အခန်း(၁)
- စိတ်ပျက်အားငယ်ဖွယ်ရာ အနမ်းတစ်ပွင့်
စုယန်ယန်သည်
အောက်တွင် ဆူညံပွက်လောရိုက်နေသော မြင်ကွင်းကို လေထဲတွင် မျောလွင့်နေရင်း စိတ်ရှုပ်ထွေးစွာ
ကြည့်ရှုနေသည်။
လွန်ခဲ့သော
နာရီအနည်းငယ်ခန့်ကပင် သူမသည် သူမမိသားစုအတွက် နောက်ဆုံးတွင် စပွန်ဆာတစ်ဦးနှင့် စာချုပ်ချုပ်ဆိုပြီး
မိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြည်နူးနေမိသေးသည်။
ထို့နောက်
မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကုန်တင်ကားကြီး တစ်စီးသည် ရုတ်တရက် လမ်းကြောင်းမှားပြီး
သူမကားကို ဝင်တိုက်ခဲ့၏။
စူးရှသည့်
နာကျင်မှုကို ခံစားလိုက်ရပြီးနောက် စုယန်ယန်၏ရှေ့ရှိ အရာအားလုံးမှာ မည်းမှောင်သွားလေသည်။
သူမသည် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မသိတော့ပဲ သူမနိုးလာချိန်တွင် ယခုကဲ့သို့ ဝိညာဉ်လို
အနေအထားမျိုးတွင် ဖြစ်နေခဲ့သည်။
သူမ၏ဝိညာဉ်သည်
လေထုထဲတွင် မျောလွင့်နေပြီး သူမ၏ စုတ်ပြတ်သပ်နေသော ခန္ဓာကိုယ်သည် ဆေးရုံအအေးခန်းရှိ
ခုတင်ပေါ်တွင် လဲလျောင်းနေသည်။
သူမသေဆုံးကြောင်း
အတည်ပြုပြီးနောက် ထိန်းမနိုင် သိမ်းမနိုင် ငိုကြွေးနေသာ သူမ၏ မိဘများနှင့် အစ်ကိုက
အထဲသို့ အပြေးအလွှား ပြေးဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။
စုယန်ယန်သည်
သူမမိခင်က ဝမ်းပန်းတနည်း အော်ဟစ်ကာ မိုးကောင်ကင်ကို ကျိန်ဆဲရင်း မေ့လဲလုမတတ် ဖြစ်သွားသည်ကို
ကြည့်နေရသည်။ သူမ၏ အဖေသည်လည်း ချက်ချင်းပင် အသက်ဆယ်နှစ်စာလောက် အိုစာသွားပုံရသည်။ ယခု
သူသည် သောကအားလုံးကို ထမ်းပိုးထားရသည့်အတွက် မျက်တွင်းများကျကာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
သူမအစ်ကိုကြီးမှာ နီရဲနေသော မျက်လုံးများဖြင့် သူ့မိဘများကို နှစ်သိမ့်ရန် အတတ်နိုင်ဆုံး
ကြိုးစားနေသည်။
စုယန်ယန်၏
စိတ်ထဲတွင် အပြစ်ရှိစိတ်များ တိုးပွားလာပြီး လူနှစ်ယောက်နှင့် ကုန်တင်ကားမောင်းသူအပေါ်
မုန်းတီးမှုဟာ ချက်ချင်းဆိုသလို တိုးပွားလာခဲ့သည်။
ထိုအချိန်တွင်
စင်္ကြံလမ်းအဆုံးမှ ရုတ်တရက် ဆူဆူညံညံ အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်လေးမှာပဲ
သူတို့ရှေ့တွင် ဘီးတပ်ကုလားထိုင် တစ်ခု ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည်
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ၎င်းမှာ ချောမောခန့်ညားသည့် အမျိုးသားတစ်ယောက်
ဖြစ်လေသည်။ သူ့ရဲ့ ဖြောင့်စင်းသော မျက်ခုံးတစ်စုံနှင့် စူးရှသော မျက်ဝန်းများသည် ရေကန်ကဲ့သို့
နက်ရှိုင်းပြီး ဓားသွားကဲ့သို့ ရှိသည်။ သူ့မျက်လုံးတွေကို ကြည့်မိသူတိုင်း အကြည့်တွေကို
ရှောင်ဖယ်သွားစေပြီး လူတစ်ယောက်ကို ချက်ချင်း ဒူးထောက်သွားစေနိုင်သည်။
စုယန်ယန်သည်
ထိုဧည့်သည်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် မှတ်မိလိုက်သည်။ သူမရည်စားဟောင်း၏ မိသားစုအတွင်းမှ
ဟောက်မိသားစုခေါင်းဆောင် အသက်ကြီးချိန်တွင် မွေးဖွားလာခဲ့သော သားဖြစ်သည်။ ဒီလူသည် သူမရည်းစားဟောင်း၏
အငယ်ဆုံး ဦးလေးမှလွဲ၍ အခြားသ မဟုတ်ပေ။
“မင်း
ဒီနေရာကို ဘာလာလုပ်တာလဲ။ မင်းက ငါတို့ ပူဆွေးနေတာကို ရယ်မောဖို့ ဒီနေရာကို ရောက်လာတာလား”
စုယုရွှမ်သည်
