Chapter 1
Viewers 36

🎬 Chapter 1



"လုဝမ်ရှင်းက ဘယ်လိုပြိုင်ဘက်မျိုးလဲ..."


"သူက ရုပ်ချောတယ် ငါတို့မှာ သူနဲ့ယှဉ်နိုင်တဲ့ အားသာချက်မရှိဘူး..."


ချန်ယွမ်က 'ကျစ်' ခနဲ စုတ်သပ်လိုက်သည်။

"အရှုံးသမားတစ်ယောက်ကိုများ ဘာစိတ်ပူနေစရာလိုလို့လဲ...ပြီးတော့ ဒီနေ့က ရသစုံရှိုးအတွက် ဧည့်သည်ရွေးမှာ... အရည်အချင်းပြပွဲမဟုတ်ဘူး..."


"ဒါပေမယ့်..."


ချန်ယွမ်က ထိုသူ၏စကားကို ဖြတ်ပြောလိုက်သည်။

"အစ်မမန် အရင်တစ်ပတ်က လုဝမ်ရှင်းကို ဒါရိုက်တာကျန်းနဲ့ အဖော်ပြုခိုင်းခဲ့တယ်လေ...အဲဒါကို လုဝမ်ရှင်းက မပျော်ဘဲနဲ့ ဒါရိုက်တာကျန်းရဲ့ခေါင်းကိုတောင် ရိုက်ခွဲခဲ့လိုက်သေးတယ်...အစ်မမန်က သူ့ကို လွယ်လွယ်ခွင့်လွှတ်ပေးမယ်လို့မင်းထင်လား..."


တက်သစ်စကြယ်ပွင့်လေး၏မျက်လုံးများက ရုတ်တရက်တောက်ပသွားခဲ့သည်။ 

"အမှန်ပဲ...ဒါဆို အစ်မမန်က သူ့ကို ဘယ်လိုအပြစ်ပေးလောက်လဲ..."


"လုဝမ်ရှင်းရဲ့မဂ္ဂဇင်းထောက်ခံချက်တွေအားလုံး ဖယ်ခံရလိမ့်မယ်...သူ ဒီနေ့ ရသစုံရှိုးလူတွေ့ဖြေတာကိုတောင် လာနိုင်မှာမဟုတ်လောက်ဘူး..."


"တကယ်လား..."


၎င်းသာ အမှန်ဖြစ်ပါက ရိုးရှင်းစွာပင် ကြည်နူးဖွယ်ကောင်းသော အံ့သြစရာဖြစ်သည်။ တက်သစ်စကြယ်ပွင့်လေး၏ နှုတ်ခမ်းထောင့်ကာ အနည်းငယ်ကော့ညွှတ်သွားပြီး ကဲ့ရဲ့စကားဆိုလိုက်သည်။


"သူက ဒီတိုင်း အဆင့်ဆယ့်ရှစ်ကြယ်ပွင့်တစ်ယောက်ပဲဟာ...လုဝမ်ရှင်းလိုလူက အကဲဖြတ်ဒါရိုက်တာကို အထင်သေးရတယ်လို့...သူက တကယ်ကြီး ဒါရိုက်တာခေါင်းဆောင်ကိုပဲ အဖော်ပြုချင်နေတာလား..."


"အကဲဖြတ်ဒါရိုက်တာမှာ လုပ်ပိုင်ခွင့်တွေ အကန့်အသတ်ရှိတယ်...သူက ဇာတ်ပို့နေရာတစ်ခုပဲ ပေးနိုင်တာ...လုဝမ်ရှင်းက သူ့ကိုယ်သူမြင့်မြင့်တွေးထားတာပဲ...သူ အဲဒါကို သဘောမကျရတဲ့ ဖြစ်နိုင်ချေတစ်ခုတော့ရှိတယ်...ဖြစ်နိုင်တာက သူ..."


 -ဒုန်း

တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရပြီး ကျယ်လောင်သောအသံထွက်လာခဲ့သည်။


လုဝမ်ရှင်းက တံခါးဝ၌ ရပ်နေသည်ကို မြင်ချိန်တွင် တက်သစ်စကြယ်ပွင့်၏ မျက်နှာက ဖြူဖျော့သွားပြီး လုဝမ်ရှင်း၏ အမူအရာကို မကြည့်ဝံ့ဘဲ လျင်မြန်စွာ ခေါင်းငုံ့လိုက်သည်။


ထိုကြယ်ပွင့်၏ထိတ်လန့်မှုနှင့်မတူဘဲ ချန်ယွမ်မှာ လုဝမ်ရှင်းကို အမြဲဆန့်ကျင်နေခဲ့သောကြောင့် လုဝမ်ရှင်းကြားသွားမည်ကိုမစိုးရိမ်ဘဲ ဆက်ပြောလိုက်သည်။


"….စပွန်ဆာရှာတွေ့သွားတာနေမှာပေါ့..."


