အပိုင်း ၁၀
Viewers 1k

အခန်း(၁၀) - သူမပျော်ရွှင်မှုကို ငါ အလေးထားရလိမ့်မယ်

 

ဟောက်ချန်ဟွမ်းရဲ့ ယုံကြည်စိတ်ချရသော နောက်လိုက်သည် ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေရင်း ဟောက်ရှောက်ဖုန်း ပြောလိုက်တာကို ကြားလိုက်ရသောအခါတွင် လှောင်ရယ် ရယ်လိုက်မိသည်။ သူက ဖျော်ဖြေပိုင်းဆိုင်ရာ မကျွမ်းကျင်သော်လည်း စင်မြင့်ပေါ်တက်ရသည်ကို ကြိုက်နှစ်သက်သော လူရွှင်တော်အား ကြည့်ရှုနေသကဲ့သို့  ဟောက်ရှောက်ဖုန်းအား သရော်ဟန် ကြည့်နေခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် ထိုလူ၏ လှောင်ရယ်သံကို ကြားလိုက်ရသောအခါတွင် သူ့မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သို့သော်လည်း သူက သူ့ဦးလေး အငယ်ဆုံးကို ကြောက်ရွံ့ပြီး ထိုလူ၏ ယုံကြည်စိတ်ချရသော နောက်လိုက်နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိမရှိသောကြောင့် သူ့ဒေါသကို မျိုချလိုက်ရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။

 

စုယန်ယန်နှင့် သူမမိသားစု ပြန်သွားပြီးနောက် ဟောက်မိသားစုသည် ဝေဖန်ပိုင်းခြား တတ်သော အခြေအနေသို့ ‌ရောက်ရှိသွားခဲ့သည်။

 

ကြီးမားသော ဖိအားအောက်တွင် ဟောက်ချီဟန်က တိုက်တွန်းပြောဆိုသည်။

 

 “ချန်ဟွမ်း မစ္စစုက ငယ်သေးတော့ အနည်းငယ် စိတ်လိုလက်ရ နိုင်သွားတဲ့ပုံပဲ။ သူမနဲ့ သူမမိဘတွေရဲ့ တုံ့ပြန်မှုကြောင့် မင်း ကိစ္စတစ်ခုလုံးကို မစဉ်းစားပဲ ရုတ်တရက် စိတ်ကူးပေါက်ပြီး လက်ခံမိသွားတာလို့ မင်း စကားပြင်ပြောနိုင်တာမို့ မင်းကိုယ်မင်း အတင်းအကြပ် ဖိအားပေးဖို့ မလိုဘူး...”

 

ဟောက်ချန်ဟွမ်းသည် ဟောက်ချီဟန်၏ ပြောစကား မဆုံးမီ ဖြတ်ပြောလိုက်သည်။

 

“အစ်ကိုကြီးရဲ့သားကို နည်းနည်း သင်ပြပေးဖို့လိုအပ်တယ်။ အစ်ကိုကြီးရဲ့သားသာ နည်းနည်းသိတတ်လိမ္မာရင် ကျွန်တော့် ကိုယ့်ကိုယ်ကို ဖိအားပေးစရာ မလိုဘူး”

 

ဟောက်ချီဟန်သည် မွန်းကျပ်သွားပြီး သူ့မျက်နှာဟာ အလွန် အရုပ်ဆိုးသလို ဖြစ်သွားသကဲ့သို့ ဟောက်ရှောက်ဖုန်း၏ မျက်နှာဟာ ဖြူရော်သွားခဲ့သည်။

 

“ကျွန်တော်အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှာမို့ အစ်ကိုကြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ မင်္ဂလာဆောင်ပြီးနောက်ပိုင်း လူမှုဆက်ဆံရေး အပိုင်းကိုလည်း စိတ်ပူပေးစရာ မလိုဘူး။ အဲ့ဒီနေ့မှာ တက်ရောက်ပေးဖို့ပဲ လိုတယ်။ တက်ရောက်မယ်မလား....”

