ယန်ကျင်းယို့သည် ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။
သူက ယခုနှစ်တွင် အသက် ၃၀ခန့်သာ ရှိသေးသော်လည်း သူ့ရဲ့ ပိုင်ဆိုင်မှုသည် သန်းရာချီ ရှိနေပြီဖြစ်သည်။
ထိုသို့သော အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ
သူ့မိသားစုနောက်ခံကလည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ပေသည်။ သို့သော်လည်း သူ့အရည်အချင်းတွေကို
လျှေ့ာတွက်၍မရပေ။
သူ့အရည်အချင်းနှင့် ယှဥ်လျှင် လူတွေက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို
ပိုစိတ်ဝင်စားကြတယ်။
အဲ့တာ အမှန်ပဲ။ အသက်သုံးဆယ်အောက် အသက်အရွယ်မှာပင် ဒီသူဌေးကြီးက
ရည်းစားကောင်မလေးများစွာကို ထည်လဲတွဲခဲ့ဖူးပြီး သူတွဲဖူးသမျှ ကောင်မလေးတိုင်းကို တန်းစီလိုက်လျှင်
သူ့ကုမ္ပဏီအဆောက်အဦး ပတ်ပတ်လည် တန်းစီရှည်လျားသွားနိုင်သည်။
သူ့ရည်းစားဟောင်း အများစုနှင့် သူသည် ပျော်ရွှင်စရာကောင်းသော
ဆုံတွေ့မှုလို့ မှတ်ယူထားသော်လည်း အထက်တန်းစာ အသိုင်းအဝိုင်းမှ သန်းကြွယ်သူဌေး မြာပွေသူ၏
အချစ်ရေးအကြောင်းကို အတင်းအဖျင်း ပြောဆိုကြခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
သို့သော်လည်း မကြာသေးမီက သခင်လေးယန်သည် သူ့အတွက် အလွန်စိတ်မကောင်းစရာ
ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်။
“ဥက္ကဌယန် မင်းမှာထားတာ ရောက်လာပါတယ်။” သူ့ရဲ့ အတွင်းရေးမှုး
မိန်းမပျိုသည် နေ့လည်စာအနွေးဗူးကို ကိုင်ကာ သူ့ရုံးခန်းတံခါးကို အသာခေါက်လိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ တံခါးဆီသို့ ပြေးလာသည့် ခြေသံကို သူမ
ကြားလိုက်ရသည်။ တံခါးက အနည်းငယ် ပွင့်လာပြီး လက်တစ်ဖက် ဆန့်ထုတ်ကာ သူမလက်ထဲမှ နေ့လည်စာထမင်းဘူးကို
ဆွဲယူလိုက်သည်။
တံခါးဟာ ဘန်းခနဲ မြည်ပြီး ပြန်ပိတ်သွားခဲ့သည်။ ယန်ကျင်းယို့က
သူ့အတွင်းရေးမှုးကို “နောက်နာရီဝက်အတွင်း ငါ့ရုံးခန်းထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့။”
လို့ ကသုတ်ကရတ် အော်လိုက်သည်။
ယန်ကျင်းယို့သည် စားပွဲရှေ့တွင်ထိုင်ကာ သူ့ရှေ့က နေ့လည်စာဗူးကို
မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ခဏအကြာတွင် သူ့စိတ်ကို သူထိန်းလိုက်နိုင်ပုံရသည်။ သူက အိတ်ထဲမှ
နေ့လည်စာဗူးကို ထုတ်ယူကာ နေ့လည်စာဗူးကို ဖွင့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုအခန်းမှာ သူ ရရှိခဲ့သော ရင်းနှီးနေသည့်
မွှေးရနံ့သည် သူ့အနံ့ခံအာရုံကို နိုးဆွလိုက်သည်။ ယန်းကျင်းယို့သည် တောင့်တင်းသွားမိသည်။
သူသည် ဇွန်းကို ကောက်ကိုင်ကာ စွပ်ပြုတ်တစ်ဇွန်းလောက် သောက်ဖို့ကို မစောင့်နိုင်တော့ဘူး။
စုယန်ယန်သည် သူမ၏ ကိုယ်ပိုင်ငါးကန်တွင် မွေးမြူထားသော ရေနဂါးများ၏
အကျိုးသက်ရောက်မှုသည် သာမာန်ရေနဂါးများထက် အဆပေါင်းများစွာ ပြင်းထန်သည်ဟု ယူဆသောကြောင့်
သူမသည် သူတို့ကို ချက်ပြုတ်သည့်အခါတွင် ရေများစွာကို တမင်တကာ ထည့်ခဲ့သည်။
ယန်ကျင်းယို့ ရရှိခဲ့သော စွပ်ပြုတ်သည် အကျိုးကျေးဇူးများစွာ
ပါဝင်ပြီး သူသည် ရေနဂါး အထီးအမတစ်စုံကို အသုံးပြုကာ ချက်ပြုတ်ထားသော ထိုစွပ်ပြုတ်ကို