ချန်ယွမ်၏အကြည့်က လုရှင်းဝမ်၏ဖိနပ်များပေါ်ရောက်သွားပြီး အထင်သေးသောလေသံဖြင့်ပြောလိုက်သည်။ 

"အဲဒီဖိနပ်တွေက 10,000 လောက်တော့ပေးရမှာပဲ...ဟုတ်တယ်မလား..."


လုဝမ်ရှင်းက သူ့ကို အကြည့်တစ်ချက်ပင်မပေးဘဲ လွတ်နေသောထိုင်ခုံဆီသို့ တည့်တည့်လျှောက်သွားကာ သူတို့နှစ်ယောက်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ 


သူက ထိုင်ခုံနောက်မှီပေါ်စိမ်ပြေနပြေမှီပြီး ပျင်းရိသောကိုယ်နေဟန်ထားဖြင့် သူ၏ရှည်သွယ်သွယ်ခြေထောက်များကို အရှေ့ဆန့်လိုက်သည်။


ချန်ယွမ်က လုဝမ်ရှင်း စကားပြန်ပြောမည်မဟုတ်ဟု တွေးနေစဥ်မှာပင် လုဝမ်ရှင်းက စကားပြောလာခဲ့သည်။

"အရမ်းစိတ်ပျက်နေလား..."


သူ့စကားက ချန်ယွမ်ကို စိတ်ရှုပ်ထွေးသွားစေသဖြင့် ပက်ခနဲပြန်ပြောလိုက်သည်။ 

"ဘာကိုလဲ..."


"မင်း ကျန်းကျန့်ချင်ကို အဖော်ပြုခွင့်မရလိုက်လို့ စိတ်ပျက်နေတာမလား..." 

လုဝမ်ရှင်းက ချန်ယွမ်ကို မျက်လွှာပင့်ကြည့်လိုက်သည်။


"မင်း ဘာပေါက်ကရတွေ လာပြောနေတာလဲ..."

ချန်ယွမ်က ပြန်ချေပပြီး ထစ်အစွာပြောလိုက်သည်။ 

"ဘယ်-ဘယ်သူ အဲဒီလိုအရာမျိုးကို လိုချင်နေလို့လဲ..."


"အိုး..." "

လုဝမ်ရှင်းက ဂရုမစိုက်စွာ တုံ့ပြန်လိုက်သည်။ 

"ငါက မင်းသွားချင်နေတယ်လို့ ထင်နေတာ..."


"လုဝမ်ရှင်း..."  

ချန်ယွမ်က ဆတ်ခနဲထရပ်လိုက်သည်။

"ငါ သွားချင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ငါ ဘယ်တုန်းက သွားချင်နေလို့လဲ..."


"ဘာတွေ ဆူညံနေကြတာလဲ..."  

မန်နေဂျာဝမ်မန်က ဒေါက်မြင့်ဖိနပ်ဖြင့် အထဲဝင်လာခဲ့သည်။

"ငါ အခန်းအပြင်မှာတည်းက မင်းတို့ရဲ့ အသံတွေကိုကြားနေရတာ...ကုမ္ပဏီက မင်းတို့အတွက် ရန်ဖြစ်ဖို့ နေရာလား..."


"အစ်မမန်..." 

ချန်ယွမ်က သူ့ဒေါသကို ချက်ချင်းငြှိမ်းပြီး ဘေးနားတွင် ကြက်တစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေလိုက်သည်။


တက်သစ်စကြယ်ပွင့်ကလည်း မတ်တတ်ထရပ်ပြီး သတိကြီးစွာခေါ်လိုက်သည်။ 

"အစ်မမန်..."


ဝမ်မန်က ချန်ယွမ်ကို လျစ်လျူရှုပြီး သူမ၏အနောက်ရှိ အနုပညာရှင်နှစ်ဦးကို ပြောလိုက်သည်။ 

"မင်းတို့နှစ်ယောက် ကိုယ့်နေရာကိုယ် ရှာထိုင်လိုက်ကြ..." 


"ကောင်းပါပြီ..."


အနုပညာရှင်နှစ်ယောက်က အတော်လေးရိုကျိုးပြီး သူတို့ပါးစပ်မှ အမြန်သဘောတူလိုက်ကြသော်လည်း ဝမ်မန်က မထိုင်ခိုင်းသေးသောကြောင့် သူတို့ မထိုင်ဝံ့ကြချေ။


ချန်ယွမ်နှင့် တက်သစ်စကြယ်ပွင့်လေးတို့ကလည်း စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေကြပြီး လုရှင်းဝမ်သာလျှင် ဂရုမစိုက်စွာဖြင့် ထိုင်ခုံပေါ်မှီထိုင်နေဆဲဖြစ်သည်။


