အပိုင်း ၅၆
Viewers 1k

 

အခန်း(၅၆) - ကြယ်အရည်အသွေး

 

ဓါတ်လှေကားမှ ဆင်းလိုက်သည်နှင့် စုယန်ယန်သည် သာယာငြိမ့်ညောင်းသော တေးဆိုသံကို ကြားလိုက်ရသည်။ သူမသည် သီချင်းသံကြားရာဖက်သို့ ဦးတည်လျှောက်လာရင်း လေ့ကျင့်ခန်းထဲတွင် လှပနုပျိုသော မိန်းမငယ်လေး တစ်ဒါဇင်လောက်ကို တွေ့လိုက်ရသည်။

 

အသက်လေးဆယ်ကျော်အရွယ် ဆရာမတစ်ဦးသည် စန္ဒရားရှေ့တွင် ထိုင်နေသည်။ တစ်ခါတစ်ရံတွင် တေးသီချင်းတစ်ပုဒ်ကို ဆိုပြရင်း၊ တစ်ခါတစ်ရံတွင် သူမက ခဏလောက်ရပ်ကာ မိန်းကလေးများကို စကားပြောလေ့ရှိသည်။ ကြည့်ရတာ သူမသည် ဒီအနာဂတ်ရဲ့ အမျိုးသမီး အနုပညာရှင်လေးများကို သီချင်းဆိုနည်း သင်ပြနေပုံပါပဲ။

 

ဆရာမရဲ့ ထက်မြက်သော သင်ကြားပေးမှုကို ရင်ဆိုင်ရသောအခါတွင် သင်တန်းသူများ၏ တုံ့ပြန်မှုများမှာ မတူညီ ကွဲပြားကြသည်။ အချို့က ပျင်းရိနေပြီး၊ အချို့က လေးလေးနက်နက် အာရုံစူးစိုက်ပြီး၊ အချို့က တက်ကြွကာ အချို့ကတော့ အလွယ်တကူ ပင်ပန်းနွမ်းနယ်နေကြသည်။

 

“ဟိုနားက အဝါရောင်လေးနဲ့ အပြာရောင်လေး ဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ နာမည်က ဘာလဲဟင်”

 

ရှားကျွင်းရှန့်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက သိပ်မလှမ်းမကမ်းမှာ ရပ်နေတဲ့ အကူဝန်ထမ်းတစ်ဦးကို တွေ့လိုက်ရသဖြင့် ထိုလူကိုလှမ်းခေါ်ရန် လက်ပြလိုက်သည်။

 

သူက စုယန်ယန်မေးတဲ့ မိန်းကလေးနှစ်ယောက်ကို ညွှန်ပြကာ “မင်း အဲ့မိန်းကလေးနှစ်ယောက်ကို သိလား” လို့ စုံစမ်းမေးမြန်းလိုက်သည်။

 

“ကျွန်တော် သူတို့ကို သိပါတယ်။ အဝါရောင် ဝတ်ထားတဲ့ မိန်းကလေးက ကျန့်ချိုးယင်း၊ အပြာရောင် ဝတ်ထားတဲ့ မိန်းကလေးက ဟွမ်းကျစ်ထုံလို့ခေါ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ကျွန်တော်တို့ကုမ္ပဏီက မကြာခင် ပွဲဦးထုတ်ပေးမယ့် သင်တန်းသူတွေပါ။”

 

“ဒီသင်တန်းသူတွေက မကြာခင် ပွဲဦးထွက်တော့မှာလား” စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ “သူတို့ သိပ်မကြာခင်က ရသစုံ ရသစုံ အစီအစဥ်မှာ ပါခဲ့သေးလား”

 

အကူဝန်ထမ်းသည် စုယန်ယန် ပြောတာကို ကြားလိုက်ရသောအခါတွင် သူ ပြန်ဖြေသင့် မဖြေသင့်ကို ရှားကျွင်းရှန့်၏ မျက်နှာရိပ် မျက်နှာကဲ လှမ်းကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် တားဆီလိုဟန် မရှိတာကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ဆက်ဖြေသည်။ “ဟုတ်ကဲ့၊ သူတို့ အခုလောလောဆယ် မနက်ဖြန်ရဲ့ စူပါကြယ်ပွင့် ရိုက်ကူးရေးအတွက် ပြင်ဆင်နေတာပါ။”

 

စုယန်ယန်၏ မျက်လုံးများထဲတွင် အသိအမှတ်ပြုဟန် အလင်းတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ “ကောင်းပြီ၊ ကျေးဇူးပါပဲ”

 

စုယန်ယန်က သူတို့နှစ်ယောက်ကို နောက်ဆုံးတစ်ချက်ကြည့်ကာ တိတ်တိတ်လေး ထွက်လာခဲ့သည်။ ရှားကျွင်းရှန့်က သူမနောက်သို့ လိုက်ပါလာရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။ “အဲ့ဒီသင်တန်းသူနှစ်ယောက်နဲ့ ပတ်သက်ပြီး တခုခုမှားနေတယ်လို့ ညီမထင်နေတာလား။”

 

“အဲ့လိုမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ကြယ်အရည်အသွေး ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ညီမထင်တယ်။”

 

“ကြယ်အရည်အသွေးလား” ရှားကျွင်းရှန့်က စိတ်ဝင်စားသွားပြီး ထပ်မံစူးစမ်းလိုက်ပြန်သည်။ “ညီမ ဘယ်လိုပြောနိုင်တာလဲ။ သူတို့က ကြည့်ကောင်းတယ်လို့ ညီမထင်နေတာလား”

 

“သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်က အကြောင်းရင်းတစ်ခု ဆိုပေမယ့် ဖျော်ဖြေရေးနယ်ပယ်မှာ ရုပ်ရည်ချောမောတဲ့သူတွေ မရှားပါးပါဘူး။”

 

“ဒါဆို...”

