အပိုင်း ၅၄
Viewers 969

 

အခန်း(၅၄) - ညီမတစ်ယောက်ပါ

 

စုယန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် ကံထူးရှင်များထံ ပစ္စည်းများကို ပေးပို့လိုက်ပြီးနောက်တွင် သူမကို အပြင်ဖက်တွင် အကြာကြီး စောင်နေခဲ့သော သူမအစ်ကိုဖြစ်သူနှင့်အတူ အပြင်သို့ ထွက်သွားခဲ့သည်။

 

သူမ ကားထဲဝင်ဝင်ချင်းမှာပင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်ကို ကြည့်ရှုသည့် သူဌေးကြီးထံမှ သီးသန့်မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။

 

တောင်တန်းပေါ်ကပိုးစာပင်: [မင်း ရှိလား]

 

ယန်: [ငါ ဒီမှာရှိပါတယ်၊ အစ်ကိုကြီး] [နာခံရိုကျိုးသော အီမိုဂျီလေးဖြင့်]

 

ဟောက်ချန်ဟွမ်းသည် သူ့ဖုန်းမျက်နှာပြင်ပေါ်မှ “အစ်ကိုကြီး” ဟူသော စာသားကို မြင်တော့ သူ့မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။ သူ့မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီး သူ့နှလုံးသားထဲတွင် ရယ်စရာကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။

 

သူ့သတို့သမီးလောင်းက တခြားတစ်ယောက်ကို အစ်ကိုကြီးလို့ ခေါ်နေတယ်။ ထိုပုဂ္ဂိုလ်က သူ ဆိုပေမယ့် သူ့နှလုံးသားက ဒါကို လက်မခံနိုင်ဘူးလို့ ခံစားမိသည်။

 

သူ့ဒေါသကြောင့် ဟောက်ချန်ဟွမ်းသည် သူ တစ်ခါမှ မတွေးခဲ့ဖူးသည့် စကားတစ်ခုကို တုံ့ပြန်စကား ပေးပို့လိုက်သည်။

 

တောင်တန်းပေါ်ကပိုးစာပင်: [ငါက မိန်းကလေးတစ်ဦးပါ]

 

“ဖူး...” စုယန်ယန်သည် ထိုစကားစုကို မြင်လိုက်ရသောအခါ ထခုန်မိလုနီးပါး ဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် သူမရဲ့ ထင်မြင်ချက်အပေါ် ယုံကြည်မှု အနည်းငယ် လျော့ပါးသွားခဲ့သည်။

 

သူမ လူမှားပြီး အသိအမှတ်ပြုထားတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူး၊ အဲ့တာ မဖြစ်နိုင်ဘူး။ သူမှတစ်ပါး အခြားသူများကိုသာ မှားယွင်းနိုင်လိမ့်မည်။

 

ဒါဆိုရင် ဖြေရှင်းချက်တစ်ခုပဲ ကျန်တော့သည်။ သူက သူမကို ရည်ရွယ်ချက်ရှိရှိ လှည့်စားဖို့ ကြိုးစားနေတာပဲ။

 

စုယန်ယန်သည် မျက်ခုံးပင့်လိုက်ပြီး အကောင့်မှတ်ပုံတင်ထားသည့် လိင်အမျိုးအစားနေရာကို တစ်ချက်ကြည့်လိုက်ပြီး အဆိုပါပုဂ္ဂိုလ်၏ ဗလာထားရှိထားသည့် ပရိုဖိုင်းပုံကို ဖိနှိပ်ကြည့်လိုက်သည်။

 

ယန်: [အာ... ညီမလေးလား။ တောင်းပန်ပါတယ်၊ ငါက နင့် လိင်အမျိုးအစား ရွေးချယ်ထားတာကို ကြည့်ပြီး နင့်ကို ယောကျာ်းလေးလို့ ယူဆခဲ့မိတာ။] [ချွေးပြန်] [ချွေးပြန်]

