အပိုင်း ၁၈
Viewers 1k

အခန်း(၁၈) - ကိုယ့်နှလုံးသားကို မင်းဆီမှာ ထားရစ်ခဲ့မယ်

 

စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းလေးတွေက တွန့်ကွေးသွားကာ သူမစိတ်ထဲတွင် ဟောက်ချန်ဟွမ်း၏ စိတ်အနှောင့်အယှက်ဖြစ်နေသည့် ဆူပုတ်ပုတ်ရုပ်သွင်က ပေါ်လာခဲ့သည်။ သူမ ကစားပျော်မြူးနေတာကို လိုအပ်သမျှ ဖြည့်တင်းပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့် သူ့ဘီးတပ်ကုလားထိုင်ပေါ်တွင် တည်ကြည်လေးနက်စွာ ထိုင်နေသည့် ဟောက်ချန်ဟွမ်း၏ ပုံရိပ်လေးကို မြင်ယောင်မိလေသည်။

 

ထိုသို့ မြင်ယောင်လိုက်မိသည့် အခိုက်အတန့်တွင် သူမ အသည်းယားလွန်း၍ တခစ်ခစ် ရယ်မောလိုက်မိသည်။

 

‘ကောင်းပြီ။ ရှင် ကျွန်မကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်ကြိုးစားနေလို့ ရှင့်ကို ကျွန်မ လွှတ်ပေးလိုက်ပါမယ်’

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ဒယ့်ဒီအတွက် အသည်းနှလုံးလက်ဟန် ပုံဖြင့်]

 

‘ဒယ်ဒီလား’

 

သူ့ဖုန်းကိုကိုင်ထားတဲ့ ဟောက်ချန်ဟွမ်း၏လက်မှာ ရုတ်တရက် တောင့်တင်းသွားသည်။

 

‘ငါက အရမ်းအသက်ကြီးရင့်နေပြီလား’

 

ထိုရုပ်ပုံလေးကို ပေးပို့လိုက်ခြင်းက ဟောက်ချန်ဟွမ်းအား မည်သို့ အကျိုးသက်ရောက် သွားစေသည်ကို စုယန်ယန် မသိရှိခဲ့ပေ။ အစကနဦး စနောက်ကျီစယ်ပြီးနောက် စုယန်ယန်သည် စကားလမ်းကြောင်းပြောင်းပြီး စကားစမြည်ပြောဆိုရန် အစပြုခဲ့သည်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ရှင့်အလုပ်တွေ လုပ်ပြီးသွားပြီလား။ ကျွန်မ အခု ရှင့်ကို စာတိုပို့နေတာက ရှင့်အလုပ်ကို အနှောင့်အယှက်ဖြစ်စေလား။]

 

ဟောက်: [ကိုယ့်အလုပ်တွေ ပြီးသွားပါပြီ။ မင်း ကိုယ့်ကို အနှောင့်အယှက်ပေးရာ မရောက်ပါဘူး။]

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [သွမ်းသွမ်းရော ဘယ်လိုနေလဲ။ ဒီနေ့ လိမ်လိမ်မာမာနေရဲ့လား။ သူ ရှင့်ကို ပြဿနာရှာသေးလား။]

 

ဟောက်: [အင်း၊ အဆင်ပြေပါတယ်။ သူ လိမ်လိမ်မာမာနေပြီး ကိုယ့်ကို ပြဿနာမရှာပါဘူး။]

 

စုယန်ယန် “...” သူ့ရဲ့ ဒီလိုစီးပွားရေးကိစ္စ ဆွေးနွေးသည့် အမျိုးသားပုံစံမျိုး ပြန်ဖြေသည့်ဟန်ကြောင့် သူမသည် စကားဝိုင်းရဲ့ဝန်ထုပ်ကို ထမ်းပိုးရင်း သေရတော့မလို ခံစားလိုက်ရသည်။

 

