အပိုင်း ၇
Viewers 1k

အခန်း(၇) - ရှင် ကျွန်မကို လက်ထပ်ချင်လား

 

အကယ်၍ စုယန်ယန်သာ ဟောက်ရှောက်ဖုန်း၏ အတွေးကို ဖတ်ရှုနိုင်မည်ဆိုလျှင် စားပွဲပေါ်ရှိ ဖန်ခွက်တစ်ခွက်ကို ကောက်ကိုင်ပြီး သူ့ခေါင်းကွဲအောင် ပစ်လိုက်နိုင်သည်။

 

သူ့ကို အရှက်ကွဲစေချင်ရုံဖြင့် သူမ၏ အနာဂါတ်တွင် ပိုင်ဆိုင်နိုင်သည့် ပျော်ရွှင်စရာကောင်းသော ဘဝလေးကို အထိခိုက်ခံပြီး ဒီလိုနည်းလမ်းမျိုးကို ရွေးချယ်လိုက်တာလား။

 

“ယန်ယန် ကိုယ် မင်း မပျော်ရွှင်တာကို သိပေမယ့် ဒါက အိမ်ထောင်ရေးတစ်ခုပဲ။ မင်း ဒီလို ပေါ့ပေါ့လေး မတွေးသင့်ဘူး”

 

“ဟုတ်တယ်၊ ဟုတ်တယ် ယန်ယန် မနေ့ညက ကိစ္စအတွက် သမီးစိတ်ဆိုးနေသေးတယ်ဆိုတာ အန်တီသိတယ်၊ ဒါပေမယ့် သမီးလက်ထပ်ဖို့ကိစ္စကို ဒီလိုလွယ်လွယ် မဆုံးဖြတ်သင့်ဘူး”

 

မစ္စဟောက်က ဖော်ရွေသည့်ဟန် ပြုံးပြုံးလေး ပြောနေပေမယ့် သူမရဲ့လေသံက မထီမဲ့မြင် ပြုလိုသည့်ဟန် ပါနေသည်။ စုယန်ယန်က ဒေါသကြောင့်သာ ဒီလိုပြောတာ သေချာတယ် - ဟောက်ချန်ဟွမ်းလို မသန်စွမ်းသည့် လူမျိုးကို ဘယ်သူကမှ စိတ်ကူးယဉ်မှာ မဟုတ်ဘူးလို့ သူမ တွေးထင်နေခဲ့သည်။

 

စုယန်ယန်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။ သူမသည် သူမမိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို လက်သင့်ခံနိုင်သော်လည်း သူမရှေ့တွင် ‌ဟောက်ချန်ဟွမ်းကို လှောင်ရယ်ပြုလိုသော လူအချို့ကိုတော့ ဒီအတိုင်း မကြည့်နိုင်ပေ။

 

“မစ္စဟောက် ကျွန်မလိုချင်တာကို ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မ ဘာကို ဒေါသထွက်သင့်လဲ မထွက်သင့်ဘူး ဆိုတာကိုလဲ ကောင်းကောင်း နားလည်တယ်။ ဒါပေါ့။ တချို့လူတွေက ကျွန်မဒေါသနဲ့ မထိုက်တန်ဘူး ဆိုတာကိုလည်း ကျွန်မ သိတာပေါ့။ ဒါကြောင့် ကျွန်မကို သတိပေးဖို့ မလိုအပ်ပါဘူး”

 

စုယန်ယန်သည် မစ္စဟောက်ကို ပြက်ရယ်ပြုပြီးနောက် သူမ မျက်နှာပျက်ယွင်းသွားတာကို လျစ်လျူရှုပြီး ချိန်ရှုချင်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ “မေမေ သမီး ဒီဆုံးဖြတ်ချက်ကို စိတ်မြန်လက်မြန် ဆုံးဖြတ်လိုက်တာမျိုး မဟုတ်ဘူး။ သမီး ဒီအိမ်ကိုမလာခင်ကတည်းက သေသေချာချာ စဉ်းစားဆုံးဖြတ် ထားခဲ့တာပါ” လို့ နူးညံ့သော အသံလေးဖြင့် ပြောလိုက်သည်။

 

“ဒါပေမယ့်... ဒါပေမယ့် သူ့ခြေထောက်တွေက...”