 

“အစ်ကိုလည်း ခုနက အခြေအနေကို မြင်လိုက်တာပဲ။ လူတော်တော်များများက သူတို့ကို သင်ကြားပေးနေတဲ့ သင်ခန်းစာတွေကို သေသေချာချာ လိုက်နားမထောင်ကြဘူး။”

 

“သေသေချာချာ နားမထောင်သူတွေ အများကြီးရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့ထက် ပိုလေးလေးနက်နက် နားထောင်ကြသူတွေလည်း ရှိတယ်လေ။ အဲ့အထဲမှာမှ ညီမက ဘာလို့ သူတို့ကို ရွေးချယ်လိုက်တာလဲ။”

 

“တကယ်တော့ တခြားပိုလေးနက်တဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးနဲ့ နှိုင်းယှဥ်ရင် သူတို့တွေရဲ့ စိတ်ခွန်အားက ပိုကောင်းတယ်။ အဲ့တာကိုကြည့်ရင် သူတို့တွေက သူတို့နှစ်ယောက်လောက် နေ့စဥ်လေ့ကျင့်မှု မပြင်းထန်ဘူးလို့ ညွှန်ပြနေတယ်။”

 

“သူတို့က ပြင်းထန်တဲ့ လေ့ကျင့်မှုကို ပြုလုပ်ပြီးတာတောင် နိုးကြားနေနိုင်ပြီး အနာဂတ်မှာ လိုအပ်နိုင်မယ့် သင်ခန်းစာတိုင်းကို လေးလေးနက်နက် နားထောင်သင်ယူတယ်။ ဒါကိုကြည့်ရင် သူတို့က သူတို့လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း သိပြီး သူတို့ပန်းတိုင်ကို အရောက်လှမ်းဖို့ ဇွဲလုံ့လ ဝီရိယရှိတယ်ဆိုတာ မြင်ရတယ်။ ကြိုတင်ပြင်ဆင်ထားသူတိုင်းကို အခွင့်အလမ်းတွေ အမြဲတမ်း ပေးရမယ်လေ။”

 

ရှားကျွင်းရှန့်က အပြုံးလေးဖြင့် သူမရဲ့ သုံးသပ်ချက်ကို ထောက်ခံလိုက်သည်။ “ညီမပြောတာ မှန်တယ်။”

 

စုယန်ယန်က ခဏလောက် ရပ်လိုက်ပြီး သူမခေါင်းကို နောက်သို့လှည့်ကာ သူ့ကို ကြည့်လိုက်သည်။ အဓိပ္ပါယ်အပြည့်ပါဝင်သော မျက်နှာဖြင့် “ဒါဆို...”

 

“သူတို့နှစ်ဦးရဲ့ နာမည်ကျော်ကြားလာအောင် လုပ်ပေးဖို့ အစ်ကို သတင်းပြန်ကြားရေးဌာနကို အကြောင်းကြားလိုက်မယ်။”

 

“ကျေးဇူးပါ၊ အစ်ကိုကျွင်းရှန့် သူတို့နှစ်ယောက်က တုန်ချမ်းမှာ ညီမရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လုပ်နိုင်စွမ်းကိုလည်း သေချာစစ်ဆေးကြည့်ဖို့ လိုအပ်သေးတယ်။”

 

ရှားကျွင်းရှန့်သည် ဒီနည်းလမ်းဖြင့် ထိုမိန်းကလေးနှစ်ဦး၏ အနာဂတ်ကို ဆုံးဖြတ်ရာတွင် စုယန်ယန်က အနည်းငယ် အလျင်စလိုနိုင်သည်ဟု ထင်သော်လည်း တုန်ချမ်းအင်တာတိန်းမန့်သည် စုမိသားစုပိုင်သာဖြစ်၍ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ထို့အပြင် စုမိသားစုအားလုံးဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သတ်လျှင် လုံးဝသတိရှိကြသည်။

 

ထို့အပြင် စုယန်ယန်၏ ဆုံးဖြတ်ချက်က ကုမ္ပဏီကို ထိခိုက်နစ်နာစေခြင်း မရှိသောကြောင့် သူမ ဆန္ဒရှိသလို့ လုပ်ခွင့်ရှိသည်။

 

အမျိုးသမီး အနုပညာရှင်များကို သွားရောက်လေ့လာပြီးတဲ့နောက်မှာ စုယန်ယန်သည် အမျိုးသား အနုပညာရှင်များ၏ အခြေအနေကို လေ့လာရန် သွားရောက်ခဲ့သည်။

 

သူမ ဝေးဝေးသို့ မရောက်ခင်မှာပင် ရင်းနှီးသောမျက်နှာတစ်ခုကို သူမ မြင်တွေ့လိုက်ရသည်။