ဝမ်မန်၏အကြည့်များက သူ့တစ်ကိုယ်လုံး၌ 'ပုန်ကန်နေ' ဟူသော စာလုံးရေးထားပုံရသည့် လုဝမ်ရှင်းပေါ်ရောက်သွားပြီး လွန်ခဲ့သောအပတ်က သူ တစ်စုံတစ်ယောက်အား ရိုက်နှက်ခဲ့သည့်အဖြစ်အပျက်ကို သတိရသွားကာ မျက်ခုံးများတွန့်ချိုးလိုက်မိသည်။


"လုဝမ်ရှင်း မင်း အခုဘယ်လိုပုံပေါက်နေလဲဆိုတာ ကြည့်စမ်းပါဦး... "


လုဝမ်ရှင်းက ဝမ်မန်၏စကားအတိုင်း သူ့ကိုယ်သူ အပေါ်အောက်ငုံ့ကြည့်လိုက်၏။ 

"ကျွန်တော်တော့ အဆင်ပြေနေတယ်လို့ ထင်တာပဲ..."


သူက ယနေ့တွင် အဖြူရောင်ခေါင်းစွပ်ဆွယ်တာအင်္ကျီကို အပေါ်ထပ်ဂျာကင်ဖြင့်တွဲဝတ်ထားပြီး ဂျင်းဘောင်းဘီအပြဲနှင့် သူ့မွေးစားအမေထံမှ မွေးနေ့လက်ဆောင်ရထားသော ဖိနပ်သစ်ကို ဝတ်ထားသည်။


ဝမ်မန်၏မျက်နှာက မည်းမှောင်သွားပြီး သူမလက်ထဲရှိ စာရွက်များကို စားပွဲပေါ်ဆောင့်ချလိုက်သည်။

"မင်း ဒါရိုက်တာကျန်းရဲ့ခေါင်းကို ရိုက်ခွဲခဲ့တာတောင်အဆင်ပြေတယ်လို့ပြောနေသေးတာလား...ဘာလို့ ငါ့ကိုပါ တစ်ခါတည်း မရိုက်သွားလိုက်လဲ..."


"အစ်မမန်က ကျွန်တော့်ကို အမြတ်ထုတ်ဖို့ ကြံနေတာပဲ..."  

လုဝမ်ရှင်းက ဖြည်းညင်းစွာပြန်ပြောလိုက်သည်။


ဝမ်မန်က မျက်ကပ်မှန်များ တပ်ထားသော သူမ၏မျက်လုံးကြီးများဖြင့် လုဝမ်ရှင်းကိုစိုက်ကြည့်ကာ ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။

"လုဝမ်ရှင်း မင်း စိတ်လိုက်မာန်ပါလုပ်လိုက်တာကြောင့် အခု မန်းဂိုးကုမ္ပဏီက အနုပညာရှင်တွေ ဒရာမာမှာပါနိုင်မယ့် အခွင့်အရေးဆုံးရှုံးသွားရပြီ...မင်းတစ်ယောက်တည်း ဒီဆုံးရှုံးသွားတာတွေကို လျော်နိုင်လို့လား..."


မန်ဂိုးကုမ္ပဏီ၏ခေါင်းဆောင်များမှာ လွန်ခဲ့သောအပတ်က ကျန်းကျန့်ချင်ကို ညစာစားရန်ဖိတ်ပြီး သီးသန့်သဘောတူညီချက်ရခဲ့သည်။ ကျန်းကျန့်ချင်က သင့်လျော်သော ဇာတ်ပို့သရုပ်ဆောင်များ သို့မဟုတ် အထူးသရုပ်ဆောင်များကို ရွေးချယ်ရာတွင် မန်းဂိုးအင်တာတိန်းမန့်မှလူများကို ဦးစားပေးရွေးချယ်လိမ့်မည်ဖြစ်သည်။


သို့သော် လုဝမ်ရှင်းက မည်သို့ပါးနပ်စွာပြုမူရမည်ကို မသိဘဲ ကျန်းကျန့်ချင်ကို လူကြားထဲ အရှက်ခွဲကာ ရိုက်နှက်ခဲ့သည်။ ယင်းက ကျန်းကျန့်ချင်ကို မန်းဂိုးအင်တာတိန်းမန့်အပေါ် ဒေါသထွက်သွားစေပြီး ကုမ္ပဏီ၏အနုပညာရှင်များအားလုံးကို ရွေးချယ်မည့်စာရင်းမှ ဖယ်ရှားခဲ့သည်။


ထိုအဖြစ်အပျက်ကြောင့် ဝမ်မန်က ခေါင်းဆောင်ထံမှ နှစ်ရက်ကြာခန့် ကြိမ်းမောင်းခဲ့ရပြီး ယခု လုဝမ်ရှင်းကို မြင်ချိန်တွင် သူမ ဒေါသထွက်လာခဲ့သည်။