သူ့မိဘများကို နောက်ကျောမှာထားရင်း ပထမဆုံး တုံ့ပြန်ပြောဆိုခဲ့သည်။
“ဟောက်မိသားစုကို
ဒီနေရာက မကြိုဆိုဘူး။ ဒါ့ကြောင့် ထွက်သွားပေးပါ”
ဟောက်ချန်ဟွမ်းက
ဘာစကားတစ်ခွန်းမှ မဆိုသော်လည်း သူ့နောက်က သက်တော်စောင့်များက ချက်ချင်း အရှေ့သို့ပြေးသွားပြီး
ရင်ခွဲခန်းအပြင်ဘက်မှ စိတ်ထိခိုက်နေသည့် စုမိသားစုကို ပိတ်ဆို့လိုက်ပါသည်။
စုယန်ယန်သည်
သူတို့ ဒီလိုလှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ မျက်နှာအမူအရာက အနည်းငယ်
ပြောင်းလဲသွားသည်။ သူမသည် မသိစိတ်က ကူညီပေးချင်သော်လည်း သူမတွင် ရုပ်ပိုင်းဆိုင်ရာ
ခန္ဓာမရှိသဖြင့် ထိုလူများကို လုံးဝ မထိနိုင်ကြောင်း မေ့လျော့သွားခဲ့သည်။
ကံကောင်းထောက်မစွာ
သက်တော်စောင့်များသည် သူမမိဘများနှင့် အစ်ကိုဖြစ်သူအား ဟောက်ချန်ဟွမ်းနှင့် မထိတွေ့စေရန်
တားမြစ်ရုံမှတစ်ပါး ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းမျိုး လုံးဝမရှိကြောင်း သူမ တစ်ခဏအတွင်းမှာ
သဘောပေါက်သွားသည်။
သူမမိဘများနှင့်
အစ်ကိုဖြစ်သူက သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်သည့် တိုင်အောင် သက်တော်စောင့်များက
ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်းမပြုပဲ ရိုက်နှက်ချက်များကိုသာ ကြံ့ကြံ့ခံခဲ့သည်။
“ဒီလူတွေက
ဒီနေရာကို ဘာလာလုပ်တာလဲ”
ဒီမေးခွန်းက
သူမစိတ်ထဲ ရုတ်တရက် ပေါ်လာသည့် အချိန်တွင် ဟောက်ချန်ဟွမ်းသည် သူ့ဘီးတပ်ကုလားထိုင်ကို
ကိုယ်တိုင်တွန်းပြီး ရင်ခွဲခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
သူ့နောက်ဘက်တွင်
ရင်ခွဲခန်းတံခါးသည် ပိတ်သွားပြီး တံခါးအပြင်ဘက်မှ အော်ဟစ်သံများနှင့် ကြုံးဝါးသံများ
ပြတ်တောက်သွားသည်။
ဟောက်ချန်ဟွမ်းသည်
ရင်ခွဲခန်းထဲရှိ ခုတင်အနားတွင်ထိုင်ပြီး ခုတင်ပေါ်ရှိ စုယန်ယန်၏ ခန္ဓာကိုယ်ကို ကြည့်နေစဉ်
သူမဟာ လေပေါ်တွင် မျောလွင့်နေရင်း သူ့ကို စူးစမ်းကြည့်နေမိသည်။
နှစ်မိနစ်
သုံးမိနစ်ခန့်လောက် ကြာပြီးနောက် ဟောက်ချန်ဟွမ်းသည် လှုပ်ရှားလာသည်။ သူက လက်ဆန့်တန်းလိုက်ပြီး
နဂိုအတိုင်း မပျက်မစီး ရှိနေသေးသည့် စုယန်ယန်ရဲ့ မျက်နှာကို ထိတွေ့လိုက်သည်။
ထိုအမျိုးသား၏
မျက်ခုံးများသည် ကုတ်ကျနေပြီး အေးစက်နေသော မျက်ဝန်းတစ်စုံသည် တဖြည်းဖြည်း သနားကြင်နာမှုများနှင့်
နောင်တတရားတို့ ပြည့်နှက်လာခဲ့သည်။
စုယန်ယန်သည်
ရုတ်တရက် ပြောင်းလဲမှုကို အပြည့်အဝ သဘောမပေါက်ခင်မှာ ထိုအမျိုးသားသည် လျှပ်တပြက် ရှေ့သို့
ငုံ့ကိုင်းကာ သူမ၏ အေးစက်ပြီး သွေးမရှိသော နှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်သည်။
စုယန်ယန်၏
မျက်လုံးအိမ်များသည် ချက်ချင်းပင် ပြူးကျယ်သွားကာ ဟောက်ချန်ဟွမ်းသည် သူမကို တကယ် နမ်းလိုက်သကဲ့သို့
သူမပါးစပ်ကို မသိစိတ်အရ အုပ်မိုးလိုက်မိသည်။
ဒီလူက
ဘယ်လိုဖြစ်နိုင်မှာလဲ... သူက ဘယ်လိုလုပ်ပြီး သူမအလောင်းကိုယ်ထည်ကို နမ်းရှိုက်နိုင်တာလဲ...
သူ...
“ကိုယ့်ကို
စောင့်ပါ”
ချစ်သူတစ်ဦး၏
တီးတိုးရေရွတ်သံလို မူးယစ်စေကာ ဖျားယောင်း သွေးဆောင်နိုင်သော ချစ်သူ၏အသံကဲ့သို့ ထိုအမျိုးသား၏အသံသည်
တိုးညင်းပြီး သံလိုက်လို ဆွဲငင်အားကောင်းသည်။
သူ့ကို
စောင့်ရမှာလား။ သူမက သေသွားပြီလေ။ သူ့ကို ဘယ်လိုလုပ်ပြီး စောင့်နိုင်မှာလဲ။
***