အပိုင်း ၅၅
Viewers 1k

 

အခန်း(၅၅) - အစ်ကိုကြီး နားမလည်ပါဘူး

 

စုယန်ယန်သည် သူမအစ်ကိုဖြစ်သူ၏ အတွေးများကို မှန်းဆမိလိုက်သောအခါတွင် သူမ စိတ်မကျေမနပ်မဖြစ်ခဲ့ပဲ အဲ့ဒီအစား သူမ ရယ်မောလိုက်ချင်မိသည်။

 

အဲ့တာ အမှန်တရားမဟုတ်ဘူး။ ဟောက်ချန်ဟွမ်းသည် သူ့တောင်းဆိုချက်ကို သူမအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလို့ ရသော်လည်း သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်အဖြစ် ပြောမိကာ ကိုယ့်ကိုယ်ကို ထောင်ချောင်ပြန်ဆင်မိသွားသည်။

 

သို့သော် စုယန်ယန်သည် မကျေမနပ်ဖြစ်မိသော်လည်း သူမသည် ဟောက်ချန်ဟွမ်းအပေါ် သူမအစ်ကိုဖြစ်သူက ထူးဆန်းသောအမြင်ဖြင့် ရှုမြင်မည်ကို‌တော့ မလိုချင်ပါလေ။

 

သူမက ချက်ချင်း ပြန်ပြောလိုက်သည်။ “ဒါက ချစ်သူတွေကြားက စနောက်ကျီစယ်မှုပဲ အစ်ကိုကြီး၊ မင်း အတွေးလွန်နေပြီ။”

 

ဒီစာသားရဲ့ အဓိပ္ပါယ်ကတော့ “ဒါက ငါတို့ သမီးရည်းစားအကြားက စနောက်ကျီစယ်မှုပဲ။ ဒါကို မင်းလို စင်ဂယ်ခွေးတစ်ကောင်က ဘယ်နားလည်ပါ့မလဲ။” ဟု ဆိုလိုလေသည်။

 

စုယုရွှမ်သည် ချက်ချင်း သူ့ကိုယ်သူ ပစ်စလက်ခက် တိုက်ခိုက်မိသလိုမျိုး ခံစားလိုက်ရသည်။

 

ဟောက်ချန်ဟွမ်းကို အပြစ်တင်လိုက်မိသည်။ အရင်ကဆို သူ့ညီမလေးက အရမ်းနူးညံ့ပြီး ချစ်စရာကောင်းတယ်။ အခုတော့ ကြည့်ပါဦး၊ အရင်လို နူးညံ့ပြီး ချစ်စရာကောင်းပေမယ့် သူမသည် သူနှင့် ဆက်ဆံ‌ရေး ခိုင်မြဲစေမယ့် နည်းလမ်းများကို သင်ယူနေပြီး သူ့ရှေ့မှောက်တွင် တခြားအမျိုးသားကို ခုခံကာကွယ်ပေးဖို့ကို သင်ယူခဲ့သည်။ သူ ယူကြုံးမရသလို ခံစားလိုက်ရသည်။

 

စုယုရွှမ်သည် ဟောက်ချန်ဟွမ်းကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် အခါခါ ကျိန်ဆဲနေသော်လည်း သူ့ညီမရှေ့တွင်မူ သူက သူ့ညီမလေးကို စိုးရိမ်ပူပန်နေသော မိခင်တစ်ယောက်အသွင်ဖြင့် ကြည့်နေခဲ့သည်။

 

“ညီမလေး တကယ်ပဲ အစ်ကိုကြီးက ညီမလေးနဲ့အတူလိုက်ဖို့ မလိုအပ်ဘူးလား။”

 

“အင်း၊ တကယ် မလိုအပ်ဘူး။ အစ်ကိုကြီး ညီမလေးက ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ။”

 

စုယုရွှမ်သည် လေလျော့သွားသည့် ပူဖောင်းတစ်လုံးလို သနားစဖွယ်ဖြစ်သွားခဲ့သည်။

 