အခန်းထဲရှိလူများတွင် ရှိုးကြည့်နေသော ချန်ယွမ်မှလွဲ၍ ကျန်လူများမှာ ဝမ်မန်၏ဒေါသ သူတို့ဘက်လှည့်လာမည်ကိုကြောက်ပြီး ပြေးပုန်းချင်နေကြသည်။


သူမ၏ဒေါသဦးတည်ရာဖြစ်သော လုဝမ်ရှင်းမှာမူ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေလေသည်။


"မင်းသာ အသိစိတ်ရှိသေးရင် ဒါရိုက်တာကျန်းကို သွားတောင်းပန်ပြီး ညစာဖိတ်ကျွေးလိုက်...သူ မင်းကို ခွင့်မလွှတ်ခင်အထိ ငါ မင်းကို ဘာအလုပ်မှ ပေးမှာမဟုတ်ဘူး..."


ဝမ်မန်က သူမ လုဝမ်ရှင်းကို မလှုံ့ဆော်နိုင်မချင်း လက်လျှော့ရန် ငြင်းဆန်ခဲ့သည်။ ဝမ်မန်က လုဝမ်ရှင်းကို စိုက်ကြည့်ပြီး အသံတိုးကာ သရော်သောလေသံဖြင့် ပြောလိုက်သည်။

"မင်းနဲ့ ဝမ်ယွီက ကုမ္ပဏီကို တစ်ချိန်တည်းဝင်လာတာတောင် သူက အွန်လိုင်းဒရာမာ နှစ်ခုမှာ သရုပ်ဆောင်ပြီးလို့ အခုဆို ထောက်ခံချက်တွေ အများကြီးရနေပြီ... အနာဂတ်မှာ သူက ရသစုံရှိုးတွေ၊ ရုပ်ရှင်ကားတွေနဲ့ တခြားအရင်းအမြစ်တွေ ပိုရလာတော့မှာ...မင်းကျတော့ရော...မင်းက ဖန်သားပြင်ကြီးပေါ်မှာတောင် မပါနိုင်ဘူးလေ..."


အခြားသူများ သူ့အတိုင်းလိုက်လုပ်ကြမည်ကိုစိုးသဖြင့် ဝမ်မန်က လုဝမ်ရှင်းကို စကားလုံးကြမ်းကြမ်းဖြင့် ဝေဖန်လျက် အခြားအနုပညာရှင်များကိုလည်း သတိပေးခဲ့သည်။

"မင်း ငါ့စကားကိုနားထောင်ရင် ငါ မင်းကိုအခွင့်အရေးထပ်ပေးမယ်...အဲဒီလိုမှမဟုတ်ရင် ဖျော်ဖြေရေးလောကထဲကနေ မြန်မြန်သာထွက်လိုက်တော့...ငါမှာ မင်းနဲ့ဖြုန်းနေဖို့ အချိန်မရှိဘူး..."


"ဟုတ်တာပေါ့...အစ်မမန်ရဲ့အချိန်တွေက အဖိုးတန်တယ်..."  

လုဝမ်ရှင်းက သူမ၏စကားကို ထပ်ပြောလိုက်သည်။


ဝမ်မန်၏နှုတ်ခမ်းများက အောင်ပွဲခံသောအပြုံးဖြင့်ကွေးတက်သွားပြီး မေးစေ့ကို မောက်မာစွာ ပင့်ထားကာ လုဝမ်ရှင်းက သူ့အမှားအား ဝန်ခံလာမည့်အချိန်ကို စောင့်နေလိုက်သည်။


သို့သော်…


လုဝမ်ရှင်း၏လေသံက ပြောင်းလဲသွားပြီး ဆက်ထွက်လာသော စကားလုံးများမှာ ဝမ်မန်၏မျက်နှာပေါ်ရှိအပြုံးကို အေးခဲသွားစေခဲ့သည်။

"ဒါဆိုလည်း ကောင်းပြီလေ… စာချုပ်ဖျက်လိုက်ကြတာပေါ့..."


အစည်းအဝေးခန်းက ရုတ်တရက် တိတ်ဆိတ်သွားပြီး အနုပညာရှင်များက သူတို့အချင်းချင်းကြည့်လိုက်ကြသည်။ 

လုဝမ်ရှင်းက ရူးနေပြီပဲ...သူ အစ်မမန်ကို ဒီလိုမျိုးစိန်ခေါ်ရဲတယ်ပေါ့...


ဝမ်မန်က ဒေါသထွက်သွားပြီး ရယ်မောလိုက်သည်။

"စာချုပ်ဖျက်ချင်တယ် ဟုတ်လား... ကောင်းပြီလေ...မင်း စာချုပ်ဖောက်ဖျက်ငွေ 10 သန်းပေးပြီးရင် ထွက်သွားလို့ရတယ်..."