ဟောက်ချန်ဟွမ်းက သူ ဒီလိုပြန်ဖြေသည့် လေသံမှာ တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားပြီး နောက်စာသားတစ်ခုကို အမြန်ပို့လိုက်သည်။

 

ဟောက်: [သူက အရမ်းလိမ္မာတာပဲ။ သူ ကစားနေချိန်မှာရော စားသောက်နေချိန်မှာရော ကိုယ့်ကို ဘာဒုက္ခမှမပေးဘူး။ သွမ်းသွမ်းက အရမ်းချစ်ဖို့ကောင်းတာပဲ။]

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ရှင့်စိတ်ထဲမှာ သွမ်းသွမ်းက ပိုချစ်ဖို့ကောင်းလား ဒါမှမဟုတ် ကျွန်မက ပိုချစ်ဖို့ကောင်းလား။ (ကာလမ်မျက်တောင်ကော့ဆေးဖြင့် ကော့ထားသည့်မျက်ဝန်းပြူးပြူးလေး ပုံဖြင့်)] (TN: ကာလမ်မျက်တောင်ကော့ဆေးကြော်ငြာသည့် ရုပ်ပုံလေး)

 

ဟောက်ချန်ဟွမ်း အနည်းငယ် ကြက်သေ သေသွားပြီး သူ့မျက်နှာက ထိန်းမနိုင် သိမ်းမရ နီရဲလာပြန်သည်။

 

ဟောက်: [မင်းက ပိုချစ်ဖို့ကောင်းတယ်။ မင်းက ချစ်စရာအကောင်းဆုံးပဲ။]

 

ဖန်သားပြင်မှတစ်ဆင့် တစ်ဖက်လူရဲ့ ရေငတ်သည့်ဟန်ကို သူမ ခံစားရနိုင်ပါသည်။ စုယန်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်မိပြီး နူးညံ့တဲ့စောင်ပေါ် သူမမျက်နှာအပ်ကာ ခုတင်ပေါ်တွင် အကြိမ်များစွာ ဟိုလှိမ့်ဒီလှိမ့် လူးလိမ့်နေသည်။

 

သူမမျက်နှာပေါ်ရှိ ရှက်သွေးများ အနည်းငယ် ပြေလျော့သွားချိန်တွင် သူမဖုန်းကို တစ်ဖန်ပြန်ကောက်ကိုင်ကာ အားရပါးရ စာရိုက်လိုက်သည်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ကျွန်မအတွက် ရှင် သွမ်းသွမ်းရဲ့ပုံလေးကို ရိုက်ပေးနိုင်မလား။ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး မြင်ကွင်းက နောက်ကျောကနေရိုက်ရင် အကောင်းဆုံးပဲ။]

 

‘ခွေးရဲ့ဓာတ်ပုံလား’ ဟောက်ချန်ဟွမ်းသည် ဘေးပတ်လည်ကို ကြည့်လိုက်ရာ သွမ်းသွမ်းကို ဘယ်နေရာမှာမှ မရှာတွေ့ပေ။

 

သူက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အစမ်းသဘောဖြင့် “သွမ်းသွမ်း” လို့ ခေါ်ကြည့်လိုက်သည်။

 

ပန်းပွင့်များနှင့် လိပ်ပြာလေးများ စီခြယ်ထားတဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ပုန်းအောင်းနေသည့် သွမ်းသွမ်းသည် ဟောက်ချန်ဟွမ်းရဲ့ သူ့နာမည်ကို ခေါ်သံအား ကြားကြားချင်း ဟောက်ချန်ဟွမ်းရှိရာသို့ ပြေးလာ၏။

 

အဝေးမှာဖြစ်နေ၍ ဟောက်ချန်ဟွမ်းသည် သူလေးရဲ့နောက်ကျောကိုသာ မြင်နေရသည်။ ဘေးဘက်မှ  ကြည့်လျှင်ပင် သူ၏ အရေပြားလား အမွှေးတွေလားဆိုသည်ကို ပြောရခက်သည်။ သူ အမှန်အတိုင်း ဝန်ခံရမည်ဆိုရင် သူလေးက တော်တော်လေးကို... ချစ်စရာကောင်းလှသည်။

