် ရိုက်ချိုးသွားပြီး သူလည်း သူတောင်းစားဖြစ်သွားတယ်တဲ့၊ ဆောင်းရက်တစ်ရက်မှာ လမ်းပေါ်မှာ အေးခဲပြီး သေသွားသွားရတယ်တဲ့လေ။

ကျွန်မ သူ့ကို မုန်းတီးတာမျိုး မရှိသလို သနားတာလည်း မရှိတော့ဘူး။ ဒီအတိုင်း သက်ပြင်းချမိရုံပါပဲ။

ရွှီလောင်စန်းရဲ့ဘဝက ကျွန်မအတွက် ဟာသတစ်ခုလို ဖြစ်သွားခဲ့ပြီ။

သူ မွေးလာတုန်းက သူမှာ တခြားလူတွေထက် ပိုကောင်းတဲ့ဘဝတစ်ခု ရှိခဲ့ဖူးတယ်။ အစားအသောက် ဒါမှမဟုတ် အဝတ်အစားအတွက် စိတ်ပူစရာမလိုဘဲ သူ့ကို ကျွေးမွေးစောင့်ရှောက်မယ့်သူလည်း အဆင်သင့်ရှိတယ်။

ဒါပေမယ့် သူက အဲ့ဒါတွေကို ဘယ်လိုတန်ဖိုးထားရမှန်း မသိဘဲ သူ့ဘဝကို အဲ့လိုမျိုး ကမောက်ကမ ဖြတ်သန်းသွားခဲ့တယ်။

ကျွန်မတို့ ပြန်ဖို့ စီစဉ်ထားတဲ့နေ့မတိုင်ခင် ရှေ့တစ်ရက်မှာ  စုန့်ချွမ်က ကျွန်မကို တစ်နေရာရာ ခေါ်သွားချင်တယ်လို့ ပြောလာခဲ့တယ်။

အဲ့နေရာက သင်္ချိုင်းဟောင်းတစ်ခုပဲ။ နှစ်ပေါင်းတွေစွာ လျစ်လျူရှုထားခံရလို့ မြက်ရိုင်းတွေ ထူထပ်နေပြီး အဘယ်ကမှ မပြုပြင်တာကြောင့် သင်္ချိုင်းဂူတွေတောင် ပျောက်ကွယ်သွားခဲ့ပြီ။

ဒါပေမယ့် ကျွန်မတို့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို ကျွန်မ အတိအကျ သိတယ်။

"ဒီနေရာကို ဘယ်လိုသိတာလဲ"

ကျွန်မ စုန့်ချွမ်ကို အံ့သြတကြီး မေးလိုက်တယ်။

"ငါ တာ့လန်ရဲ့အမေအတွက် စက္ကူပိုက်ဆံတွေ မီးရှို့ဖို့ သွားတဲ့အခါ ဒီလမ်းကနေ ဖြတ်သွားလေ့ရှိတယ်၊ ငါ ဒီကနေ ဖြတ်သွားတိုင်း အဲဒီတောင်ခြေရင်းမှာ တွင်းတူးနေတဲ့ လူတစ်ယောက်ကို အမြဲ တွေ့ခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ သူက အိုးသေးသေးတစ်လုံးကို တူးထုတ်ပြီး ကြေးဒင်္ဂါးပြားတချို့ကို အိုးထဲ ထည့်ပြီး ပြန်မြှုပ်တာကိုလည်း တွေ့ခဲ့ဖူးတယ်”

"လူသေတွေအတွက် စက္ကူပိုက်ဆံတွေ မီးရှို့တာကို ငါ တွေ့ဖူးပေမယ့်  ကြေးဒင်္ဂါးပြားအစစ်ကို ပေးလှူတဲ့လူကိုတော့ ငါ မတွေ့ဖူးဘူး။ အဲဒါက ငါကို စူးစမ်းချင်စိတ်ဖြစ်လာစေပြီး အနီးကပ် ကြည့်ချင်လာစေခဲ့တယ်"

စုန့်ချွမ်က ရယ်မောပြီး ပြိုကျနေတဲ့ တောင်ကြောကို လက်ညှိုးထိုးပြနေသေးတယ်။

တစ်ကယ်ပဲ အဲ့ဒီနေရာဖြစ်နေခဲ့တယ်။

အဲဒီတုန်းက ကျွန်မ ဖိနပ်ဆိုင်မှာ ဖိနပ်အောက်ခံတွေ ကူလုပ်ပေးခဲ့ပြီး တစ်လကို ဝမ်တစ်ရာကျော် ဝင်ငွေရခဲ့တယ်။ ဒါပေမယ့် လက်မနွေးခင်မှာ ရွှီလောင်စန်းက ငွေတွေကို အမြဲလုယူသွားခဲ့တယ်။

