အပိုင်း ၁၆
Viewers 1k

အခန်း(၁၆) - ဆင်းရဲမွဲတေခြင်း၏ ဒုက္ခ

 

“ဆေးဖက်ဝင်အပင်တွေလား။ ဒီကတ်သုံးခုထဲက အပင်တွေက ဆေးဖက်ဝင်အပင်တွေလား”

 

[ဟုတ်ပါတယ်။ လေ့လာစမ်းစစ်ချက်အရ ဒီဆေးဖက်ဝင်အပင်တွေက သင့်ကမ္ဘာတွင် ကာလအတန်ကြာမြင့် ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။ ဒီဆေးဖက်ဝင်အပင်တွေကို စတင်အသုံးပြုသူ လက်ဆောင်ထုပ်ကြီးအဖြစ် သင့်အား အခမဲ့ ပေးအပ်လိုက်ပါသည်။ ကျန်ပါဝင်ပစ္စည်းတွေကိုတော့ စနစ်၏ စျေးဆိုင်တွင် ရမှတ်များနှင့် ဝယ်ယူနိုင်ပါသည်။]

 

စနစ်က ထိုသို့ပြောပြီးတာနဲ့ ချက်ချင်းပင် စုယန်ယန်၏ ရှေ့မှောက်တွင် ယခင် ဆေးဖက်ဝင် အပင်များနှင့် ဆင်တူသော ကတ်အတန်းများ ပါဝင်သည့် စျေးဆိုင် စာမျက်နှာတစ်ခု ပေါ်လာသည်။

 

ကတ်များ၏ အောက်ခြေတွင် လဲလှယ်ရမည့် စျေးနှုန်းပါဝင်ပြီး စျေးနှုန်းများမှာ နှစ်လိုမှုရမှတ် တစ်ထောင်မှ သန်းဆယ်ဂဏန်းအထိ ရှိသည်။ စုယန်ယန်သည် ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ထိုစာမျက်နှာကို ပိတ်လိုက်ကာ သူမ ရရှိထားသည့် တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်း အပင်သုံးမျိုးကိုသာ အာရုံစိုက်ထားလိုက်သည်။

 

“ငါ ဒါကို ဘယ်လိုစိုက်ပျိုးရမှာလဲ။ အစေ့တွေကို မြေကြီးထဲ တိုက်ရိုက်ကြဲပြီး စိုက်ပျိုးရမှာလား”

 

[သင် ဒီမျိုးစေ့တွေကို အစစ်အမှန်ကမ္ဘာသို့ ယူ‌ဆောင်၍ စိုက်ပျိုးနိုင်သလို စနစ်က ပေးအပ်ထားသော ကြာကန်စိုက်ပျိုးမြေတွင် သူတို့ကို တိုက်ရိုက်စိုက်ပျိုးနိုင်ပါသည်။]

 

ချက်ချင်းပင် စုယန်ယန်၏ မျက်စိရှေ့တွင် မြေကွက်ဆယ့်ငါးကွက်နှင့် ရေကန်ငယ်လေး တစ်ခုပါရှိသည့် ခြံကွက်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။

 

[ခြံဝန်းအတွင်း မြေသြဇာကောင်းမွန်သော မြေကွက်နှင့် ကြာကန်အတွင်းရှိ နုန်းမြေများက ဆေးဖက်ဝင်အပင်များ၏ အာနိသင်ကို ပိုမိုကောင်းမွန်စေပြီး ရင့်မှည့်ချိန်ကို လျော့ချပေးသည့် လုပ်‌ဆောင်ချက်များ ပါဝင်ပါသည်။ ထို့အပြင် နှစ်လိုမှုရမှတ်များကို အသုံးပြု၍ မြေကွက်၏ မြေဆီလွှာအရည်အသွေးကို မြှင့်တင်နိုင်ပြီး ဆေးဖက်ဝင် အပင်များ၏ အာနိသင်ကို မြှင့်တင်ပေးနိုင်ပါသည်။]

 

စုယန်ယန်သည် ဒီစကားကို ကြားလိုက်ရသောအချိန်တွင် သူမမျက်ဝန်းမှ အကြည့်များ မှေးမှိန်သွားလေသည်။