“ကောင်းပြီ၊ ဒါဆိုရင် မင်း အာရှန်းနဲ့ အတူသွားပြီး ကိုယ့်ဘာသာကိုယ် စိတ်ကူးပေါက်ရာ လျှောက်မသွားနဲ့။ တစ်ယောက်ယောက် ညီမလေးကို အထင်မြင်သေးသလို ကြည့်ဝံ့ရင် သူတို့ကို ယဥ်ကျေးနေစရာ မလိုအပ်ဘူး။ ဖြစ်သမျှ အကြောင်းကိစ္စအားလုံး အစ်ကိုကြီး ရှင်းပေးမယ်။”

 

စုယန်ယန်သည် သူမနှလုံးသားလေးထဲ နွေးထွေးသော ခံစားချက်လေး ဖြတ်စီးသွားကာ “ညီမလေး သိပါပြီ” လို့ နာခံစွာ ပြန်ဖြေလိုက်သည်။

 

ယာဥ်မောင်းသည် စုယုရွှမ်အား ကုမ္ပဏီသို့ အရင်လိုက်ပို့ပေးပြီးနောက် စုမိသားစု တည်ဆောင်ထားသည့် မြို့အ‌ရှေ့ဖက်မှာ ဖျော်ဖြေရေး ကုမ္ပဏီသို့ စုယန်ယန်အား လိုက်ပို့ခဲ့သည်။

 

စုယန်ယန်ရောက်သွားသောအခါ ကုမ္ပဏီဝင်ပေါက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော ကျွင်းရှန့်ကို တွေ့လိုက်သည်။

 

“မိန်းကလေး”

 

“အစ်ကိုကျွင်းရှန့် ကျေးဇူးပြုပြီး ညီမကို ယန်ယန်လို့ ခေါ်ပါ။ ဒီနေ့ ညီမရုံးကိုလာကြည့်ရုံလေးတင်ပါ။ တခြားလုပ်စရာကိစ္စ မရှိသေးဘူး။ အဲဒီအစား ညီမကို ကုမ္ပဏီတဝိုက် လိုက်ပြပေးပါလား။”

 

ကျွင်းရှန့်သည် စုယုရွှမ်၏ အယုံကြည်ရဆုံးလူဖြစ်ပြီး တက္ကသိုလ် အတူတက်ရောက်ခဲ့ဖူးသည့် သူငယ်ချင်းလည်းဖြစ်သည်။

 

သူမ အရင်ဘဝတုန်းက သူမ ဆုံးပါးသွားချိန်တွင် သူမမိသားစု၏ ကုမ္ပဏီသည် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပြီး လူများစွာက တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

 

သူမရှေ့မှလူ တစ်ဦးတည်းသာလျှင် သူမအစ်ကိုဖြစ်သူဘေးမှာ တစ်ချိန်လုံး ရပ်တည်နေခဲ့ပြီး သူက ထွက်ခွာသွားဖို့ သို့မဟုတ် သစ္စာဖောက်ဖို့ တကြိမ်မှာ မတွေးခဲ့ဘူး။

 

စုယုရွှမ်က သူ့ကို အစ်ကိုတစ်ဦးလို သဘောထားသည်။ သူမသည်လည်း စုယုရွှမ်၏ ညီမလေးဖြစ်နေတာကြောင့် ကျွင်းရှန့်အား အစ်ကိုတစ်ယောက်လို့ သတ်မှတ်ထားပါသည်။

 

ကျွင်းရှန့်၏မျက်လုံးတွေက တောက်ပလာကာ စုယန်ယန်ကို ကြည့်သော သူ့မျက်ဝန်းအကြည့်တွေက ပိုနူးညံ့လာပြီး “ကောင်းပြီလေ၊ ဒါဆိုရင် အစ်ကို မင်းကို ရုံးခန်းတစ်ဝိုက် အရင်ဆုံး လိုက်ပြပေးမယ်။” ဟု ပြောလိုက်သည်။

 

“ရုံးခန်းအကြောင်းကို ထားလိုက်ပါဦး။ ပွဲဦးထွက်ပြီး ဒါမှမဟုတ် ပွဲဦးထွက်ခါနီး အနုပညာရှင်တွေကို ဘာလုပ်နေလဲဆိုတာကို ညီမကြည့်ချင်တယ်။”