ရရှိခဲ့သည်မှာ နည်းနည်းနောနော ကံကောင်းလွန်းသည်ဟု မဆိုနိုင်ပါ။
ယန်ကျင်းယို့သည် စွပ်ပြုတ်ကို ပါးစပ်အပြည့် အနည်းငယ်ခန့်
သောက်ပြီးချိန်တွင် ရေနဂါးခြောက်ကို ကိုက်စားရန် ကြိုးစားလိုက်သည်။ သူ အံ့အားသင့်မိတာက
ပုံမှန်အားဖြင့် အခြောက်လှန်းထားသော ရေထွက်ပါဝင်ပစ္စည်းကဲ့သို့ ရေနဂါးတွင် ငါးညှီနံ့
လုံးဝမရသည့်အပြင် အလွန် အရသာရှိပြီး ဝါးရလွယ်သည်။
သူ အသိပြန်ဝင်လာချိန်တွင် သူ စွပ်ပြုတ်တစ်ပန်းကန်လုံး သောက်သုံးပြီးသည့်အပြင်
အရိုးများပါ မကျန်ရှိတော့ပါ။
ယန်ကျင်းယို့သည် ကျေနပ်အားရစွာဖြင့် ကြို့ထိုးလိုက်သည်။ ထင်ယောင်ထင်မှားလားဆိုတာ
မသဲကွဲတော့ ကျေနပ်စွာ မြည်တမ်းလိုက်သည်။
စွပ်ပြုတ်သောက်ပြီးနောက် လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်လာခဲ့သော
သူ့ခန္ဓာကိုယ်မှ အအေးဓာတ်သည် ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားကာ နွေးထွေးပြီး သက်တောင့်သက်သာရှိသည့်
ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
“ဒီစွပ်ပြုတ်က အကျိုးထိရောက်မှု ရှိလား မရှိဘူးလားဆိုတာကို
ငါ မသိဘူး။ ငါ စမ်းကြည့်သင့်လား...” ယန်ကျင်းယို့သည် သူ့ချစ်သူကောင်မလေးအသစ်နှင့် ဒီည
ချိန်းတွေ့ရန် ဆုံးဖြတ်ချလိုက်သည်။
သူ့နောက်ဆုံးချစ်သူကောင်မလေးက အဲ့ဒီပြဿနာကြောင့် သူနဲ့ လမ်းခွဲခဲ့ပြီး
ဒီအကြောင်းကို လျှို့ဝှက်ထားဖို့ ပိုက်ဆံအမြောက်အများဖြင့် ပါးစပ်ပိတ်ခိုင်းခဲ့ပါသည်။
ဒီချစ်သူကောင်မလေးနှင့်လည်း အရင်ကလို ဖြစ်သွားခဲ့ရင်...
ယန်ကျင်းယို့သည် ချီတုံချတုံဖြင့် အတွေးများနေသည့်အချိန်တွင်
တံခါးအပြင်ဖက်မှ ရုတ်တရတ် ထွက်ပေါ်လာသည့်အသံကြောင့် သူ့အတွေးတွေ ပြတ်တောက်သွားရသည်။
“သခင်လေးနျဥ် သခင်လေးနျဥ် ကျေးဇူးပြုပြီး စောင့်ပေးပါဦး။
ကျွန်မတို့သူဌေး အခုလောလောဆယ် ဧည့်တွေ့ဖို့ အဆင်မပြေသေးလို့ပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို
ခက်ခဲပင်ပန်းအောင် မလုပ်ပါနဲ့။ ဟင်း... သခင်လေးနျဥ်...”
ယန်ကျင်းယို့၏ မျက်နှာအမူအရာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။
သူက ကြောက်လန့်တကြား မတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်ရှိ ပစ္စည်းများကို အမြန်ထုပ်ပိုးလိုက်သည်။
နျဥ်ချီလွေ့ ဝင်လာသောအခါတွင် သူက နေ့လည်စာဗူးကို စားပွဲအံဆွဲထဲသို့
ထည့်လိုက်သည်။ သူ မော့ကြည့်လိုက်တာနဲ့ သူ့ သူငယ်ချင်းရဲ့ မည်းမှောင်နေသော မျက်နှာဖြင့်
မိတ်ဆက်လိုက်ရသည်။
ယန်ကျင်းယို့ရဲ့ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် တောင့်တင်းသွားပြီး
“ချီလွေ့ မင်း ဘာလို့ ရောက်လာတာလဲ” လို့ မလုံမလဲ မေးလိုက်သည်။
နျဥ်ချီလွေ့က မျက်မှောင်ကြုတ်ကာ လေထုထဲသို့ အနံ့ခံလိုက်သည်။
“မင်းရုံးခန်းထဲမှာ ရနေတဲ့ အနံ့က ဘာလဲ။”
“အနံ့လား” ယန်ကျင်းယို့သည် ပါဝင်ပစ္စည်း အခြောက်အခြမ်းများဖြင့်
ချက်ပြုတ်ထားသော စွပ်ပြုတ်၏အနံ့အရသာသည် အလွန်ပြင်းထန်ကြောင်းကို အမှတ်ရသွားသည်။ သူ
ပန်းကန်လုံးကြီးတစ်လုံးလောက် သောက်လိုက်ရုံနှင့် ဒီအရသာကို စွဲမက်သွားသည်။
အပြင်မှ ဝင်လာသော နျဥ်ချီလွေ့သည် ဒီအနံ့က စူးရှပြင်းထန်သောကြောင့်
သတိပြုမိသွားသည်မှာ အဓိပ္ပာယ်ရှိလှသည်။