 

ယန်: [ညီမလေး နင် ငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ။]

 

ဟောက်ချန်ဟွမ်းသည် တုံ့ပြန်စကားပေးပို့ပြီးပြီးချင်း နောင်တရသွားပေမယ့် သူ နောင်တရဖို့ အရမ်းနောက်ကျသွားပြီ။

 

အခုအချိန်မှာ သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူ့ကိုယ်သူ နှစ်သိမ့်ဖို့ပါပဲ။ သူ့ကို ညီမလေးတစ်ယောက်လို့ပဲ ထင်နေပါစေ။ ဒါက သူဖုံးကွယ်ဖို့ ကြိုးစားရာမှာတွင် အကောင်းဆုံး ကူညီပေးနိုင်လိမ့်မည်။

 

တောင်တန်းပေါ်ကပိုးစာပင်: [ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါ ပိုက်ဆံအများကြီး သုံးခဲ့တယ်။]

 

 

စုယန်ယန် သူမဘာသာသူမ တီတိုးရေရွတ်လိုက်သည်။ ‘ဟုတ်တာပေါ့၊ ရှင် ပိုက်ဆံတွေ အများကြီး သုံးစွဲခဲ့တာ ကျွန်မ သိတာပေါ့။ ရှင်က အရမ်းလျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ပြီး ရှင့်ကိုယ်ရှင် မထုတ်ဖော်ပြတာ အရမ်းကံကောင်းသွားတယ်။ မဟုတ်ရင် ကျွန်မ ရှင့်အင်္ကျီကော်လံကိုဆွဲပြီး ပိုက်ဆံဖြုန်းတီးတဲ့အတွက် ဆူပူမာန်မဲမိလိမ်မ့ယ်။’

 

တောင်တန်းပေါ်ကပိုးစာပင်: [ဒါပေမယ့် ဒီနေ့ကံစမ်းမဲသုံးမျိုးဖောက်ပေးပြီး ငါကျ တစ်ခုမှ မရလိုက်ဘူး။]

 

ယန်: [ဟမ်...]

 

တောင်တန်းပေါ်ကပိုးစာပင်: [လျော်ကြေးအနေနဲ့ ငါ တစ်ခုလောက် တောင်းဆိုလို့ရမလား။]

 

လျော်ကြေးလား။ စုယန်ယန်ရဲ့ နှလုံးသားထဲ နှိုးစက်မြည်သံများ ထွက်ပေါ်လာသည်။ ဒီအမျိုးသားက သူမကို စမ်းသပ်ဖို့ လုပ်နေတာလား။

 

သူဌေးကြီးက နိမ့်ပါးသော တင်ဆက်သူတစ်ယောက်ကို မြင့်တင်ရန် သန်းပေါင်းများစွာ ကျဲချချင်တာလား။ တခြားသူသာဆိုရင် စုယန်ယန်က သူတို့ခေါင်းတွေကို ချက်ချင်း ရိုက်ခွဲပစ်လိုက်လိမ့်မည်။ သို့သော်လည်း ထိုလူ၏နေရာတွင် ဟောက်ချန်ဟွမ်းကို အစားထိုးလိုက်သောအခါ အဟမ်း... အဲ့လို အပြစ်မမြင်ရက်တော့ဘူး...

 

ယန်: [ဘာတောင်းဆိုချင်တာလဲ။]

 

စုယန်ယန်သည် ထိုစာသားကို ပေးပို့ပြီးနောက် သူမ၏ ဖုန်းမျက်နှာပြင်ပေါ်ကနေ အကြည့်မခွာပဲ စိုက်ကြည့်နေသည်။ သူမအကြည့်တွေကသာ မီးထတောက်နိုင်မယ်ဆိုရင် သူမကြည့်နေသည့်ပုံမျိုးဖြင့်ဆို သူမဖုန်းက အပေါက်ဖြစ်သွားလိမ့်မည်။

