အပိုင်း ၉
Viewers 1k

အခန်း(၉) - မနက်ဖြန် တွေ့ကြမယ်

 

ဟောက်ချန်ဟွမ်းက သူတို့ကို ဦးလေးစုနဲ့ အန်တီစုလို့ ခေါ်သည့်ဟန်ပန်က စုယန်ယန်နဲ့ မျိုးဆက် အတူတူလို သဘောပင်ဖြစ်သည်။ သူတို့ကို သူ့အကြီးအကဲတွေလို ဆက်ဆံနေသည်။

 

အမှန်အားဖြင့် မစ္စတာနဲ့ မစ္စစုတို့မှာ ဟောက်ချီဟန်တို့ ဇနီးမောင်နှံနှင့် မျိုးဆက်အတူတူပင် ဖြစ်သောကြောင့် ဟောက်ချန်ဟွမ်းက သူ့ကိုယ်သူ အငယ်တစ်ယောက်လို့ အကြောင်းပြချက်မရှိပဲ အမှတ်သညာ ပြုလိုက်ခြင်းပင် ဖြစ်သည်။

 

ဆိုလိုသည်မှာ သူတို့၏လက်ထပ်ပွဲ အမှန်တကယ် ပြေလည်သွားပါက စုယန်ယန်၏ ရည်းစားဟောင်း ဟောက်ရှောက်ဖုန်းသည် စုယန်ယန်ကို အနာဂါတ်တွင် သူ့အန်တီအဖြစ် လေးစားစွာ နှုတ်ခွန်း ဆက်သရမည် ဖြစ်သည်။

 

မစ်စတာစုတို့ ဇနီးမောင်နှံသည် စုယန်ယန်တို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ အလွန် မပျော်ရွှင်သော်လည်း သူတို့သည်လည်း ဒီလိုအတွေးမျိုး ဝင်မိသောအခါ သူတို့သည် ဟောက်ချန်ဟွမ်းကို ပိုအလေးပေးဟန်သော အကြည့်မျိုးဖြင့် ကြည့်ကာ အနည်းငယ် ပျော်ရွှင်ဝမ်းမြောက်စွာ ခံစားလိုက်ရသည်။

 

မစ္စတာစုသည် ဟောက်ချန်ဟွမ်း၏ လိပ်စာကို ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်ကာ ယူလိုက်ရင်း ရိုးရိုးတန်းတန်း မေးလိုက်သည်။

 

“ကောင်လေး မင်း တကယ်ပဲ ဦးသမီးကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား။ အကယ်၍ မင်း မလိုလားဘူးဆိုရင် မင်း အခုပဲ ဦးတို့ကို ရှင်းရှင်းလင်းလင်း ပြောလို့ရတယ်။ မင်း ဒါကို ဝတ္တရားတစ်ခုလို ခံစားရရုံနဲ့ လက်ထပ်မယ်လို့ ပြောစရာ မလိုဘူး။ ဦးပြောသလိုပဲ ဦးသမီးမှာ သူ့ကို ချစ်ရေးဆိုသူ ရှားပါးနေတာ မဟုတ်ဘူး။ မနေ့ကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်ရင် ဦးသမီးက မင်းကို သဘောကျတယ် ဆိုရင်တောင် ဦးတို့က ဦးသမီး သူ့ကိုယ်သူ နာကျင်အောင် ဆက်လုပ်ဖို့ ခွင့်ပြုပေးမှာ မဟုတ်ဘူး”

 

ဟောက်ချန်ဟွမ်းသည် ဒီအမေးကို အလျင်စလို ပြန်မဖြေပဲ စုယန်ယန်ကို စောင်းငဲ့ကြည့်လိုက်သည်။

 

ဟောက်ချန်ဟွမ်း အောက်ထပ်သို့ ဆင်းလာသည့် အချိန်ကတည်းက စုယန်ယန်သည် သူ့ထံမှ သူမအကြည့်တွေကို ရှောင်ဖယ်ခြင်း မရှိသေးပေ။ သူမ၏ အကြည့်များထဲရှိ အာရုံစူးစိုက် နိုင်စွမ်းနှင့် နက်ရှိုင်းသော ချစ်ခြင်းအရိပ်အယောင်တွေက အတုအယောင်ဖြစ်သည့်ပုံ မပေါ်ချေ။

 

သူမ၏ အစ်ကိုဖြစ်သူ စုယုရွှမ်သည် အနည်းငယ် မနာလိုဖြစ်နေပုံ ပေါ်သည်။ ပြောစရာ မလိုလောက်အောင်ပင် ‌ဟောက်ချန်ဟွမ်းကို သူ အမြင်ကတ်နေပြီ ဖြစ်သည်။

 

ဟောက်ချန်ဟွမ်း၏ နှလုံးသားသည် တောက်လောင်နေပြီး သူ စောစောတုန်းက တုံ့ဆိုင်းနေမှုမှာ အမှန်တကယ် မိုက်မဲလွန်းသည်ဟု ခံစားမိသည်။

 

“စိတ်မပူပါနဲ့။ ယာယန်ကို ကျွန်တော် ကတိပေးလိုက်ပြီး ကတည်းက ကျွန်တော့်စကားတွေကို ပြန်ရုတ်သိမ်းဖို့ မစဉ်းစားပါဘူး။ နှစ်ဖက်မိသားစုက သတ်မှတ်ထားတဲ့ မူလမင်္ဂလာရက်က နောက်လထဲမှာ ဖြစ်တဲ့အတွက် ကျွန်တော် ယာယန်ကို လက်ထပ်ခွင့် တောင်းပြီးတာနဲ့ အခမ်းအနား အားလုံးကို စီစဉ်လိုက်ပါ့မယ်။ ကျွန်တော် ဒီနေ့ ယာယန်ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရစေမှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်”