 

ဟောက်ချန်ဟွမ်း၏ အကြည့်တွေက သူတို့ တစ်ယောက်ချင်းစီ အပေါ်သို့ ကျရောက်လာသည်။ သူ့အကြည့်တွေက အေးစက်နက်နဲပြီး သူတို့နှလုံးသားထဲကို စူးနစ်ဝင်ရောက် သွားသလိုပင်ဖြစ်သည်။

 

ထိုအကြည့်တွေက သူတို့စိတ်ထဲမှာ သိုဝှက်ထားတဲ့ အတွေးတွေကို မြင်သွားသလို ခံစားလိုက်ရသည်။

 

“အကယ်၍ အစ်ကိုကြီး မတက်ရောက်ဘူး ဆိုရင်တောင်မှ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး”

 

အဝေးသို့ ထွက်သွားသည့် ဘီးတပ်ကုလားထိုင်၏ တွန်းရွေ့သံ တိုးသဲ့လာသည် နှင့်အမျှ ထိုတွန်းရွေ့သံများသည် သူတို့၏ နှလုံးသားတွင် အမြဲတမ်း အမှတ်အသား ထွင်းထုထားသကဲ့သို့ ဖြစ်နေခဲ့သည်။

 

မစ္စဟောက်သည် သူမခင်ပွန်း၏လက်ကို ဆုပ်ကိုင်ထားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ အပြစ်လျော့သွားစေရန် ရည်ရွယ်ချက်ဖြင့် ကူကယ်ရာမဲ့စွာ ဆိုသည်။

 

“ချီဟန် အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။ ကျွန်မတို့က ရှင့်ညီ စုမိသားစုနဲ့ လက်ထပ်ထိမ်းမြားဖို့ လုပ်တာကို ထိုင်ကြည့်နေရမှာလား”

 

“ငါ ဘာလုပ်လို့ရမှာလဲ။ ငါ့မှာ သောက်ကျိုးနည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့အဖိုးတန်သားကို ဘာလုပ်သင့်လဲလို့ မင်းဘာလို့မမေးကြည့်တာလဲ”

 

စုမိသားစုသည် ဟောက်မိသားစုကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ် သို့မဟုတ် ကြွယ်ဝသောနောက်ခံ မရှိသော်လည်း သူတို့နှင့် လက်ထပ်ထိမ်းမြားခြင်းဖြင့် ပေါင်းစည်းခြင်းက သူတို့အတွက် အကျိုးအမြတ် ရရှိနေဆဲဖြစ်သည်။ ထို့အပြင် ဒီလက်ထပ်ထိမ်းမြားခြင်းက မစ္စဟောက်၏ ကွန်ရက်များအတွက် ပြီးပြည့်စုံသော အဆက်အသွယ်များကို ရရှိစေနိုင်မည်ဖြစ်သည်။

 

သို့သော် ထိုကံကောင်းခြင်းကို ရရှိခဲ့သော်လည်း သူတို့သည် စုမိသားစုအား ပြင်းပြင်းထန်ထန် အမှားပြုလုပ်ခဲ့ပြီး ဤကဲ့သို့ ရန်လိုသည့် အနေအထားမျိုးသို့ ကျရောက်သွားခဲ့သည်။

 

ဟောက်ချီဟန်သည် သူ့ညီလေးကို ကြောက်ရွံ့နေပြီ ဖြစ်‌သော်လည်း သူ့အတွက် အကျိုးရှိမည့် မျှော်လင့်ချက်များကို ဖယ်ထုတ်ခံလိုက်ရသည်ကို ကြည့်နေရသည့်အတွက် ဒေါသစိတ်နှင့်အတူ နောင်တကြီးစွာ ရမိသည်။

 