ဝမ်မန်၏အကြည့်က လုဝမ်ရှင်း၏ဖိနပ်သစ်များအပေါ်ရောက်သွားပြီး နှာမှုတ်လိုက်သည်။

"မင်းရဲ့စပွန်ဆာက မင်းကို 10,000 တန်ဖိနပ်ဝယ်ပေးတာနဲ့ပဲ စာချုပ်ဖောက်ဖျက်ငွေအတွက် 10သန်း ပေးဖို့ဆန္ဒရှိနေမယ်လို့ မဆိုလိုဘူးနော်..."


လုဝမ်ရှင်းက မရှင်းပြလိုက်ချေ။ သူက သူ့အိတ်ကပ်ထဲမှ ဖုန်းထုတ်ပြီး ဝမ်မန်၏ အကြည့်အောက်၌ အသံသွင်းထားသောဖိုင်ကို နှိပ်လိုက်သည်။


ထို့နောက် ကြည်လင်ပြတ်သားသော အမျိုးသမီးအသံတစ်ခုက ထွက်လာပြီး ဖုန်းထဲမှတစ်ဆင့် မြှောက်ပင့်ပြောဆိုမှုကို ကြားလိုက်ရသည်။


"ဒါရိုက်တာကျန်း...ရှင် လုဝမ်ရှင်းကို သဘောကျရင် သူက ကံကောင်းတာပါ... ရှင် သူ့ကို သဘောမကျဘူးဆိုရင်လည်း ကျွန်မတို့ မန်းဂိုးအင်တာတိန်းမန့်မှာ တခြားအနုပညာရှင်တွေ ရှိပါတယ်..."


အသံပိုင်ရှင်က ဝမ်မန်ဖြစ်ပြီး ၎င်းနောက်၌ ကျန်းကျန့်ချင်၏အသံဩဩကြီးက ထွက်လာခဲ့သည်။


"လုဝမ်ရှင်းက ဖျော်ဖြေရေးနယ်ပယ်မှာ အရည်အချင်းရှိတဲ့ပုံပဲ...ကျုပ်ကလည်း အလုပ်ကြိုးစားပြီး တိုးတက်တဲ့လူမျိုးကို သဘောကျတာ...ဒီလိုလုပ်ပါလား...မင်း သူ့ကို ဒီည ကျုပ်နဲ့ အိပ်..."

လုဝမ်ရှင်းက ရပ်မည်ကိုနှိပ်လိုက်သဖြင့် စကားက ပြတ်တောက်သွားခဲ့လေသည်။ ဝမ်မန်က သူမ၏မောက်မာမှုကိုပြင်ပြီး အမူအရာလည်း ပြောင်းသွားခဲ့သည်။


"လုဝမ်ရှင်း ငါတို့ ဘာမဆိုဆွေးနွေးလို့ရတယ်...မင်း မလုပ်ချင်ရင်လည်း ထားလိုက်တော့... ငါ ဒါရိုက်တာကျန်းအတွက် နောက်အနုပညာရှင်တစ်ယောက် ရှာပေးလိုက်မယ်..."


လုဝမ်ရှင်းက အလွန်တည်ငြိမ်နေသဖြင့် သူ့လက်ထဲတွင် အခြားအသံဖိုင်များ ရှိနေဦးမည်ကို ဝမ်မန်စိုးရိမ်သွားကာ သူမ၏ ဒေါသကိုမျိုသိပ်ပြီး လုဝမ်ရှင်းကို ချော့ပြောလိုက်သည်။

"ငါ မင်းကို KM ရဲ့ထောက်ခံချက်ပြန်ပေးမယ်လေ..."


ပြန်ပေးမယ် တဲ့လား...

လုရှင်းဝမ်၏စိတ်ထဲတွင် သရော်လိုက်မိသည်။


ဝမ်မန်က အသက်ပြင်းပြင်းရှူပြီး သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"ဒီနေ့နေ့လယ်ကျ ရုပ်ရှင်ဧကရာဇ်ကုက ရသစုံရှိုးဧည့်သည်ရွေးဖို့ လာမယ်ဆိုတာ မင်းသိထားသင့်တယ်...မင်းက ရုပ်ရည်ပိုင်းမှာ အားသာချက်ရှိတာပဲ...ရွေးချယ်ခံရဖို့ အခွင့်အရေးမြင့်တယ်..."


လုဝမ်ရှင်းက ဘာမှမပြောလာသောကြောင့် ဝမ်မန် အံကြိတ်ပြီး ဆက်ပြောလိုက်သည်။ 

"မင်း သေချာပြန်စဉ်းစားသင့်တယ်... စာချုပ်ဖျက်သိမ်းတာက တကယ်ကို ရွေးချယ်မှုကောင်း မဟုတ်ဘူး..."


"မလိုပါဘူး..."