 

“မေမေ...”

 

 စုယန်ယန်သည် သူမအမေရဲ့ ပြောလက်စ စကားကို တင်းမာသော အသံဖြင့် ဖြတ်ပြောလိုက်သည်။

 

“သမီး သူ့ကိုချစ်တယ်။ ဒီတစ်သက်လုံးမှာ သူက သမီး ချစ်မြတ်နိုးသွားမယ့် တစ်ဦးတည်းသော အမျိုးသားပဲ။ သမီး သူ့ကို လိုချင်တယ်။ သူ တစ်ယောက်တည်းကိုပဲ လက်ထပ်သွားချင်တယ်”

 

ချိန်ရှုချင်သည် သူမသမီး၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားပြီး အခြားမည်သည့် အကြောင်းအရာကိုမျှ အချိန်အကြာကြီး ပြန်မပြောနိုင် ဖြစ်သွားမိလေသည်။

 

စုယန်ယန်သည် သူမအမေ ငြိမ်သက်သွားတာကို မြင်လိုက်ရလျှင် သူမ နားချပြောဆိုတာ တစ်ဝက်လောက် လက်ခံသွားမှန်း နားလည်လိုက်သည်။

 

ဟောက်ချန်ဟွမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည့် အခါတွင် သူမမျက်နှာလေးမှာ အနည်းငယ် ရှက်သွေးဖြာသွားသည်။ သူမသည် လူတစ်ဦးကို အရှက်ခွဲဖို့ကိုလည်း မမေ့လျော့ခဲ့ပါဘူး။ သူမက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြောဆိုလိုက်သည်။

 

 “အကျင့်ပျက်မိန်းမ အတွက်ကတော့ သူမက ကျွန်မကို သူတို့နှစ်ယောက်ကို အတူရှိခွင့်ပေးပါလို့ တောင်းဆိုထားတဲ့အတွက် ကျွန်မ သူတို့ဆန္ဒအတိုင်း ဖြည့်ဆည်း ပေးလိုက်တယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက် ကျွန်မရှေ့မှာ ဒရမ်မာတွေ ရိုက်နေတာကို ရပ်လိုက်လို့ရပြီ”

 

“မင်း ဘယ်လို ပြောလိုက်တာလဲ...”

 

ဟောက်ရှောက်ဖုန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး အော်လိုက်သည့် အချိန်တွင် ဟောက်ချီဟန်က သူ့ရှေ့ကို ကာရပ်ပြီး တားဆီးလိုက်သည်။

 

 

 

“ယန်ယန် အိမ်ထောင်ရေးဆိုတာ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု လိုအပ်တယ်။ သမီး ချန်ဟွမ်းကို အကြိမ်အနည်းငယ်သာ တွေ့ဖူးပြီး တစ်ယောက်အကြောင်း တစ်ယောက် မသိသေးဘူးလေ။ ဒါ့အပြင် သမီး စေ့စပ်ထားတဲ့သူကို ရုတ်တရက် ပြောင်းလဲချင်တယ်လို့ ပြောရင်တောင် ချန်ဟွမ်းကတော့ မဖြစ်သင့်ဘူးလေ...”

