အခန်း(၆)
- ကျွန်မ သူ့ကို လက်ထပ်ချင်တယ်
မစ္စတာစုသည်
ပုံမှန်အားဖြင့် စကားတစ်ခွန်းကိုပင် ပြောခဲသည့် နားလည်ရခက်ခဲသော လူတစ်ယောက် ဖြစ်သည်။
သို့သော် ဒီအချိန်တိုလေးအတွင်း စကားအများကြီး ပြောထွက်လာသည်က ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။ သူ အင်မတန်ကို ဒေါသထွက်နေသည်မှာ ရှင်းနေသည်။
“အဘိုးကြီးစု
ပြောတာမှန်တယ်။ ကျွန်မတို့ သမီးလေးကို ကျွန်မတို့ အရမ်းချစ်တယ်။ သူမကို အချိန်မရွေး
အသက်ဆုံးရှုံးသွားစေနိုင်တဲ့ အိမ်ထောင်ရေးမျိုးကို ကျွန်မတို့ ခွင့်မပြုနိုင်ဘူး”
ဟောက်မိသားစုကိုကြည့်ရင်း
ချိန်ရှုချင်၏ မျက်နှာသည် အေးစက်မာကျော နေခဲ့သည်။
“မစ္စတာဟောက်
ကျွန်မတို့သမီးက သူလိုချင်တဲ့ ယောက်ျားကို ခေါင်းခေါက်ယူနိုင်တဲ့ လူမျိုးဆိုတာ ရှင်
သိသင့်တယ်။ ရှင်တို့မိသားစုက ကျွန်မသမီးကို သဘောမကျတာမျိုး ရှိခဲ့ရင် ကျွန်မတို့မိသားစုကို
အကျိုးအကြောင်း ပြောပြဖို့ ချိန်းဆိုနိုင်တယ်။ ကျွန်မတို့မှာ အဖိုးတန် ဒီသမီးလေး တစ်ယောက်ပဲရှိပြီး
သူမနဲ့ လိုက်ဖက်တဲ့လူတွေ အများကြီးရှိတယ်။ ငါတို့က မင်းတို့မိသားစုကို မှီခိုနေစရာ
မလိုဘူး။ ဒါပေမယ့် ရှင်တို့သားကတော့ ကျွန်မသမီးကို သဘောမကျတာကို ပြသဖို့ ဒီလို အနာကျင်ဆုံးနဲ့
အရှက်ရဆုံးနည်းလမ်းကို အသုံးပြုခဲ့တယ်။ ဒါကို ကျွန်မတို့ လုံးဝ ဒီအတိုင်း မထားလိုက်နိုင်ဘူး”
ထိုစုံတွဲ၏
စကားများသည် အလွန်တဲ့တိုးဆန်သောကြောင့် ဟောက်ချီဟန်လို လူမျိုးပင် ပြန်လည် တုံ့ပြန်စကား
မဆိုနိုင်ပေ။
စုယန်ယန်က
သူမမိဘများ၏ တင်းမာနေတဲ့ မေးခွန်းတွေကို အေးဆေးသည့် မျက်နှာထားဖြင့် နားထောင်နေသည်။
သူမက ဒီအခြေအနေကို ပြေလျော့သွားစေရန် ရှေ့ထွက်ပြီး ဖြေရှင်းပေးလိုသည့်ဆန္ဒ မရှိပေ။
အမှန်မှာ
သူမ ဟောက်အိမ်တော်ထဲကို ရောက်သည့်အချိန်မှစ၍ တခြားသူတစ်ဦးကို ရှာဖွေရန် အာရုံအပြည့်အဝ
စိုက်နေခဲ့တာ ဖြစ်သည်။
ရင်းနှီးကျွမ်းဝင်နေသော
ဘီးတပ်ကုလားထိုင် တွန်းသံကို သူမ ကြားလိုက်ရသည့် နောက်တွင် စုယန်ယန်သည် နှလုံးခုန်နှုန်း
မြန်ဆန်လာခဲ့သည်။ သူမသည် လျင်မြန်စွာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ဒုတိယထပ် လှေကားလက်ရန်းနားတွင်
ရင်းနှီးနေသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်
အခိုက်အတန့်လေးမှာပင် သူမနှာခေါင်းဖျားတွင် ပူနွေးလာပြီး မျက်ရည်များ ဝဲလာကာ သူမအမြင်အာရုံများ
ဝေဝါးသွားသည်။
နောက်ဆုံးတော့...