လုဝမ်ရှင်းက ဝမ်မန်ကို မျက်နှာသာမပေးလိုသောကြောင့် မတ်တတ်ထရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။


ဝမ်မန်က အလွန်အကြံစည်ကြီးသူဖြစ်ပြီး သူမ အဓိပ္ပာယ်မရှိသောကတိများပေးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူမက သူ့ကို အသံဖိုင်ဖျက်စေရန် လှည့်စားလိုခြင်းသာဖြစ်သည်။


လုဝမ်ရှင်းက အရူးမဟုတ်ပေ။ KM၏ ထောက်ခံချက်ပင်ဖြစ်စေ သို့မဟုတ် ရှိုးအတွက် ရုပ်ရှင်ဧကရာဇ်ကု ရွေးချယ်မည့် ဧည့်သည်ပင်ဖြစ်စေ ဝမ်ယွီထံသို့သာ ရောက်သွားပေလိမ့်မည်။


အဘယ်ကြောင့်ဆိုသော်…


သူ နေထိုင်နေသောကမ္ဘာက "အလန်းဆုံးကြယ်ပွင့်" ဟုခေါ်သည့်ဝတ္ထုကမ္ဘာပင်ဖြစ်သည်။


ဤဝတ္ထု၏အဓိကဇာတ်လိုက်မှာ ဝမ်ယွီဖြစ်ပြီး ရုပ်ရှင်ဧကရာဇ်ကုယန်ရှန်းက အမျိုးသားဇာတ်လိုက်ဖြစ်သည်။


လုဝမ်ရှင်းကမူ အဓိကဇာတ်လိုက်ရှို့(shou)ကို ပံ့ပိုးပေးမည့် ထိုးကျွေးခံအမြှောက်စာဇာတ်ကောင်ဖြစ်သည်။


မူရင်းဝတ္ထုတွင် ဇာတ်လိုက်က သူ၏ ချမ်းသာသောနောက်ခံကို ဖုံးကွယ်၍ ဖျော်ဖြေရေးနယ်ပယ်တွင် ခိုင်မာစွာရပ်တည်နိုင်ရန် သူ၏ကိုယ်ပိုင်အားထုတ်မှုများကို အသုံးပြုခဲ့သည်။


ဝမ်မန်က ဝမ်ယွီ ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်လာကတည်းက သူ့နောက်မှ နေ့တိုင်းနီးပါးလိုက်ခဲ့ပြီး သူ့ကိုယ်ပိုင်လက်ထောက်ထက်ပင် ပိုဂရုစိုက်ပေးခဲ့သည်။ အကြောင်းရင်းမှာ ဇာတ်လိုက်က ချမ်းသာသော မိသားစုမှဖြစ်သည်ကို သူမ သိထားသောကြောင့် ဇာတ်လိုက်ကို စိတ်ကျေနပ်အောင်လုပ်ရန်ဖြစ်သည်။


ဇာတ်လိုက်ရှို့က KM မဂ္ဂဇင်းထောက်ခံချက်ဖြင့် လူထုအမြင်သို့ဝင်လာခဲ့ပြီး အမျိုးသားဇာတ်လိုက်နှင့် တူညီသော ရသစုံရှိုးတွင် ပါဝင်ခဲ့သောကြောင့် သူ့ကျော်ကြားမှုက ဆယ်ဆတိုးလာကာ အဆင့် 18 ကြယ်ပွင့်မှ လူကြိုက်များသော အိုင်ဒေါအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။


လုဝမ်ရှင်းက နာမည်ကြီးလာစေရန် သူ့အရင်းအမြစ်များအား လုယူသုံးစွဲခဲ့သော အဓိကဇာတ်လိုက်ကို မုန်းခဲ့သည်။ သူက မနာလိုဖြစ်လာပြီး အဓိကဇာတ်လိုက်ကို အကြိမ်ကြိမ်လုပ်ကြံခဲ့သောကြောင့် အဓိကဇာတ်လိုက်၏ပရိသတ်များကို ဒေါသထွက်စေခဲ့သည်။


အဓိကဇာတ်လိုက်ရှို့၏ပရိသတ်များက လုဝမ်ရှင်း၏ပြစ်မှုများကိုဖော်ထုတ်ရန် ပူးပေါင်းပြီး သူ့ကို hot search တက်စေ၍ အင်တာနက်သုံးစွဲသူများ၏ဝေဖန်ခြင်းနှင့် အနိုင်ကျင့်ခြင်းများခံရစေခဲ့သည်။


လုဝမ်ရှင်း၏မွေးစားအဖေက ၎င်းကြောင့် အလုပ်ပြုတ်သွားပြီး ကျန်းမာရေးချို့တဲ့နေသော သူ့မွေးစားအမေမှာလည်း တိရစ္ဆာန်အသေများပို့ခဲ့သည့် တစ်ယူသန်ပရိတ်သတ်များထံမှခြိမ်းခြောက်ခံရကာ ရုတ်တရက် နှလုံးဖောက်သေဆုံးခဲ့သည်။