 

‘နှစ်လိုမှုရမှတ်။ ထပ်ပြီး နှစ်လိုမှုရမှတ်ပဲလား’

 

အဆင့်မြှင့်ရန်အတွက် နှစ်လိုမှုရမှတ် လိုအပ်ပြီး ဆေးဖက်ဝင်အပင်များကို လဲလှယ်ရန်အတွက်လည်း နှစ်လိုမှုရမှတ်ကို လိုအပ်ပါသည်။ ဆေးဖက်ဝင်အပင်များ၏ အာနိသင်ကို မြှင့်တင်နိုင်ရန်အတွက် မြေကွက်၏ မြေဆီလွှာကို အဆင့်မြှင့်တင်ရာတွင်လည်း နှစ်လိုမှုရမှတ်ကို လိုအပ်ပြန်သည်။ သူမတွင် နှစ်လိုမှုရမှတ် ဆိုးရွားစွာ ပြတ်လပ်နေခဲ့သည်။

 

စုယန်ယန်သည် သူမ မွေးဖွားပြီးကတည်းက ငွေကြေးဥစ္စာကြောင့် ပူပန်မှုမရှိသော မိသားစုတွင် ကြီးပြင်းလာခဲ့ပြီး ယခုအချိန်သည် သူမဘဝတွင် ပထမဦးဆုံးအကြိမ် ဆင်းရဲမွဲတေခြင်း၏ ဒုက္ခကို ခံစားခဲ့ရတာ ဖြစ်သည်။

 

အကယ်၍ သူမ လိုအပ်သော နှစ်လိုမှုရမှတ်ကို ရှာဖွေရန်အတွက် ဟောက်ချန်ဟွမ်း တစ်ဦးတည်းကို မှီခိုအားထားနေလျှင် ဆုလာဘ်မှာ နည်းပါးလွန်းမည် ဖြစ်လေသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် တူးဖော်ရမည့် မိုင်းများ ကုန်ဆုံးသွားလိမ့်မည်။

 

သူမသည် သူမလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြားနည်းလမ်းတွေကို စဉ်းစားရမည်ဖြစ်ပြီး အရည်အသွေးကို မမီနိုင်ရင်တောင်မှ အနည်းဆုံးတော့ အရေအတွက်နဲ့ ဖြည့်ပေးနိုင်ပါသေးသည်။

 

စုယန်ယန်သည် ထိုသို့ တွေးမိလိုက်သောအခါတွင် တိုက်ရိုက်ထုတ်လွှင့်သည့် အကြောင်းအရာသည်  သူမခေါင်းထဲတွင် ပေါ်လာခဲ့သည်။

 

သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် နှစ်လိုမှုရမှတ်များကို စုဆောင်းနိုင်သည်...

 

စုယန်ယန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူမ မှတ်မိတာ မှန်ကန်ပါက စာအုပ်၏ အဓိက အမျိုးသမီးဇာတ်ကောင် ဝမ်ကျင့်ဖျင်သည် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သည့် နယ်ပယ်တွင် တက်သစ်စ အရည်အချင်းရှိသူလည်း ဖြစ်သည်။

 

မူရင်းဖော်ပြချက်အရ ဝမ်ကျင့်ဖျင်၏ မိသားစုတွင် ဘိုးဘွားစဉ်ဆက် ဟင်းချက်နည်းစာအုပ် ရှိသည်။ ဝမ်ကျင့်ဖျင် ကောလိပ်တက်ရောက်သည့် အချိန်တွင် များပြားလှသော ကျူရှင်ကြေးများနှင့် နေထိုင်စရိတ်များကို မတတ်နိုင်သောကြောင့် တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် ငွေရှာရန် စိတ်ကူးရခဲ့သည်။

 