သူမ သူ့ကို ထပ်တွေ့ရပြီ။ သူမရဲ့ တစ္ဆေသရဲလို အခြေအနေမျိုး သူ့ဘေးနားဝန်းကျင်မှာ မျောလွင့်နေတာမျိုး
မဟုတ်ပဲ သူမအတွက် သူလက်စားချေတာကို ကြည့်နေရတာ မဟုတ်ပဲ သူ့ ထပ်ခါတလဲလဲ ပြိုလဲကျတာကို
စောင့်ကြည့်နေရတာမျိုး မဟုတ်ပဲ သူ့ကို အရှင်လတ်လတ် ပြန်မြင်တွေ့ခွင့်ရခဲ့ပြီ။
ဒီတစ်ခါမှာတော့
သူမ သူထံကို လျှောက်လှမ်းသွားနိုင်ကာ သူ့ကို ထိတွေ့၊ ပွေ့ဖက်နိုင်ပြီးတော့ သူ့ကို အနမ်းပါ
ပေးနိုင်တော့မည်။
ပတ်ဝန်းကျင်မှာ
ဆူညံသံတွေ ဆက်တိုက် ထွက်ရှိနေသေးပေမယ့် စုယန်ယန်ကတော့ မည်သည့်အသံကိုမှ မကြားတော့ပေ။
သူမမျက်ဝန်းထဲတွင် သူမ ရင်နင့်အောင် ချစ်မြတ်နိုးရသည့် ထိုအမျိုးသား တစ်ယောက်တည်း၏
ပုံရိပ်တွေသာ ပြည့်နှက်နေခဲ့သည်။
မိသားစုနှစ်ခုအကြား
ပြဿနာက ပြင်းထန်လာသောအခါတွင် စုယန်ယန်သည် ရှေ့ထွက်လာပြီး “စုမိသားစုနဲ့ ဟောက်မိသားစုတို့အကြား
လက်ထပ်ဖို့ သဘောတူညီမှုကို ဆက်လက် လုပ်ဆောင်နိုင်လိမ့်မယ်” လို့ ဟိတ်ဟန်အပြည့်ဖြင့်
ပြတ်ပြတ်သားသား ဆိုလိုက်သည်။
အငြင်းပွား
စကားများနေကြသော လူများ ရပ်တန့်သွားကြကာ ချိန်ရှုချင်၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။
ထို့နောက် သူ့သမီးကို မယုံနိုင်စွာ စိုက်ကြည့်ကာ “ယာယန်” လို့ ခေါ်လိုက်၏။
စုမိသားစုနှင့်
ဆန့်ကျင်စွာ မစ္စဟောက်သည် အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် “ယာယန်က
ရှောက်ဖုန်းကို လက်မလျော့ဘူးဆိုတာ ကျွန်မ သိတာပေါ့။ သူတို့နှစ်ယောက်ကို စောင့်ကြည့်စမ်းပါဦး
ရှုချင်ရယ်...”