 

မစ္စတာစုသည် သူတို့အိမ်ထောင်ရေးကို ကန့်ကွက်ရန် စိတ်ဆန္ဒ တစိတ်တပိုင်း ရှိနေသေးသည်။ သို့သော် ထူးခြားသော အခြေအနေများကို တွေးတောမိပြီး သူ့တွင် အခြား‌ရွေးချယ်စရာလည်း မရှိသည့်အတွက် အင်တင်တင်ဖြင့် လက်ခံလိုက်ရသည်။

 

 “အဲ့တာက ပိုအဆင်ပြေပါတယ်”

 

အမျိုးသား နှစ်ယောက်သည် ထိုလက်ထပ် ထိမ်းမြားခြင်းအတွက် ပြေလည်အောင် ဖြေရှင်းပြီးနောက် အခြားဟောက်မိသားစုဝင်များကို ဝင်ရောက်ပြောဆိုရန် နေရာမပေးခဲ့ပေ။

 

စုမိသားစုသည် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ရန် ခြိမ်းခြောက်ဖို့ လာရောက်ခဲ့သော်လည်း အဆုံး၌ အရင်စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်း လိုက်နိုင်ပေမယ့် နောက်ထပ် စေ့စပ်ကြောင်းလမ်းမှုက အံ့အားသင့်ဖွယ်ကောင်းစွာ ဖြစ်ပွားခဲ့ပါသည်။ သူတို့တွေ စိတ်ရှုပ်ထွေးနေသည့်ပြင် ဟောက်အိမ်တော်မှာ ကြာကြာ ထပ်မနေချင်တော့ပေ။

 

 

 

စုမိသားစုက ဟောက်ချန်ဟွမ်းကို သူတို့ရဲ့ အနာဂါတ် သားမက်လောင်းအဖြစ် သတ်မှတ်ပြီး‌နောက် ဟောက်ချန်ဟွမ်းက သူတို့ကို သဘာဝကျကျ ကိုယ်တိုင်ကိုယ်ကျ ပြန်လိုက်ပို့တာကို ကြည့်နေရသည်။ ဟောက်မိသားစုဝင်များကလည်း သူတို့ရဲ့ ကိုယ်ပိုင်အကြောင်း ကိစ္စများကြောင့် အပြင်သို့ သူ့နောက်မှ လိုက်ထွက်သွားခဲ့ကြသည်။

 

စုယန်ယန်သည် သူမအစ်ကို သူမအတွက် ဖွင့်ပေးထားသော ကားတံခါးကို ကြည့်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမသည် ဟောက်ချန်ဟွမ်းဆီသို့ လှည့်ပြေးသွားခဲ့သည်။

 

“ကျွန်မ ရှင့်ကို မနက်ဖြန် လာတွေ့လို့ ရမလား”

 

သူမမျက်ဝန်းတွေက အံ့အားသင့်စရာ ကောင်းလောက်အောင် တောက်ပနေပြီး မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ဟောက်ချန်ဟွမ်းသည် သူမ မှတ်မိသည်ထက် ပို၍ မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး စွဲမက်ဖွယ်ကောင်းသည်။

 

“အင်း၊ ကိုယ် မင်းကို မနက်ကျရင် လာကြိုပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်”

 

“ကောင်းပြီ” စုယန်ယန်က ခေါင်းညိတ်လိုက်ပြီး သူမမျက်ဝန်းများဟာ တလက်လက် တောက်ပနေသည်။

 

ဟောက်ချန်ဟွမ်းက ပြန်လည် မတုံ့ပြန်နိုင်ခင်မှာ စုယန်ယန်သည် သူ့ရှေ့ မတ်တပ်ရပ် ခြေဖျားထောက်ပြီး သူ့နဖူးကို အနမ်းပေးလိုက်သည်။

 

ဟောက်ချန်ဟွမ်း၏မျက်ဝန်းအိမ်များသည် အနည်းငယ် ကျုံ့ကာ အံ့အားသင့် သွားရသည်။

 

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +21မှတ် ရရှိခဲ့ပြီ။ နောက်တစ်ဆင့်တက်ရန် နှစ်လိုမှုရမှတ် 58မှတ် လိုအပ်ပါသေးသည်။ ကျေးဇူးပြုပြီး ဆက်လက်အလုပ်ကြိုးစားပေးပါ။]

 

“မနက်ဖြန် တွေ့မယ်”

 

မျှော်လင့်ထားသည့် သတိပေးချက်ကြောင့် စုယန်ယန်၏ မျက်နှာအမူအရာဟာ ပို၍ပင် ချိုမြိန်တောက်ပသွားပြီး ရှက်သွေးဖြာကာ ပြေးသွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် ဖြစ်ပျက်ခဲ့သမျှကို သတိပြန်မဝင်မီ အေးခဲသွားသည်။ သူ့လက်သည် သူ့အနမ်းခံရသည့် နေရာကို မသိစိတ်မှ သွားထိကိုင်မိကာ သူ့နှုတ်ထောင့်စွန်းများ တွန့်ကွေးသွားပြီး ယခင်က တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် ဘေးကနေ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မြင်လိုက်မိသောအခါ သူက ဒေါသတကြီး အံကြိတ်လိုက်ပြီး “ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်သလဲ” လို့ မနှစ်မြို့သလိုဆိုသည်။

 

***