လူအများစုက ဗီတာမင်များနှင့် ဖြည့်စွက်စာများကိုသာ စားသုံးနိုင်သည့်ခေတ်တွင် ဝမ်ကျင့်ဖျင်သည် သူမ၏ အလွန်ကောင်းမွန်သော ချက်ပြုတ်ခြင်း စွမ်းရည်ကို အမှီပြုခဲ့သည်။ သူမ၏ ရွှေလက်ချောင်း အကာအကွယ်နှင့်အတူ မကြာမီ အချိန်အတွင်းမှာပင် သူမသည် အစားကောင်းကြိုက်သူများ အသိုင်းအဝိုင်းတွင် ခိုင်ခိုင်မာမာ အကြံပြုခြင်းခံရသော လူသစ်ဖြစ်လာခဲ့သည်။ ထို့နောက် သူမကို အနာဂါတ်တွင် ကြုံဆုံလာသည့် အခက်အခဲများကို ရင်ဆိုင်ကာကွယ်ပေးမည့် အမာခံလူများ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး အစရှိသည်တို့ကို ရရှိပိုင်ဆိုင်သွားခဲ့သည်။

 

စုယန်ယန်သည် သူမတွင်ရှိနေသော တရုတ်ဆေးဖက်ဝင် ဟင်းလျာချက်ပြုတ်နည်း စာအုပ်က ဝမ်ကျင့်ဖျင်၏ ဘိုးဘွားစဉ်ဆက် ဟင်းချက်နည်းစာအုပ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုကောင်းလား သို့မဟုတ် ပိုဆိုးလား ဆိုသည့်အချက်ကို သိချင်လာမိသည်။

 

စုယန်ယန်သည် ထိုသို့တွေးမိရင်း သူမသည် ဆေးဖက်ဝင် အပင်များပါဝင်သည့် ကတ်သုံးခုကို နှိပ်လိုက်သည်။ ထို့နောက် ကတ်များ၏ နောက်ကျောတွင် ပါဝင်သော ဖော်ပြချက်များကို လှန်ကာ ဖတ်ရှုလိုက်သည်။

 

ကိုချီ: ချိုသောအရသာရှိပြီး ‌အသည်း၊ ကျောက်ကပ်နှင့် အဆုတ်ကို အားဖြည့်ရာတွင် အဓိကအားဖြင့် အသုံးပြုသည်။

 

ယိမူချောင်: ခါးသောအရသာရှိပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုခြင်း၊ သွေးပုတ်များကို ဖယ်ရှားပေးခြင်းနှင့် ဓမ္မတာလာချိန်ကို ထိန်းညှိပေးသည့် နေရာများတွင် အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။

 

ရှန်းကျား: ချဉ်သော အရသာထဲတွင် ချိုသော အရသာ အနည်းငယ် ပါဝင်ပြီး အစာချေဖျက်မှု မြှင့်တင်ခြင်းနှင့် အစားစားချင်စိတ် မြှင့်တင်ပေးသည့် နေရာများတွင် အဓိကအားဖြင့် အသုံးပြုကြပါသည်။

 

‘အစားစားချင်စိတ်ကို မြှင့်တင်နိုင်တာလား’ စုယန်ယန်သည် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး ရှေ့ထိုင်ခုံတွင် ကားမောင်းနေသည့် ကူရှောက်ယန်ကို ကြည့်လိုက်သည်။

 

“ချန်ဟွမ်း မကြာသေးမီအချိန်က ပြဿနာတစ်ခုခု ကြုံတွေ့ရတာမျိုးရှိလား။ နေ့လယ်ထမင်းစားချိန်တုန်းက သူ စားချင်သောက်ချင်စိတ် သိပ်မရှိဘူးလို့ ကျွန်မထင်တယ်”

 

ကူရှောက်ယန်သည် စုယန်ယန်က ဟောက်ချန်ဟွမ်း အကြောင်းကို ကောက်ကာငင်ကာ မေးမြန်းလာလိမ့်မည်လို့ မမျှော်လင့်မိခဲ့။ ထို့ကြောင့် သူစက္ကန့်အနည်းငယ်လောက် ကြက်သေ သေသွားပြီး ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

 

“သခင်လေးက ဒီရက်ပိုင်း အလုပ်များနေလို့ပါ။ သူက ညနက်တဲ့ အချိန်အထိ အလုပ်လုပ်လေ့ရှိပြီးတော့ သူ့ စားချင်သောက်ချင်စိတ်က သိပ်မကောင်းပါဘူး”

***