“ဒါပေမယ့်
ကျွန်မ လက်ထပ်မယ့်သူကို ကျွန်မကိုယ်တိုင် ရွေးချယ်ချင်တယ်”
ဟောက်ရှောက်ဖုန်းသည်
စုယန်ယန်က သူ့ကို လက်မလွှတ်နိုင်လောက်အောင် ချစ်မြတ်နိုးတယ်လို့ ထင်သောကြောင့် သူ့မျက်နှာပေါ်တွင်
လှောင်ပြောင်လိုပြီး သူ့ကိုယ်သူ အထင်ကြီးနေသည့်အသွင် ထင်ဟပ်နေသည်။ စုယန်ယန်သည် မစ္စဟောက်
ပြောဆိုနေသည်ကို ကြားဖြတ်လိုက်ပြီး ဟောက်ရှောက်ဖုန်းကို စက်ဆုပ်ရွံ့ရှာသည့် သရော်လှောင်ပြောင်ဟန်
အပြည့်ပါဝင်သော အကြည့်တစ်ချက်အား ပစ်လွှတ်လိုက်သည်။
စုယန်ယန်သည်
လူတိုင်း မျက်စိရှေ့မှောက်တွင် မတ်တပ်ထရပ်ကာ အပေါ်ထပ်မှ သူမကို ကြည့်နေသော လူတစ်ယောက်ကို
လက်ညှိုး ညွှန်ပြလိုက်သည်။ သူမသည် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည့်ဟန် ကြည်သာရွှင်ပျစွာဖြင့်
“ကျွန်မ သူ့ကို လက်ထပ်ချင်တယ်”
စုယန်ယန်က
ထိုစကားများကို ထုတ်ပြောလိုက်သောအခါတွင် အခန်းတွင်းရှိ လေထုသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။
စုမိသားစုဝင်များနှင့်
ဟောက်မိသားစုဝင်များသည် လုံးဝ အံ့အားသင့်သွားရုံသာမက ဒီကိစ္စရဲ့ အဓိက လူပုဂ္ဂိုလ်ဖြစ်သည့်
ဟောက်ချန်ဟွမ်းသည်လည်း မိန်းမော တွေဝေသွားသည်။
သူမက
သူ့ကို လက်ထပ်ဖို့ တောင်းဆိုလိုက်တာလား။ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိနေပြီး
အဲ့ဒီအမျိုးသမီးကို အဝေးကနေ သဘောကျနေတာတောင် လွန်လွန်းပြီလို့ ခံစားနေမိတဲ့ အမျိုးသမီး၊
သူမက သူ့ကို လူသိရှင်ကြား လက်ထပ်ဖို့ တောင်းဆိုခဲ့တာလား။
“မင်းက
ငါ့ဦးလေး အငယ်ဆုံးနဲ့ လက်ထပ်ချင်တာလား။ စုယန်ယန် မင်း ရူးသွားတာလား”
အံ့အားသင့်စရာ
ကောင်းတာက စုယန်ယန်ရဲ့စကားကို ကြားလိုက်သည်နှင့် အပြင်းထန်ဆုံး တုံ့ပြန်ပြောဆိုလိုက်သူမှာ
ဟောက်ရှောက်ဖုန်းပင်ဖြစ်သည်။
စုယန်ယန်က
သူ့ကိုချစ်မိနေပြီး သူနဲ့အတူ ရှိခွင့်ရဖို့ စေ့စပ်ကြောင်းလမ်းခြင်းဆိုသည့် ကတ်ကို အသုံးပြုလိမ့်မယ်လို့
အစက ထင်ထားတာကြောင့် အခု စုယန်ယန်ရဲ့ တရားဝင် ကြေညာချက်ကို သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဟောက်ရှောက်ဖုန်းသည်
ပျော်ရွှင်ခြင်း သို့မဟုတ် စိတ်သက်သာရာရမှုမျိုး လုံးဝ မခံစားရပေ။ ထို့အစား သူသည် ပို၍ပင်
အရှက်ကွဲခဲ့ရသည်။
စုယန်ယန်က
သူတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ပြီး မသန်စွမ်းသူနှင့် လက်ထပ်ဖို့
လုပ်လိုက်တာက သူ့မျက်နှာကို အကြီးအကျယ် ဖြတ်ရိုက်လိုက်သလို ခံစားသွားရစေခဲ့သည်။
***