 သူက အဆက်မပြတ် မူးနေတော့ သူက မူးချင်ယောင်ဆောင်ပြီးလည်း ကျွန်မရဲ့အကြွေစေ့တွေ ခဏခဏ ခိုးသွားခဲ့သေးတယ်။

နောက်ဆုံးတော့ ကျွန်မမှာ ဒီသင်္ချိုင်းက လွဲရင် ဖွတ်မရှိ နေရာ မရှိတာ့ဘူး၊ ဒီပိုင်ရှင်မဲ့သင်္ချိုင်းက ရွှီမိသားစုနဲ့ ဝေးကွာပြီး သီးသန့်ဆန်လွန်းတော့ ဘဘ်သူကမျှ အကြောင်းပြချက်မရှိဘဲ သင်္ချိုင်းကို လာတူးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မရဲ့ပိုက်ဆံတွေကို ဒီမှာ မြှုပ်ထားခဲ့တယ်”

“အဲ့တုန်းက ငါ တောင်ကြောပေါ်မှာ ထိုင်ပြီး အဲ့လူရဲ့စကားတွေကို နားထောင်ဖူးခဲ့တယ်။ အဲဒီလူက ပိုက်ဆံတွေကို ရေတွက်ပြီး တယောက်ယောက်ကို ကျိန်ဆဲနေတတ်သေးတယ်။ ပြီးရင် ပိုင်ရှင်မရှိတဲ့ သင်္ချိုင်းကိုလည်း ဆန္ဒတစ်ခု တောင်းနေသေးတယ်၊ ဘယ်သူက သေတဲ့သူကို ဆန္ဒတွေ သွားတောင်းမှာလဲ? ဒါပေမယ့် အဲ့ဒီလူက‌တော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီး အဲ့မိသားစုကနေ ထွက်ရဖို့၊ အိမ်ပြန်ရဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့တယ်လေ။ စိတ်ဝင်စားစရာ ကောင်းတယ်လို့ တွေးမိတာကြောင့် ဒီနားက ဖြတ်သွားတိုင်း ခိုးနားထောင်ခဲ့မိတယ်။ နောက်ဆုံးတော့ အလေ့အကျင့်တစ်ခု ဖြစ်လာတယ်”

သူက ကျွန်မလက်ကို ဆွဲပြီး ကျွန်မ ဝှက်ထားတဲ့ အကြွေစေ့တွေကို တူးချင်တယ်လို့ ပြောလာခဲ့တယ်။

“ရှင် ဘာတွေ ပြေနေတာလဲ?

ကျွန်မ ရှင်နဲ့ လက်မထပ်ခင် နှစ်ရက်အလိုမှာ တူးထားပြီးနေပြီ။ စုစုပေါင်း ကြေးဒင်္ဂါး လေးရာ့နှစ်ဆယ့်ခုနစ်စေ့ ရှိတယ်”

“မင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတာလား?”

“အဲဒီအချိန်က အဲ့ငွေက ကျွန်မအတွက်တော့ အများကြီးလေ။ ကျွန်မမှာ အစီအစဉ်တစ်ခု ရှိသေးတယ်၊ ရှင် ကျွန်မကို ကောင်းကောင်းမဆက်ဆံရင် အဲဒီဒင်္ဂါးပြားတွေကို ယူပြီး ကျွန်မ ထွက်သွားတော့မှာ"

"မင်းက အဲ့လောက်တောင် တုံးအတာလား? အဲ့ဒီငွေလေးနဲ့ မင်း ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာလဲ?”

“အသက်ရှင်နေသရွေ့ သွားစရာလမ်းရှိတယ်၊ ဘာကို ကြောက်နေရမှာလဲ”

“ဟုတ်တယ်... ငါ့မျက်လုံးတွေကို ဖမ်းစားနိုင်ခဲ့တာ မင်းရဲ့ အဲ့ဒီခေါင်းမာမှုပဲ…”

ဒီတော့ သူက ကျွန်မကို အဲ့အချိန်ကတည်းက သတိပြုမိခဲ့တာပေါ့လေ...

ကျွန်မ ဒီအကြောင်းပြချက်ကို သိချင်နေမှန်းတောင် သူက သိနေပြီး ကျွန်မကို ပြောပြနေခဲ့တာပေါလေ....

........။ ပြီးပါပြီ ။.......

ဒီဝတ္ထုတိုလေးကနေ ခံစားလိုက်ရတဲ့ စာတစ်ကြောင်း ရှိပါတယ်.... အဲ့တာက.....

“လိုအပ်ချက်တွေ ရှိနေပေမယ့် နားလည်မှုနဲ့ ဖြည့်စွက်ပေးနိုင်တဲ့အခါ ဘဝက ပျော်စရာဖြစ်နေတုန်းပါပဲ”

 🌟🌟🌟🌟🌟