 

“မစ္စတာဟောက် ဒါကို ရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုပါဘူး။ ဒီလက်ထပ် ထိမ်းမြားတာကို ကျွန်မ ဆန္ဒရှိပြီး သူကလည်း သဘောတူတယ်ဆိုရင် ဒါက ပြီးသွားပြီမလား”

 

ဟောက်ချီဟန်သည် သူ့နှလုံးသားထဲမှာ ရုတ်တရက် တစ်စုံတစ်ခုကို ကြိုတင်နိမိတ်ပြသလို အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး သူ့ကို မွန်းကျပ်သွားစေသည်။ ထိုသို့ဆိုရင်တောင်မှ သူက ရဲရင့်‌သော မျက်နှာအမူအရာကို တပ်ဆင်ထားပြီး ပြောလိုက်သည်။

 

 “ဒါပေါ့။ သမီးတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြတယ်ဆိုရင် ဦးလေးတို့ မတားမြစ်ပါဘူး”

 

စုယန်ယန်က သူ ဒီစကားပြောသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူမ  ဟောက်ချန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ တောက်ပသည့် မျက်ဝန်းလေးများဖြင့် “ရှင် ကျွန်မကို လက်ထပ်ချင်လား” လို့ မေးလိုက်သည်။

 

ဟောက်ချန်ဟွမ်းသည် သူမနှင့် အကြည့်ချင်း ဆုံသွားသည်။ ပုံမှန်အားဖြင့် သူ့၏ မထူးမခြားနားသော မျက်နှာအမူအရာက အနည်းငယ် ပိုသိသာစွာ ပြောင်းလဲသွားပြီး “အင်း” လို့ ပြောလိုက်တော့မည့် အချိန်တွင် သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဘီးတပ်ကုလားထိုင် လက်ရန်းကို ဆုပ်ကိုင်ထား‌သော သူ့လက်တွေကို မသိစိတ်အရ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိပြီး ဘာမှပြန်မဖြေခဲ့ပေ။

 

စုယန်ယန်သည် အချိန်အတော်ကြာ စောင့်ဆိုင်းလိုက်ပြီး သူ ဘာစကားတစ်ခွန်းမှ ပြန်မဖြေတာကို တွေ့လိုက်ရသည့်အခါမှာ သူမ၏ တောက်ပနေသော မျက်ဝန်းတစ်စုံမှာ တဖြည်းဖြည်း မှိန်ဖျော့လာလေသည်။ သူမက စိတ်ထိခိုက်စွာဖြင့် “ဒါဆို ရှင်က ကျွန်မကို လက်မထပ်ချင်ဘူးလားဟင်” လို့ မေးလိုက်မိသည်။

 

ဟောက်ချန်ဟွမ်းသည် သူမ အမေးစကားကြောင့် ထိတ်လန့် တုန်လှုပ်သွားပြီး သူ့မျက်လုံးများထဲတွင် ရုန်းကန် လှုပ်ရှားနေသည့် အရိပ်များ ပိုထင်ရှား မြင်သာလာသည်။

 

စုမိသားစုက ယောက်ျားသား နှစ်ယောက်သည် သူတို့သမီးနှင့် ညီမငယ်လေး၏ သနားစရာ ကောင်းသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းအပေါ် မကျေနပ်မှု အားလုံးကို ရုတ်တရက် မေ့လျော့သွားကာ ဟောက်ချန်ဟွမ်းအား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။

 

“ဒီကောင်က ဘာဖြစ်နေတာလဲ။ ငါတို့သမီး (ငါတို့ညီမငယ်လေး) က ဒီလိုမျိုး လက်ထပ်ဖို့ အကြောင်းကို အစပျိုး ပြောဆိုနေတာကိုတောင် သူက ဒီလို ဘာမှ မပြောင်းလဲတဲ့ မျက်နှာထားမျိုး ရှိနေသေးတာလဲ။ သူကပါ သူမကို ဟောက်ရှောက်ဖုန်းလိုမျိုး တူညီတဲ့အတွေးမျိုး ရှိနေတာလား”

 

“ကောင်းပြီ”

 

နောက်ဆုံး၌ ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ အားငယ်၊ အားကိုးရာမဲ့ပြီး သနားစဖွယ်ကောင်းသော အကြည့်‌အောက်မှာ ရှုံးနိမ့်သွားခဲ့ရသည်။

 

“ကိုယ် မင်းကို လက်ထပ်မယ်”