 

စက္ကန့်အနည်းငယ်ခန့်အကြာတွင် တစ်ဖက်မှ ပြန်ပေးပို့ခဲ့သော စာသားက သူမကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။

 

တောင်တန်းပေါ်ကပိုးစာပင်: [ငါ နင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကြီးကြပ်သူ ဖြစ်ချင်တယ်။ အဲ့တစ်ခုတည်းပဲ။]

 

“...” သူမ ဘာလို့များ စိတ်ပျက်သွားခဲ့ရတာလဲ။

 

စုယန်ယန်သည် ရေမြောင်းထဲ ရောက်သွားတဲ့ သူမရဲ့ ကိုယ်ကျင့်တရားများကို ဂရုမပြုမိဟန်ဆောင်ပြီး [ကောင်းပြီ၊ ညီမလေး။ ငါ အိမ်ပြန်ရောက်တာနဲ့ မင်းရဲ့ရာထူးကို ပြောင်းပေးလိုက်ပါ့မယ်] ဟု လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

 

စုယန်ယန်၏ ဘေးမှာ ထိုင်နေသော စုယုရွှမ်သည် သူ့ညီမငယ်လေးကို စောင့်ကြည့်နေခဲ့သည်။ သူမလေးက ကားပေါ်စတက်ချိန်ကစလို့ သူမဖုန်းကိုပဲ ဆက်တိုက်ကြည့်နေကာ အရူးတစ်ယောက်လို ပြုံးရယ်နေသည်။

 

တစ်ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက မနေနိုင်တော့ပဲ သူမဖက်သို့ မှီကာ မေးလိုက်မိသည်။ “နင် ဘယ်သူနဲ့ ပြောနေတာလဲ။”

 

“ငါ့သတို့သားလောင်း”

 

“ဟောက်ချန်ဟွမ်းလား” စုယုရွှမ် မျက်ခုံးပင့်လိုက်သည်။ “ဒါဆို နင် သူ့ကို ညီမလေးလို့ ခေါ်တာကို ငါ ဘာလို့ ကြားလိုက်ရတာလဲ။”

 

စုယန်ယန်သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူမအစ်ကိုထံ အကြည့်မရောက်မီ သူမဖုန်းကို လက်ဖြင့် အမြန်ကာလိုက်သည်။ စုယန်ယန်သည် သူမအစ်ကိုဖြစ်သူအား သူမကိုယ်ရေးကိုယ်တာကို ချိုးဖောက်သူတစ်ယောက်အဖြစ် စွပ်စွဲသည့်ဟန် ကြည့်လိုက်သည်။

 

စုယုရွှမ် “...” မဟုတ်ဘူး၊ ငါ အဲ့လို မဟုတ်ပါဘူး၊ ငါ့ကို ရှင်းပြခွင့်ပေးပါ။

 

စုယန်ယန်သည် ထိုအမူအရာကို ပြုလုပ်ပြီးနောက် သူမ အလွန်အကျွံ ပြုမူမိလိုက်တာကို နားလည်သွားပုံရသည်။ “အဟမ်း ညီမလေးတို့ သရုပ်ဆောင်နေကြတာ၊ သဏ္ဍာန်လုပ် သရုပ်တူအောင် ပြောနေကြတာ။”

 

“ဒါဆို သူက မိန်းမငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်တာလား” စုယုရွှမ်၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ထိုအမူအရာရဲ့ အဓိပ္ပါယ်က ‘ဒီလူကြည့်ရတာ သာမန်လူလိုပါပဲ၊ သူ့ကို ဒီလို ထူးဆန်းတဲ့ ဝါသနာမျိုး ရှိလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ အဲ့တာကြောင့် လူတွေ သူတို့ရဲ့ အသွင်အပြင်ကိုကြည့်ပြီး မဆုံးဖြတ်နဲ့လို့ ပြောကြတာ မှန်နေတာပဲ။’