အထက်တန်းကျောင်းတက်နေသည့် သူ့ညီလေး ရှဲ့ချန်ဖေးပင်လျှင် ကောလာဟလများ၏ဖိအားကြောင့် အဆောက်အအုံတစ်ခုပေါ်မှ ခုန်ချကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့သည်။


အမြှောက်စာဇာတ်ကောင်လုဝမ်ရှင်းမှာ ထွက်ပြေးလာသော စိတ်ကျန်းမာရေးမကောင်းသောလူနာနှင့်တိုးပြီး ကားတိုက်ခံခဲ့ရကာ သူ့တစ်သက်လုံး ဝှီးချဲပေါ်၌သာ နေသွားခဲ့ရသည်။


အကယ်၍ ထိုကြေကွဲဖွယ်အခြေအနေကို သူ တစ်ဦးတည်းသာခံစားရပြီး ၎င်းက အိပ်မက်တစ်ခုသာဖြစ်လျှင် သူ ၎င်းကို အတည်ယူမည်မဟုတ်ချေ။


သို့သော် သူ့အိပ်မက်ထဲရှိမြင်ကွင်းများကို ကြိမ်ဖန်များစွာ အတည်ပြုပြီးနောက် သူ သတိမထားဘဲ မနေနိုင်ခဲ့ချေ။


သူ၏မွေးမိဘများက မည်သူဖြစ်သည်ကို သူ မသိသော်လည်း မွေးစားမိဘများကမူ သူ့အပေါ် အလွန်ကောင်းပေသည်။ လုဝမ်ရှင်းမှာ မိသားစုကို တစ်ကြိမ်ဆုံးရှုံးခဲ့ပြီးဖြစ်သဖြင့် ဤခက်ခက်ခဲခဲရရှိခဲ့သော မိသားစုချစ်ခြင်းမေတ္တာကို တန်ဖိုးထားမြတ်နိုး၍ သူ့မိသားစုကို ဒုက္ခမရောက်စေချင်ပေ။


လုဝမ်ရှင်းကိုယ်တိုင်လည်း စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း ရူးမိုက်သောအရာများကိုလုပ်မည် မဟုတ်ချေ။ သို့သော် ဤစာအုပ်ကမ္ဘာကြီးက ဇာတ်ကြောင်းအတိုင်း မဖြစ်မနေသွားရမည်ဆိုလျှင် သူ့ကိုယ်ပိုင်အပြုအမူကို သူ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။


လုဝမ်ရှင်းက ဂရုတစိုက်စဉ်းစားပြီးနောက် သူ့စာချုပ်ကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။


ဇာတ်ကြောင်းက အတင်းအကြပ်ဖြစ်လာသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူ လက်ရှိလုပ်နိုင်သောအရာမှာ ဖျော်ဖြေရေးနယ်ပယ်မှထွက်ပြီး အဓိကဇာတ်လိုက်များနှင့် ဝေးဝေးနေရန်ဖြစ်သည်။


သေချာစွာပင် အသံဖိုင်တစ်ခုတည်းနှင့် အောင်မြင်စွာ စာချုပ်ဖျက်သိမ်းရန် မဖြစ်နိုင်ချေ။ မန်းဂိုးအင်တာတိန်းမန့်သာလျှင် စီးပွားရေးလုပ်ငန်းများ၌ လျှို့ဝှက်စွာ ရင်းနှီးမြှုပ်နှံသည်မဟုတ်ဘဲ အခြားရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီများတွင်လည်း ထိုကဲ့သို့ဖြစ်စဉ်မျိုးရှိပေသည်။


လုဝမ်ရှင်းက ဖျော်ဖြေရေးမီဒီယာသို့ အသံဖိုင်ပေးလိုက်လျှင်ပင် ၎င်းတွင် လူများစွာပါဝင်ပတ်သက်နေသောကြောင့် ဖျော်ဖြေရေးမီဒီယာများက ၎င်းကို ထုတ်ဖော်ဝံ့မည်မဟုတ်ချေ။


သူ့ကို ပို၍အထောက်အပံ့ပေးနိုင်သောအရာ လိုအပ်သည်။


- ဒင်

WeChat အချက်ပြသံက လုဝမ်ရှင်း၏ အတွေးများကိုနှောင့်ယှက်သွားခဲ့သည်။ လုဝမ်ရှင်း၏ကောလိပ်အခန်းဖော်က အသံမက်ဆေ့ခ်ျပို့လာခြင်းဖြစ်သည်။


"ရှင်းရှင်း မင်းရဲ့မန်းဂိုးအင်တာတိန်းမန့်က အရမ်းလန်းတာပဲ...ဟိုရက်တုန်းကတောင် ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်ရွေးဖို့ မင်းတို့ဆီကိုလာခဲ့သေးတယ်ဆို... ဒီနေ့လည်း ရုပ်ရှင်ဧကရာဇ်ကုယန်ရှန်းက ရသစုံရှိုးအတွက်ဧည့်သည်ရွေးဖို့ လာမှာဆိုပဲ..."