 

စုယန်ယန်၏ တောင်းဆိုချက်ကြောင့် ကျွင်းရှန့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ ဘာမှ ပြောစရာမရှိပေ။ အဲဒီအစား သူက ချက်ချင်း ခေါင်းညိမ့်ပြကာ စုယန်ယန်ကို သင်တန်းသားတွေရှိရာ အထပ်သို့ ခေါ်ဆောင်သွားပေးခဲ့သည်။

 

ကုမ္ပဏီသည် သူမမိသားစု၏ စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း ဒါက စုယန်ယန်ရဲ့ ပထမဆုံးအကြိမ် အဆောက်အဦးတစ်ဝိုက် လိုက်လံကြည့်ရှုခြင်းပင်ဖြစ်သည်။

 

သူမ အရင်ဘဝတုန်းက စုယုရွှမ်သည် သူမအား ဖျော်ဖြေရေး အသိုင်းအဝိုင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု ရှိ မရှိ မေးမြန်းခဲ့ဖူးသည်မှာ သူမအား ဒီကုမ္ပဏီကို လွှဲပြောင်းပေးလိုခြင်းကြောင့် ဖြစ်နိုင်သည်။

 

သို့ရာတွင် သူမသည် ထိုနယ်ပယ်ကို စိတ်ပါဝင်စားခြင်းမရှိပဲ ငြင်းဆန်ခဲ့သည်။

 

တစ်နှစ်ခွဲခန့်အကြာတွင် ဟောက်ရှောက်ဖုန်းသည် ဝမ်ကျင့်ဖျင်နှင့်အတူ သူမထံသို့ လာရောက်ပြီး သူမအား မနာလိုစိတ်ကြီးပြီး စိတ်သဘောထားသေးသိမ်သူတစ်ယောက်ဟု သူမမျက်နှာအား လက်ညှိုး‌ငေါက်ငေါက်ထိုး၍ ယိုးစွပ်လိမ့်မည်ဟု ဘယ်သူ ထင်ထားခဲ့မှာလဲ။

 

ထိုအချိန်၌ စုယန်ယန်သည် သူ့ယိုးစွပ်မှုကြောင့် ဒေါသကြီးပြီး လေဖြတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမ သေဆုံးသည့်တိုင်အောင် ထိုအရူးနှစ်ယောက် ဘာကြောင့် ဒီလိုအတင်းစွပ်စွဲခဲ့တာလဲဆိုတာကို သူမ နားမလည်ခဲ့ပေ။

 

သူမသည် မူရင်းလက်ရာလို့ ခေါ်ဆိုသည့်အရာကို ဖတ်ရှုပြီးမှသာ ဒီအကြောင်းအရာတွေအား နားလည်သွားခဲ့သည်။

 

ထိုအချိန်က သူမတို့ကုမ္ပဏီမှ ဦးစီးကျင်းပသော ရသစုံ အစီအစဥ်သည် ဝမ်ကျင့်ဖျင်အား ပွဲဦးထွက်နိုင်အောင် မကူညီခဲ့သောကြောင့် ထူးဆန်းသော အတွေးအခေါ် တစီတတန်း ပိုင်ဆိုင်ထားသည့် ထိုအရူးနှစ်ယောက်သည် စုယန်ယန်က သူမတို့ချစ်ခရီးလမ်းကို ဝမ်ကျင့်ဖျင် ဝင်ရောက်ဖျက်ဆီးသည်ဟု ယူဆပြီး ရန်ငြိုးထားကာ သူမရဲ့ ပွဲဦးထွက်ခွင့်ကို ဖျက်ဆီးခဲ့တယ်လို့ သူတို့က ဆုံးဖြတ်ခဲ့ကြသည်။

 

တစ်နည်းဆိုရသော် ထိုအချိန်က အမှန်တရားကို မသိရှိကြသောသူများပင် ထိုကဲ့သို့ တွေးထင်ကြပေမည်။