 

ဟောက်ချန်ဟွမ်းသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဓာတ်ပုံရိုက်ယူရန် သူ့ဖုန်းကို မြှောက်လိုက်သည်။

 

သွမ်းသွမ်းက သူ့လက်ထဲအရာဝတ္ထုက ဘာလဲဆိုတာကို သိနားလည်နေဟန် ရှိ၏။ ဟောက်ချန်ဟွမ်းက ထိုအရာဝတ္ထုကို သူလေးနှင့် ဆော့ကစားလိုသည်ဟု ထင်သောကြောင့် သူ့ခြေထောက်လေးများကို လှည့်ပတ်ကာ စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။

 

ဟောက်ချန်ဟွမ်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သွမ်းသွမ်းကလည်း လိုက်ပါလှုပ်ရှားသည်။ အမျိုးသားတစ်ယောက်နှင့် ခွေးတစ်ကောင်သည် တူညီသော နေရာတွင်ပင် အကြိမ်ပေါင်းများစွာ ပတ်ချာလည် လှည့်ပတ်နေကြသည်။

 

‌နောက်ဆုံး၌ ဟောက်ချန်ဟွမ်းသည် စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွားပြီး မိုက်မဲလှသည့် ခွေးငယ်လေးကို သူ့လက်မောင်းထဲ ပွေ့ချီကာ အသားလေးတွေ ပြည့်နေသည့် တင်ပါးလေးကို ဓာတ်ပုံရိုက်ယူလိုက်သည်။

 

စုယန်ယန်သည် ပုံပေါ်ရှိ သူမရင်းနှီးနေပြီးသားဖြစ်သည့် မက်မွန်သီးလို တင်ပါးလေးကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးကာ အပြုံးလေးတစ်ပွင့် ဖြစ်ပေါ်လာသည်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ကျွန်မ သွမ်းသွမ်းကို ရှင့်ဆီမှာ ဘာလို့ထားခဲ့တာလဲဆိုတာကို ရှင်သိလား။]

 

ဟောက်: [ဘာလို့လဲ။]

 

စုယန်ယန်က ဓာတ်ပုံတစ်ပုံဖြင့် ပြန်ဖြေလိုက်သည်။ ထိုပုံလေးမှာ ဟောက်ချန်ဟွမ်း မကြာသေးမီက ပေးပို့လိုက်သော ဓာတ်ပုံလေးပင်ဖြစ်သည်။

 

ကွာခြားချက်မှာ သွမ်းသွမ်း၏ တင်ပါးဖောင်းဖောင်းလေးကို အနီရောင်မျဉ်းလေးများ တားထားပြီး ပြီးပြည့်စုံသော အသည်းပုံ ပုံသဏ္ဍာန်လေးတစ်ခု ဖြစ်လာခဲ့သည်။

 

ကြီးမားတဲ့ အသည်းနှလုံးဘေးမှာ အသည်းပုံသေးသေးလေးတွေကို ကြိုးတစ်ချောင်းလို စီတန်းထားပြီး [ရှင့်အတွက် အသည်းနှလုံးလေးတွေ~] ဟု စာသားလေး ရေးသားထားသည်။

 

ဟောက်ချန်ဟွမ်းသည် ဒီပုံလေးကိုကြည့်ရင်း သူ့မျက်ဝန်းအိမ်များ ပြူးကျယ်သွားပြီး ဒီပုံလေး၏ဆိုလိုရင်းကို ချက်ချင်း နားလည် သဘောပေါက်သွားခဲ့သည်။

 

... ခွေးကို မင်းဆီမှာ သူမ ဘာကြောင့် ထားရစ်ခဲ့တာလဲ။

 

... ဘာကြောင့်လဲဆို‌တော့ သူမက သူမရဲ့နှလုံးသားကို မင်းဆီမှာ ထားရစ်ခဲ့လို့ပါပဲ။

***