ဟောက်ချီဟန်သည် သူ့သားဖြစ်သူကို ပထမဦးဆုံးအကြိမ် စိတ်ဆိုး‌ဒေါသ ထွက်မိသည်။ သူ့သားက ဒီဒုက္ခကို ဖြစ်ပွားစေသော အကြောင်းရင်း ဖြစ်သောကြောင့် သားဖြစ်သူကို စူးစူးရဲရဲစိုက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် ဒီအသက်အရွယ် ရောက်သည်အထိ အဖေဖြစ်သူ၏ စိတ်ဆိုးဒေါသထွက်ခြင်းကို မခံခဲ့ရဖူးပေ။ ယခုအခါတွင် သူ့အဖေက သူ့အား ပထမဆုံးအကြိမ် စိတ်ဆိုးဒေါသ ထွက်တာဖြစ်သည်။ ကြောက်ရွံ့ထိတ်လန့်မှုတွေ စုပုံလာပြီး သူ့အမှားသူ နားမလည်ပဲ စုယန်ယန်ကို ပို၍ နာကြည်းလာခဲ့သည်။

 

သူမသည် သဘောထားကြီးသူ တစ်ယောက်ဖြစ်လိမ့်မည်လို့ သူ မှတ်ယူထားခဲ့ပြီး သူ သူမကို ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဒီအကြောင်းအား ဒီအတိုင်း မေ့ပစ်ပေးကာ စေ့စပ်ပွဲ ဖျက်သိမ်း ပေးလိမ့်မည်လို့ ထင်ထားခဲ့တာဖြစ်သည်။ အဲ့ဒီအစား သူမက သူ့ကို အရှက်ခွဲဖို့ သူ့အိမ်ကိုလာရောက်ကာ သူ့ဦးလေးနှင့် လက်ထပ်ဖို့ တောင်းဆိုခဲ့သည်။ ဒါဟာ သူမသည် ရက်စက်ကြမ်းကြုတ်၊ အကြံအစည်ကြီးမားပြီး အငြိုးထားတတ်သော အမျိုးသမီးဖြစ်ကြောင်း  ရှင်းလင်းသိသာစေသည်။

 

ဟောက်မိသားစု မသိသည့်အချက်မှာ ဟောက်ချန်ဟွမ်းသည် အဝေးသို့ ထွက်သွားတာမဟုတ်ပဲ သူတို့ကို အပေါ်ထပ်မှ အေးစက်စွာ စောင့်ကြည့်နေခြင်းဖြစ်သည်။

 

“သခင်လေး တကယ်ပဲ စိတ်ပိုင်းဖြတ် ထားပြီးပြီလား”

 

ဟောက်ချန်ဟွမ်းနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့သော သက်တမ်းရင့် အစေခံဖြစ်သည့် ကူရှောက်ယန်သည် မိန်းကလေးအ‌ပေါ် သခင်လေး၏ ခံစားချက်ကို ကောင်းစွာသိသည်။

 

သို့သော် ထိုမိန်းကလေးသည် ဟောက်ချီဟန် ပြောကြားချက်အတိုင်း အမှန်တကယ်ဖြစ်ပြီး လက်ထပ်ခွင့် တောင်းခံခြင်းကို စိတ်အားထက်သန်စွာ လုပ်ဆောင်မိပါက အဆုံးသတ်တွင် နာကျင်ရမည့်သူမှာ သူ့သခင်လေးပင် ဖြစ်ပေလိမ့်မည်။

 

ဟောက်ချန်ဟွမ်းသည် မပျော်ရွှင်သော အငွေ့အသက်များ ဖုံးလွှမ်းနေသော အောက်ထပ်ရှိ မိသားစုကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် မှုန်မိုင်းနေပြီး အန္တရာယ်ပြုလိုသော အရိပ်အငွေ့ ထင်ဟပ်လာခဲ့သည်။

 

 “သူတို့က သူမကို မကာကွယ်ပေးနိုင်ဘူး။ ဒါမှမဟုတ် သူမနဲ့ထိုက်တန်တဲ့ ပျော်ရွှင်မှုကို မဆောင်ယူပေးနိုင်တဲ့ အတွက်ကြောင့် ငါ ကိုယ်တိုင် ဖန်တီးပေးရလိမ့်မယ်”

 

***