လုဝမ်ရှင်း စာမပြန်နိုင်မီ သူ့အခန်းဖော်က အနည်းငယ်စိတ်လှုပ်ရှားနေသော လေသံဖြင့် နောက်အသံမက်ဆေ့ချ်တစ်ခုထပ်ပို့လာခဲ့သည်။


"အဲဒါက ရုပ်ရှင်ဧကရာဇ်နဲ့အတူ ရသစုံရှိုးရိုက်ရမှာနော် အာ...မင်းက အရမ်းချောတာပဲဟာ ဘယ်ပြောရမလဲ ကုယန်ရှန်းက မျက်နှာကြည့်တဲ့သူဖြစ်နေရင် သူ မင်းကို ရွေးနိုင်ချေရှိတာပဲမလား..."


ဖြစ်နိုင်ချေမရှိဘူး...


လက်ထဲ၌ ဇာတ်ကြောင်းရှိနေသော လုဝမ်ရှင်းက သူ့အခန်းဖော်၏စိတ်ကူးယဉ်မှုကို ရိုက်ချိုးပြီး သန့်စင်ခန်းသို့ ထွက်လာလိုက်သည်။


"အရမ်းတွေနုံမနေနဲ့... ရုပ်ရှင်ဧကရာဇ်က ဒီကို ဧည့်သည်လာရွေးတာမဟုတ်ဘူး... ကိုယ်လုပ်တော်လာရွေးတာ..."


သူ နောက်ဆုံးစကားလုံးပြောပြီးနောက် မော့ကြည့်လိုက်ရာ လက်ဆေးနေသော ကု-ကိုယ်လုပ်တော်လာရွေးသူ- ယန်ရှန်းကို တွေ့လိုက်ရသည်။


သူတို့နှစ်ယောက် မှန်ထဲမှ တစ်ယောက်ကို တစ်ယောက်လှမ်းကြည့်မိပြီး လေထုက ခဏရပ်တန့်သွားခဲ့သည်။


လုဝမ်ရှင်းက စိတ်မသက်မသာဖြင့် ဖုန်းကို သူ့အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။


နှစ်နာရီတောင်မခွဲသေးဘူး...အင်တာဗျူးမယ့်အချိန်က သုံးနာရီလို့ ဝမ်မန် ဂရုထဲမှာပြောခဲ့တာ မှတ်မိပါတယ်...ကုယန်ရှန်းက အရမ်းအစောကြီးရောက်လာတာပဲ...


သေချာစွာပင် ၎င်းက လုဝမ်ရှင်း စဉ်းစားနေသင့်သောအရာမဟုတ်သောကြောင့် ဘာမှမဖြစ်ခဲ့သကဲ့သို့ စီးပွားရေးဆန်သောအပြုံးဆင်ကာ ပြောလိုက်သည်။

"ဟယ်လို ကုလောင်ရှီး အစောကြီးရောက်နေတာပဲ..."


ကုယန်ရှန်းက သူ၏အေးစက်စက် ဘေးတိုက်မျက်နှာကိုပြထားလျက် တစ်ရှူးနှစ်ခုကိုထုတ်ယူပြီး သူ့လက်ပေါ်ရှိရေစက်များကို ဖြည်းညှင်းစွာသုတ်နေခဲ့သည်။


သို့သော် လုဝမ်ရှင်းတွင် ၎င်းကို သဘောကျရှုစားနေရန် အချိန်မရှိချေ။ သူ ပြောသည်ကို ကုယန်ရှင်းကြားလိုက်လား၊ မကြားလိုက်လား မသေချာပေ။


စက္ကန့်အနည်းငယ်ကြာပြီးနောက် လုဝမ်ရှင်းက သူ လုံ့လဝီရိယပိုစိုက်ထုတ်ပြီး အောက်ထပ်ရှိသန့်စင်ခန်းသို့ သွားသင့်သည်ဟု ခံစားလိုက်ရ၏။


"တောင်းပန်ပါတယ်...ကျွန်တော် မှားဝင်လာမိတာပါ..."


လုဝမ်ရှင်း ထိုသို့ပြောပြီးနောက် လှည့်ထွက်လိုက်စဉ် သူ့နောက်မှ ကုယန်ရှန်း၏ ကြည်လင်အေးစက်သောအသံက ရုတ်တရက် ထွက်လာခဲ့လေသည်။


"ဘာလဲ...မင်းက မိန်းကလေးသန့်စင်ခန်းကို သွားချင်လို့လား..."


လုဝမ်ရှင်း : "…"



🎬🎬🎬